သုံးရက်အကြာ... ရှောင်မောင်းတောင်။
"ဆရာလင်း... ရှာလို့ရတဲ့ နေရာအကုန်လုံးကို အကြမ်းဖျင်း ရှာပြီးသွားပြီ... ဦးလေးကောရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးဘူး" ကျိုးချင်းမင်က လက်မှိုင်ချချင်စိတ်ဖြင့် သက်ပြင်းချကာ ပြောဆိုသည်။
လင်းယွမ်အနားရှိ ဟန်ရှန်းမန်က မနေနိုင်တော့ဘဲ မေးမြန်းလာတော့သည်။ "ဘယ်လိုလုပ် ရှာမတွေ့တာလဲ... ဦးလေးကောက မီးဓာတ် အစွမ်းပိုင်ရှင်လေ... သူ့အစွမ်းက ကျွန်မတောင် အပြတ်အသတ် နိုင်မယ်လို့ တပ်အပ်မပြောနိုင်ဘူး"
ဘေးနားရှိ မုန့်ယိုယိုက စိတ်လှုပ်ရှားနေသော ဟန်ရှန်းမန်ကို ဆွဲထားကာ တိုးတိုးတိတ်တိတ် ဖြောင်းဖျပေးရင်း သူမ၏ စိတ်စွမ်းအင်ဖြင့် ဟန်ရှန်းမန်၏ စိတ်ခံစားချက်များကို တိတ်ဆိတ်စွာ နှစ်သိမ့်ပေးနေခဲ့သည်။
လွန်ခဲ့သော နှစ်ရက်က လီရှန်ယန်နှင့် တင်းယန်တို့သည် ဘေးကင်းကြောင်း သတင်းပို့ရန်နှင့် ထိုက်ယန်တောင်ရှိ လူအချို့ကို ဤ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်သို့ ရွှေ့ပြောင်းရန်အတွက် ထိုက်ယန်တောင်သို့ ပြန်သွားခဲ့ကြသည်။
ဦးလေးမာက အရေးပေါ် တာဝန်ပေးအပ်ခံရသဖြင့် ထိုက်ယန်တောင်၏ ကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူရသောကြောင့် ဤနေရာသို့ လာရောက်နိုင်ခြင်း မရှိခဲ့ချေ။
ထို့ကြောင့် သူ၏ လက်ရုံးများဖြစ်သော ရွှယ်ကောဟွာနှင့် ကျိုက်ကော်ဖုန်းတို့ကို ဤနေရာသို့ အတူတကွ စေလွှတ်လိုက်လေသည်။
ထို့အပြင် ဟန်ရှန်းမန်၊ မုန့်ယိုယိုနှင့် အခြားသူများကိုလည်း ခေါ်ဆောင်လာခဲ့သည်။ မည်သို့ပင်ဆိုစေ ရှမင်နှင့် ဦးလေးကောတို့သည် အစောဆုံးကတည်းက ဟန်ရှန်းမန်နှင့်အတူ ထိုက်ယန်တောင်သို့ ရောက်ရှိလာသူများ ဖြစ်သောကြောင့်ပင်။
၎င်းတို့အပြင် ထန်တယ်ချန်ကလည်း စိုက်ပျိုးရေးဌာနမှ ကျွမ်းကျင်သူများနှင့် အဖွဲ့ကို ခေါ်ဆောင်လာကာ လီချင်းဟွာဘက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးရန် ပြင်ဆင်လာကြသည်။
ဤဟင်းလင်းပြင်သည် ရေပေါ်ကျွန်း အမျိုးအစားတွင် ပါဝင်သောကြောင့် လီချင်းဟွာက ဤနေရာ၏ ပိုင်ရှင်အနေဖြင့် အပြည့်အဝ ထိန်းချုပ်ပိုင်ခွင့် ရှိလေသည်။
ထို့ကြောင့် ကာကွယ်ရေးအတွက် လူအင်အား များစွာမလိုအပ်ဘဲ တိုက်ခိုက်ရေး ကျွမ်းကျင်သူများကိုတော့ ထိုက်ယန်တောင်တွင်သာ ချန်ထားခဲ့သည်။
လီချင်းဟွာနှင့် လင်းယွမ်တို့ တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့နှစ်ဦးစလုံးက ဤနေရာကို ထိုက်ယန်တောင်၏ ကုန်ထုတ်လုပ်ရေးနယ်မြေအဖြစ် အသုံးပြုနိုင်မည်ဟု တညီတညွတ်တည်း ယူဆခဲ့ကြသည်။
ထိုက်ယန်တောင်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်နက်ထုတ်လုပ်ရေးနှင့် ဆေးဘက်ဆိုင်ရာစသည့် အရေးကြီးသည့် စီမံကိန်းများကို ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်အတွင်းသို့ ရွှေ့ပြောင်းလုပ်ကိုင်ရန် ဖြစ်သည်။
နောင်တစ်ချိန်တွင် ထိုက်ယန်တောင်သည် တိုက်ခိုက်ရေးတပ်ဖွဲ့များ မွေးထုတ်ရေးနှင့် ကုန်သွယ်ရေး နေရာအဖြစ်သာ အဓိကထား လုပ်ဆောင်သွားမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုက်ယန်တောင်သည် အပြင်ဘက်တွင် ရှိနေသဖြင့် အလွန် ထင်ရှားလွန်းပြီး ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကဲ့သို့ လျှို့ဝှက်နိုင်စွမ်း မရှိချေ။
အကယ်၍ အနာဂတ်တွင် ရေကြီးမှု ဆက်လက် မြင့်တက်လာပြီး ထိုက်ယန်တောင်အပါအဝင် တောင်တန်းများ ရေလွှမ်းခံရပါက ဤရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်သည် ထိုက်ယန်တောင်၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာပေလိမ့်မည်။
သေချာသည်ကတော့ အနာဂတ်တွင် ဖြစ်လာမည့် အရာများကို မည်သူကမျှ တပ်အပ် မပြောနိုင်ပေ။
လင်းယွမ်၏ အစီအစဉ်တွင်တော့ သူသည် အနှေးနှင့်အမြန် ပိုင်ရှင်မဲ့ ရေပေါ်ကျွန်းတစ်ကျွန်းကို ရှာဖွေပြီး ပင်မစခန်းကြီးတစ်ခုအဖြစ် ဖန်တီးတည်ဆောက်ရန် ရည်ရွယ်ထားသည်။
ရေတွေသာ ဒီလို ဆက်တက်နေမည်ဆိုပါက မည်သို့ဖြစ်လာမည်ကို အကဲခတ်တတ်သူတိုင်း သိမြင်နိုင်ကြသည်။
ရေပေါ်ကျွန်းကို ပိုင်ဆိုင်ထားမှသာလျှင် ဤရေလွှမ်းမိုးဘေးကြီးထဲတွင် နောက်ဆုံးအချိန်အထိ အသက်ရှင် ရပ်တည်နိုင်မည် ဖြစ်သည်။
သို့သော် လင်းယွမ် မျှော်လင့်မထားခဲ့သည်က သူ အခြားရေပေါ်ကျွန်းကို မရှာတွေ့သေးခင်မှာပင် လီချင်းဟွာက ရေပေါ်ကျွန်းတစ်ကျွန်းကို ဦးရာလူစနစ်ဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းပင်။
ထို့အပြင် ၎င်းသည် သူ၏ အစွမ်းနှင့် ဆက်စပ်နေသော ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းလည်း ဖြစ်နေသေးသည်။
အမှန်တကယ်တော့ ဤဟင်းလင်းပြင် ရေပေါ်ကျွန်းသည် သာမန်ရေပေါ်ကျွန်းများထက် များစွာ ပိုမို အစွမ်းထက်လှသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှု အန္တရာယ်တို့ကို စိုးရိမ်စရာ မလိုသည့်အပြင် အလွန် ကောင်းမွန်သော လျှို့ဝှက်နိုင်စွမ်းလည်း ပါရှိသည်။
မည်သို့ပင်ဖြစ်စေ ခေါက်ချိုး ဟင်းလင်းပြင်တစ်ခုကို သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်ချေ။
တစ်ခုတည်းသော ပြဿနာကတော့ ဤရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်အတွင်း၌ နေရောင်ခြည် မရှိခြင်းပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
သို့သော် ဤပြဿနာက ကြီးကြီးမားမားတော့ မဟုတ်ပေ။ သန္ဓေပြောင်း နေကြာပန်းများ ရှိနေသဖြင့် ဤဟင်းလင်းပြင်၏ ဂေဟစနစ်ကို လူတို့၏ ဖန်တီးမှုဖြင့် အပြည့်အဝ ပြောင်းလဲပစ်နိုင်သည်။
လင်းယွမ်က စိုးရိမ်ပူပန်နေသော ဟန်ရှန်းမန်ကို ကြည့်ကာ ပြောဆိုသည်။ "ရှန်းမန်... ကိစ္စတွေက မင်း တွေးထားသလောက် ဆိုးရွားချင်မှ ဆိုးရွားမှာပါ... ဦးလေးကောက ဒီဟင်းလင်းပြင်ကနေ ထွက်သွားဖို့ နည်းလမ်းရှာတွေ့ပြီး အမှတ်မထင် ထွက်သွားတာလည်း ဖြစ်နိုင်တာပဲ"
"စိတ်ချပါ... သူ ဒီဟင်းလင်းပြင်ထဲမှာ ရှိနေသေးသရွေ့တော့ အနှေးနဲ့အမြန် ရှောင်မောင်းတောင်ကို ရှာတွေ့လာမှာပါ"
ဟန်ရှန်းမန်က မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ပြောလာသည်။ "ခွင့်လွှတ်ပါ... ကျွန်မ စိတ်လှုပ်ရှားသွားလို့... အရင်က သူတို့ ကျွန်မနဲ့အတူ ထိုက်ယန်တောင်ကို လာခဲ့ကြတာလေ... အခု ရှမင်လည်း မရှိတော့ဘူး... ကျွန်မ... ကျွန်မ ဦးလေးကောကို အဲ့ဒီလို မမြင်ချင်တော့လို့ပါ..."
ထိုနေရာအရောက်တွင် သူမ၏ အသံများ တိမ်ဝင်သွားခဲ့သည်။
လင်းယွမ်လည်း သက်ပြင်းတစ်ချက်ချကာ သူမကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးခဲ့သည်။
ဘေးနားရှိ မုန့်ယိုယိုတို့ကလည်း ညင်သာသော အသံများဖြင့် ဖေးမနှစ်သိမ့်ပေးကြသည်။
ခေတ္တအကြာတွင် လီချင်းဟွာက အသက်သုံးဆယ်ကျော်အရွယ် အလှပန်းလေးတစ်ပွင့်ကို ခေါ်ဆောင်လာခဲ့သည်။
ထိုအမျိုးသမီးချောလေးသည် သူ့နောက်သို့ အစောဆုံး လိုက်ပါလာခဲ့သော လင်းဝမ်ပင် ဖြစ်သည်။
သူမသည် ရုပ်သွင်ပြောင်းလဲခြင်းကို ကျွမ်းကျင်သော အမျိုးသမီး ဖြစ်သည်။
ကျိုးချင်းမင်နှင့် လီချင်းဟွာတို့ နှစ်ဦးစလုံးက သူမကို "အမဝမ်" ဟု ခေါ်ဝေါ်ကြသည်။
ဤတစ်ကြိမ်တွင်လည်း သူမက အခြားသူများနှင့်အတူ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်သို့ အမြန်ဆုံး လိုက်ပါလာခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း လီချင်းဟွာ၏ အနားတွင် အမြဲရှိနေခဲ့သည်။
"ဆရာလင်း... ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို ကျွန်တော်တို့ အကြမ်းဖျင်း ရှင်းလင်းရေး လုပ်ပြီးသွားပြီ... စစ်ဆေးတွေ့ရှိရတဲ့ မျိုးရိုးဗီဇ သန္ဓေပြောင်း သတ္တဝါ စုစုပေါင်း ဆယ့်တစ်ကောင် ရှိတယ်"
"အဲ့ဒီအထဲမှာ ရေအောက်မှာ ပုန်းနေတာ ကိုးကောင်အထိ ရှိပြီး... ကုန်းပေါ်မှာတော့ နှစ်ကောင်ပဲ ရှိပါတယ်"
"တစ်ကောင်က ယွီယန်တောင်ထွတ်မှာ... နောက်တစ်ကောင်ကတော့ ဟုန်ကျင်းဝမ် ရပ်ကွက်မှာပါ"
လင်းယွမ်က ဤနှစ်ရက်အတွင်း မျိုးရိုးဗီဇအဆင့်ရှိ သန္ဓေပြောင်း သတ္တဝါ လေးငါးကောင်ကို ဖမ်းဆီးထားပြီး ဖြစ်သည်။
ထိုအထဲတွင် သန္ဓေပြောင်း မိကျောင်းကြီးနှင့် သန္ဓေပြောင်း ရေခူတို့လည်း ပါဝင်သည်။
ယခုအခါ ဤမျိုးရိုးဗီဇ သန္ဓေပြောင်း သတ္တဝါများကို သူက ကပ်ပါးမျိုးစေ့ ထည့်သွင်းထားပြီး ဖြစ်သဖြင့် ၎င်းတို့၏ တည်နေရာကို ရှင်းလင်းစွာ အာရုံခံသိရှိနိုင်သည်။
သူ၏ ကြမ်းတမ်းသော "ပညာပေးမှု" အောက်တွင် ဤမျိုးရိုးဗီဇ သန္ဓေပြောင်း သတ္တဝါများသည် လိမ္မာရေးခြားရှိစွာဖြင့် လက်နက်ချ အရှုံးပေးထားပြီး ဖြစ်လေသည်။
လင်းယွမ်က မေးမြန်းလိုက်သည်။ "ကျန်နေတဲ့ ကောင်တွေကရော ဘယ်လို အမျိုးအစား သန္ဓေပြောင်း သတ္တဝါတွေလဲ"
လီချင်းဟွာက အလျင်အမြန် ဖြေကြားသည်။ "အများစုကတော့ ရေဓာတ် သန္ဓေပြောင်း သတ္တဝါတွေပဲ... ဟုန်ကျင်းဝမ်အိမ်ရာက သန္ဓေပြောင်း ခွေးကတော့ သတ္တုဓာတ် သန္ဓေပြောင်း သတ္တဝါပါ"
"ယွီယန်တောင်ထွတ်က သန္ဓေပြောင်း ဝါးနွယ်ကတော့ သစ်ဓာတ် သန္ဓေပြောင်း သတ္တဝါပဲ"
"ပြီးတော့ ရေအောက်မှာ ထူးခြားတဲ့ သန္ဓေပြောင်း သတ္တဝါ နှစ်ကောင် ရှိသေးတယ်... တစ်ကောင်က သန္ဓေပြောင်း လျှပ်စစ်ငါးရှဉ့်ပဲ... တွေ့ရခဲတဲ့ မိုးကြိုးဓာတ် သန္ဓေပြောင်း သတ္တဝါပေါ့"
"နောက်တစ်ကောင်ကတော့ ဓားရှည်ငါး... သူက အလျင်အမျိုးအစား သန္ဓေပြောင်း သတ္တဝါ"
"ကျန်တဲ့ကောင်တွေ အကုန်လုံးကတော့ ရေဓာတ် သန္ဓေပြောင်း သတ္တဝါတွေပါပဲ"
လင်းယွမ်က အနည်းငယ် အံ့အားသင့် ဝမ်းသာသွားကာ ပြောဆိုသည်။ "မဆိုးဘူး... ဒီလောက်တောင် အမျိုးအစားစုံတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ရှိနေတာပဲ... ကြည့်ရတာ ငါတို့ ထိုက်ယန်တောင်က အစွမ်းပိုင်ရှင်တွေတော့ ကံကောင်းပြီထင်တယ်"
သူက ဆက်လက် မေးမြန်းလိုက်သည်။ "ဒီသန္ဓေပြောင်း သတ္တဝါတွေရဲ့ စွမ်းဆောင်ရည်က ဘယ်လိုနေလဲ"
ဤကိစ္စကို ပြောရလျှင် လီချင်းဟွာက ချက်ချင်းဆိုသလို ခါးသီးစွာ ပြုံးလိုက်မိသည်။ "အားလုံးက ကျွန်တော့်ထက် အစွမ်းထက်ကြတယ်... ကျွန်တော် စွမ်းအင်တိုင်းမျက်မှန်နဲ့ ကြည့်ပြီးပြီ... အနိမ့်ဆုံးက အဲ့ဒီ သန္ဓေပြောင်း မိကျောင်းပဲ... ကျန်တာတွေ အကုန်လုံးက အမှတ် ၇၀ ကျော်နေပြီ"
လင်းယွမ်က ပြုံးကာ ပြောသည်။ "ငါထင်ထားတဲ့အတိုင်းပဲ... ကျန်နေတဲ့ ဒီမျိုးရိုးဗီဇ သန္ဓေပြောင်း သတ္တဝါတွေရဲ့ စွမ်းဆောင်ရည်က သေချာပေါက် အမှတ် ၇၀ ကျော်နေမှာပဲ"
"ဟင်... ဆရာလင်း ဘယ်လိုလုပ် ပြောနိုင်တာလဲ" လီချင်းဟွာက သံသယဖြင့် မေးလိုက်သည်။
"တကယ်လို့ ဒီမျိုးရိုးဗီဇ သန္ဓေပြောင်း သတ္တဝါတွေရဲ့ စွမ်းဆောင်ရည်သာ အမှတ် ၇၀ အောက် ရောက်နေမယ်ဆိုရင် ဝူယောင်ပန်းက နည်းလမ်းရှာပြီး သတ်ပစ်တာ ကြာပြီပေါ့"
"သူ့ရဲ့ မူလခန္ဓာကိုယ်က ဘယ်နားပုန်းနေမှန်း မသိရပေမယ့် မျိုးရိုးဗီဇ သန္ဓေပြောင်း သတ္တဝါကို သတ်နိုင်တာနဲ့ တစ်ပြိုင်နက် ခွန်အားမြှင့်တင်ဖို့အတွက် သူ့ရဲ့ မူလခန္ဓာကိုယ်ဆီကို တိတ်တဆိတ် ပို့ပေးမှာ အသေအချာပဲ"
"ဪ... ဒီလိုကိုး" လီချင်းဟွာက သဘောပေါက်သွားသလို တစ်ချိန်တည်းမှာပင် နောင်တရစွာဖြင့် ပြောဆိုသည်။ "ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ရဲ့ သန္ဓေပြောင်းစွမ်းအင် သိပ်သည်းဆကို ကြည့်ရင် အရင်တုန်းက မျိုးရိုးဗီဇအဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေ အများကြီး မွေးဖွားလာခဲ့မှာ သေချာတယ်... ဒီသန္ဓေပြောင်း သတ္တဝါတွေထဲက တော်တော်များများကို ဝူယောင်ပန်း ရှင်းထားပြီးလောက်ပြီ"
"ကျွန်တော်တို့ ရောက်လာတာ အရမ်း နောက်ကျသွားတာပဲ"
လီချင်းဟွာက ဤသန္ဓေပြောင်း သတ္တဝါများအကြောင်း တွေးမိသောအခါ မူလက သူ့အပိုင် ဖြစ်သင့်သော်လည်း ယခုအခါ ဆယ့်တစ်ကောင်သာ ကျန်ရှိတော့သည်ကို တွေးကာ...
ချက်ချင်းဆိုသလို ရင်ထဲတွင် သွေးစက်စက် ကျနေသကဲ့သို့ နာကျင်သွားရတော့သည်။
လင်းယွမ်က ရယ်မောကာ ပြောသည်။ "တော်ပါတော့ကွာ... မင်းက တော်တော်လေး အမြတ်ထွက်နေပါပြီ... ဝူယောင်ပန်းက ဒီမှာ သုံးလလောက် နေခဲ့တာတောင် ဒီနေရာက ရေပေါ်ကျွန်း ဖြစ်နေတာ မသိလောက်ဘူး"
"အဲ့ဒီလိုမှ မဟုတ်ရင် သူ ကိုယ်ပွားတွေ အားလုံးကို အသေခံပြီးတော့တောင်... အဲ့ဒီ ဓားမြီး ပင်လယ်မြွေကို ဖမ်းဖို့ နည်းလမ်းရှာပြီး... မြွေရဲ့ ခန္ဓာကိုယ်ထဲက နှလုံးအမြူတေကို သန့်စင်ပစ်မှာ သေချာတယ်"
လီချင်းဟွာက ထိုစကားကို ကြားသောအခါ အလိုအလျောက် ရယ်မောလိုက်မိသည်။
ဤကိစ္စတွင်တော့ သူက အမှန်တကယ်ပင် အကျိုးအမြတ် ကြီးကြီးမားမား ရရှိခဲ့ခြင်း ဖြစ်သည်။
သာမန်လူတစ်ယောက်အနေဖြင့် ထိုဓားမြီး ပင်လယ်မြွေ၏ ခန္ဓာကိုယ်အတွင်း၌ ဟင်းလင်းပြင် နှလုံးအမြူတေ ရှိနေမည်ကို အမှန်တကယ်ပင် အာရုံခံ သိရှိနိုင်မည် မဟုတ်ချေ။
သူကဲ့သို့သော ဟင်းလင်းပြင် အမျိုးအစား အစွမ်းပိုင်ရှင်မှသာလျှင် ထိုကဲ့သို့ စူးရှသော အာရုံခံနိုင်စွမ်းမျိုး ရှိပေလိမ့်မည်။
ဤအချက်နှင့် ပတ်သက်၍ လင်းယွမ်ကလည်း အံ့မခန်း ဖြစ်ရတော့သည်။
အကြောင်းမှာ သူကိုယ်တိုင် ဓားမြီး ပင်လယ်မြွေနှင့် တွေ့ဆုံခဲ့လျှင်ပင် ထိုတိရစ္ဆာန်ကို ရိုက်သတ်ပစ်ရုံသာ ပြုလုပ်မည်ဖြစ်ပြီး ၎င်းက နှလုံးအမြူတေကို သန့်စင်ထားလိမ့်မည်ဟု လုံးဝ တွေးမိမည် မဟုတ်သောကြောင့်ပင်။
မည်သို့ပင်ဆိုစေ လင်းယွမ်ကိုယ်တိုင်ပင် ဤကဲ့သို့သော ခေါက်ချိုး ဟင်းလင်းပြင်ကြီးသည် ရေပေါ်ကျွန်းများထဲမှ တစ်ခု ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
လူအားလုံး၏ အသိအမြင်တွင် ရေပေါ်ကျွန်းများ အားလုံးသည် မြူခိုးမြို့တော်ကဲ့သို့ ရေပေါ်တွင် ပေါလောပေါ်နေသည့် ဒြပ်ရှိ ကျွန်းကြီးတစ်ခု ဖြစ်သည်ဟုသာ ထင်မှတ်ထားကြသည်။
အမှန်တကယ်တွင်လည်း ယခုလက်ရှိ ရှာဖွေတွေ့ရှိထားသော ရေပေါ်ကျွန်းများသည် ဤအမျိုးအစားများသာ ဖြစ်ကြသည်။
ဂိုဏ်းကြီးသုံးဂိုဏ်း ရှာဖွေတွေ့ရှိထားသော ရေပေါ်ကျွန်းများသာမက မြူခိုးမြို့တော်ပါမကျန် အားလုံးသည် စစ်မှန်သော အဓိပ္ပါယ်အရ ရေပေါ်တွင် ပေါလောပေါ်နေသည့် ကျွန်းများသာ ဖြစ်ကြသည်။
ထိုသို့မဟုတ်လျှင် "ရေပေါ်ကျွန်း" ဟု ခေါ်ဆိုနိုင်မည် မဟုတ်ပေ။
"ကျန်တဲ့ ဒီသန္ဓေပြောင်း သတ္တဝါတွေရဲ့ တည်နေရာတွေကို ခဏနေရင် ငါ့ကို ပြောပြ... ငါ တစ်ကောင်ချင်းစီ သိမ်းသွင်းလိုက်မယ်"
လင်းယွမ်က မှာကြားလိုက်သည်။ လတ်တလော အခြေအနေအရဆိုလျှင်လည်း သူတစ်ဦးတည်းသာ ဤမျိုးရိုးဗီဇ သန္ဓေပြောင်း သတ္တဝါများကို နှိမ်နင်းနိုင်စွမ်း ရှိပေသည်။
ထို့ကြောင့် နောက်ပိုင်းအချိန်များတွင် ရှောင်မောင်းတောင်၌ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ပြင်းစွာဖြင့် စတင် လုပ်ဆောင်ကြတော့သည်။
ထိုက်ယန်တောင်မှ လူများ ပါဝင်လာသဖြင့် ဤအခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများသည် ယဉ်ပါးကျွမ်းကျင်နေပြီးသား ကိစ္စရပ်များ ဖြစ်နေလေပြီ။
ရှောင်မောင်းတောင်သည် ထိုက်ယန်တောင်၊ မိန်တောင်တို့လောက် မမြင့်မားသော်လည်း ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်၏ ရေမျက်နှာပြင် နိမ့်ကျမှုကြောင့် ရှောင်မောင်းတောင်၏ အသုံးပြုနိုင်သော မြေနေရာမှာလည်း မသေးငယ်လှချေ။
အချုပ်အားဖြင့်ဆိုရလျှင် စီမံကိန်းအားလုံးကို ထိုက်ယန်တောင်အား အတုယူ၍ ဆောင်ရွက်ရသဖြင့် အလွန် ရိုးရှင်းလွယ်ကူသွားလေသည်။
လင်းယွမ်ဘက်တွင်မူ အရှိန်မြှင့်တင်လိုက်ကာ သုံးရက်ဟူသော အချိန်တိုအတွင်း၌ ကျန်ရှိနေသော မျိုးရိုးဗီဇ သန္ဓေပြောင်း သတ္တဝါများ အားလုံးကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်။
ထိုမျှသာမက ၎င်းတို့၏ သွေးအဆီအနှစ် အချို့ကိုလည်း အလွယ်တကူ ထုတ်ယူသွားခဲ့သေးသည်။
ထို့ကြောင့် ထိုသန္ဓေပြောင်း သတ္တဝါများသည် အားအင်ကုန်ခမ်းကာ လုံးဝ လိမ္မာရေးခြား ရှိသွားကြတော့သည်။
ထိုအရာအားလုံးကို ပြီးစီးသွားမှသာ လင်းယွမ်က လက်စသတ်ကာ ရှောင်မောင်းတောင်သို့ ပြန်လာခဲ့သည်။
"ဒီဘက်က မျိုးရိုးဗီဇ သန္ဓေပြောင်း သတ္တဝါတွေကို ငါ အားလုံး သိမ်းသွင်းပြီးပြီ... လောလောဆယ်တော့ သူတို့ရဲ့ အရင် နေတဲ့နေရာတွေမှာပဲ ဆက်နေခိုင်းထားတယ်"
"သူတို့ရဲ့ သွေးအဆီအနှစ်တွေကို အသုံးပြုဖို့ လိုအပ်လာတဲ့အခါကျမှ တစ်ကြိမ် သွားဖောက်ထုတ်လိုက်ရုံပဲ"
"အရမ်းကြီး ခဏခဏ မလုပ်မိအောင်တော့ သတိထားပေါ့"
လင်းယွမ်က လီချင်းဟွာအား သေချာစွာ မှာကြားလိုက်သည်။
လီချင်းဟွာက ခါးသီးစွာ ပြုံးရင်း ပြောသည်။ "ဒီသွေးအဆီအနှစ် ထုတ်ယူတဲ့ ကိစ္စက ဆရာလင်းပဲ လုပ်နိုင်မှာပါ... ကျွန်တော့်ရဲ့ အဓိက အရည်အသွေးက အမှတ် ၇၀ မပြည့်ခင်တော့ မသွားတာ ပိုကောင်းပါတယ်"
ထိုစကားကို ကြားသောအခါ လင်းယွမ်လည်း ရယ်မောလိုက်ကာ ပြောဆိုသည်။ "မင်း အခု ရှင်းမြွေမိစ္ဆာရဲ့ နှလုံးသားအခန်းကို ပိုင်ဆိုင်ထားပြီပဲ... အဲ့ဒီထဲမှာ မင်း သန့်စင်ဖို့အတွက် ဟင်းလင်းပြင် သွေးသလင်းကျောက် အရင်းအမြစ်တွေ အများကြီး ရှိနေတော့ အမှတ် ၇၀ ပြည့်ဖို့က အရမ်းမြန်မှာ"
လီချင်းဟွာက ချက်ချင်း ရယ်မောလိုက်ကာ ပြောသည်။ "သွေးသလင်းကျောက်တွေကိုချည်းပဲ အပြည့်အဝ အားကိုးနေလို့ မရဘူးလေ... ကိုယ်တိုင်လည်း သေချာလေ့ကျင့်ချင်သေးတယ်... အပြင်ဘက်အရာတွေကို အရမ်း အားကိုးပြီး မြှင့်တင်နေရင် ကိုယ့်ရဲ့ အစွမ်းအပေါ် ထိန်းချုပ်နိုင်စွမ်း ကျဆင်းသွားမှာ စိုးရိမ်ရတယ်"
လင်းယွမ်က သူ၏ ပခုံးကို ပုတ်ကာ ပြောဆိုသည်။ "မင်းမှာ ဒီလို အသိအမြင်မျိုး ရှိတာ အရမ်း ကောင်းတာပေါ့... အနာဂတ်မှာ မင်းရဲ့ အောင်မြင်မှုတွေက နိမ့်ကျနေမှာ မဟုတ်ဘူး"
လီချင်းဟွာက သက်ပြင်းတစ်ချက်ချကာ တောင်အောက်ရှိ အလုပ်များနေသော လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။
"ဆရာလင်း... ပွင့်ပွင့်လင်းလင်း ပြောရရင် တကယ်တော့ ကျွန်တော်က အပေါ်ယံဆန်တဲ့ လူတစ်ယောက်ပါ... ဘယ်လောက်အထိ အောင်မြင်ရမယ် ဆိုတာမျိုးကို မတွေးဖူးပါဘူး"
"အစတုန်းကတော့ ကျွန်တော် အသက်ရှင်ဖို့လောက်ပဲ တွေးခဲ့တာ"
"နောက်ပိုင်းကျတော့ ဗိုက်ဝဖို့ပဲ တွေးခဲ့ပြန်တယ်"
"ဆရာလင်းနဲ့ တွေ့ပြီး ထိုက်ယန်တောင်ထဲ ရောက်လာတဲ့ အချိန်ကျမှပဲ ကျွန်တော် ဒီထက်ပိုပြီး တစ်ခုခု လုပ်နိုင်သေးတယ်လို့ ခံစားလာရတာ"
"ဒီရေကြီးရေလျှံမှုတွေကြားမှာ ခိုကိုးရာ နေရာလေးတစ်ခုတော့ ရှိချင်တယ်"
"ပြီးတော့ ကျွန်တော့် သူငယ်ချင်းတွေကိုလည်း ကောင်းကောင်း ကာကွယ်ပေးချင်တယ်"
ထိုစကားကို ကြားသောအခါ လင်းယွမ်လည်း ရယ်မောလိုက်ကာ ပြောဆိုသည်။ "လူတိုင်းက မွေးကတည်းက ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေ ပါမလာတတ်ကြပါဘူး"
"လူတွေရဲ့ အတွေးအခေါ်တွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်တာပဲ"
"မင်းရဲ့ စွမ်းဆောင်ရည်တွေ ကြီးမားလာတဲ့အခါ လိုချင်တပ်မက်မှုတွေကလည်း ကြီးမားလာမှာပဲ"
"လိုချင်တဲ့ အရာတွေကလည်း သဘာဝကျကျ ပိုများလာမှာပဲလေ"
"မင်းရဲ့ဆန္ဒတွေကို ပိတ်ပင်မထားနဲ့... အခုလို ရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးမှာ ဘာမဆို ဖြစ်နိုင်နေပြီပဲ"
လီချင်းဟွာက လင်းယွမ်ဘက်သို့ လှည့်ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြောဆိုသည်။ "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဆရာလင်းကို တစ်ခွန်းတော့ ပြောချင်သေးတယ်... ကျေးဇူးတင်ပါတယ် ဆရာလင်း"
"တကယ်လို့ အဲ့ဒီတုန်းကသာ ဆရာလင်း သက်ညှာမပေးခဲ့ဘူးဆိုရင် ကျွန်တော် အသက်မရှိတော့ဘူးဆိုတာ သိတယ်"
လင်းယွမ်က သူ၏ စကားကို ဖြတ်ပြောကာ ရယ်မောရင်း လက်ယမ်းပြလိုက်သည်။ "မတိုက်ခိုက်ဘဲနဲ့ မသိကျွမ်းဘူး ဆိုသလိုပါပဲကွာ... အားလုံးကလည်း ကောင်းကောင်း အသက်ရှင်နိုင်ဖို့အတွက်ချည်းပါပဲ"
လီချင်းဟွာလည်း ရယ်မောလိုက်သည်။ "ဟုတ်တယ်... ကောင်းကောင်း အသက်ရှင်နိုင်ဖို့အတွက်ပဲ"
သူတို့နှစ်ဦး အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြပြီး သူရဲကောင်းအချင်းချင်း အသိအမှတ်ပြု နားလည်မှုမျိုးကို ခံစားလိုက်ရသည်။
လီချင်းဟွာ၏ စိတ်နေသဘောထားကလည်း လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
အရင်က သုံ့ပန်းဘဝမှသည် ထိုက်ယန်တောင်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး ကာကွယ်ရေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်လာသည်အထိပင်။
ထို့နောက် ကာကွယ်ရေးတပ်ဖွဲ့မှ နုတ်ထွက်ကာ ချင်းဟွာ စက္ကူစက်ရုံကို ကိုယ်တိုင် တည်ထောင်ခဲ့ပြီး သူသည် တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာခဲ့သည်။
ယခုအခါတွင်မူ လင်းယွမ်ထက်ပင် ခြေတစ်လှမ်း ဦးစွာ ကိုယ်ပိုင် ရေပေါ်ကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏ အောင်မြင်မှုများက အနာဂတ်တွင် လုံးဝ နိမ့်ကျနေမည် မဟုတ်ချေ။
သူသည်လည်း ဤအရာအားလုံးက လင်းယွမ်၏ အသက်ချမ်းသာပေးခဲ့သော ကျေးဇူးကြောင့်ဆိုသည်ကို ပို၍ ရှင်းလင်းစွာ သိရှိနားလည်ထားသည်။
ဆရာလင်းနောက်သို့ လိုက်ပါကာ ထိုက်ယန်တောင်သို့ ဝင်ရောက်လာခြင်းကြောင့်သာ ဤရေလွှမ်းမိုးဘေး ကမ္ဘာကြီးထဲတွင် သူ၏ ပြုမူနေထိုင်ပုံ စည်းမျဉ်းများကို တဖြည်းဖြည်းချင်း ပုံဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ပါက အခြားသော အသက်ရှင်ကျန်ရစ်သူ အများစုကဲ့သို့ သူသည်လည်း တစ်ကိုယ်ကောင်းဆန်ကာ ရည်ရွယ်ချက် အောင်မြင်ရေးအတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုမည့် လူတစ်ယောက် ဖြစ်လာမည်လား ဆိုသည်ကို ပြောရခက်လှပေသည်။
ဆရာလင်းနှင့် ထိုက်ယန်တောင်၏ ပတ်ဝန်းကျင်ကသာ သူ့ကို "ကာကွယ်စောင့်ရှောက်ခြင်း" ဟူသော တာဝန်သိစိတ် တစ်ခုကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။
ကမ္ဘာပျက်ကပ်ကြီးထဲတွင်လည်း နွေးထွေးမှုဆိုတာ ရှိနေသေးကြောင်းနှင့် ရည်မှန်းချက်တူညီသော သူများနှင့်အတူ လက်တွဲကာ အသက်ရှင်သန်နိုင်ရန် ကြိုးစား ရုန်းကန်သွားနိုင်ကြောင်းကို သူ့အား သိရှိနားလည်စေခဲ့လေတော့သည်။
ဆက်ရန်...
***