"အင်မော်တယ် မဟာဧကရာဇ်..."
ဝူယီဖန် ၏ နှလုံးသားသည် အောက်ခြေအထိ ထိုးကျသွားသည်။ တဖက်လူသည် အင်မော်တယ် မဟာဧကရာဇ် အဆင့်ရှိ စွမ်းအားရှင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
သူ့ကို အတော်လေး အံ့အားသင့်သွားစေသည်မှာ ထိုသူသည် သွေးဝိညာဉ်ဂိုဏ်းမှ အင်မော်တယ် မဟာဧကရာဇ် တစ်ဦး ဖြစ်နေခြင်းပင် ။ သွေးဝိညာဉ်ဂိုဏ်း၏ ဝတ်စုံနှင့် အငွေ့အသက်များသည် ဝူယီဖန်၏ အရိုးထဲအထိပင် စွဲထင်နေခဲ့ပြီ ဖြစ်သည်။
ဝူယီဖန် တစ်ယောက် သိချင်သွားသည်။
နောက်က လိုက်လာသူတွေက လင်း မိသားစုဝင်တွေ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး သွေးဝိညာဉ်ဂိုဏ်း ရဲ့ အကြီးအကဲ ဖြစ်နေရတာလဲ...
နောက်တစ်စက္ကန့်တွင် ဝူယီဖန် သည် ထိုအဖြေကို ရရှိလိုက်သည်။ လင်းထျန်းအန် သည် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ ၏ ရှေ့တွင် ပေါ်ထွက်လာသည်။
"လင်း မိသားစု ခေါင်းဆောင်... ခင်ဗျားက သွေးဝိညာဉ်ဂိုဏ်း နဲ့ ပူးပေါင်းသွားလိမ့်မယ်လို့ ကျုပ် လုံးဝ မျှော်လင့်မထားခဲ့ဘူး..."
ဝူယီဖန် သည် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် လင်းထျန်းအန် ကို ကြည့်လိုက်သည်။ အရင်က သူသည် လင်း မိသားစု ၏ အသက်ကို ချမ်းသာပေးနိုင်ခဲ့မည် ဆိုသော်ငြားလည်း ယခုတွင်မူ ချမ်းသာပေးလို့ မဖြစ်ချေ။
မည်သို့ပင်ဆိုစေကာမူ သွေးဝိညာဉ်ဂိုဏ်း သည် အထက်ကမ္ဘာ ကို ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အကယ်၍ အထက်ကမ္ဘာ ကသာ သိရှိသွားပါက သူ လက်တစ်ချောင်းပင် မြှောက်စရာ မလိုဘဲ အခြား အင်အားစုများက လင်း မိသားစုကို သုတ်သင်ကြပေလိမ့်မည်။
ထိုစကားကို ကြားသည်နှင့် လင်းထျန်းအန် ၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲသွားသည်။ ဝူယီဖန် ကို စိုက်ကြည့်နေသော သူ၏ မျက်လုံးများထဲတွင် ရှိနေသည့် သတ်ဖြတ်လိုသော အငွေ့အသက်များသည် ဝူယီဖန် ပြသခဲ့သည့် သတ်ဖြတ်လိုသော အငွေ့အသက်များထက် မလျော့နည်းပေ။
"ဒါတွေအားလုံးက မင်းအပြစ်ပဲ... မင်းသာ မရှိရင် ငါ့ရဲ့ လင်း မိသားစု က သွေးဝိညာဉ်ဂိုဏ်း ကို သစ္စာခံမှာ မဟုတ်ဘူး... ဒါကြောင့် မင်း သေရမယ်..."
ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းထျန်းအန် သည် ဝူယီဖန် ကို အရင် သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။ သူ၏ အမြင်တွင် ဝူယီဖန် သေဆုံးသွားသရွေ့ သူ၏ လင်း မိသားစု သည် သွေးဝိညာဉ်ဂိုဏ်း အောက်သို့ ခိုလှုံသွားသည် ဆိုသည့် အချက်ကို အခြား အင်အားစုများ သိရှိနိုင်တော့မည် မဟုတ်ချေ။
လင်းထျန်းအန် မှ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ က သူ့ကို တားဆီးလိုက်သည်။ လင်းထျန်းအန် ၏ မျက်လုံးထဲတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုစဉ် သွေးဝိညာဉ်ဂိုဏ်း၏အကြီးအကဲ က စကားဖြတ်ပြောလိုက်သည်။
"အရိပ်ထဲမှာ ပုန်းနေတဲ့သူ... ထွက်လာခဲ့..."
"ဟင်... မင်း ငါ့ကို မြင်သွားတာလား..."
အရိပ်ထဲတွင် ပုန်းနေသော ဝူဟောက် မှာ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ဖြတ်သွားရင်း ဝူယီဖန် ၏ အခြေအနေနှင့် ဆုံတွေ့ခဲ့သဖြင့် အခြေအနေကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သွေးဝိညာဉ်ဂိုဏ်း မှ အကြီးအကဲသည် သူ့ကို သတိထားမိသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ဝူဟောက် သည် ကိုယ်ထင်ပြရန် ပြင်လိုက်စဉ်မှာပင် အခြားတစ်ဘက်၌ ပုန်းနေသော လီကျန်းရန် က မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။ ထိုအခါမှသာ တစ်ဖက်လူသည် သူ့ကို ခေါ်နေခြင်း မဟုတ်ကြောင်း ဝူဟောက် သဘောပေါက်သွားတော့သည်။
သို့သော်လည်း စဉ်းစားကြည့်ပါက ဤသည်မှာ ယုတ္တိရှိပေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့် သည် အင်မော်တယ် မဟာဧကရာဇ် အလယ်အလတ်အဆင့် သာ ရှိသေးသော်လည်း ကောင်းကင်ဘုံ ဧကရာဇ် မဟာတာအို ကျမ်းစာ သည် အမှိုက်ကျင့်စဉ် မဟုတ်ချေ။ ၎င်း၏ ကိုယ်ပျောက်နိုင်စွမ်းသည် အလွန်တရာ ကောင်းမွန်လွန်းလှသည်။ အင်မော်တယ် မဟာဧကရာဇ်ပင် မဆိုနှင့် နတ်ဘုရား တစ်ပါးပင်လျှင် ဝူဟောက် ၏ တည်ရှိမှုကို အာရုံခံနိုင်မည် မဟုတ်ချေ။
လီကျန်းရန် ပေါ်လာပြီးနောက် ဝူယီဖန် ၏ အမူအရာ သည် အနည်းငယ် ပြောင်းလဲသွား၏။
"အကြီးအကဲ ကျန်းရန်..."
လီကျန်းရန် က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် လင်းထျန်းအန် နှင့် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ ကို ကြည့်လိုက်သည်။ သူ၏ လေသံသည် အလွန် တည်ငြိမ်သည်။
"သွေးဝိညာဉ်ဂိုဏ်း က လူတွေက အထက်ကမ္ဘာ မှာ လှုပ်ရှားရဲသေးတယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး... သွေးဝိညာဉ်ဂိုဏ်း ကို နှိမ်နင်းဖို့ မဟာမြင့်မြတ်နယ်မြေငါးခု က ငါတို့နဲ့ ထပ်ပြီး ပူးပေါင်းလာမှာကို မင်းတို့ မကြောက်ဘူးလား..."
"ပြီးတော့ လင်း မိသားစု ခေါင်းဆောင်... ခင်ဗျားက သွေးဝိညာဉ်ဂိုဏ်း ကို သစ္စာခံရဲတယ်... ခင်ဗျားက မိစ္ဆာလမ်းစဉ် ကို ရောက်သွားပြီ... အထက်ကမ္ဘာ မှာ ခင်ဗျားတို့ လင်း မိသားစု အတွက် နေရာ ရှိမှာ မဟုတ်တော့ဘူး..."
"ပါးစပ်ပိတ်ထား... ပါးစပ်ပိတ်ထားစမ်း... ငါ့ရဲ့ လင်း မိသားစု က မင်းတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ က လူတွေကြောင့် ပျက်စီးရတော့မလို့ ဖြစ်နေတာ... ငါ့ရဲ့ လင်း မိသားစု က ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ကြိုးစားတာ ဘာမှားနေလို့လဲ... ဖြောင့်မတ်တဲ့ လမ်းစဉ် က ငါ့ကို ဖျက်ဆီးချင်တယ် ဆိုရင် မိစ္ဆာလမ်းစဉ် နဲ့ ပူးပေါင်းတာကလည်း သိပ်မဆိုးပါဘူး..."
လင်းထျန်းအန် သည် လီကျန်းရန် ကို ဒေါသတကြီး ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ဝူယီဖန် သည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ မှ အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း သူ မည်သို့ မရိပ်စားမိမည်နည်း။ ထို့အပြင် တစ်ဖက်လူသည် သာမန် အဖွဲ့ဝင် တစ်ဦး မဟုတ်ဘဲ အဆင့်အတန်း မြင့်မားသူ တစ်ဦး ဖြစ်ပြီး အင်မော်တယ် ဧကရာဇ် တစ်ဦး၏ အကာအကွယ်ကိုပင် ရရှိထားသေးသည်။
လီကျန်းရန် က ခေါင်းကိုသာ ခါရမ်းလိုက်၏။ တစ်စုံတစ်ယောက်က သနားစရာ ကောင်းနေရခြင်းတွင် အမြဲတမ်း အကြောင်းပြချက် တစ်ခု ရှိပေသည်။ ဤအရာက လင်းထျန်းအန် ၏ ရွေးချယ်မှု ဖြစ်သောကြောင့် သူတို့အနေဖြင့် လေးစားပေးရုံသာ ရှိသည်။
"ငါ သခင်ကြီး နဲ့ တခြားသူတွေကို ဆက်သွယ်ပြီးပြီ... သူတို့ မကြာခင် ရောက်လာလိမ့်မယ်... မင်းတို့ အခု ထွက်သွားမယ် ဆိုရင် အချိန်မီနိုင်သေးတယ်..."
လီကျန်းရန် သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ သူ့ရှေ့ရှိ အရာအားလုံးကို ဂရုမစိုက်သကဲ့သို့ အမူအရာဖြင့် ရှိနေသော်လည်း တကယ်တမ်းတွင်မူ သူ၏ အတွင်းစိတ်မှာ ထိတ်လန့်နေပြီ ဖြစ်သည်။
သူ၏ ရှေ့ရှိ သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ သည် သူ့ ပြိုင်ဘက် မဟုတ်ကြောင်း သူ သိသည်။ သူ လုပ်နိုင်သမျှမှာ တစ်ဖက်လူကို ထွက်သွားစေရန် ခြောက်လှန့်ခြင်းသာ ဖြစ်သည်။ သခင်ကြီး ကို ဆက်သွယ်ထားသည် ဆိုသော အချက်နှင့် ပတ်သက်၍ မိမိ၏ သခင်ကြီးသည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ဖြစ်သော်လည်း ဤနေရာသို့ ရောက်လာရန် အချိန်အနည်းငယ် ကြာဦးမည် ဖြစ်သည်။
ထိုအချိန်မတိုင်မီအထိ သူ တောင့်ခံထားနိုင်မည်လား ဆိုသည်ကို သူ သေချာ မသိပေ။
ထိုအခိုက်အတန့်တွင် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ က ရယ်မောလိုက်၏။
"ဒါဆိုရင် မင်းရဲ့ သခင်ကြီး အရင် ရောက်လာမလား ဒါမှမဟုတ် ငါက မင်းကို အရင်သတ်ပြီး ဒီ မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ ကို ငါနဲ့အတူ ခေါ်သွားမလား ဆိုတာ မင်း ကြည့်နေပေါ့..."
ထိုသို့ ပြောပြီးနောက် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ သည် ဝူယီဖန် ကို တိုက်ရိုက် ခေါ်သွားရန် ဟန်ပြင်လိုက်သည်။ ဤအရာသည် မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ ဖြစ်ပြီး အကယ်၍ သူသာ ထိုအရာကို ပြန်ခေါ်သွားနိုင်ပါက သူတော်စင် အတွက် သေချာပေါက် ကြီးမားသော အကူအညီ ဖြစ်လာပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် အရိပ်ထဲတွင် ပုန်းနေသော ဝူဟောက် သည် မလှမ်းမကမ်းမှ ချီ စွမ်းအင် အရှိန်အဝါကို အာရုံခံမိပြီး အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
ဝူယီဖန် သည် ကံကြမ္မာရွေးချယ်ခံရသူ ဖြစ်ပြီး သူ သေမည် မဟုတ်ကြောင်း ဝူဟောက် အနေဖြင့် သေချာပေါက် သိထားသော်လည်း လီကျန်းရန် နှင့် တွမ့်သယ် တို့အတွက်မူ မသေချာပေ။ လက်ရှိ အခြေအနေအရ ကြည့်လျှင် လီကျန်းရန် အနေဖြင့် သေသည်အထိ မတိုက်ခိုက်ပါက လီဖန်ထျန်း ရောက်လာသည့်အထိ သူတို့ တောင့်ခံထားနိုင်မည် မဟုတ်ချေ။
ဤအချက်ကို တွေးမိသောအခါ နောက်တစ်စက္ကန့်တွင် ဝူဟောက် က စကားပြောလိုက်၏။
"တော်လောက်ပြီ..."
ဝူဟောက် စကားပြောပြီးသည်နှင့် လူတိုင်း အေးခဲသွားကြသည်။ ဝူယီဖန် ၏ မျက်လုံးများသည် အရောင်လက်သွားပြီး အသံလားရာဘက်သို့ မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လိုက်၏။
သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ မှာ အလွန် အံ့အားသင့်သွားသည်။ နောက်ထပ် စွမ်းအားရှင် တစ်ဦး ရှိနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားသည်။ သူကိုယ်တိုင်က အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ဖြစ်ပြီး အခြား အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် စွမ်းအားရှင်များပင် သူ၏ အနီးဝန်းကျင်တွင် ပုန်းကွယ်နေရန် မဖြစ်နိုင်ချေ။
လင်းထျန်းအန် နှင့် လီကျန်းရန် တို့မှာ လေးနက်သော အမူအရာများဖြင့် ရှိနေကြပြီး ထိုသူက မိတ်ဆွေလား ရန်သူလား ဆိုသည်ကို မသေချာပေ။ နောက်တစ်စက္ကန့်တွင် ၎င်းသည် ဝူဟောက် ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဝူယီဖန် နှင့် လီကျန်းရန် တို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများ ဖြင့် ပြည့်နှက်သွား၏။
ဝူဟောက် သည် စွမ်းအားကြီးမားကြောင်း ဝူယီဖန် အနေဖြင့် သဘာဝကျကျ သိထားပြီး လီကျန်းရန်ကလည်း ဝူဟောက် ၏ စွမ်းအားကို အရင်ကတည်းက မြင်တွေ့ဖူးပြီး ဖြစ်သည်။ သူသည် ဝူဟောက် ၏ ကျင့်ကြံခြင်းအဆင့် ကို မသိသော်လည်း သူ့ရှေ့ရှိ သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ ကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုလိမ့်မည်ဟု ထင်မိ၏။
နောက်တစ်စက္ကန့်တွင် ဝူဟောက် သည် ဝူယီဖန် ၏ ရှေ့တွင် ပေါ်ထွက်လာသည်။ ဝူဟောက် ၏ တည်ရှိမှုကို အာရုံခံမိပြီးနောက် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ ၏ အမူအရာသည် ကြည့်ရဆိုးသွားသည်။
‘မှန်းဆ၍ မရနိုင်ခြင်း ‘ ဤအရာက ဝူဟောက် အပေါ် သူ၏ တစ်ခုတည်းသော အမြင်သာ ဖြစ်သည်။
ဝူဟောက် ၏ ရှေ့တွင် ရပ်နေရသည်မှာ ဝူဟောက်သည် မိမိ၏ ဂိုဏ်းချုပ် ထက် ပို၍ စွမ်းအားကြီးမားသည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်မိသည်။ သို့သော် ထိုအရာမှာ မည်သို့ ဖြစ်နိုင်မည်နည်း။ မိမိ၏ ဂိုဏ်းချုပ်သည် နှစ်တစ်သောင်းကြာလျှင် တက်လှမ်းခြင်း ပြုတော့မည် ဖြစ်သည်။
သို့သော် ယခုအချိန်က တုံ့ဆိုင်းနေရမည့် အချိန် မဟုတ်ပေ။ လီကျန်းရန် တစ်ယောက်တည်း ရှိနေစဉ်က သူသည် လီကျန်းရန် ကို အလွယ်တကူ အနိုင်ယူ၍ ဝူယီဖန် ကို ခေါ်ဆောင်သွားနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသာ မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ ကို စုပ်ယူနိုင်ပါက သူလည်း နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်ပေလိမ့်မည်။
ယခု ဝူဟောက် လည်း ပါဝင်လာပြီ ဖြစ်သဖြင့် အကယ်၍ သူသာ ဝူဟောက် ၏ ဟန့်တားခြင်းကို ခံရပြီး လီဖန်ထျန်း နှင့် အခြားသူများက ရှေးဟောင်း ကန္တာရခေါင်းလောင်း ဖြင့် ရောက်ရှိလာပါက သူသည် ဤနေရာမှ ထွက်ခွာရန် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရနိုင်ချေ ရှိသည်။
ထိုသို့ တွေးလိုက်ပြီးနောက် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ သည် ထွက်ပြေးရန် လှည့်လိုက်သော်လည်း ဝူဟောက် က ရှေ့ကနေ ပိတ်ဆို့ထားကာ သူ့ကို ထွက်သွားခွင့် မပြုချေ။
"ငါ့ရဲ့ မြစ်လေး အပေါ် အကြံအစည် ရှိနေပြီးမှတော့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ် ထင်နေတာလား... အိပ်မက် မက်နေလိုက်..."
ဝူဟောက် စကားပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် ဝူဟောက် သည် ဝူယီဖန် ကို ကြည့်၍ ပြောလိုက်သည်။
"ဒီလက်သီးချက်ကို သေချာကြည့်ထား... အတော်လေး မိုက်တယ်.."
***