"ရွှီယန်... မင်း ဘယ်တွေ သွားနေတာလဲ... မင်းကို ရှာနေတာ ကြာလှပြီ..."
ဝူယီဖန် သည် လင်း မိသားစု ထဲသို့ ပြန်ရောက်လာချိန်တွင် ရင်းနှီးနေသော လူများက သူ့ကို နှုတ်ဆက်ကြသည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် ဝူယီဖန် က လက်ဝှေ့ယမ်းကာ အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
"ပြောမနေနဲ့တော့... ငါ ကာကွယ်ပေးနေတဲ့ လျှို့ဝှက် နေရာလေး တစ်ခု ပြဿနာ တက်နေလို့... ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ငါက ပိုက်ဆံယူထားတာ ဆိုတော့ ငါ ကိုယ်တိုင် သွားရှင်းပေးတာက မှန်ကန်တဲ့ လုပ်ရပ်ပဲလေ..."
"ဪ... အဲ့လိုကိုး... မင်း သတိထားတာ ပိုကောင်းမယ်... မိသားစု ခေါင်းဆောင်က ဘယ်သူမှ အပြင်မထွက်ရဘူး လို့ မကြာသေးခင်ကပဲ ပြတ်ပြတ်သားသား ကြေညာထားတာ... ဒီစည်းကမ်းကို ချိုးဖောက်တဲ့ ဘယ်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ် တဲ့... မင်း သတိထားတာ ပိုကောင်းမယ်..."
ဝူယီဖန် ကို နှုတ်ဆက်ပြီးနောက် ထိုလင်း မိသားစုဝင်မှာ လှည့်ထွက်သွား၏။ တစ်ဖက်လူထံမှ အမိမခံရသည့်အတွက် စိတ်သက်သာရာရသွားကာ ဝူယီဖန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။
အကယ်၍ သူသာ အဖမ်းခံရမည် ဆိုပါက သူကိုယ်တိုင်ပင် လင်း မိသားစု၏ လက်ထဲမှ ဖောက်ထွက်နိုင်မည်လား ဆိုသည်ကို အတပ်မပြောနိုင်ပေ။
လင်းရွှီယန် ၏ မှတ်ဉာဏ်များအတိုင်း ဝူယီဖန်သည် လင်း မိသားစု၏ မြေအောက်အကျဉ်းထောင် တည်ရှိရာနေရာကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။ သို့သော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် လင်း မိသားစု၏ မြေအောက်အကျဉ်းထောင်မှာ ယခုအခါတွင် အစောင့်အကြပ်များ နည်းပါးနေ၏။
မိသားစုအစောင့်အရှောက် ဝင်္ကပါ ကို ဖွင့်ထားသောကြောင့် ဝူယီဖန် အနေဖြင့် အထဲသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ဟု ထင်မှတ်နေဟန်ရသည်။
သို့သော်လည်း အင်မော်တယ်ဘုရင် နှစ်ဦးသည် မြေအောက်အကျဉ်းထောင် ၏ အစွန်အဖျားတွင် စောင့်ကြပ်နေကြသည်။ အကယ်၍ ဝူယီဖန် သည် မြေအောက်အကျဉ်းထောင် အတွင်းသို့ ဝင်ရောက်၍ တွမ့်သယ် ကို ကယ်တင်လိုပါက သူတို့ကို အသံမထွက်စေဘဲ ရှင်းလင်းပစ်ရမည် ဖြစ်သည်။
ဤအရာကို တွေးမိပြီး ဝူယီဖန်သည် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ သူသည် တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော်လည်း အခြားသူများကို ဉာဏ်ဆင်ရာတွင် မကျွမ်းကျင်ချေ။
သို့သော် တွမ့်သယ် အတွက် မဖြစ်နိုင်လျှင်တောင် သူ လုပ်ကို လုပ်ရမည် ဖြစ်သည်။
"လျှို့ဝှက် လက်နက်တွေလား... ငါ့ဆီမှာ ဘာလျှို့ဝှက် လက်နက်မှ ရှိပုံမရဘူး..."
"ဝင်္ကပါ တွေနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ငါလည်း သိပ် မကျွမ်းကျင်ဘူး... ပြီးတော့ ဝင်္ကပါ တွေကို အသက်သွင်းလိုက်ရင် လင်း မိသားစု က စွမ်းအားရှင်တွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်..."
"ထားလိုက်ပါတော့... အလွယ်ကူဆုံး နည်းလမ်းကိုပဲ သုံးကြတာပေါ့... တိတ်တဆိတ် ချဉ်းကပ်ပြီး သူတို့ကို လက်သီးတစ်ချက်တည်းနဲ့ သတိလစ်အောင် လုပ်ပစ်လိုက်မယ်..."
အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် ဝူယီဖန် သည် အလွယ်ကူဆုံးနှင့် တိုက်ရိုက် အကျဆုံး နည်းလမ်းကို ရွေးချယ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ဝူယီဖန် သည် အလွန်လေးနက်သော မျက်နှာထားဖြင့် မြေအောက်အကျဉ်းထောင် ဆီသို့ လျှောက်သွားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဝူယီဖန် သည် မြေအောက်အကျဉ်းထောင် သို့ မရောက်မီမှာပင် မြေအောက်အကျဉ်းထောင် အစောင့်နှစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"ရပ်စမ်း... ဒီနေရာက အစောင့်အကြပ် တင်းကျပ်ထားတဲ့ မြေအောက်အကျဉ်းထောင် ပဲ... ခွင့်ပြုချက် မရှိတဲ့သူတွေ အနားလာခွင့် မရှိဘူး..."
အင်မော်တယ်ဘုရင် များထဲမှ တစ်ဦးက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သော်လည်း ဝူယီဖန် က သူ့ထက်ပင် ပို၍ တည်ကြည် လေးနက်နေဟန်ရသည်။
"တွမ့်သယ် ကို ခေါ်ထုတ်သွားဖို့ မြေအောက်အကျဉ်းထောင် ကို လာဖို့ ငါ အမိန့်ရထားတယ်... ငါ အချိန်ဆွဲနေရင် အဲဒီအတွက် မင်းတို့ တာဝန်ယူနိုင်လို့လား..."
"ဘယ်သူ့ အမိန့်နဲ့လဲ... ငါတို့ ဘာအမိန့်မှ မရထားဘူး..."
အင်မော်တယ်ဘုရင် နှစ်ဦးသည် နားမလည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ နှစ်ဦးစလုံး မည်သည့် အမိန့်ကိုမျှ မရရှိထားချေ။ ထို့အပြင် အင်မော်တယ်ဘုရင် များသည် လင်း မိသားစု အတွင်းတွင် အတော်အသင့် မြင့်မားသော နေရာကို ရယူထားကြသည်။
ထို့အပြင် တွမ့်သယ် နှင့် ပတ်သက်သော ကိစ္စတိုင်းသည် သေးငယ်သော ကိစ္စ မဟုတ်ပေ။ အကယ်၍ တွမ့်သယ်ကိုသာ အပြင်သို့ ခေါ်ထုတ်သွားမည် ဆိုပါက သူတို့ကို ချက်ချင်း အသိပေးလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဝူယီဖန် က လေးနက်သော မျက်နှာထားဖြင့် ထပ်ပြောလိုက်သည်။
"သေချာတာပေါ့... ငါ့အမိန့်နဲ့ပဲ..."
အင်မော်တယ်ဘုရင် နှစ်ဦးစလုံး သတိမထားမိခင်မှာပင် ဝူယီဖန် သည် သူတို့၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် လက်သီးနှစ်ချက် ပစ်သွင်းလိုက်သည်။
အင်မော်တယ်ဘုရင် နှစ်ဦးမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ဝူယီဖန် ၏ လက်ချက်ဖြင့် သတိလစ်သွားကြ၏။
အကယ်၍ သူတို့ကို သတ်မည် ဆိုပါက ယခုက အချိန်ကောင်းမဟုတ်သေးပေ။ အကယ်၍ ဤအင်မော်တယ်ဘုရင်နှစ်ဦး၏ အငွေ့အသက်များ ပျောက်ကွယ်သွားပါက လင်းထျန်းအန် သည် ပထမဆုံး သတိထားမိသူ ဖြစ်လာနိုင်ပြီး ထိုအခါတွင် သူသည် ထောင်ချောက်မိသွားနိုင်သည်။
အင်မော်တယ်ဘုရင် နှစ်ဦးကို အိပ်မောကျသွားစေပြီးနောက် ဝူယီဖန် သည် မြေအောက်အကျဉ်းထောင် အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ အထဲသို့ ဝင်ရောက်သည်နှင့် တွမ့်သယ် ၏ ငိုကြွေးသံကို ချက်ချင်း ကြားလိုက်ရသည်။ ဝူယီဖန် ရောက်ရှိသွားချိန်တွင် လျှပ်စစ်ရှော့ခ် အတိုက်ခံနေရေသာ တွမ့်သယ်ကို မြင်လိုက်ရသည်။
လင်းရွှီခွန်း ၏ ညွှန်ကြားချက်ကို ရရှိထားသော လင်း မိသားစုဝင်များက ဘေးတွင် ရပ်နေကြပြီး ဝူယီဖန် ရောက်လာသည်ကို မြင်မှသာလျှင် ရပ်တန့်လိုက်ကြသည်။
"လင်းရွှီယန်... မင်းက မြေအောက်အကျဉ်းထောင် ထဲမှာ ဘာလာလုပ်တာလဲ..."
ဤလင်းမိသားစုဝင်ကလည်း လင်းရွှီယန် ကို သိရှိနေပုံရကာ စိုးရိမ်ပူပန်ခြင်း မရှိဘဲ မေးမြန်းလိုက်သည်။ သို့သော် လင်းရွှီယန် က နောက်တစ်စက္ကန့်တွင် လှုပ်ရှားလာမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
"ငါ ဘာလာလုပ်တာလဲ ဟုတ်လား... လူလာကယ်တာလေ..."
ဝူယီဖန်သည် ထိုသို့ပြောပြီးသည်နှင့် သူ့ပြိုင်ဘက်ကို သက်တောင့်သက်သာ အိပ်မောကျသွားစေမည့် လက်သီးတစ်ချက်ဖြင့် ထိုးထည့်လိုက်၏။
ဘေးတွင် ရပ်နေသော တွမ့်သယ် မှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားသည်။
ဒါဘာတွေ ဖြစ်နေတာလဲ....သူတို့အားလုံးက လင်း မိသားစုဝင်တွေ မဟုတ်ဘူးလား...မဟုတ်မှလွဲရော မိသားစုတွင်း ပဋိပက္ခများလား။
သူ မတုံ့ပြန်နိုင်မီမှာပင် ဝူယီဖန် သည် သူရှေ့သို့ ရောက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ချည်နှောင်ထားမှုများကို ဖယ်ရှားပေးလိုက်သည် ။
"မြန်မြန်... ငါ့နောက် လိုက်ခဲ့..."
"မင်းက သူတော်စင်..."
တွမ့်သယ် မှာ အံ့အားသင့်သွား၏။ သူတော်စင် သည် သူ့ကို ကယ်တင်ရန်အတွက် ရန်သူ၏ပိုင်နက်ထဲသို့ တစ်ကိုယ်တည်း ဝင်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။ သို့သော်လည်း ဝူယီဖန် သည် ယခုအချိန်တွင် ထိုအရာများကို ဂရုမစိုက်နိုင်ပေ။ တွမ့်သယ်သည် အရစ်ရှည်နေသဖြင့် တွမ့်သယ် ကို သတိလစ်အောင် ရိုက်ချလိုက်ရုံသာ တတ်နိုင်တော့သည်။
နောက်တစ်စက္ကန့်တွင် သူသည် တွမ့်သယ် ကို ထမ်း၍ အပြင်သို့ ပြေးထွက်သွားသည်။ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ ၏ အကူအညီဖြင့် အင်မော်တယ် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သော လင်းထျန်းအန် နှင့် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ဖြစ်သော သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲသည်ပင် သတိမထားမိခဲ့ကြချေ။
နှစ်မိနစ်ခွဲခန့် အကြာတွင် နောက်ဆုံး၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း လင်းထျန်းအန် သတိပြုမိသွားပြီး သူ၏ အမူအရာသည် ရုတ်တရက် ကြည့်ရဆိုးသွားသည်။
"မကောင်းတော့ဘူး..."
ထိုသို့ ပြောပြီးနောက် သူသည် နေရာတွင်ပင် ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာချိန်တွင် လင်းထျန်းအန်သည် မြေအောက်အကျဉ်းထောင် ထဲသို့ ရောက်ရှိနေပြီ ဖြစ်ပြီး တွမ့်သယ်ကို မတွေ့ရတော့ချေ။
ထို့နောက် သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲသည် လင်းထျန်းအန် ၏ ရှေ့တွင် ပေါ်ထွက်လာသည်။ သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲ ကို မြင်သည်နှင့် လင်းထျန်းအန် က ဒေါသတကြီး ပြောလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ... ခင်ဗျားတောင် တစ်ခုခု မှားယွင်းနေတာကို ဘာလို့ သတိမထားမိရတာလဲ..."
"စိတ်ဝင်စားစရာပဲ... ကြည့်ရတာ တစ်ဖက်လူမှာ အင်မော်တယ် မဟာဧကရာဇ် တောင် အာရုံမခံနိုင်လောက်အောင် စွမ်းအားကြီးမားတဲ့ ဖုံးကွယ်နိုင်တဲ့ ရတနာ တစ်ခု ရှိနေပုံရတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... တစ်ဖက်လူ ဝေးဝေးရောက်သေးမှာ မဟုတ်ဘူး... သူတို့ရဲ့ အငွေ့အသက် ဒီနေရာမှာ ကျန်နေသေးတာကို ငါ ခံစားမိတယ်..."
သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ၏ လေသံထဲတွင် စိတ်ဝင်စားသော အရိပ်အမြွက်များ ရှိနေခဲ့သည်။ သူသည် မျက်လုံးများကို တစ်စက္ကန့်ခန့် မှိတ်လိုက်ပြီး စက္ကန့်အနည်းငယ် အကြာတွင် ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်သည်။
"မင်းကို တွေ့ပြီ..."
ထိုသို့ပြောပြီးသည်နှင့် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ သည် ဝူယီဖန် နှင့် တွမ့်သယ် တို့ ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း ဦးတည်သွား၏။ ထိုအရာကို မြင်သည်နှင့် လင်းထျန်းအန်သည် တုံ့ဆိုင်းမနေဘဲ အလျင်အမြန် လိုက်ပါသွားသည်။
မည်သို့ပင်ဆိုစေကာမူ ဝူယီဖန် သည် ယခုအချိန်တွင် သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှု ဖြစ်သည်။ အကယ်၍ ဝူယီဖန်ကို မဖြေရှင်းနိုင်ပါက သူ လုံးဝ အိပ်ပျော်နိုင်မည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် လင်း မိသားစု မှ ထွက်ခွာလာပြီးကာစ ဖြစ်သော ဝူယီဖန် မှာ သူ ဘေးကင်းသွားပြီဟု ထင်မှတ်၍ သက်ပြင်းတစ်ချက် ချလိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိထားမိလိုက်ပြီး သူ၏ မျက်နှာထားသည် အလွန် ကြည့်ရဆိုးသွားသည်။
ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝူယီဖန်သည် တွမ့်သယ် ကို သူ၏ ပခုံးပေါ်သို့ တင်၍ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ ဆီသို့ ဦးတည်သွားသည်။ သူသည် အင်မော်တယ် အရှင်မြတ် တစ်ပါးကို ယှဉ်နိုင်မည် မဟုတ်ချေ။ အင်မော်တယ် အရှင်မြတ်အထွတ်အထိပ်အဆင့်သာ ဆိုလျှင်ဖြင့် ပြောစရာပင် မလိုတော့ချေ။
ဝူယီဖန်သည် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်၏ အဆင့်(၁၂) သို့ တက်လှမ်းထားပြီး ဖြစ်သော်လည်း အင်မော်တယ် မဟာဧကရာဇ် တစ်ဦး၏ ရှေ့တွင်တော့ ဘာမှ မဟုတ်သေးချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ သည် ဝူယီဖန် ကို လိုက်မီသွားခဲ့သည်။
"စိတ်ဝင်စားစရာပဲ... ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် လား အို ...မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ အဖြစ် ပြောင်းတော့မှာလား..."
သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ သည် ဝူယီဖန် ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ တဖက်လူမှ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝူယီဖန် မှာ ဆွံ့အသွားပြီး လှုပ်ရှား၍ မရတော့ချေ။
***