"အဆင့်တက်သွားပြီလား"
လင်းယွမ်က ယခုအချိန်၌ တင်းယန်ကို ကြည့်ကာ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေတော့သည်။
တင်းယန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်က သိသိသာသာကို ပိုမို အားကောင်းလာလေသည်။
သူမက ထိုကိုယ်ကျပ် တိုက်ပွဲဝင်ဝတ်စုံကိုပင် ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း သူမထံမှ ကြီးမားလှသော အငွေ့အသက်ကို သင် သေချာပေါက် ခံစားမိနိုင်ပေမည်။
ထိုအငွေ့အသက်အောက်တွင် သူမ၏ ကိုယ်လုံးကိုယ်ပေါက်က ပိုမို မတ်မတ်မောင်းမောင်း ဖြစ်လာသယောင် ရှိ၏။
မူလကတည်းက အရိုးအဆစ် ကြီးမားသည့် မိန်းမချောလေး ဖြစ်ခြင်းကြောင့် ယခုတစ်ကြိမ်တွင် ပိုမို ပြင်းထန်သော စိုးမိုးနိုင်စွမ်းများ ရှိလာသကဲ့သို့ပင်။
တင်းယန်က သူမ၏ ဆံပင်ရှည်များကို ခါထုတ်ရင်း မတ်တပ်ထကာ သူ့ထံသို့ လျှောက်လာခဲ့ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် ပြောလာသည်။ "သွားရအောင်... အပြင်ထွက်ပြီး လေ့ကျင့်ကြည့်ကြမလား"
လင်းယွမ်ကလည်း ပြုံးရယ်လျက် "သွားကြတာပေါ့"
ဆုန့်ဝမ်က ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် "သွားမယ် သွားမယ်... ကျွန်မတို့လည်း သွားကြည့်ရအောင်... အမတင်းယန်က မျိုးရိုးဗီဇမျိုးစေ့ကို အဆင့်တက်သွားပြီးဆိုတော့ သေချာပေါက် အရမ်း အစွမ်းထက်လာမှာ"
တုံယန်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးရင်း "ကျွန်မလည်း လိုက်မယ်"
ရန်မေက ပြုံးရယ်လျက် "စောစော ပြန်လာကြဦးနော်... နေ့လည်စာအတွက် ဟင်းရည်လေး တည်ထားပြီးတော့ တင်းယန် အဆင့်တက်တာကို ဂုဏ်ပြုဖို့ မြည်းစရာဟင်းလေး တချို့ လုပ်ထားလိုက်မယ်"
သူမက ရေပြင်လို နူးညံ့သိမ်မွေ့ကာ အိမ်ထောင်ဦးစီး မိခင်ကြီးတစ်ယောက်လို အမြဲတမ်း ဂရုတစိုက် ရှိလွန်းသဖြင့် လူကို ကြည်နူးစေသည်။
လင်းယွမ်က သူမနှင့် အကြည့်ချင်း ဆုံလိုက်ရာ နှစ်ဦးသား၏ နူးညံ့ကြင်နာမှုများမှာ စကားဖြင့် ပြောပြရန်ပင် မလိုတော့ချေ။
ရန်မေ၏ ကိုယ်ပေါ်တွင် သူ့ကို အထိမိဆုံး ဖြစ်စေသည်က ဤနူးညံ့သိမ်မွေ့မှုနှင့် ဂရုစိုက်မှုပင် ဖြစ်လေသည်။
တစ်ခါတစ်ရံတွင် စိတ်ဖတ်နိုင်စွမ်း အကောင်းဆုံးသူမှာ ကျွမ်းရှုယွမ် မဖြစ်သင့်ဘဲ အမမေသာ ဖြစ်သင့်သည်ဟု လင်းယွမ် ခံစားမိသည်။
သူမ၏ နားလည်ပေးနိုင်စွမ်းက သူ့ကို ရင်တွင်းအနက်ရှိုင်းဆုံးမှ မြတ်နိုးယုယချင်စိတ်များ အမှန်တကယ် ဖြစ်ပေါ်လာစေသည်။
လူအများက ရယ်မောရင်း အိမ်တံခါးမှ ထွက်ခွာသွားကြပြီး ရန်မေက တံခါးဝတွင် ရပ်ကာ ပြုံးလျက် မျက်စိတစ်ဆုံး လိုက်ကြည့်နေခဲ့သည်။
"ဘယ်မှာ သွားလေ့ကျင့်ကြမလဲ" တင်းယန်က မေးလာ၏။
လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံးလျက် ပြောသည်။ "နင်တို့ကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးမယ်"
ထိုသို့ပြောရင်း လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းပြလေသည်။
"ဝှစ်"
ချက်ချင်းပင် လူတိုင်း၏ မျက်စိရှေ့တွင် မှုန်ဝါးသွားပြီး ပြန်လည် သတိဝင်လာချိန်၌ သူတို့သည် စိမ်းသက်နေသော ဟင်းလင်းပြင် တစ်ခုထဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဤဟင်းလင်းပြင်မှာ နယ်နိမိတ် မရှိသကဲ့သို့ ထင်မှတ်ရကာ မျက်စိတစ်ဆုံး မြင်ရသမျှမှာ မီးခိုးဖြူရောင်များသာ ဖြစ်နေခဲ့သည်။
ဟာလာဟင်းလင်း ဖြစ်နေပြီး ကောင်းကင်နှင့် မြေကြီးဟူ၍ မရှိသလို ရှေ့နောက်ဘယ်ညာဟုလည်း မရှိကာ ရည်ညွှန်းစရာ အရာဝတ္ထု တစ်ခုမျှပင် မရှိချေ။
ဆွဲငင်အားပင် မရှိပေ။
လူအများက ဟင်းလင်းပြင်ထဲတွင် ရပ်နေကြရာ တင်းယန်၊ ဆုန့်ဝမ်နှင့် တုံယန်တို့အားလုံး၏ မျက်နှာပေါ်တွင် အံ့သြနေသည့် အရိပ်အယောင်များ ထွက်ပေါ်နေကြသည်။
"အစ်ကိုလင်းယွမ်... ဒါက ဘယ်နေရာလဲ" တုံယန်က မနေနိုင်ဘဲ အော်မေးလာသည်။
ဘေးဘက်ရှိ ဆုန့်ဝမ်ကလည်း သစ်နွယ်ပင် တစ်ပင်ကို အမြန် ထုတ်လွှင့်ကာ ပတ်ဝန်းကျင်သို့ စူးစမ်းကြည့်လေသည်။
သူမကလည်း မနေနိုင်ဘဲ "ဒါက ဘယ်နေရာလဲ... ဘာလို့ မြေကြီး မရှိတာလဲ" ဟု ဆိုလာ၏။
ထိုအခါမှ တင်းယန်က တစ်ခုခုကို နားလည်သွားသကဲ့သို့ အံ့သြဝမ်းသာစွာဖြင့် မေးလာသည်။ "ရှင် ဟင်းလင်းပြင် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သွားပြီလား"
လီချင်းဟွာက မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းပြီး ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် အမြူတေကို သန့်စင်ပြီးကြောင်း သိထားသည့် တစ်ဦးတည်းသောသူမှာ သူမ ဖြစ်သည်။
ထို့အပြင် လင်းယွမ်တွင် ဟင်းလင်းပြင် အမျိုးအစား အစွမ်းရှိကြောင်းကိုလည်း သူမ သိထားပေသည်။
ထို့ကြောင့် လင်းယွမ်က သေချာပေါက် ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သူမ ချက်ချင်းပင် ခန့်မှန်းမိသွားခြင်း ဖြစ်သည်။
လင်းယွမ်က မည်ကဲ့သို့များပြားလှသော အစွမ်းများကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားကြောင်း သူမ မသိသော်လည်း လင်းယွမ်အပေါ်တွင် သူမ၏ ယုံကြည်မှုက ရာခိုင်နှုန်း အပြည့်ရှိလေသည်။
လင်းယွမ် အဆင့်တက်ပြီး စွမ်းဆောင်ရည် မြင့်တက်လာခြင်းအတွက် သူမ ဝမ်းသာပီတိ ဖြစ်ရသည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်ပြ၏။ "အင်း... ချင်းဟွာက ရှင်းမြွေမိစ္ဆာ သွေးသလင်းကျောက် တစ်စိတ်တစ်ပိုင်းကို ငါ့အတွက် ခွဲပေးခဲ့လို့ မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ထုတ်ယူပြီးပြီ... အခုတော့ ငါ့ရဲ့ ဟင်းလင်းပြင် အစွမ်းလည်း အဆင့်တက်သွားပြီး ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကိုလည်း စုစည်းနိုင်သွားပြီ"
"ဒီဟင်းလင်းပြင်က ငါ ဖန်တီးထားတဲ့ သုမာရု ဟင်းလင်းပြင်ပဲ"
"ဒါပေမယ့် နင်တို့ တွေးထားသလောက်တော့ မကြီးဘူး... ဒီဟင်းလင်းပြင် အကျယ်အဝန်းက ကုဗပေ တစ်သောင်းလေးထောင်ကျော်လောက်ပဲ ရှိတယ်... သီးခြား ဟင်းလင်းပြင် ဖြစ်တဲ့အတွက် ဆွဲငင်အား မရှိသလို ဘာအရာဝတ္ထုမှလည်း မရှိဘူး"
တင်းယန်မှာ ဝမ်းသာလွန်း၍ အံ့သြမဆုံး ဖြစ်သွားရသည်။ "ဒါဆို ရှင် အခု ပိုပြီး အစွမ်းထက်လာပြီပေါ့"
လင်းယွမ်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောတော့ချေ။
အဝေးရှိ ဆုန့်ဝမ်၏ သစ်နွယ်ပင်ကလည်း နောက်ဆုံးတွင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အကာအရံများနှင့် ထိတွေ့သွားခဲ့ပြီ ဖြစ်သည်။
သူမက သစ်နွယ်ပင်ကို ကြိုးအဖြစ် အသုံးပြုကာ ပတ်လည်တွင် သစ်နွယ်တံတား တစ်စင်း အဖြစ် ဖန်တီးလိုက်ပြီးနောက် ဘေးရှိ တုံယန်ကို ဆွဲယူလိုက်ရာ နှစ်ယောက်သား သစ်နွယ်တံတားပေါ်တွင် ထိုင်လိုက်ကြသည်။
သူမက မနေနိုင်ဘဲ အော်ပြောလာ၏။ "အစ်ကိုလင်းယွမ်... ကျွန်မတို့ ဒီမှာထိုင်ပြီး အစ်ကို အမတင်းယန်ကို သင်ခန်းစာ ပေးတာကို ကြည့်နေမယ်နော်"
တုံယန်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် သဘောကျကာ တခစ်ခစ် ရယ်မောလေတော့သည်။
လင်းယွမ်ကလည်း ရယ်မောရင်း ပြောသည်။ "ကောင်းပြီလေ... ဒါဆို ငါကပဲ နင်တို့ရဲ့ အမတင်းယန်ကို သင်ခန်းစာလေး ပေးလိုက်မယ်... မျိုးရိုးဗီဇမျိုးစေ့ကို အဆင့်တက်သွားရုံနဲ့ ဘဝင်မြင့်မသွားအောင်လို့ပေါ့"
တင်းယန်က ချက်ချင်းပင် မျက်မှောင်ပင့်လိုက်ကာ မှုန်ကုပ်ကုပ် အသံဖြင့် အော်ပြောလာသည်။ "ဘယ်သူက ဘယ်သူ့ကို သင်ခန်းစာပေးမလဲ ဆိုတာ မသေချာသေးဘူးနော်"
နောက်တစ်စက္ကန့်တွင် တင်းယန်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်ကို မြင်လိုက်ရသည်။
သူမ၏ နှလုံးသားက ဒိတ်ဒိတ်ကြဲ ခုန်ပေါက်နေပြီး သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် ဖောက်ထွင်းမြင်နိုင်သည့် လူပုံစံ စွမ်းအင်ဒိုင်းကာတစ်ခု ချက်ချင်း ထွက်ပေါ်လာလေသည်။
ဤစွမ်းအင်ဒိုင်းကာက သူမ၏ တစ်ကိုယ်လုံးကို တင်းကြပ်စွာ ဖုံးလွှမ်းထား၏။
သို့သော်လည်း လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ မျက်မှောက်ရှိ တင်းယန် ပြသနေသော အစွမ်းပုံစံက သူမ မျိုးရိုးဗီဇမျိုးစေ့ မနိုးထမီကနှင့် သိပ်ကွာခြားမှု မရှိသကဲ့သို့ပင်။
"ကျွန်မ စတိုက်တော့မယ်"
လင်းယွမ်က ခေါင်းညိတ်ပြ၏။ "လာခဲ့... နင် အဆင့်တက်ပြီး ဘာတွေ ပြောင်းလဲသွားလဲ ဆိုတာ ငါ ကြည့်မယ်"
တင်းယန်က ချက်ချင်းပင် မျက်နှာပွင့်လန်းစွာ ပြုံးလိုက်ပြီးနောက် သူမ၏ ခြေဖဝါးကို ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူမ တစ်ကိုယ်လုံးက ချက်ချင်းပင် လျင်မြန်စွာ လွင့်စင်သွားပြီး လင်းယွမ်ထံသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
သူမ၏ အလျင်က အလွန် မြန်ဆန်လွန်းလှရာ တစ်စက္ကန့်လျှင် ပေ ၂၀၀ အထက်ကိုပင် ကျော်လွန်နေလေပြီ။
လင်းယွမ်မှာ ချက်ချင်းပင် အံ့သြသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် တင်းယန်က မျိုးရိုးဗီဇမျိုးစေ့ကို ယခုမှ အဆင့်တက်ခါစ ဖြစ်သဖြင့် အဓိက အရည်အသွေးများက အများဆုံး ၅၀ ကျော်ရုံသာ ရှိသင့်သောကြောင့် ဖြစ်သည်။
သို့သော် သူမ၏ ယခု ရွေ့လျားမှု အလျင်က ၅၀ မှတ်ရှိသော အလျင်တန်ဖိုးထက် အများကြီး ပိုမို မြင့်မားနေသည်မှာ သိသာထင်ရှားလှပေသည်။
သတိပြုရမည်မှာ အလျင်က တင်းယန်၏ အဓိက အရည်အသွေး မဟုတ်ပေ။
လင်းယွမ်က မသိစိတ်အလျောက် လက်ကို မြှောက်ကာ တင်းယန် ထိုးနှက်လာသော လက်သီးကို ပိတ်ဆို့ ကာကွယ်လိုက်သည်။
သူမ၏ လက်သီးပေါ်တွင် ဖောက်ထွင်းမြင်နိုင်သည့် အလင်းရောင်များ တောက်ပနေ၏။
နောက်တစ်စက္ကန့်တွင် ထိုးနှက်လာမည့် ထိုလက်သီးက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
တင်းယန်၏ အခြား လက်တစ်ဖက်က ရုတ်ချည်း ဆန့်ထွက်လာသည်။
သူမ၏ လက်ဝါးပေါ်တွင် သန္ဓေပြောင်းစွမ်းအင်များက အလျင်အမြန် စီးဆင်းလှုပ်ရှားလာပြီး သေနတ်တစ်လက်အဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဒိုင်း"
သူမက ပြင်းထန်စွာ သေနတ်ပစ်လိုက်ရာ ထိုသေနတ်ဆီမှ ဒိုင်းခနဲ အသံနှင့်အတူ လေဆာရောင်ခြည်တစ်တန်း ပစ်ထွက်လာပြီး လင်းယွမ်ထံသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာတော့သည်။
လင်းယွမ်မှာ ချက်ချင်းပင် ထပ်မံ အံ့သြသွားခဲ့ရပြီး ခေါင်းကို အနည်းငယ် စောင်းကာ ဤစွမ်းအင်လက်နက်၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။
သို့သော် တင်းယန် ဝှေ့ယမ်းလိုက်သော လက်သီးပေါ်တွင် သန္ဓေပြောင်းစွမ်းအင်များ စုစည်းလာပြီး အမြောက်ပြောင်းတစ်ခု အဖြစ် ဖန်တီးလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
ထို့နောက် လင်းယွမ်အား ချိန်ရွယ်ကာ ပြင်းထန်စွာ အမြောက်ပစ်ခတ်လိုက်သည်။
"အုန်း"
စွမ်းအင် အမြောက်ဆန်တစ်ခုက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာသည်။
လင်းယွမ်က စိတ်စွမ်းအင်ကို အရှေ့တွင် ချက်ချင်း စုစည်းလိုက်ပြီး စိတ်စွမ်းအင် နံရံတစ်ခုအဖြစ် ဖန်တီးလိုက်သည်။
"ဘုန်း"
ကြီးမားသော စွမ်းအင်က ပေါက်ကွဲထွက်သွားသော်လည်း စိတ်စွမ်းအင် နံရံက တုပ်တုပ်မျှ မလှုပ်ပေ။
ထိုစွမ်းအင် အမြောက်ဆန်မှ ဖြစ်ပေါ်လာသော ရိုက်ခတ်လှိုင်းက လှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားပြီး အရူးအမူး တုန်ခါ မြည်ဟည်းနေတော့သည်။
လင်းယွမ်က တင်းယန်ကို ထပ်မံ ကြည့်လိုက်ရာ တင်းယန်၏ ကိုယ်လုံးက လေထဲသို့ ပျံတက်သွားပြီး သူမ၏ ကျောဘက်တွင် စွမ်းအင် ပုံစံဖြင့် အတောင်ပံများ စုစည်းထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
အတောင်ပံများပေါ်တွင် အမွေးအတောင်များ မရှိဘဲ ဂျက်လေယာဉ်နှင့် တူသော တွန်းကန်အား စက်ပစ္စည်းများ ရှိနေ၏။
"ဝုန်း"
သူမက လေထဲတွင် အလျင်အမြန် ပျံသန်းလှုပ်ရှားကာ လင်းယွမ်၏ ခေါင်းပေါ်မှနေ၍ စိတ်စွမ်းအင် နံရံကို ကွင်းရှောင်ကာ တိုက်ခိုက်လာသည်။
လေထဲတွင် ရှိနေစဉ် သူမက ဘယ်ဘက်လက်မှ စွမ်းအင်သေနတ်၊ ညာဘက်လက်မှ စွမ်းအင်အမြောက်တို့ဖြင့် အဝေးမှနေ၍ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေတော့သည်။
လင်းယွမ်က မည်သို့မျှ တုံ့ဆိုင်းမနေဘဲ လိပ်ခွံစွမ်းအင်အကာအကွယ်ကို တိုက်ရိုက် ဖွင့်လှစ်လိုက်သည်။
ချက်ချင်းပင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး တင်းယန်၏ တိုက်ခိုက်မှုများက ဒီရေအလား ပြင်းထန်နေသော်လည်း လိပ်ခွံစွမ်းအင်အကာအကွယ်ကို မည်သို့မျှ မလှုပ်ခတ်စေနိုင်ပေ။
သူတို့နှစ်ဦးကြားရှိ ကွာဟချက်က ကြီးမားလွန်းနေလေသည်။
တင်းယန်က ချက်ချင်းပင် စိတ်ပျက်သွားကာ ကိုယ်ကို တစ်ပတ်လှည့်၍ လေထဲတွင် ရပ်တန့်လိုက်ပြီး ဒေါသတကြီးဖြင့် မနေနိုင်ဘဲ ပြောလာသည်။ "ရှင် လူလည်ကျတာပဲ... ရှင့်ရဲ့ လိပ်ခွံစွမ်းအင်အကာအကွယ်က ဒီလောက်တောင် ခိုင်မာနေတာကို ကျွန်မက ဘယ်လိုလုပ် ခွဲနိုင်မှာလဲ... ရှင့်ရဲ့ အစွမ်းကို ကျွန်မနဲ့ အဆင့်တူလောက် လျှော့ထားပေးလေ"
လင်းယွမ်၏ မျက်နှာပေါ်တွင် အံ့သြချီးကျူးမှုများ ပြည့်နှက်နေပြီး ပြောလိုက်၏။ "နင့်ရဲ့ အစွမ်းသွင်းခြင်းက ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဖြစ်သွားတာလဲ... သေနတ်ရော အမြောက်ရောပါပဲလား... တွန်းကန်ပျံသန်းရေး ကိရိယာကိုတောင် လုပ်နိုင်သွားပြီပေါ့လေ"
တင်းယန်က သူ အံ့သြနေသည်ကို မြင်မှသာ အပြုံးတစ်ပွင့် ထွက်ပေါ်လာကာ ရယ်မောလျက် ပြန်ဖြေသည်။ "ဒါက ကျွန်မရဲ့ မျိုးရိုးဗီဇမျိုးစေ့ လီနီယာ စွမ်းအင်သားရဲလေ"
လင်းယွမ်က မျက်မှောင်ပင့်လိုက်ကာ အလျင်အမြန် မေးမြန်းလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ"
"လီနီယာ ဆိုတာကို ကျွန်မတို့ စကားနဲ့ ဘာသာပြန်ရရင် တိုက်ပွဲဝင်ခြင်း ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နိုင်တယ်"
"ကျွန်မ ဟို ဓားမြီး ပင်လယ်မြွေ ခန္ဓာကိုယ်ထဲကနေ သန့်စင်ထုတ်ယူလိုက်တဲ့ မျိုးရိုးဗီဇမျိုးစေ့မှာ အရမ်းပြင်းထန်တဲ့ တိုက်ပွဲဝင် မျိုးရိုးဗီဇ ပါနေတဲ့ပုံပဲ"
"ဒါကြောင့် ကျွန်မက ဒီမျိုးရိုးဗီဇမျိုးစေ့ကို နိုးထနိုင်ခဲ့တာပေါ့"
"အဲ့ဒါအပြင် ပင်ကိုယ်အစွမ်း တစ်ခုလည်း ပါသေးတယ်"
"ဘာ ပင်ကိုယ်အစွမ်းလဲ"
"စွမ်းအင် ပေါက်ကွဲမှုပဲ"
"ဘာအဓိပ္ပာယ်လဲ"
"ကျွန်မ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို... သီးသန့် သတ်မှတ်ထားတဲ့ နည်းလမ်းတွေကတစ်ဆင့် ပေါက်ကွဲထွက်စေနိုင်တယ်"
"ဒါပေမယ့် ဒီလို သီးသန့် နည်းလမ်းကိုတော့... ကျွန်မကိုယ်တိုင် စဉ်းစားကြံဆဖို့ လိုသေးတယ်"
"ဥပမာ အနေနဲ့ ကျွန်မက အစွမ်းတွေကို သေနတ် ပုံစံအဖြစ် ပြောင်းလဲလိုက်နိုင်တယ်... ဒီလိုဆိုရင် ကျွန်မ ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ကျည်ဆန်စွမ်းအင် ပုံစံမျိုးနဲ့ တိုက်ရိုက် ပစ်ထုတ်နိုင်ပြီး အစွမ်းထက်တဲ့ ပေါက်ကွဲချက်တွေ ဖြစ်စေနိုင်တယ်"
"စွမ်းအင်အမြောက် ဆိုတာကလည်း ဒီသဘောတရား အတိုင်းပဲ"
လင်းယွမ်က အံ့သြစွာဖြင့် မေးလိုက်သည်။ "နင် ပြောချင်တာက နင်သာ စွမ်းအင် ပေါက်ကွဲတဲ့ သီအိုရီကို ပိုင်နိုင်မယ်ဆိုရင်... နင့်ရဲ့ အစွမ်းကို အသုံးပြုပြီး ဒီလို ပေါက်ကွဲတဲ့ ပုံစံမျိုးကို အကောင်အထည်ဖော်နိုင်မယ် ဆိုတဲ့ သဘောလား... ပြီးတော့ စွမ်းအင် ပေါက်ကွဲတဲ့ တိုက်ကွက်အဖြစ် ဖန်တီးနိုင်တယ်ပေါ့"
"ဟုတ်တယ်... အဲ့ဒီသဘောပဲ... လောလောဆယ် ကျွန်မ စဉ်းစားလို့ရတာကတော့ သေနတ်ရယ်၊ အမြောက်ဆန်ရယ်၊ ပြီးတော့ လေယာဉ်ရဲ့ တွန်းကန်အားစက်ရယ်ပဲ ရှိသေးတယ်"
"ဒီလို စွမ်းအင် အသုံးပြုတဲ့ နည်းလမ်းက တကယ်တမ်းကျတော့ ကျွန်မ အရင်က ကြံဆခဲ့တဲ့ လေဖိအားအမြောက်လက်သီးနဲ့ အစွမ်းသွင်းခြင်း အစွမ်းတို့နဲ့ အတူတူလောက်ပါပဲ"
"ဒါပေမယ့် အရည်အသွေး အပိုင်းမှာတော့ အခုက သိသိသာသာကို ပိုပြီး အစွမ်းထက်လာတာပေါ့"
"အတင်း ဥပမာပေးရမယ် ဆိုရင်တော့... အခု ကျွန်မကိုသာ အနုမြူဗုံးရဲ့ သဘောတရားကို နားလည်အောင် လုပ်ပေးနိုင်ရင်... ကျွန်မက အနုမြူဗုံးကိုတောင် လက်နဲ့ ဖန်တီးနိုင်လိမ့်မယ်"
လင်းယွမ်မှာ ထိုစကားကို ကြားသောအခါ ဆွံ့အ အံ့သြသွားခဲ့ရသည်။ "နင်က လူပုံစံ ခဲယမ်းတိုက်ကြီး ဖြစ်နေပြီပဲ... ဘယ်လို အမြောက်ဆန်မျိုးကိုမဆို ဖန်တီးနိုင်တာပေါ့လေ"
တင်းယန်က ရယ်မောလျက် ပြန်ဖြေသည်။ "စွမ်းအင် ပေါက်ကွဲမှုပါ... ခဲယမ်းတွေရဲ့ သဘောတရားကတစ်ဆင့် ကျွန်မ ခန္ဓာကိုယ်ထဲက သန္ဓေပြောင်းစွမ်းအင်တွေကို ပေါက်ကွဲထွက်စေရုံ သက်သက်ပါ"
"အတူတူပါပဲ... အတူတူပါပဲ... ဒါဆို နင့်ရဲ့ ဒီဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းက နောင်ကျရင် စွမ်းအင်အသုံးချပုံအမျိုးမျိုးနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို ပိုပြီး လေ့လာရတော့မယ်"
တင်းယန်က ခေါင်းညိတ်ပြ၏။ "အင်း... ပိုသိလေလေ ကျွန်မ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေက သဘာဝကျကျကို ပိုများလာလေလေပဲ"
လင်းယွမ်က ပြုံးရယ်လျက် ပြောသည်။ "ကြည့်ရတာ နင့်ရဲ့ လေဖိအားအမြောက်လက်သီးက အခုတော့ တကယ့် နာမည်နဲ့ လိုက်တဲ့ အမြောက်လက်သီး အစစ် ဖြစ်သွားပြီပဲ"
"ဒါနဲ့ နင့်ရဲ့ အစွမ်းသွင်းခြင်းက အရင်တုန်းက တိုက်ခိုက်မှုနဲ့ ကာကွယ်မှု နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း လုပ်နိုင်ခဲ့တယ်... အခုရော ဘယ်လိုလဲ"
"အတူတူပါပဲ... စွမ်းအင် ပေါက်ကွဲမှု နည်းလမ်းက ပေါက်ကွဲအား အပိုင်းမှာတင်မဟုတ်ဘူး... ချက်ချင်းဆိုသလို ကာကွယ်ရေး အကာအရံ အဖြစ်လည်း စုစည်းနိုင်တယ်"
"ဒါပေမယ့် ကျွန်မက တိုက်ခိုက်မှုကို ကာကွယ်မှုထဲမှာ ပေါင်းစပ်ဖို့ ကြိုးစားသင့်တယ်လို့ ထင်တယ်... စကားတစ်ခွန်း ရှိတယ် မဟုတ်လား... အကောင်းဆုံး ခံစစ် ဆိုတာ ထိုးစစ် ဆိုပြီးတော့လေ"
လင်းယွမ်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။ မူလကတည်းက တင်းယန်သည် အမျိုးသမီး စစ်သည်တော် တစ်ဦး ဖြစ်ပြီး ယခု ဤမျိုးရိုးဗီဇမျိုးစေ့ နိုးထလာပြီးနောက်တွင် ပို၍ပင် ကြမ်းတမ်းလာလေတော့သည်။
"နင်က အမျိုးသမီး စစ်သည်တော် လမ်းကြောင်းကို အပြည့်အဝ သွားတော့မှာပဲ"
"အမျိုးသမီး စစ်သည်တော်က ဘာမကောင်းလို့လဲ... ဘာလဲ ရှင် မကြိုက်ဘူးလား"
လင်းယွမ်က ပြုံးလိုက်သည်။ "အဲ့ဒီလိုတော့ မဟုတ်ပါဘူး... နင် ပိုအစွမ်းထက်လာလေ ငါက ပိုဝမ်းသာလေပါပဲ"
"တကယ်လား"
"အင်းပေါ့"
"ဘာလို့လဲ... ယောက်ျားတွေက အားနွဲ့ပြီး လိမ္မာတဲ့သူတွေကိုပဲ သဘောကျကြတာ မဟုတ်ဘူးလား"
"လိမ္မာတဲ့သူတွေက အိမ်မှာ ရှိနေပြီပဲ မဟုတ်လား... အခု သူတို့သုံးယောက်စလုံးက ငါ့ရဲ့ တစ်ပွဲကိုတောင် မတောင့်ခံနိုင်ကြတော့ဘူးလေ... နင် ပိုအစွမ်းထက်လာရင် နောင်ကျရင် အဓိက တာဝန်ကို ယူပေးရမှာနော်"
တင်းယန်၏ မျက်နှာက ချက်ချင်းပင် အနည်းငယ် နီရဲသွားပြီး ရှက်သွေးဖြာကာ အော်ပြောလာသည်။ "ဘာတွေ လျှောက်ပြောနေတာလဲ... လူတွေ အများကြီး ရှိနေတာကို"
သူမက ဟန်ဆောင် ဒေါသထွက်ပြကာ ရုတ်တရက် လက်တစ်ဖက်ကို မြှောက်ပြီး အလစ်အငိုက် သေနတ်တစ်ချက် ပစ်ခတ်လိုက်သည်။
စွမ်းအင် လေဆာရောင်ခြည်က ချက်ချင်းပင် လင်းယွမ်ထံသို့ ပေါက်ကွဲထွက်ပေါ်လာ၏။
လင်းယွမ်က မသိစိတ်အလျောက် လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်ဆီသို့ ဖိချလိုက်သည်။
ချက်ချင်းပင် ဝုန်းခနဲ အသံနှင့်အတူ ထိုစွမ်းအင် လေဆာရောင်ခြည်က သူ၏ လက်ဝါးပြင်ထဲတွင် အရှင်လတ်လတ် ပေါက်ကွဲသွားလေသည်။
သို့သော် အစွမ်းထက်ပုံရသော ဤပေါက်ကွဲမှု စွမ်းပကားက လင်းယွမ်အား တစ်စက်ကလေးမျှပင် ထိခိုက်နာကျင်စေခြင်း မရှိခဲ့ချေ။
တင်းယန်မှာ အလွန်တရာ အံ့သြသွားခဲ့ရပြီး မနေနိုင်ဘဲ ထိတ်လန့်တကြား အော်မေးလာသည်။ "ဒါတောင် ရှင် ဘာမှမဖြစ်ဘူးလား"
လင်းယွမ်၏ မျက်နှာက မည်းမှောင်သွားခဲ့ရသည်။ "နင်က ဘာလို့ ခိုးတိုက်နေရတာလဲ"
တင်းယန်က အနည်းငယ်မျှပင် အလျှော့မပေးဘဲ ပြန်ပြော၏။ "ရှင်က ဒီလောက်တောင် အစွမ်းထက်နေတာကို ကျွန်မကို ခိုးမတိုက်ခိုင်းလို့ ရမလား... အဲ့ဒါဆို ကျွန်မက ဘယ်လိုလုပ် နိုင်တော့မှာလဲ"
လင်းယွမ်မှာ ဆွံ့အသွားခဲ့ရသော်လည်း တင်းယန်ကမူ လက်မလျှော့သေးဘဲ ဆက်မေးလာသည်။ "ရှင်က ဘယ်လိုဖြစ်နေတာလဲ... စောစောက ဘာအစွမ်းတွေများ သုံးလိုက်တာလဲ... ဒါတောင် ရှင့်ကို ထိသွားတာကို ရှင်က ဘာမှမဖြစ်ဘူးတဲ့လား"
လင်းယွမ်က သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။ "ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးက ၈၂ မှတ်အထိတောင် ရောက်နေပြီလေ... နင့်ရဲ့ ဒီလေဆာသေနတ် ပေါက်ကွဲအားရဲ့ ထိခိုက်မှု ပမာဏက ၈၂ မှတ်ကို ရောက်နိုင်လို့လား"
"ဘာ... ရှင်... ရှင့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ၈၂ မှတ်တောင် ရှိနေပြီလား... ရှင်က လူမဆန်တဲ့ ကောင်ကြီးပဲ... ဘယ်လိုတွေများ လေ့ကျင့်ထားတာလဲ"
တင်းယန်မှာ အလွန်တရာ တုန်လှုပ်သွားခဲ့ရသည်။ သတိပြုရမည်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးသည် ခံနိုင်ရည်၊ ပြန်လည် ကုသနိုင်စွမ်းနှင့် ကာကွယ်မှု စသည့် ကဏ္ဍများစွာနှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားလေ များသောအားဖြင့် ခံနိုင်ရည်ကောင်းလေ၊ ကုသနိုင်စွမ်း မြန်ဆန်လေ၊ ကာကွယ်မှု မြင့်မားလေ ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင် အများစုတွင် ဤဝိသေသလက္ခဏာမျိုး ရှိကြပေသည်။
သို့သော် လင်းယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးက ၈၂ မှတ်အထိတောင် ရောက်ရှိနေလိမ့်မည်ဟု သူမ မည်သို့မျှ တွေးထင်မထားခဲ့မိပေ။
ဆက်ရန်...
***