ဝူယီဖန် အနေဖြင့် 'ဘိုးဘေးကြီး' ဆိုသည့် အဓိပ္ပာယ်ကို နားမလည်မီ နောက်တစ်စက္ကန့်မှာပင် အဖြေပေါ်လာ၏။ ဝူဟောက် သည် မျက်လုံးများကို မှိတ်၍ လေတစ်ချက် ရှူသွင်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ချီစွမ်းအင် အရှိန်အဝါသည် ပြောင်းလဲသွားသည်။
"ဒီအရာက ကောင်းကင်ဘုံ ဧကရာဇ် လက်သီး ပဲ..."
ဝူယီဖန် မှာ အလွန်တရာ ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ ဧကရာဇ် လက်သီး သည် သူ၏ အထူးကျွမ်းကျင်မှု ဖြစ်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။ သို့ဆိုပါက ဘိုးဘေးကြီး သည် အဘယ်ကြောင့် ၎င်းကို အသုံးပြုနိုင်ရသနည်း။ ထို့အပြင် ထိုအရာသည် သူ၏ ကောင်းကင်ဘုံ ဧကရာဇ် လက်သီး ထက် များစွာ ပို၍ စွမ်းအားကြီးမားနေပုံ ရ၏။
သို့သော် ဤအချိန်က မေးခွန်းထုတ်ရမည့် အချိန် မဟုတ်ကြောင်း ဝူယီဖန် သိပေသည်။ ထို့ကြောင့် မလှမ်းမကမ်းတွင် ထွက်ပြေးနေသော သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ ကို ဝူဟောက် ၏ လက်သီးချက် ထိမှန်သွားသည်ကိုသာ သူ စိုက်ကြည့်နေလိုက်သည်။
ထိုလက်သီးချက်၏ ကြောက်မက်ဖွယ်ရာ ကောင်းမှုကို သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ သည် အာရုံခံမိလိုက်ရာ သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ဖြင့် ပြည့်နှက်သွားသည်။
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... မင်းက အထက်ကမ္ဘာ က ကျင့်ကြံသူ တစ်ယောက်လေ...ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားတာလဲ... မဖြစ်နိုင်ဘူး..."
သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ၏ စကားမဆုံးမီ သူသည် ခုခံနိုင်စွမ်းမရှိတော့ဘဲ ဝူဟောက် ၏ လက်သီးတစ်ချက်တည်းဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
ဤအရာက ဝူဟောက် ကို အံ့အားသင့်သွားစေသည်။ သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ ကို သတ်ရန် အနည်းဆုံး လက်သီးသုံးချက်ခန့် လိုအပ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူ၏ ကိုယ်ပိုင် စွမ်းအားကို သူ အတော်လေး အထင်သေးမိခဲ့ပုံ ရသည်။
ဝူဟောက် သည် လက်သီးဖြင့် ထိုးနှက်လိုက်သည့် တစ်ချိန်တည်းမှာပင် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင် အရှိန်အဝါက အထက်ကမ္ဘာ ရှိ စွမ်းအားရှင်များကို တုန်လှုပ်သွားစေပြီး သူတို့သည် ဝူဟောက်တို့ ရှိရာ အရပ်ဆီသို့ အလွန်အမင်း အံ့အားသင့်နေသော အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြ၏။
"ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါလဲ... အင်မော်တယ် မဟာဧကရာဇ် အထက်က တစ်ယောက်ယောက်များ ဖြစ်နေမလား..."
"ဒါပေမဲ့ အထက်ကမ္ဘာ မှာ အင်မော်တယ် မဟာဧကရာဇ် အဆင့်အထိ တက်လှမ်းနိုင်တဲ့သူ ဘယ်သူမှ မရှိဘူးလေ... ငါ သိသလောက်တော့ အင်မော်တယ် မဟာဧကရာဇ် အဆင့်အထိ တက်လှမ်းနိုင်တဲ့သူ တစ်ယောက်ပဲ ရှိတယ်... အဲဒါက သွေးဝိညာဉ်ဂိုဏ်း ဂိုဏ်းချုပ် ပဲ..."
"ဘာ... ဒါဆို ဟိုဘက်က လှုပ်ရှားမှုက သွေးဝိညာဉ်ဂိုဏ်းက ဂိုဏ်းချုပ် လက်ချက်ပေါ့... တကယ်လို့ သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲ ရဲ့ လက်ချက်သာ ဆိုရင်တော့ တောင်းပန်ပါတယ် ငါတော့ အညံ့ခံဖို့ပဲ ရွေးချယ်လိုက်တော့မယ်..."
မရေမတွက်နိုင်သော အင်မော်တယ် ဧကရာဇ် များက ဤမျှစွမ်းအားကြီးမားသော အရှိန်အဝါကို အာရုံခံမိပြီး နည်းနည်းမှ မလှုပ်ရှားရဲကြချေ။ ကျွင်းရှောင်ယောင် နှင့် အခြားသူများပင်လျှင် ထိုအရှိန်အဝါ၏ ရှေ့၌ ပုရွက်ဆိတ်များကဲ့သို့ အားနည်းလှသည်ဟု ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောင် နှင့် အခြားသူများ၏ အမူအရာများသည် အလွန်တည်ကြည် လေးနက်နေပြီး ထိုအရပ်ဆီသို့ ကြည့်ရင်း သူတို့၏ နှလုံးသားများက အောက်ခြေအထိ ထိုးကျသွား၏။
"အခြေအနေက ပြန်လှည့်လို့ မရနိုင်တဲ့ အထိကို ရောက်သွားပြီလား..."
ကျွင်းရှောင်ယောင် မှာ အလွန် စိတ်ဓာတ်ကျသွားပြီး သူ့ဘာသာ တီးတိုး ရေရွတ်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားကာ ဝူယီတောက် တံခါးပိတ် ကျင့်ကြံနေသော အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။
"ယီတောက် က ဖရိုဖရဲ ခေါင်းလောင်း ကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ... အဲဒါက ငါတောင် စွမ်းအား အပြည့်အဝ မထုတ်နိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရတနာ တစ်ခုပဲ... အကယ်၍ ယီတောက် သာ အဲဒါကို အသုံးပြုနိုင်မယ် ဆိုရင် သွေးဧကရာဇ် နဲ့ ရင်ပေါင်တန်းနိုင်လောက်တယ်..."
ထိုသို့ တွေးလိုက်မိပြီးနောက် ကျွင်းရှောင်ယောင် သည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။
တစ်ချိန်တည်းမှာပင် အခြားသော မဟာမြင့်မြတ်နယ်မြေ သုံးခုရှိ သခင်ကြီး များမှာလည်း တည်ကြည် လေးနက်သော မျက်နှာထားများဖြင့် ရှိနေကြသည်။
လီဖန်ထျန်း အတွက်မူ သူသည် ရှေးဟောင်း ကန္တာရ ခေါင်းလောင်း နှင့်အတူ အခင်းဖြစ်ပွားရာ နေရာသို့ အလျင်စလို ရောက်ရှိလာခဲ့သော်လည်း ဝူဟောက် သည် သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲ ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကိုသာ မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်စွာဖြင့် မှင်သက်နေလေ၏။
အကယ်၍ အရင်က သူသည် ဝူဟောက် ၏ စွမ်းအားနှင့် ပတ်သက်၍ အနည်းငယ် သံသယ ရှိခဲ့လျှင်ပင် ယခုတွင် ဝူဟောက်သည် ပြိုင်ဘက်ကင်းသော စွမ်းအားရှင် တစ်ဦး ဖြစ်ကြောင်းနှင့် ဤလက်သီးချက်သည် သူ၏ ဘဝတစ်သက်တာလုံး မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်သော အမြင့်တစ်ခု ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်သွားတော့သည်။
ထို့အပြင် လီဖန်ထျန်း သည် ရှေးဟောင်း ကန္တာရ ခေါင်းလောင်း ၏ အကာအကွယ် ရှိရင်တောင်မှ ဤလက်သီးချက်သည် သူ့ကို သေချာပေါက် သတ်ဖြတ်နိုင်စွမ်း ရှိကြောင်း အာရုံခံမိသည်။
လီကျန်းရန် နှင့် လင်းထျန်းအန် တို့မှာမူ အံ့အားသင့်စွာဖြင့် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေကြပြီး အထူးသဖြင့် လင်းထျန်းအန် ၏ နှလုံးသားမှာ ကောင်းကင်ဘုံ မှ ငရဲဘုံ သို့ မျက်စိတစ်မှိတ်အတွင်း ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
လွန်ခဲ့သော အခိုက်အတန့်လေးကမှ အဖြစ်ဆိုးဖြင့် သေဆုံးသွားသော သူ၏ ဒုတိယညီ တတိယညီနှင့် သားဖြစ်သူအတွက် ကလဲ့စားချေနိုင်မည့်အပြင် လင်း မိသားစု သည် အထက်ကမ္ဘာ တွင် ထိပ်တန်း အင်အားစု တစ်ခု ဖြစ်လာတော့မည် ဆိုသည့် အချက်များကြောင့် သူသည် စိတ်လှုပ်ရှားနေခဲ့သည်။
ယခုတွင်မူ သူ ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် သူ၏ ကျောထောက်နောက်ခံမှာ ဝူဟောက် ၏ လက်သီးချက်ဖြင့် အရိပ်အယောင်မျှပင် မကျန်တော့သည်ကို မြင်လိုက်ရချိန်တွင် မည်သည့်စကားမှ မထွက်နိုင်တော့ချေ။
သေချာ ဂရုစိုက် ကြည့်မည် ဆိုပါက လင်းထျန်းအန် ၏ ခန္ဓာကိုယ်သည် တုန်ယင်နေဆဲ ဖြစ်သည်ကို မြင်တွေ့နိုင်ပေသည်။ သူ ကြောက်ရွံ့နေသည်မှာ ထင်ရှား၏။ သူ၏ မှားယွင်းသော ဆုံးဖြတ်ချက်က လင်း မိသားစု ကို ပြန်လည် ကုစား၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားစေခဲ့ပြီ ဖြစ်သည်။
သူ ယနေ့ သေချာပေါက် သေရတော့မည်ကို သိရှိထားသဖြင့် လင်းထျန်းအန် သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ အော်ဟစ်လိုက်သည်။
"စီနီယာ လီ... ကိုယ့်လုပ်ရပ်အတွက် ကိုယ် တာဝန်ယူရမယ်... ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို လင်း မိသားစု မသိဘူး... ငါ့အသက်နဲ့ ငါ အစားပေးချေဖို့ ဆန္ဒရှိပါတယ်... လင်း မိသားစု ကိုတော့ ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်..."
ထိုသို့ ပြောပြီးနောက် လင်းထျန်းအန် သည် လီကျန်းရန် ၏ ရှေ့တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ပြီး သတ်သေသွားခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း လီကျန်းရန် နှင့် အခြားသူများမှာ လုံးဝ စိတ်မလှုပ်ရှားကြချေ။ ဤလောကတွင် အမှားနှင့် အမှန်ကို ခွဲခြားမှု ရှိရမည်သာ ဖြစ်သည်။ သေဆုံးခြင်းက အရာအားလုံးကို ပျက်ပြယ်သွားစေနိုင်သည် ဆိုပါက လူအများအပြားက သူတို့ လုပ်ချင်ရာကို လုပ်ခွင့် ရသွားမည် မဟုတ်လော။
ဝူယီဖန် သည်လည်း ဝူဟောက် ၏ လက်သီးချက်မှ များစွာ သင်ယူလိုက်ရပြီး သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
"သူတော်စင်... လင်း မိသားစု ကို ဘယ်လို ကိုင်တွယ်မလဲ..."
လီကျန်းရန် သည် သူ့ရှေ့သို့ ရောက်လာသောအခါမှသာ ဝူယီဖန်မှာ ပြန်သတိဝင်လာသည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူသည် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"မိသားစု ခေါင်းဆောင် တစ်ယောက် အနေနဲ့ လင်းထျန်းအန် က သွေးဝိညာဉ်ဂိုဏ်း နဲ့ ပူးပေါင်းခဲ့တယ်... လင်း မိသားစု က တခြား အဖွဲ့ဝင်တွေကလည်း ဒီလုပ်ရပ်တွေကို မသိဘူးလို့ အာမခံဖို့ ခက်တယ်... ဒါကြောင့် ဘာလုပ်ရမလဲ ဆိုတာကို ခင်ဗျား သိမှာပါ..."
"ကျွန်တော် နားလည်ပါပြီ သူတော်စင်..."
လီကျန်းရန် မှာ အံ့ဩမသွားခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ပြေလည်အောင် ဖြေရှင်း၍ မရနိုင်သော ရန်ငြိုးတစ်ခု ဖြစ်သည်။ အကယ်၍ ဝူယီဖန် ၏ နောက်ကွယ်တွင် သာမန် အင်အားစု တစ်ခုသာ ရှိနေခဲ့မည် ဆိုပါက လင်း မိသားစု သိရှိသွားသည့် အခိုက်အတန့်တွင် သူ သည် သေချာပေါက် သုတ်သင်ခံရပေလိမ့်မည်။
ထို့အပြင် လင်း မိသားစု သည် အထက်ကမ္ဘာ ၏ ရန်သူ ဖြစ်သော သွေးဝိညာဉ်ဂိုဏ်း နှင့် အမှန်တကယ် ပူးပေါင်းခဲ့ခြင်း ဖြစ်သောကြောင့် လင်း မိသားစု ကို သုတ်သင်ပစ်ခြင်းက လက်ခံ၍မရနိုင်သော ကိစ္စ တစ်ခု မဟုတ်ပေ။
လီကျန်းရန် ထွက်သွားပြီးနောက် လီဖန်ထျန်းသည် သူတို့ထံ ရောက်ရှိလာ၏။ သူသည် ဝူယီဖန် ကို ချက်ချင်း စိုးရိမ်ပူပန်မှု မပြဘဲ ဝူဟောက် ထံသို့ သွား၍ ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"စီနီယာ ဝူ..."
"ကောင်းပြီ... ထပါ..."
ဝူဟောက် က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ထိုမှသာ လီဖန်ထျန်း သည် သတိထား၍ ခေါင်းမော့လာ၏။
အတန်ကြာပြီးနောက် သူသည် မနေနိုင်ဘဲ မေးလိုက်သည်။
"စီနီယာ ဝူ... စီနီယာ့ရဲ့ ကျင့်ကြံခြင်းအဆင့် က ဘာလဲ ဆိုတာ မေးလို့ ရမလား..."
"ပြောပြစရာတောင် မလိုဘူး... သာမန် ကျင့်ကြံသူ တစ်ယောက် သက်သက်ပါပဲ..."
ဝူဟောက် သည် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းပြလိုက်ပြီး သူ၏ လေသံသည် အလွန်ပင် တည်ငြိမ်နေကာ မည်သည့်အရာကိုမျှ ထုတ်မပြောလိုကြောင်း ထင်ရှားနေ၏။
တကယ်တမ်းတွင် ဝူဟောက်အနေဖြင့် ထုတ်ပြောလိုက်လျှင်တောင် လီဖန်ထျန်းမှာ ယုံကြည်န်ိုင်မည် မဟုတ်ချေ။ အင်မော်တယ် မဟာဧကရာဇ် အလယ်အလတ်အဆင့် က အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်ကို မည်သူက ယုံကြည်မည်နည်း။ ၎င်းမှာ အဓိပ္ပာယ် မရှိပေ။
ထို့ကြောင့် မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ဘာမှ မပြောခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
ဝူဟောက် သည် ထိုအကြောင်းကို မပြောလိုသဖြင့် လီဖန်ထျန်း သည်လည်း ထိုကိစ္စကို သဘာဝကျကျ ဆက်မမေးတော့ဘဲ အကြောင်းအရာ ပြောင်းလိုက်၏။
"အကယ်၍ စီနီယာ အချိန်ရမယ် ဆိုရင် ကျွန်တော်တို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ ကို အလည်အပတ် လာဖို့ ဖိတ်ခေါ်ပါတယ်..."
"သေချာတာပေါ့... တခြားနေ့တွေထက်စာရင် ဒီနေ့က ပိုကောင်းတယ်..."
သို့သော် လီဖန်ထျန်း အံ့အားသင့်သွားသည်မှာ ဝူဟောက် သညိ ချက်ချင်းပင် သဘောတူလိုက်ခြင်း ဖြစ်၏။
လီဖန်ထျန်း ၏ အံ့အားသင့်မှုကို မြင်သောအခါ ဝူဟောက် က မျက်ခုံးပင့်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကြည့်ရတာ သခင်ကြီး လီ က ငါ့ကို သူ့ရဲ့ ဧည့်သည် အဖြစ် တကယ် မလိုလားဘူး ထင်တယ်..."
"ဘယ်လိုလုပ် အဲလို ဖြစ်ရမှာလဲ... စီနီယာ ဝူ က အခု အားလပ်နေပြီ ဆိုတော့ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ..."
ထိုသို့ ပြောပြီးနောက် လီဖန်ထျန်း သည် ဝူဟောက် ကို ခေါ်ဆောင်၍ ထွက်ခွာသွားရာ ထိုနေရာတွင် ရှိနေခဲ့သော ဝူယီဖန် ကိုပင် မေ့သွားပုံ ရ၏။
ဝူယီဖန်:.....
" ကမ္ဘာကြီးက ငါ့ကို ဖယ်ကြဉ်ထားလိုက်ပြီ... သူတို့ ငါ့ကို လှောင်ပြောင်ချင်လည်း လှောင်ပြောင်ကြပါစေတော့..."
***