ကျန်းမန်မန် အလွယ်တကူပင် သဘောတူလိုက်သည်ကို ကြားရသောအခါ ကျိုးယဲ့တစ်ယောက် တောဝက်မိရန်ကိုသာ ဆုတောင်းရမလို၊ မမိရန်ကိုပဲ မျှော်လင့်ရမလိုနှင့် ဝေခွဲမရ ဖြစ်သွားတော့သည်။
သူတို့ထဲမှ နှစ်ယောက်က ငါးဖမ်းပိုက်နှင့် ကြိုးကို ထမ်းကြပြီး ကောမာဇီကမူ ပေါက်တူးနှင့် ဂေါ်ပြားကို ကိုင်ဆောင်ထားသည်။ ထို့နောက် သူတို့ငါးယောက်သား တောင်ပေါ်သို့ ဦးတည်ချီတက်ခဲ့ကြ၏။
တောင်ပေါ်သို့ ရောက်ရှိပြီးနောက် ယခင်က တောဝက်များကို တွေ့ခဲ့ဖူးသည့် နေရာသို့ ရောက်သောအခါ ကျန်းမန်မန် မြေကြီးပေါ်တွင် စက်ဝိုင်းတစ်ခုဆွဲပြီး ပြောလိုက်သည်။
"ဒီနေရာကနေ စကြမယ်။ အရင်ဆုံး ငါးဖမ်းပိုက်ကို အဝိုင်းလိုက် ဖြန့်ခင်းလိုက်။ ပိုက်ရဲ့ အောက်ခြေအပိုင်းကိုတော့ နည်းနည်း ပိုထားရမယ်နော်။ ပြီးရင် တိုင်တွေနဲ့ ထောက်ထားလိုက်။ ဟုတ်သားပဲ... မနေ့က ပြောထားတဲ့ တိုင်တွေကော လုံလုံလောက်လောက် ပါရဲ့လား"
ဝမ်ကျားရှင်းက သူ့ခေါင်းသူ ကုပ်ရင်း ပြောလိုက်၏။ "မလောက်ဘူး။ ဒါပေမဲ့ တောင်ပေါ်ရောက်နေတာဆိုတော့ သစ်ကိုင်းတွေကိုပဲ ခုတ်ပြီး တိုင်အဖြစ် သုံးလိုက်လို့ရပါတယ်။"
ကျန်းမန်မန်က ခဏတာ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ "ကောင်းပြီလေ၊ အရင်ဆုံး ပိုက်ကို အောက်မှာ အရင်ဖြန့်ထားလိုက်ကြတာပေါ့။ ပြီးမှ ပိုက်ကိုလည်း ထိန်းထားနိုင်ပြီး တောဝက်တွေရဲ့ တိုက်ခိုက်မှုကိုလည်း ခံနိုင်ရည်ရှိမဲ့ သစ်ကိုင်းတောင့်တောင့်တွေကို ရှာကြမယ်။"
ကျိုးယဲ့က သူကိုင်ထားသည့် ၁၂ ပိဿာခန့်ရှိသော ပြောင်းဖူးအိတ်ကို ကြည့်ကာ ပြောလိုက်သည်။ "ဒါတွေကို စားပြီးသွားရင် တောဝက်တွေက လှုပ်ရှားနိုင်ဦးမှာလား။"
"လှုပ်ရှားနိုင်တာပေါ့။" ကျန်းမန်မန် ပြန်ဖြေလိုက်သည်။
"ဒါက အဆိပ်မှ မဟုတ်တာ။ တောဝက်တွေမှာ အားအင်ရှိနေဦးမှာပါ။ ဒါပေမဲ့ ခွန်အားကတော့ နည်းသွားမှာပေါ့။ ဒါကလည်း ခဏပါပဲ။" သူမ ပြောပြီးသည်နှင့် ပိုက်ကို အပြီးသတ် ဆင်ခိုင်းလိုက်သည်။
ထို့နောက် ကျိုးယဲ့ကို ပြောင်းဖူးစေ့များ ကြဲခိုင်းလိုက်၏။ ပြောင်းဖူးစေ့များကို ပိုက်၏ အလယ်ဗဟိုတည့်တည့်တွင် ကြဲဖြန့်ထားလိုက်ပြီးနောက် အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"အခု ဘာဆက်လုပ်ကြမလဲ။"
ကျိုးယဲ့က ပိုက်၏ ခိုင်ခံ့မှုကို စမ်းသပ်ကြည့်ရာ အဆင်ပြေပုံရသည်။ ထို့နောက် ကျန်းမန်မန်ကို ကြည့်ကာ မေးလိုက်ခြင်းဖြစ်၏။
ကျန်းမန်မန်ကတော့ သူမမြင်ဖူးခဲ့သည့် ဗီဒီယိုများကို ပြန်စဉ်းစားကြည့်နေခဲ့သည်။ ထိုလူများတွင် စောင့်ကြည့်ကင်မရာများ ရှိသော်လည်း သူတို့တွင်တော့ မရှိသဖြင့် သူမက ပြောလိုက်လေသည်။
"စောင့်နေရမှာပေါ့။ ဒါမှမဟုတ် တခြားနေရာမှာ ဝက်စာသွားရိတ်ပြီး ညနေမှ ပြန်လာကြည့်လို့လည်းရတယ်။ ဒါမှမဟုတ်လည်း တစ်ယောက်ယောက်က သစ်ပင်ပေါ်ကနေ ယုန်ထောင်တဲ့သူလိုမျိုး စောင့်ကြည့်နေရမယ်။ တောဝက်တွေ ဝင်လာပြီဆိုတာနဲ့ ကျန်တဲ့သူတွေကို အချက်ပေးပေါ့။"
သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကျန်းမန်မန်ကို ဝိုင်းကြည့်လိုက်ကြသည်။ သူမက သူမကိုယ်သူမ ပြန်ညွှန်ပြရင်း ဆွံ့အသွားကာ မေးလိုက်လေသည်။
"ဘာလို့ အားလုံးက ကျွန်မကို ကြည့်နေကြတာလဲ။ ကျွန်မက ဒီမှာနေပြီး စောင့်ကြည့်ဖို့အတွက် အသင့်တော်ဆုံးသူလို့ တကယ်ကြီး ထင်နေတာလား။"
ကျိုးယဲ့က ခေါင်းခါလိုက်ပြီး ပြောလိုက်၏။ "မဖြစ်နိုင်တာ။ မင်း ဖယ်နေလိုက်။ ကျွန်တော်ပဲ နေခဲ့မယ်။ မင်းတို့တွေက ဝက်စာသွားရိတ်ကြ။ တကယ်လို့ တောဝက်တွေ အများကြီး မိခဲ့ရင် ဝက်စာတွေ အများကြီး ပိုလိုလာလိမ့်မယ်။"
ဝမ်ကျားရှင်းနှင့် လျိုကျန်းယဲ့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူပြောသည်ကလည်း မှန်နေ၏။
"ဒါပေမဲ့..." ကောမာဇီက ခေါင်းခါရင်း ပြောလိုက်သည်။ "အစ်ကို့ရဲ့ ကျောက ဒဏ်ရာက မပျောက်သေးဘူးလေ။ ကျွန်တော်ပဲ နေခဲ့မယ်။ ကျွန်တော်ပဲ စောင့်ကြည့်လိုက်ပါ့မယ်။"
သူက ကိုယ်တိုင် တာဝန်ယူရန် ပြောလာသည်ကို မြင်သောအခါ ကျိုးယဲ့လည်း ထပ်မငြင်းတော့ပေ။
တောဝက်မိလျှင် ကောင်းသည်၊ မမိခဲ့လျှင်လည်း ပညာတတ်လူငယ် ကျန်းမန်မန်ထံ၌ တစ်လလုံး ကပ်စားရုံသာ ရှိတော့သည်။
"ကောင်းပြီလေ၊ ဒါဆို မင်းပဲ စောင့်နေခဲ့။ ငါတို့ ညနေမှ ပြန်လာခဲ့မယ်။ စောင့်ကြည့်ဖို့ ကောင်းတဲ့ သစ်ပင်အမြင့်ကြီးတစ်ပင်ကို ရှာထားလိုက်ဦး။"
ကောမာဇီက ယုံကြည်မှုအပြည့်ဖြင့် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်။ "စိတ်မပူနဲ့။ ကျွန်တော်က သစ်ပင်တက်တာ အတော်ဆုံးပဲ။ အရင်က ငှက်သိုက်နှိုက်ဖို့ သစ်ပင်တွေ ခဏခဏ တက်ခဲ့တာ။"
ထိုစကားကို ကြားသောအခါ ကျိုးယဲ့က ကောမာဇီ၏ ပုခုံးကို ခပ်ဖွဖွ လက်သီးဖြင့် ထိုးလိုက်ပြီး ပြောလိုက်သည်။
"ကဲ... ဒါဆိုလည်း တက်ပေတော့။ ငါတို့ကတော့ ဝက်စာရိတ်ပြီး မကြာခင်မိတော့မယ့် တောဝက်တွေအတွက် အစာပြင်ထားလိုက်ဦးမယ်။"
သူတို့လေးယောက်သည် ဝေးဝေးလံလံ မသွားကြတော့ဘဲ ထိုတောင်ပေါ်မှာသာ ဝက်စာရိတ်ခဲ့ကြသည်။ ကျိုးယဲ့က ကျန်းမန်မန်နှင့်အတူ ယှဉ်တွဲလမ်းလျှောက်ရင်း လိုက်ပါသွားခဲ့လေသည်။
"ဒီနည်းလမ်းကို မင်းဘယ်လိုများ စဉ်းစားမိတာလဲ။"
သူမက ကျိုးယဲ့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဒါကတော့ လျှို့ဝှက်ချက်ပေါ့။"
"မဟုတ်ဘူးလေ၊ ကျွန်တော်က အတည်ပြောနေတာ။ နောက်ကျရင် ဒါကို မှတ်တမ်းတင် အစီရင်ခံစာ ရေးရဦးမှာ။ တကယ်လို့ တောဝက်တွေသာ အမိရခဲ့ရင် မင်းကို အသိအမှတ်ပြုပြီး ဆုလာဘ်တွေ ပေးမှာလေ။"
ထိုစကားကို ကြားသောအခါ ကျန်းမန်မန် ခဏတာ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။ "မြို့တော်က စာကြည့်တိုက်တစ်ခုမှာရှိတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာ။ ဘယ်စာအုပ်လဲဆိုတာတော့ အတိအကျ မမှတ်မိတော့ဘူး။"
ကျိုးယဲ့သည်လည်း မြို့တော်သားတစ်ဦး ဖြစ်သည်နှင့်အညီ ချိပ်ပိတ်ထားခြင်း ခံရသော စာကြည့်တိုက်ကို ချက်ချင်း သတိရမိသွားကာ မေးမိလိုက်လေသည်။
"မင်း အဲ့ဒီစာကြည့်တိုက်ကို သွားခဲ့တာလား။"
ကျန်းမန့်မန့်က သူ့ကို အဓိပ္ပါယ်ပါသည့် အပြုံးလေးတစ်ခု ပြုံးပြလိုက်ရင်း ပြောလိုက်လေသည်။
"ရှင် တိုင်ချင်ရင် ကျွန်မအဖေကို တိုင်လို့ရပါတယ်၊ ဒါပေမဲ့ ကျွန်မကိုတော့ မတိုင်နဲ့နော်။"
ကျိုးယဲ့က သူမ ဆိုလိုသည်ကို နားမလည်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ "မင်းအဖေကို ငါက ဘာလို့ တိုင်ရမှာလဲ။ ထားလိုက်ပါတော့... အစီရင်ခံစာထဲမှာ ဘယ်လိုထည့်ရေးရမလဲဆိုတာ သိရင် ရပါပြီ။ စာကြည့်တိုက်က စာအုပ်တစ်အုပ်ထဲမှာ မတော်တဆ ဖတ်ဖူးရာကနေ အခုလို အသုံးတည့်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလို့ပဲ ရေးလိုက်မယ်။"
သူမအတွက် ဆင်ခြေဆင်လက် ရှာပေးနေသည်ကို မြင်သောအခါ ကျန်းမန်မန် ရယ်ချင်သွားတော့သည်။။"ဒီနည်းလမ်းနဲ့ တောဝက်တွေ တကယ်မိမယ်လို့ ရှင် တကယ်ကြီး ယုံနေတာလား။"
"အဲဒါက အရေးမကြီးပါဘူး။ မင်းက ကျွန်တော့်ကို တစ်လလုံး အစားအသောက်ကျွေးထားမယ်လို့ ကတိပေးထားပြီးသားပဲဟာ... ကျွန်တော့်မှာ ဘာမှ ပူစရာမရှိတော့ဘူး။"
ကျန်းမန်မန်က တံစဉ်ကို ဝှေ့ယမ်းနေရင်း ခဏတာ ရပ်တန့်သွားပြီး သူ့ကို တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် ဘာမှမပြောဘဲ ဝက်စာကို ဆက်ရိတ်နေလိုက်တော့၏။
နေလယ်ပိုင်းသို့ ရောက်သောအခါ သူတို့နှစ်ဦးစလုံး ဝက်စာပင် ပိဿာ ၃၀ ခန့်စီ ရိတ်သိမ်းပြီးနောက် ပြန်လာခဲ့ကြသည်။
နေလယ်စာကတော့ ရိုးရိုးရှင်းရှင်းလေး ကြက်ဥထမင်းကြော်ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ သူမက ကျိုးယဲ့အတွက်ပါ တစ်ပွဲ အပိုယူလာပေးခဲ့သည်။
မနေ့က ဝေစုရထားသော အသားအချို့ကိုလည်း ထည့်ကြော်ထားသေး၏။ ထိုအသားကို သူမက မနေ့ညကတည်းက နှပ်ထားခြင်းဖြစ်ပြီး ယနေ့တွင်မူ အတုံးလေးများတုံးကာ ထမင်းနှင့်အတူ ကြော်လိုက်သည့်အတွက် အလွန်ပင် အနံ့အရသာနှင့် ပြည့်စုံနေခဲ့လေသည်။
ကျိုးယဲ့သည် သူမကြော်ပေးသည့် ကြက်ဥထမင်းကြော်ကို စားရင်း အလွန်ကောင်းလွန်းသဖြင့် မယုံနိုင်အောင်ပင် ဖြစ်နေရသည်။ သူသည် ယခင်ကကဲ့သို့ပင် ဝေခွဲမရသည့် ပြဿနာနှင့် ပြန်လည်ရင်ဆိုင်လိုက်ရပြန်၏။
'တောဝက်တွေ ဖမ်းမိတာက ကောင်းမလား၊ မမိတာကပဲ ပိုကောင်းမလား။'
နေလယ်စာ စားပြီးနောက် ခေတ္တမျှ အနားယူခဲ့ကြသည်။ မွန်းလွဲပိုင်းတွင်မူ ထောင်ချောက်ကို စစ်ဆေးရန် တောင်ပေါ်သို့ အတူတူ ပြန်တက်လာခဲ့ကြ၏။
အနီးအနားတွင် ရှိနေနိုင်သော တောဝက်များ လန့်မသွားစေရန် သူတို့ အသံတိတ် လှုပ်ရှားခဲ့ကြသည်။
ပိုက်ကွန်ရှိရာသို့ ရောက်သောအခါ တောဝက်တစ်ကောင်မှ မမြင်ခဲ့ရပေ။
သစ်ပင်ပေါ်တွင်မူ ကောမာဇီကတော့ ငိုက်မြည်းနေခဲ့လေပြီ။ သူတို့လာသည်ကို မြင်သောအခါမှ ဝမ်းသာအားရ နိုးလာပြီး ပြောလိုက်၏။
"အစ်ကိုတို့ နှစ်ယောက် နောက်ဆုံးတော့ ရောက်လာကြပြီပဲ။ ငါနဲ့ လူချင်းလဲဖို့ အချိန်တန်ပြီလား။"
ကျိုးယဲ့က ပြုံးလျက် ပြန်ဖြေလိုက်လေသည်။ "ဆင်းလာပြီး သွားနားတော့။ ငါ ဆက်စောင့်လိုက်မယ်။"
ထို့နောက် ကျန်းမန်မန်ကို လှည့်ကြည့်ကာ မေးလိုက်၏။ "မင်းလည်း သစ်ပင်တက်တတ်တယ်မလား။ အတူတူ တက်မလား။"
ကျန်းမန်မန်က မျက်လုံးလေး ကလယ်ကလယ်လုပ်ကာ ပြန်ပြောလိုက်လေသည်။။"ကျွန်မက ဝက်စာမြက်ပင် ဆက်ရိတ်ရဦးမှာလေ။ တကယ်လို့ တောဝက်တွေလည်း မမိဘဲ ရှင်ကလည်း တစ်လစာ ရိက္ခာတွေ အကုန်စားပစ်မယ်ဆိုရင် ရှင့်ကို ကျွန်မက ဘာနဲ့ ကျွေးထားရတော့မှာလဲ။"
"ဟမ်..."
ကောမာဇီက ကျန်းမန်မန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ကျိုးယဲ့ဘက်သို့ လှည့်ကာ ပြောလိုက်၏။ "အစ်တို့နှစ်ယောက်ကတော့လေ... လက်ထပ်စာချုပ်ပဲ သွားယူလိုက်ကြတာကောင်းမယ်။"
"သွားစမ်းပါ!"
ကောမာဇီတစ်ယောက် ရင်ကွဲမတတ် ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်၏ "သွားစမ်းပါ" ဟု တစ်ပြိုင်နက်တည်း၊ တစ်သံတည်း ထွက်ပေါ်လာပုံမှာ တကယ့်ကို ညီညွတ်လှသည်။ ကောင်းပြီလေ... သူကပဲ အသာတကြည် ထွက်သွားပေးရတော့မှာပေါ့။
မထွက်ခွာမီ သူက ထပ်လောင်း၍ ပြောလိုက်သေးသည်။
"ဟေး... ပညာတတ်လူငယ်ကျန်း၊ တကယ်လို့ ဒီတစ်ခါ တောဝက်မမိခဲ့ဘူးဆိုရင် နောက်တစ်ခါ ထပ်ကြိုးစားတဲ့အခါ ကျွန်တော့်ရဲ့ရိက္ခာဝေစုကို သုံးလိုက်ပါ။ ကျွန်တော့်ကို တစ်လလုံး ကျွေးစရာမလိုပါဘူး၊ နှစ်ပတ်လောက် ကျွေးရင်ပဲ ကျေနပ်ပါပြီ။"
ကျိုးယဲ့ - ...
"မင်း အခုထိ မသွားသေးဘူးလား။"
"သွားပြီ၊ သွားပြီ။ ပညာတတ်လူငယ်ကျန်း... ကျွန်တော် အတည်ပြောနေတာနော်။"
ကျန်းမန်မန် ဘာမှမပြောနိုင်တော့ဘဲ ခေါင်းကိုသာ ခါယမ်းနေမိတော့သည်။ ကောမာဇီက အာသွက်လျှာသွက် ရှိသူဖြစ်သလို၊ ကျိုးယဲ့ကလည်း လူပေလူတေဖြစ်သည့်အတွက် သူတို့နှစ်ယောက်သည် တကယ်ကို လိုက်ဖက်သော သူငယ်ချင်းအရင်းအချာများကဲ့သို့ပင်။
"ရှင် သစ်ပင်ပေါ်တက်လိုက်တော့၊ ကျွန်မ ဝက်စာပင် သွားရိတ်တော့မယ်။"
"အင်း... ဂရုစိုက်ဦးနော်။"
သူမ အဝေးသို့ လမ်းလျှောက်ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျိုးယဲ့က သစ်ပင်ပေါ်သို့ အမြန်တွယ်တက်သွားတော့သည်။ သစ်ပင်အမြင့်ပေါ်မှနေ၍ ဝက်စာပင် ရိတ်နေသည့် သူမ၏ ပုံရိပ်ကလေးကိုတော့ လှမ်းမြင်နေရဆဲပင်။
သူ ဘာတွေတွေးနေမိသည်ကို သူကိုယ်တိုင်ပင် မသိသော်လည်း ရုတ်တရက်ဆိုသလို သူ၏နှုတ်ခမ်းအစုံတွင် အပြုံးတစ်ခု ပွင့်လန်းသွားတော့သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်မိပြန်၏။
ထောင်ချောက်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ တောဝက်တစ်ကောင်မှ အရိပ်အယောင်ပင် မတွေ့ရသေးပေ။ နောက်လအတွက် သူ၏ရိက္ခာများ တကယ်ပဲ ကုန်ဆုံးသွားတော့မည်လား။
သို့သော် ကျိုးယဲ့တွင် အလျှံပယ်ရှိနေသည့်အရာတစ်ခုကတော့ သည်းခံစိတ် ဖြစ်သည်။
သူသည် သစ်ပင်ပေါ်မှနေ၍ ဆက်စောင့်ကြည့်နေခဲ့သည်။ ခဏအကြာတွင်မူ တောဝက်အုပ်ကြီးသည် ထောင်ချောက်ရှိရာသို့ အမှန်တကယ်ပင် ချဉ်းကပ်လာခဲ့လေသည်။
ကျိုးယဲ့၏ မျက်ဝန်းများ ဝင်းလက်သွား၏။ သူ ကျန်းမန်မန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သော်လည်း သူမကို မမြင်ရတော့ပေ။
သူမ တောင်အောက်ဘက်သို့ ရောက်သွားပုံရသည်။
တောဝက်တစ်ကောင်... နှစ်ကောင်... သုံးကောင်၊ ငါးကောင်...။ သူတို့အားလုံးသည် ထောင်ချောက်ထဲသို့ တသီတတန်းကြီး ဝင်သွားကြပြီး ပိုက်ကွန်အတွင်းရှိ ပြောင်းဖူးစေ့များကို အရသာခံကာ မြိန်ရည်ယှက်ရည် စားသောက်နေကြတော့သည်။