လင်းယွမ်က မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါများ၏ ပြဿနာကို ဖြေရှင်းပြီးနောက် ထိုက်ယန်တောင်သို့ ချက်ချင်းပင် အပြေးအလွှား ပြန်လာခဲ့သည်။
ဒီဘက်က နေရာ၏ လျှို့ဝှက်နိုင်စွမ်းနှင့် နှိုင်းယှဉ်လျှင် ထိုက်ယန်တောင်က အလွန် ထင်ရှားပေါ်လွင်နေပေသည်။
အထူးသဖြင့် ဂိုဏ်းကြီးသုံးခုကို ရန်စမိပြီးသည့်နောက်တွင် ၎င်းတို့က အချိန်မရွေး ပြန်လည်တိုက်ခိုက်လာမည်ကို လင်းယွမ်က စိုးရိမ်နေခဲ့သည်။
ထိုနေရာတွင် လင်းယွီကျွန်းမှ လူများက ကူညီစောင့်ရှောက်ပေးနေသည် ဆိုသော်ငြားလည်း...
သို့သော် လင်းယွမ်ကတော့ စိတ်မချနိုင်သေးပေ။
ထို့ကြောင့် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်ရှိ ကိစ္စများကို ဖြေရှင်းပြီးသည်နှင့် တစ်ပြိုင်နက် သူက တုံ့ဆိုင်း မနေဘဲ ချက်ချင်း ပြန်လာခဲ့တော့သည်။
ဂိုဏ်းကြီးသုံးခုက ပြန်လည်အင်အားစုကာ ထိုက်ယန်တောင်ကို ဒုတိယအကြိမ် တိုက်ခိုက်လာမည်ကို စိုးရိမ်ရသည့်အပြင်...
လင်းယွမ်ကို အလောတကြီး ပြန်လာစေသည့် အခြားသော အရေးကြီး အကြောင်းရင်းတစ်ခုလည်း ရှိနေသေးသည်။
၎င်းမှာ သူ၏ လက်ထဲတွင် မျိုးရိုးဗီဇမျိုးစေ့ အမြောက်အမြားကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
ဝမ်လင်းအာ၏ လက်ထဲမှနေ၍ စိတ်စွမ်းအင် အမျိုးအစား၊ ရေဓာတ် အမျိုးအစားနှင့် မြေဓာတ် အမျိုးအစားဟူသော မျိုးရိုးဗီဇမျိုးစေ့ သုံးမျိုးကို သူ လဲလှယ်ရရှိထားခဲ့သည်။
ယခု သူက ဟင်းလင်းပြင် အမျိုးအစား သွေးသလင်းကျောက်ကို ထပ်မံ ရရှိထားပြန်ရာ ဤတစ်ကြိမ် ပြန်ရောက်ပြီးနောက်တွင် ထိုက်ယန်တောင် သုတေသနဌာနရှိ မျိုးရိုးဗီဇပေါင်းဖိုကို အသုံးပြု၍ ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို ထုတ်ယူနိုင်တော့မည် ဖြစ်သည်။
ထို့အပြင် သူ၏လက်ထဲတွင် ရှိနေသော မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါများ၏ သွေးအဆီအနှစ် အမြောက်အမြားမှလည်း မျိုးရိုးဗီဇမျိုးစေ့ကို ထုတ်ယူနိုင်သေးသည်။
ထိုမျိုးရိုးဗီဇမျိုးစေ့များထဲမှ တစ်မျိုးစီတိုင်းကို သူကိုယ်တိုင်အတွက် တစ်စေ့စီ ချန်ထားရမည် ဖြစ်ကာ မျိုးရိုးဗီဇ အသွင်တစ်ရာ အစွမ်းအတွက် မူရင်းပုံစံအဖြစ် ပံ့ပိုးပေးပြီး သက်ဆိုင်ရာ မျိုးရိုးဗီဇမြေပုံအဖြစ် ပြောင်းလဲနိုင်ရန် ဖြစ်သည်။
အခြားသော မျိုးရိုးဗီဇမျိုးစေ့များကိုတော့ ဤတစ်ကြိမ် ဂိုဏ်းကြီးသုံးခု၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရာတွင် စွမ်းဆောင်ရည် ပြသနိုင်ခဲ့သော သူများကို ခွဲဝေပေးနိုင်ပေသည်။
ထိုက်ယန်တောင်၏ ဆုပေးဒဏ်ပေး စနစ်က အလွန်ပင် မျှတမှန်ကန်လှသည်။
လူတိုင်းကို အသက်စွန့်ပြီး တိုက်ခိုက်ခိုင်းရန်သာ မဖြစ်နိုင်ဘဲ ထိုက်တန်သော ဆုလာဘ်များကိုလည်း လျှော့ချ၍ မရနိုင်ပေ။
ထိုက်ယန်တောင်၊ သုတေသနဌာန။
အစပိုင်းတွင် ကျောက်ခိုင်က မီးဝါးတော မြို့ရိုးအပြင်ဘက်ကို အသေအလဲ ကာကွယ်ပေးထားခဲ့သောကြောင့် ထိုက်ယန်တောင်၏ သုတေသနဌာန အစရှိသည့် အရေးကြီးသော နေရာများမှာ ပျက်စီးသွားခြင်း မရှိခဲ့ပေ။
ယခုအချိန်တွင် တစ်တောင်လုံးက ပုံမှန်အတိုင်း လည်ပတ်နိုင်နေပြီး ဈေးဝယ်စင်တာပင်လျှင် ပျက်စီးခြင်း မရှိခဲ့သည်မှာ ကျောက်ခိုင်၏ ကျေးဇူးက အလွန်ကြီးမားလှပေသည်။
သုတေသနဌာန အတွင်းတွင်တော့ လီဟန်ကျုံးက လှုပ်ရှားလိမ်ကောက်နေသော မျိုးရိုးဗီဇပေါင်းဖို စက်လုံးကြီးကို ကြည့်နေသည်။
အတွင်းပိုင်းတွင် အလင်းရောင်များ တဖျပ်ဖျပ် လက်နေခဲ့ပြီး နာရီဝက်ခန့် ကြာသွားလေသည်။
"ဝုန်း"
ဝုန်းခနဲ မြည်ဟည်းသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် အလင်းရောင်များ အားလုံး ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
စက်လုံးကြီး အတွင်းမှနေ၍ ချွင်ချွင်ချလွမ် ဟူသော အသံများ ထွက်ပေါ်လာကာ စက်လုံးထဲတွင် ဖန်ဂေါ်လီလုံး တစ်လုံး လိမ့်နေသည့်အလား ပုံပေါက်နေသည်။
"အောင်မြင်ပြီ"
လီဟန်ကျုံးက ရုတ်တရက် အလွန် ဝမ်းသာသွားပြီး ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
ဘေးဘက်တွင် ရှိနေသော လင်းယွမ်ကလည်း စက်လုံးကြီးကို စိုက်ကြည့်နေခဲ့သည်။
ပြင်းထန်စွာ တုန်ခါနေသော မျိုးရိုးဗီဇပေါင်းဖိုက လည်ပတ်မှု ရပ်တန့်သွားပြီး မကြာမီမှာပင် စက်လုံးကြီးက ပွင့်လာလေသည်။
ထိုအခါ အထဲမှ အရောင်လက်ကာ ကြည်လင်နေသော ကောင်းကင်ပြာရောင် သလင်းကျောက်တစ်ခုက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
ဤကောင်းကင်ပြာရောင် သလင်းကျောက်မှာ မှိန်ဖျော့ဖျော့ ပြာလဲ့လဲ့ အလင်းရောင်ကို ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။
အလင်းရောင်များ လှည့်ပတ်သွားလာနေသည့်ကြားတွင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ရေလှိုင်းဂယက်များသဖွယ် တရိပ်ရိပ် ဖြစ်ပေါ်လာနေပေသည်။
ဤမျှ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းကြောင့် လူတိုင်းမှာ မျက်လုံးအပြူးသားဖြင့် အံ့အားသင့်သွားကြရသည်။
လီဟန်ကျုံးက အံ့သြတကြီးဖြင့် "ဒါက ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့လား"
ဖုချီပေါ်ကလည်း မနေနိုင်ဘဲ "မျိုးရိုးဗီဇမျိုးစေ့ တစ်ခုစီတိုင်းမှာ သူ့ကိုယ်ပိုင် ထူးခြားချက်တွေ ရှိကြတာပဲ... ဒီမျိုးရိုးဗီဇမျိုးစေ့က ပတ်ဝန်းကျင်ကို သိသိသာသာ လွှမ်းမိုးနေတယ်"
လင်းယွမ်က လက်ကို ဆန့်ထုတ်လိုက်သည်နှင့် ထိုဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့က သူ၏ လက်ဖဝါးထဲသို့ လွင့်ပျံလာတော့သည်။
၎င်းအတွင်းမှ စွမ်းအင်လှိုင်းများကို ခံစားလိုက်ရပြီးနောက် လင်းယွမ်ကလည်း အပြုံးတစ်ခု ပေါ်လာလေသည်။
"ဒီမျိုးရိုးဗီဇမျိုးစေ့နဲ့ဆိုရင် ငါ နောက်ထပ် ဟင်းလင်းပြင် မျိုးရိုးဗီဇမျိုးစေ့ကို ပေါင်းစည်းဖို့က အများကြီး ပိုလွယ်သွားပြီ"
"မျိုးရိုးဗီဇ အသွင်တစ်ရာ အစွမ်းနဲ့ဆို... ဒီမျိုးရိုးဗီဇမျိုးစေ့ကို နမူနာပုံစံအဖြစ် သုံးပြီး ငါ့အတွက် သီးသန့်ဖြစ်တဲ့ ဟင်းလင်းပြင် မျိုးရိုးဗီဇမျိုးစေ့ကို တိုက်ရိုက် ပေါင်းစည်းနိုင်ပြီ"
ထို့နောက် သူက မျိုးရိုးဗီဇမျိုးစေ့ကို အာရုံစူးစိုက်ကာ သန့်စင်ပြီး မျိုးရိုးဗီဇ အသွင်တစ်ရာကို ဒုတိယမြောက် မျိုးရိုးဗီဇမျိုးစေ့ ပြောင်းလဲခြင်း လမ်းစဉ်အဖြစ် နိုးထလာစေရန် လိုအပ်ကြောင်း လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
"ပါမောက္ခလီ... ကျွန်တော့်ဆီမှာ မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ သွေးအဆီအနှစ်တွေ အများကြီး ကျန်သေးတယ်... ခင်ဗျားတို့ ဒီအတောအတွင်းမှာ ဒီသွေးအဆီအနှစ်တွေကို မျိုးရိုးဗီဇမျိုးစေ့အဖြစ် ထုတ်ယူပေးဖို့ တာဝန်ယူပေးပါ"
"အခုကစပြီး ကျွန်တော်တို့ ထိုက်ယန်တောင်က မျိုးရိုးဗီဇမျိုးစေ့ ခေတ်သစ်ထဲကို အပြေးအလွှား ဝင်ရောက်ရတော့မယ်"
"တခြားသူတွေ လာတိုက်ခိုက်တာကို ခံရပြီး ပြန်မတိုက်နိုင်တဲ့ အဖြစ်မျိုးကို ဘယ်တော့မှ ထပ်အဖြစ်မခံနိုင်တော့ဘူး"
လင်းယွမ်၏ စကားများကြောင့် သုတေသနဌာနမှ လူတိုင်းက ချက်ချင်းပင် လေးနက်သော မျက်နှာထားများ ဖြစ်သွားကြသည်။
ပါမောက္ခလီက ချက်ချင်းပင် "ဆရာလင်း... စိတ်သာ ချထားပါ... ဒီကိစ္စကို ကျွန်တော်တို့ဆီသာ လွှဲထားလိုက်"
ဖုချီပေါ်ကလည်း ခေါင်းညိတ်ကာ "ဆရာလင်း စိတ်ချပါ... မျိုးရိုးဗီဇမျိုးစေ့ ထုတ်ယူတဲ့ ကိစ္စ ကျွန်တော်တို့တာဝန်သာထား"
လင်းယွမ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ကာ "ဒါဆိုလည်း ကောင်းပါပြီ"
သူက လူတိုင်းကို အားပေးစကား အနည်းငယ် ပြောကြားပြီးနောက် သုတေသနဌာနမှ ထွက်ခွာလာခဲ့သည်။
အိမ်သို့ မပြန်တော့ဘဲ သူက ထိုက်ယန်တောင်၏ အလယ်ဗဟိုသို့ ဦးတည်သွားကာ သူ အထူး တည်ဆောက်ထားသော တောင်ပေါ်မှ လျှို့ဝှက်ခန်း အတွင်းသို့ ဝင်ရောက်သွားလေသည်။
"ဒီအတောအတွင်းငါ တကယ်ကို အလုပ်များနေတာ... အခုမှပဲ အားတော့တယ်... ဒီဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို အရင် သန့်စင်ရမယ်"
"ဒီမျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်လိုက်ရင် ဘယ်လို မျိုးရိုးဗီဇမြေပုံ ရလာမလဲ... ပြီးတော့ ဘယ်လို အစွမ်းမျိုး ရလာမလဲ ဆိုတာ မသိသေးဘူး"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားပြီး အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဤဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို ပါးစပ်ထဲသို့ တိုက်ရိုက် မျိုချလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့က သူ၏ ဝမ်းဗိုက်ထဲသို့ လျင်မြန်စွာ လျှောကျသွားတော့သည်။
လင်းယွမ်၏ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများက ချက်ချင်းပင် လှုပ်ရှားတက်ကြွလာပြီး အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမျိုးစေ့က စွမ်းအင်အစုအဝေး တစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားကာ ဤဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို ရစ်ပတ်ဖုံးလွှမ်းသွားသည်။
ထို့နောက် အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမျိုးစေ့က အလွန် လျင်မြန်သော အလျင်ဖြင့် ဤမျိုးရိုးဗီဇမျိုးစေ့ကို စတင် အရည်ပျော်စေတော့သည်။
တစ်ဖက်မှ အရည်ပျော်စေရင်း အခြားတစ်ဖက်မှလည်း ဖွဲ့စည်းပုံကို စတင် ပြန်လည် တည်ဆောက်နေခဲ့သည်။
အသွင်တစ်ရာ အစွမ်းက တဖြည်းဖြည်း စတင် ပေါ်ထွက်လာလေသည်။
လုံးဝ အသစ်စက်စက် ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ တစ်ခုက အလျင်အမြန် ပုံပေါ်လာနေပေသည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်၏ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများကလည်း လျင်မြန်စွာ ပြောင်းလဲသွားနေသည်။
သန္ဓေပြောင်းစွမ်းအင်များကလည်း မည်သည့်အမျိုးအစားမှ မရှိသော အခြေအနေမှနေ၍ ဟင်းလင်းပြင် အမျိုးအစား အခြေအနေသို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
အသွင်တစ်ရာ မျိုးရိုးဗီဇမှာ မည်သည့် မျိုးရိုးဗီဇ ပုံစံမျိုးကိုမဆို ပြောင်းလဲနိုင်စွမ်း ရှိပေသည်။
ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇကလည်း သဘာဝကျကျပင် ထိုအထဲတွင် ပါဝင်နေပေသည်။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး လင်းယွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ မျိုးရိုးဗီဇများက ပုံတူကူးကာ ပြောင်းလဲနေကြပြီး ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇကို အဆက်မပြတ် ဖန်တီးနေကြသည်။
အချိန်မည်မျှ ကြာသွားသည်ကိုတော့ မသိရပေ။
လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏ မျက်လုံးအစုံတွင် အလင်းရောင်များ တောက်ပနေပြီး ကောင်းကင်ပြာရောင် မျက်လုံးအလင်းတန်းများက အနည်းငယ် လက်လဲ့သွားတော့သည်။
သူ၏ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇ အများစုမှာ ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇများအဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သူ ခံစားသိရှိလိုက်ရသည်။
သူ၏ နှလုံးသားနေရာမှနေ၍ ကောင်းကင်ပြာရောင် သန္ဓေပြောင်းစွမ်းအင်များက ပန်းထွက်လာကာ ခန္ဓာကိုယ် တစ်ခုလုံးသို့ စီးဆင်းလည်ပတ်သွားလေသည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်၏ စိတ်ပင်လယ်ထဲသို့ ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇ လက်ဆင့်ကမ်း အမွေအနှစ် လျှို့ဝှက်ချက် အမြောက်အမြား ဝင်ရောက်လာတော့သည်။
လင်းယွမ်က မျက်လုံးကို မှိတ်ကာ မျိုးရိုးဗီဇ အတွင်းရှိ အမွေအနှစ် အချက်အလက်များကို ခံစားနားလည်နိုင်ရန် ကြိုးစားလိုက်သည်။
အချိန်အတန်ကြာပြီးနောက် လင်းယွမ်က မျက်လုံးများကို ထပ်မံ ဖွင့်လိုက်လေသည်။
သူ၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး ရုတ်တရက် လက်ကို ဆန့်ထုတ်၍ ဝှေ့ယမ်းလိုက်သည်။
သူ၏ ရှေ့ရှိ ဟင်းလင်းပြင်တွင် တံခါးပေါက်တစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
လင်းယွမ်က ခြေလှမ်းလှမ်း၍ ထိုအထဲသို့ ဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင်၏ အပြင်ဘက် လေဟာနယ်တွင် ရုတ်တရက် ဟင်းလင်းပြင် လှိုင်းများ ထကြွလာပြီး ရေလှိုင်းများကဲ့သို့ လှိုင်းကြက်ခွပ်များ ဖြစ်ပေါ်လာလေသည်။
ထို့နောက် ဟင်းလင်းပြင် လိမ်ကောက်နေသော တံခါးပေါက်တစ်ခု ပေါ်လာပြီး လင်းယွမ်က ထိုအထဲမှ ခြေလှမ်းလှမ်းကာ ထွက်ပေါ်လာတော့သည်။
"ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း"
လင်းယွမ်က လေဟာနယ်ထဲတွင် ရပ်နေရင်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို ပေါင်းစည်းပြီးနောက်တွင် သူက ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းကို တိုက်ရိုက်ပင် အသုံးပြုနိုင်နေပြီ ဖြစ်သည်။
"လီချင်းဟွာရဲ့ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းက သူ့ရဲ့ စိတ်စွမ်းအင် အားနည်းလို့ အကန့်အသတ် ရှိနေတယ်... လောလောဆယ်တော့ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲမှာပဲ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းကို လုပ်နိုင်တယ်"
"ဒါပေမဲ့ အပြင်လောကရဲ့ ဟင်းလင်းပြင် အကာအရံက အရမ်း ခိုင်မာလွန်းလို့... သူ့ရဲ့ စိတ်စွမ်းအင်က ဟင်းလင်းပြင် အကာအရံကို မချိုးဖျက်နိုင်တော့ ဒီအစွမ်းကို အသုံးမချနိုင်ဘူး"
"ဒါပေမဲ့ ငါ့ရဲ့ စိတ်စွမ်းအင်က ၈၃.၅ အထိ ရှိနေတဲ့အတွက်... ဟင်းလင်းပြင် ဆုံမှတ်တွေကို ခံစားသိရှိနိုင်ပြီး အဲဒီ ဟင်းလင်းပြင် ဆုံမှတ်တွေရဲ့ အကူအညီနဲ့ ဟင်းလင်းပြင် အကာအရံကို ချိုးဖျက်၊ ဟင်းလင်းပြင် လမ်းကြောင်းကို ဖွင့်ပြီး ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းကို လုပ်နိုင်တာ"
"ဟင်းလင်းပြင် ဆုံမှတ်တွေကို ဂရုစိုက်စရာ မလိုဘဲ... ဟင်းလင်းပြင် လမ်းကြောင်းကို အတင်းအဓမ္မ တိုက်ရိုက် ဖွင့်နိုင်ဖို့အတွက်... စိတ်စွမ်းအင်က ဘယ်အဆင့်အထိ ရောက်ဖို့ လိုမလဲ ဆိုတာကိုတော့ မသိသေးဘူး"
လင်းယွမ်၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အစွမ်းက သူ၏ ရွေ့လျားမှု အလျင်ကို များစွာ တိုးတက်စေခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ လက်ရှိ သူ၏ စိတ်စွမ်းအင် အားကောင်းမှုအရ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ပြုလုပ်ရာတွင် များသောအားဖြင့် ဟင်းလင်းပြင် ဆုံမှတ် နေရာများသို့သာ ရွှေ့ပြောင်းနိုင်ခြင်း ဖြစ်သည်။
နောက်တစ်ချက်မှာ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အစွမ်းသည် စိတ်စွမ်းအင် အနည်းအများ၏ လွှမ်းမိုးမှုကြောင့် ကန့်သတ်ချက် ရှိနေခြင်း ဖြစ်သည်။
အခြေခံအားဖြင့် ရွှေ့ပြောင်းနိုင်သော အကွာအဝေးမှာ စိတ်စွမ်းအင် လွှမ်းခြုံနိုင်သော အတိုင်းအတာ အတွင်း၌သာ ဖြစ်သည်။
စိတ်စွမ်းအင် လွှမ်းခြုံနိုင်သော အတိုင်းအတာကို ကျော်လွန်သွားပါက ရွှေ့ပြောင်းခြင်းတွင် တိကျသော နေရာသတ်မှတ်ချက် ရှိတော့မည် မဟုတ်ပေ။
မည်သည့် ဟင်းလင်းပြင် ဆုံမှတ်ဆီသို့ ရောက်သွားမည်ကိုလည်း မှန်းဆ၍ မရနိုင်တော့ချေ။
မိမိ၏ လက်ရှိ စိတ်စွမ်းအင် လွှမ်းခြုံနိုင်သော အတိုင်းအတာအရ အကြမ်းဖျင်းအားဖြင့် ပေ ၁,၃၀၀ ခန့် အတွင်းတွင် စိတ်ကြိုက် ရွေ့လျားနိုင်သည်။
၎င်းက မီးစင်္ကြာ ထက် အများကြီး ပိုမြန်နေပေသည်။
"ဟင်းလင်းပြင်အက်ကွဲဓားကွက် ကို စမ်းကြည့်ရမယ်"
လင်းယွမ်က လီချင်းဟွာ အသုံးပြုခဲ့ဖူးသော ဟင်းလင်းပြင်အက်ကွဲဓားကွက် ကို သတိရသွားသည်။
ထို့နောက် သူက လက်ကို ဆန့်ထုတ်၍ လေဟာနယ်ဆီသို့ ခုတ်ပိုင်းလိုက်တော့သည်။
ချက်ချင်းပင် ရှေ့ရှိ လေဟာနယ်တွင် အပြာရောင် အက်ကွဲကြောင်းတစ်ခု ပေါ်လာလေသည်။
အက်ကွဲကြောင်း အတွင်းတွင် ဟင်းလင်းပြင် လေစီးကြောင်းများ ရှုပ်ထွေးနေပြီး လေတိုက်သံများ ဆူညံနေသည်ကို ဝေဝါးဝါး မြင်တွေ့နိုင်သည်။
အပြာရောင် အက်ကွဲကြောင်း ဖြတ်သန်းသွားသော နေရာများရှိ လေထဲမှ မိုးရေများမှာ ချက်ချင်းပင် စုပ်ယူဆွဲသွင်းခံလိုက်ရပြီး ကောင်းကင်ကြီး တစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသည့်အလား ပုံပေါက်နေသည်။
လင်းယွမ်မှာ မနေနိုင်ဘဲ အပြုံးတစ်ခု ပေါ်လာလေသည်။
"ဟင်းလင်းပြင်အက်ကွဲဓားကွက် ရဲ့ စွမ်းအားက တကယ်ပဲ အားကောင်းတာပဲ... ပြီးတော့ အက်ကွဲကြောင်းရဲ့ အရှည်နဲ့ အကွာအဝေးကလည်း ငါ့ရဲ့ စိတ်စွမ်းအင်နဲ့ သက်ဆိုင်နေတယ်"
ထို့နောက် လင်းယွမ်က ဤမျိုးရိုးဗီဇမျိုးစေ့၏ သီးသန့်ဖြစ်သော မွေးရာပါ အစွမ်းတစ်ခုကို ထပ်မံ စမ်းသပ်ကြည့်လိုက်သည်။
သုမာရု ဟင်းလင်းပြင်...
သူက ရွှေတုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး အခြား လက်တစ်ဖက်ထဲမှတော့ ကောင်းကင်ပြာရောင် ဟင်းလင်းပြင် သွေးသလင်းကျောက် တစ်ခုကို ထုတ်ယူလိုက်သည်။
လက်ထဲမှနေ၍ မီးတောက်များ ပန်းထွက်လာပြီးနောက် ရွှေတုံးမှာ တဖြည်းဖြည်း အရည်ပျော်သွားတော့သည်။
လင်းယွမ်က ကောင်းကင်ပြာရောင် သွေးသလင်းကျောက်ကို အရည်ပျော်နေသော ရွှေရည်များထဲသို့ ထည့်လိုက်သည်။
စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်မှုအောက်တွင် ရွှေများက သွေးသလင်းကျောက်ကို ရစ်ပတ်ဖုံးလွှမ်းသွားပြီးနောက် လက်စွပ်ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားကာ လက်စွပ်မျက်နှာပြင်တွင် ကွက်လပ် အနည်းငယ် ချန်ထားခဲ့ပြီး ကောင်းကင်ပြာရောင် သွေးသလင်းကျောက်ကို မြင်နေရစေသည်။
ဤနည်းအားဖြင့် ရွှေကို ကိုယ်ထည်အဖြစ် အသုံးပြုပြီး ဟင်းလင်းပြင် သွေးသလင်းကျောက်ကို လက်စွပ်မျက်နှာပြင်အဖြစ် အသုံးပြုထားသော လက်စွပ်တစ်ကွင်း ဖန်တီးမှု ပြီးစီးသွားလေသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လင်းယွမ်က စိတ်စွမ်းအင်ကို အသုံးပြု၍ ဟင်းလင်းပြင် သွေးသလင်းကျောက် အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ဟင်းလင်းပြင် မျိုးရိုးဗီဇမျိုးစေ့ကို အသက်သွင်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် ထိုဟင်းလင်းပြင် သွေးသလင်းကျောက်က ပြင်းထန်စွာ တုန်ခါသွားပြီးနောက် သွေးသလင်းကျောက် အတွင်းမှနေ၍ ထူးဆန်းသော အလင်းတန်းတစ်ခု ဖြာထွက်လာတော့သည်။
သွေးသလင်းကျောက် အတွင်းပိုင်းတွင် ထူးခြားသော ပုံစံလိုင်းများ ပေါ်လာသော်လည်း ရွှေများဖြင့် ဖုံးကွယ်ထားခြင်း ခံလိုက်ရသည်။
ခဏအကြာတွင် လင်းယွမ်က စိတ်စွမ်းအင်များကို ပြန်ရုပ်သိမ်းလိုက်သည်။
သူက မျက်စိရှေ့ရှိ လက်စွပ်ကို အကဲခတ် ကြည့်ရှုလိုက်သည်။
"သက်ရှိတွေကို ထည့်သွင်း သိမ်းဆည်းထားနိုင်တဲ့ သုမာရု ဟင်းလင်းပြင်ပဲ... ဘာတွေ ကွာခြားမှု ရှိသလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ထိုသို့ ပြောရင်း လင်းယွမ်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားကာ ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးမှာ အလျင်အမြန် သေးငယ်သွားပြီး ပျောက်ကွယ်သွားတော့သည်။
သူ ထပ်မံ ပေါ်လာချိန်တွင်တော့ ပတ်ဝန်းကျင်မှာ ဗလာကျင်းနေသော လေဟာနယ် တစ်ခုသာ ဖြစ်နေပေသည်။
ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး၊ ဘယ်နှင့် ညာ ခွဲခြားထားခြင်း မရှိဘဲ မျက်စိထဲ မြင်ရသမျှမှာ မီးခိုးရောင်နှင့် အဖြူရောင်စပ်နေသော ဟင်းလင်းပြင်များသာ ဖြစ်သည်။
လင်းယွမ်က ပတ်ဝန်းကျင်ရှိ လေကို ရှူရှိုက်လိုက်ပြီး စိတ်စွမ်းအင်များကို ဖြန့်ကြက်ကာ ဤဟင်းလင်းပြင်၏ အရွယ်အစားကို တိုင်းတာကြည့်လိုက်သည်။
"ကုဗပေ တစ်သောင်းလေးထောင်ခန့်တောင် မရှိဘူး... အကြမ်းဖျင်းကတော့ ငါ့ရဲ့ စိတ်စွမ်းအင် လွှမ်းခြုံနိုင်တဲ့ အတိုင်းအတာနဲ့ ညီမျှနေတယ်"
"ပြောရရင် ငါ ဖန်တီးနိုင်တဲ့ သုမာရု ဟင်းလင်းပြင်ရဲ့ အရွယ်အစားက ငါ့ရဲ့ စိတ်စွမ်းအင် လွှမ်းခြုံနိုင်တဲ့ အတိုင်းအတာနဲ့ အတူတူပဲ"
လင်းယွမ်က တစ်စုံတစ်ရာကို စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားကာ ဟင်းလင်းပြင် အတွင်းမှ ထွက်ခွာလာခဲ့သည်။
သူက ထိုက်ယန်တောင် အထက်ကောင်းကင်တွင် ထပ်မံ ပေါ်လာပြီး သူ၏ စိတ်ထဲတွင် ဤသုမာရု ဟင်းလင်းပြင် အစွမ်းကို မည်သို့ အသုံးပြုရမည်ကို တွေးတောနေခဲ့သည်။
"ဟင်းလင်းပြင် လက်စွပ်က အသုံးဝင်တဲ့ အရာတစ်ခုပဲ... အနာဂတ်မှာ ဟင်းလင်းပြင် အသုံးအဆောင် ပစ္စည်းတွေကို ပိုပြီး ဖန်တီးနိုင်မယ် ဆိုရင် ဒါက ထိုက်ယန်တောင်ရဲ့ ထူးခြားတဲ့ ပစ္စည်းတစ်ခု ဖြစ်လာနိုင်ပြီး တခြား အဖွဲ့အစည်းတွေက အတုခိုးလို့ ရမှာ မဟုတ်ဘူး"
"ချိုးခုံငါး သိုလှောင်အိတ် လိုမျိုး ဟင်းလင်းပြင် အမျိုးအစား သိုလှောင်ရေး ပစ္စည်းတွေနဲ့ ယှဉ်ရင်... ငါ ဖန်တီးထားတဲ့ ဒီသုမာရု ဟင်းလင်းပြင်က အလေးချိန် ကန့်သတ်ချက် မရှိလို့ အားသာချက် ပိုများတယ်"
လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သော်လည်း ဤအကြံအစည်ကို သူ စိတ်ကူးကြည့်ရုံမျှသာ ဖြစ်ပြီး လက်ရှိ အခြေအနေအရ သုမာရု ဟင်းလင်းပြင် ဖန်တီးမှုကို သူ တစ်ယောက်တည်းသာ တတ်ကျွမ်းပေသည်။
အကယ်၍ ထုတ်လုပ်ရေး ကွင်းဆက် တစ်ခုအဖြစ် ဖန်တီးရမည် ဆိုပါက သူ့ကို အသေအလဲ ပင်ပန်းစေလိမ့်မည်။
သို့သော် ဤအရာကို အနာဂတ်တွင် ထိုက်ယန်တောင်အတွက် အကျိုးပြုသူများကို ဆုချီးမြှင့်ရန်အတွက် အသုံးပြုနိုင်ပြီး ဤသို့ဆိုလျှင် ဟင်းလင်းပြင် လက်စွပ်၏ တန်ဖိုးကြီးမားမှုကို ထင်ဟပ်စေရုံသာမက သူ့ကိုလည်း အလွန်အမင်း ပင်ပန်းစေမည် မဟုတ်ပေ။
သေချာသည်မှာ ဤအရာက ထိုက်ယန်တောင်ရှိ အထက်တန်းလွှာ ခေါင်းဆောင်ပိုင်း၏ အဆင့်အတန်း သင်္ကေတတစ်ခုလည်း ဖြစ်လာနိုင်ပေသည်။
လင်းယွမ်၏ စိတ်ကူးများက လည်ပတ်နေခဲ့သည်။ "ဒီသုမာရု ဟင်းလင်းပြင်ကို တိုက်ပွဲထဲမှာ သုံးလို့ မရနိုင်ဘူးလား"
"ဟင်းလင်းပြင် အကျဉ်းထောင်"
လင်းယွမ်က ဤကဲ့သို့ အသုံးပြုနိုင်မည့် နည်းလမ်းကို ချက်ချင်း တွေးမိသွားသည်။
သူက သုမာရု ဟင်းလင်းပြင်ကို ဖန်တီးကာ ရန်သူများကို ထိုအထဲသို့ စုပ်ယူပြီး ပိတ်လှောင်ထားနိုင်သည်။
သေချာသည်မှာ ဤကဲ့သို့သော သုမာရု ဟင်းလင်းပြင်၏ ခိုင်မာမှုမှာ မိမိ၏ စိတ်စွမ်းအင် အားကောင်းမှုနှင့် သက်ဆိုင်နေသည်။
တစ်ဖက်လူ၏ စွမ်းအားက အံ့မခန်း ဖြစ်နေမည် ဆိုပါက ပိတ်လှောင်ထားနိုင်မည် မဟုတ်ပေ။
သို့သော် မိမိတွင် စနစ် ရှိနေသဖြင့် သူ၏ စိတ်စွမ်းအင်များက တဟုန်ထိုး မြင့်တက်လာမည်သာ ဖြစ်ပြီး သူ့ထက် ပို၍ စွမ်းအားကြီးမားသောသူ ရှိလာရန် မဖြစ်နိုင်ကြောင်း လင်းယွမ်က ယုံကြည်မှု ရှိနေသည်။
"အကျဉ်းထောင်အဖြစ် သုံးလို့ ရမှတော့ ဘာလို့ အကာအကွယ် အနေနဲ့ သုံးလို့ မရရမှာလဲ"
"အန္တရာယ်ကြုံရတဲ့ အချိန်တွေမှာ အဖွဲ့ဝင်တွေကို သုမာရု ဟင်းလင်းပြင်ထဲ ထည့်ပြီး ကာကွယ်ပေးထားလို့ ရတယ်"
လင်းယွမ်က အခြား အသုံးပြုနည်း တစ်ခုကို ထပ်မံ တွေးမိသွားပြီး မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဤသုမာရု ဟင်းလင်းပြင်နှင့် နိချီ၏ သုမာရု မုန်ညင်းစေ့ အစွမ်းတို့ကြားတွင် တူညီမှု တစ်ခုခု ရှိနေမလား ဆိုသည်ကို သူ ထပ်မံ စဉ်းစားမိသွားသည်။
"တကယ်လို့ နိချီက သုမာရု မုန်ညင်းစေ့ အစွမ်းကို အသုံးပြုပြီး ကုန်ပစ္စည်း အများကြီးကို သေးငယ်သွားအောင် လုပ်လိုက်မယ်... ပြီးမှ ငါ ဖန်တီးထားတဲ့ သုမာရု ဟင်းလင်းပြင်ထဲကို ထည့်လိုက်မယ် ဆိုရင် သုမာရု ဟင်းလင်းပြင်ရဲ့ အသုံးဝင်မှုက သေချာပေါက် အများကြီး တိုးတက်လာမှာပဲ"
လင်းယွမ်မှာ တွေးလေတွေးလေ ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်ဟု ခံစားရလေ ဖြစ်ကာ သူ၏ ကိုယ်ပိုင် အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
တကယ်ပင် မျိုးရိုးဗီဇမျိုးစေ့ နေရာတွင် အပြောင်းအလဲ အသစ်တစ်ခု ပေါ်လာခဲ့ပြီ ဖြစ်သည်။
ဆက်ရန်...
***