ထိုအဒေါ်ကြီး၏ စကားကို ကြားလိုက်ရသောအခါ ကျန်းမန်မန်က တစ်ချက်လှမ်းကြည့်လိုက်သည်။
ဤအဒေါ်ကြီးသည် ရွာရှိအခြားသူများနှင့် များစွာမခြားနားလှသော်လည်း အနည်းငယ် ပို၍ရုပ်ဆိုးနေခြင်းကသာ သူမအား အခြားသူများထက် ပို၍ ထူးခြားနေစေသည်။
ကျိုးယဲ့က သူမ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။"ဒီတောဝက်ကို တောင်ပေါ်ကနေ သူမက မျှားခေါ်လာတာလေ။ အဒေါ့်မှာသာ အရည်အချင်းရှိရင် ကိုယ်တိုင်တောင်ပေါ်တက်ပြီး မျှားခေါ်လာခဲ့ပေါ့။ အဲ့ဒီအခါကျရင် ကျွန်တော် အဒေါ့်ကို ဝက်ကလီစာအကုန်လုံး အပိုပေးမယ်။"
သူ၏စကားကြောင့် ထိုအဒေါ်ကြီးက တံထွေးတစ်ချက် ထွေးလိုက်သည်။ ဝက်ကလီစာအတွက်နှင့်တော့ သူမ၏ အသက်ကို အပေါင်မခံနိုင်ပေ။
တောဝက်ကသာ သူမကို ဝှေ့၍သတ်လိုက်လျှင် မည်သို့လုပ်မည်လဲ။
"ဒီပညာတတ်လူငယ်မလေးက ဒီလောက်အထိ သတ္တိရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ မင်းတို့အားလုံးက ဝိုင်းပြီး သူမကို ကာကွယ်ပေးနေကြတာလား။"
ကျိုးယဲ့နှင့် အခြားသူများ စကားမပြောရသေးမီမှာပင် သူမက ဆက်ပြောလိုက်ပြန်သည်။
"အမယ်လေး... ကြည့်စမ်းပါဦး၊ ဒီပညာတတ်လူငယ်မလေးက ဒီလောက်တောင် ဝနေတာကို ဝက်သား စားချင်သေးတယ်ပေါ့။ သူမက ဝက်ကလီစာတွေ ရထားပြီးပြီ မဟုတ်လား။"
ကျန်းမန်မန်တစ်ယောက် စိတ်ထဲမှ ကြိတ်၍ မကျေမနပ်ဖြစ်နေမိသည်။ 'အဒေါ်က ဒီလောက်တောင် အသက်ကြီးနေပြီကို၊ ဘာလို့ အခုထိ မသေသေးတာလဲ။'
"အဒေါ်.. အားနေရင် အိမ်ပြန်ပြီး သွားတိုက်လိုက်ပါဦး။ မဟုတ်ရင် နှစ်မိုင်ပတ်လည်မှာရှိတဲ့ တောဝက်တွေအားလုံး အဒေါ့်ရဲ့ ခံတွင်းနံ့ကြောင့် အသက်ရှူကျပ်ပြီး သေကုန်ပါဦးမယ်။"
ကျိုးယဲ့၏ စကားကြောင့် လူအုပ်ကြီးတစ်ခုလုံး ရယ်မောကုန်ကြသည်။
တစ်စုံတစ်ယောက်က သူမဘက်မှ ကာကွယ်ပြောဆိုပေးနေသဖြင့် ကျန်းမန်မန်က ဘာမှထပ်မပြောတော့ပေ။
သူမသည် သူတို့နှစ်ဦးအတွက် ခွဲတမ်းရရှိသော ဝက်သားများကို ကိုင်ကာ ကျိုးယဲ့၏ နောက်မှ ရှက်ကိုးရှက်ကန်းဖြင့် လိုက်လာခဲ့သည်။
ကျိုးယဲ့ကတော့ သူမအတွက် ဝက်ကလီစာများကို ကူညီသယ်ဆောင်ပေးထား၏။
"ဝိုး...ဒါရိုက်တာကျိုးက ဘယ်တုန်းကမှ ပညာတတ်လူငယ်တွေအပေါ် အခုလိုမျိုး စိတ်ဝင်တစား မရှိခဲ့ဖူးဘူး။ ကြည့်ရတာ ဒီဝတုတ်မလေးကို သဘောကျနေတာ ထင်တယ်။"
ကျန်းမန်မန်ကမူ စိတ်ထဲမှ ရေရွတ်နေမိသည် - သူက သူ့ရဲ့အသက်ကိုတောင် ကျွန်မကို ပေးပြီးသားလေ။
"ကဲပါ အဒေါ်တို့ရယ်၊ စကားကို ဆင်ခြင်ပြောကြစမ်းပါ။ သူမက ကျွန်တော့်အိမ်နီးချင်းမို့လို့ ကလီစာတွေကို ကျွန်တော်က ကူသယ်ပေးတာပါ။ အခုတော့ အဒေါ်တို့က ဒါကို အတင်းအဖျင်းသတင်း လုပ်နေကြပြီ။ အခု လူစုခွဲကြတော့၊ အိမ်ပြန်ပြီး ဝက်သားသွားချက်လိုက်ကြတော့။ မဟုတ်ရင် နောက်တစ်ခါ တောဝက်မိရင် ကျွန်တော် သတ်မပေးတော့ဘူး။"
ထိုစကားကို ကြားသည်နှင့် အတင်းပြောနေသော အမျိုးသမီးများအားလုံး ချက်ချင်းပင် နှုတ်ဆိတ်သွားကြတော့သည်။
တောဝက်ကို သတ်လိုက်၍သာ သူတို့အတွက် ဝက်သားခွဲတမ်း ရရှိခြင်းဖြစ်သည်။ အကယ်၍ မသတ်ဖြစ်ခဲ့ပါက ထိုဝက်ကို တပ်မဟာအတွက်သာ မွေးမြူရမည် မဟုတ်လား။
ထိုစဉ် ထန်ရှောင်မင်က ကျန်းမန်မန်ကို လာရှာခဲ့သည်။ "မန်မန်... နင် အဆင်ပြေရဲ့လား။ နင် နေ့လယ်စာစားဖို့ ပြန်မလာလို့ ငါ တော်တော်စိုးရိမ်နေတာ။ အခုလို ဘေးကင်းတာ မြင်ရလို့ တော်သေးတာပေါ့။"
ကျန်းမန်မန်က ပြုံးလိုက်သည်။ "ငါ အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့။ ငါ တောင်ပေါ်ကနေ တောဝက်တစ်ကောင်တောင် သယ်လာသေးတယ်လေ။ ဒီညတော့ ငါတို့ ကောင်းကောင်းစားရတော့မှာ။"
စကားပြောနေရင်း အိမ်ရှေ့သို့ ရောက်လာသောအခါ ကျန်းမန်မန်က ဝက်သားကို ကျိုးယဲ့ထံ ကမ်းပေးလိုက်သည်။
သို့သော် ကျိုးယဲ့က ထိုဝက်သားကို မယူဘဲ သူကိုင်ထားသော ဝက်ကလီစာများကိုသာ သူမထံ ပြန်ပေးလိုက်သည်။
"ဝက်သားကို မင်းပဲ သိမ်းထားလိုက်ပါ။ ကျွန်တော်က ကောင်းကောင်းချက်တတ်တာ မဟုတ်ဘူး၊ မင်းချက်တာက ပိုကောင်းလိမ့်မယ်။ ချက်ပေးခတော့ တောင်းမှာ မဟုတ်ဘူးမလား။"
ကျန်းမန်မန်က သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ "ချက်ခတော့ မတောင်းပါဘူး၊ ဒါပေမဲ့ ကလီစာတွေကို ဆေးပေးဖို့တော့ ကူညီနိုင်မလား။"
ကျိုးယဲ့လည်း လက်ထဲရှိ ဝက်ကလီစာများကို ငုံ့ကြည့်ကာ ဖြေလိုက်လေသည်။ "ပြဿနာမရှိပါဘူး၊ မင်း ဘယ်လိုဆေးစေချင်လဲသာ ပြောလိုက်၊ အကုန်ဆေးပေးမယ်။"
တကယ်တော့ အသည်းနှင့် အဆုတ်က ဆေးရသည်မှာ သိပ်အပန်းမကြီးလှသော်လည်း ဝက်အူများကတော့ အတော်လေး လက်ဝင်လှသည်။
သူတို့၏ ဆေးကြောနည်းက ရိုးရှင်းသည်။ ရေနွေးအိုး သို့မဟုတ် ကရားတစ်ခုကို ရှာပြီး ဝက်အူတစ်ဖက်မှ ရေလောင်းထည့်ကာ ညှစ်ချလိုက်လျှင် အထဲမှ အညစ်အကြေးများအားလုံး ထွက်သွားသည်။
ထို့နောက် အတွင်းပိုင်းကို စင်ကြယ်သွားအောင် ပြာဖြင့် ပွတ်တိုက်ရ၏။ ပြီးလျှင် ဆားရည်ဖြင့် အကြိမ်ကြိမ် ပြန်ဆေးလိုက်ပါက သန့်စင်သွားပြီဖြစ်သည်။
ကျန်းမန်မန်သည် ဝက်အူဆီပြန်ဟင်းနှင့် ဝက်အူခြောက်စပ်ကြော်တို့ကို ချက်ပြုတ်လိုက်သည်။
အသည်းကို ကြက်သွန်မြိတ်နှင့် ဆီသတ်ပြီး၊ နှလုံးနှင့် အစာအိမ်ကိုမူ ကြက်သွန်ဖြူဆော့စ်ဖြင့် တို့စားရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း လူအားလုံးထဲတွင် သူမက အနည်းဆုံး စားခဲ့သူဖြစ်သည်။
ကျန်းမိသားစု ပျက်စီးမသွားစေရန် ဝက်အူခြောက်စပ်ကြော်ကို နှစ်လုတ်ခန့်သာ မြည်းစမ်းကြည့်ခဲ့သည်။
"ဟဲဟဲ... ကျွန်တော်က အလကားနှိုက်စားဖို့ သက်သက်လာတာတော့ မဟုတ်ပါဘူးဗျာ..." ကောမာဇီတစ်ယောက် ရှက်ကိုးရှက်ကန်း အပြုံးဖြင့် လမ်းလျှောက်ဝင်လာခဲ့သည်။
သူက ကျိုးယဲ့၏ ခြံဝင်းထဲသို့ ဝင်လာရင်း ကျန်းမန်မန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ "ကျွန်မ ထမင်းတော့ မချက်ထားဘူး၊ ဟင်းတွေကိုတော့ စိတ်ကြိုက်စားလို့ ရပါတယ်။"
မည်သို့ပင်ဖြစ်စေ၊ သူမကတော့ နောင်တစ်ချိန် ဗိုက်ဆာလာပါက စားနိုင်ရန် ဟင်းတစ်ပွဲကို သူမ၏ အာကာသဟင်းလင်းပြင်ထဲတွင် သိမ်းဆည်းထားပြီးဖြစ်သည်။
"ရပါတယ်... ရပါတယ်... ကျွန်တော် အလကားစားမှာ မဟုတ်ပါဘူး။ မနက်ဖြန် ငါးဖမ်းပိုက်ချတဲ့အခါ မင်းအတွက် ငါးနှစ်ကောင် အပိုချန်ထားပေးပါ့မယ်"
"ရှင်တို့ တကယ်ပဲ ငါးဖမ်းပိုက်ချကြမလို့လား။"
ကျန်းမန်မန် ထိုသို့ မေးလိုက်သောအခါ ကောမာဇီက ပြန်ဖြေသည်။ "ဒါပေါ့... အဒေါ်လျိုတို့၊ အဒေါ်ကြီးဝမ်တို့နဲ့အတူ သူ့ကို ခေါ်သွားခိုင်းရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ခဏလောက်တော့ အဝေးကို ဖယ်ထုတ်ထားရမယ်။ အကယ်၍ သူက ကျွန်တော်တို့ကို တိုင်တောတာဖြစ်ဖြစ်၊ အလုပ်လုပ်ပုံကို သိသွားပြီး သူများကို သွားပြောတာဖြစ်ဖြစ်ဆိုရင် ကျွန်တော် သည်းခံနိုင်မှာမဟုတ်ဘူး။"
ထိုစကားကို ကြားသောအခါ ကျန်းမန်မန်က ခေါင်းညိတ်လိုက်သည်။ "အဲ့ဒါက သူဆိုတာ သေချာလို့လား။"
"သေချာတာပေါ့၊ သူကလွဲရင် တခြားသူမရှိဘူးလေ။ အစ်ကိုယဲ့က သူ့ကို သနားလို့ ဝက်မွေးမြူရေးခြံမှာ ဆက်ထားပေးထားတာကို..."
ကျိုးယဲ့က သူ့ကို တစ်ချက် စိုက်ကြည့်လိုက်၏။ "စားစရာရှိတာကိုပဲ စားစမ်းပါ။ အခုလောလောဆယ် သူက အမှောင်ထဲမှာ၊ ငါတို့က အလင်းထဲမှာ။ သူ့ကို ဒီမှာ ဆက်ထားတယ်ဆိုတာက—"
ကျိုးယဲ့၏ စကားမဆုံးခင်မှာပင် ကောမာဇီက ကြားဖြတ်၍ အော်ဟစ်လိုက်လေသည်။ "အစ်ကိုယဲ့! ပညာတတ်လူငယ်ကျန်း ချက်တဲ့ ဝက်ကလီစာက တကယ်ကို အရသာရှိလွန်းတယ်ဗျာ! ကျွန်တော့်အမေချက်တဲ့ ဝက်အူတွေစားတိုင်း အမြဲတမ်း အနံ့ဆိုးထွက်နေတာ၊ ပညာတတ်လူငယ်ကျန်း ချက်တာကျမှ ဘာလို့ ဒီလောက်တောင် စားကောင်းနေရတာလဲ။ အံ့ဩဖို့ကောင်းလိုက်တာ၊ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ!"
ကျိုးယဲ့မှာ စကားပင် ဆက်မရနိုင်တော့ပေ။ ကောင်းတာတော့ မှန်သည်၊ သို့သော်လည်း ဤကောင်က အနည်းငယ် ပိုလွန်းနေ၏။
"မင်းပြောတဲ့ စကားတွေကို မင်းအမေကို ပြန်ပြောပြလိုက်မယ်။"
"ဟာ... မလုပ်ပါနဲ့! ဒါပေမဲ့ တကယ်ပြောတာနော်၊ ပညာတတ်လူငယ်ကျန်းရဲ့ လက်ရာက တကယ်ကို ကောင်းလွန်းတယ်။ ပညာတတ်လူငယ်ကျန်း၊ မင်းမိသားစုက မြို့ပေါ်မှာ စားသောက်ဆိုင် ဖွင့်ထားတာလား။"
"မဟုတ်ပါဘူး၊ ကျွန်မဘာသာ လေ့လာထားတာပါ။ မဟုတ်ရင် ကျွန်မက ဒီလောက်အထိ ဘယ်ဝလာပါ့မလဲ။ ဒါပေမဲ့ အခုတော့ ကျွန်မ ဝိတ်ချနေပြီ။ ရှင်တို့ပဲ စားလိုက်ကြတော့။"
ကောမာဇီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "ဝိတ်ချမလို့လား။ ကျွန်တော်ကတော့ အခုလိုပုံစံလေးက ပိုကြည့်ကောင်းတယ်လို့ ထင်တာပဲ၊ ကျက်သရေရှိပြီး ကံကောင်းစေမဲ့ ပုံစံမျိုးပေါ့... ဟုတ်တယ်မလား အစ်ကိုကြီးယဲ့။"
ကျိုးယဲ့က သူ့ကို ဓားကဲ့သို့ ထက်ရှသော အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်လေတော့သည်။
"မင်း သေသေချာချာ စားမှာလား၊ မစားဘူးလား။ နောက်တစ်ခါ ထပ်မလာနဲ့တော့။ မဟုတ်ရင် ငါ မင်းကို ရိုက်လွှတ်လိုက်တော့မယ်။"
ကျိုးယဲ့၏ တုံ့ပြန်မှုကို မြင်သောအခါ ကောမာဇီက လက်ကို အသည်းအသန် ဝှေ့ယမ်းပြလိုက်သည်။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ဘာမှ ထပ်မပြောတော့ဘူး! စားကြရအောင်... ဟဲဟဲ..."
မှောင်ရီပျိုးစပြုလာချိန်တွင် ကျန်းမန်မန် ဘာမှထပ်မစားတော့ပေ။
သူတို့နှစ်ဦး အားရပါးရ စားသောက်နေသည်ကို ကြည့်နေရသည်ကိုပင် သူမက သဘောကျနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမ ပန်းကန်ဆေးစရာမလိုခဲ့ပေ၊ ထန်ရှောင်မင်က အားလုံးကို သိမ်းဆည်းဆေးကြောပေးခဲ့၏။
နောက်တစ်နေ့ နံနက်တွင် ထုံးစံအတိုင်း ဝက်စာမြက်ရှာရန် တောင်ပေါ်သို့ တက်ခဲ့ကြသော်လည်း ချန်သော်ယွိကိုမူ အဝေးသို့ ပို့ဆောင်နိုင်ခဲ့သည်။
ဝက်စာမြက် ရှာရမည့်တာဝန်အစား ငါးဖမ်းရမည်ဆိုသောကြောင့် သူကတော့ အတော်လေး ပျော်ရွှင်နေပုံပင်။
ဝက်စာကျွေးရမည့်အလုပ်ကို ကျော်ပြီး ငါးဖမ်းခွင့်ရသည်က ရခဲသည့် အခြေအနေ မဟုတ်ပါလား၊ ယောက်ျားလေးအများစုသည် ငါးဖမ်းရခြင်းကို သူတို့၏ သဘာဝအတိုင်း ဝါသနာပါတတ်ကြသည်။
သူ စိတ်လှုပ်ရှားနေသော်လည်း အဖွဲ့ဝင်များနှင့်ပတ်သက်၍မူ သိပ်သဘောမကျခဲ့ပေ။ "အစ်ကိုယဲ့... ခင်ဗျား မလိုက်ဘူးလား။ အစ်ကိုမာဇီ... ခင်ဗျားရော။"
ကျိုးယဲ့က လက်ကာပြလိုက်သည်။ "ငါ့ရဲ့ ဒဏ်ရာဟောင်းက အခုထိ မသက်သာသေးဘူး၊ ဒါကြောင့် မလိုက်နိုင်ပါဘူး။"
ကောမာဇီကမူ ထိုမျှအထိ ယဉ်ကျေးမနေပေ။ "မင်း သွားကိုသွားရမယ်၊ ဒါပဲ! ညည်းညူမနေနဲ့တော့။ မိန်းမသားတွေတောင် လုပ်န်ိုင်သေးတာပဲကို၊ ဒါမှမဟုတ် အဒေါ်ကြီးတွေနဲ့ အတူတူသွားရတာက မင်းအတွက် ပြဿနာရှိလို့လား။"
"မဟုတ်ပါဘူး... မဟုတ်ပါဘူး! အဒေါ် နှစ်ယောက်လုံးက အလုပ်ကြိုးစားကြတဲ့ သူတွေပါ။"
ကျိုးယဲ့ ထိုအဒေါ်ကြီးနှစ်ဦးကို ဘာပြောလိုက်မှန်းမသိသော်လည်း သူမတို့ကတော့ ပြုံးပျော်လျက်ပင် ချန်သော်ယွိကို ခေါ်ဆောင်သွားကြတော့သည်။
ကျိုးယဲ့နှင့် ကျန်းမန်မန်တို့ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြ၏။
သူတို့နှစ်ဦး အပြန်အလှန် ခေါင်းညိတ်ပြလိုက်ကြသည်။ ကျိုးယဲ့က ပြောင်းဖူးများကို ယူဆောင်လာပြီး ကျန်းမန်မန်ကမူ မနေ့ညက ထောင်းထားသော ဆေးဖက်ဝင်အပင်များကို ပြောင်းဖူးများနှင့် ရောစပ်ရန် တာဝန်ယူလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ တစ်လစာ ရိက္ခာတွေနော်။ တကယ်လို့ တောဝက်တစ်ကောင်မှ မမိခဲ့ရင် မင်း ကျွန်တော့်ကို နောက်လ အစားအသောက် ကျွေးထားမှာလား။"
ကျန်းမန်မန် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။ သူသည် တကယ်ကို မျက်နှာပြောင်တိုက်တတ်သူဖြစ်သည်။
သို့သော်လည်း ဤအကြံမှာ သူမ၏အကြံဖြစ်နေသလို သူသည်လည်း သူမ၏အစီအစဉ်ကို ထောက်ခံရန်အတွက် ရိက္ခာများကို စွန့်လွှတ်ထားခြင်းဖြစ်သောကြောင့် ကျန်းမန်မန်က ပြန်ဖြေလိုက်သည်။
"ကျွေးထားမှာပေါ့!"
မည်သို့ပင်ဖြစ်စေ၊ သူမသည် ယခုလည်း ထန်ရှောင်မင်ကို အစားအသောက် ကျွေးမွေးနေသည်ဖြစ်ရာ နောက်ထပ်လူတစ်ယောက် တိုးလာရုံနှင့် ဘာမှ ထူးခြားသွားမည်မဟုတ်ပေ။
***