စကားပြောလိုက်သူမှာ အရပ်အမောင်း မြင့်မားကာ တစ်ကိုယ်လုံးတွင် ကြွက်သားများ အဖုအထစ် ထနေပြီး ခေါင်းတွင် ရွှေရောင်ပိုးကြိုးခေါင်းစည်းကို စည်းနှောင်ထား၏။
သူကား လွန်ခဲ့သော အချိန်များစွာကတည်းက ထိုက်ယန်တောင်မှ ထွက်ခွာကာ အဆင့်တက်ဖို့ နည်းလမ်းရှာဖွေရန် ကွမ်ဖူသို့ သွားရောက်ခဲ့သည့် ဝူမုန့်ပင် ဖြစ်လေသည်။
ယခုအချိန်တွင် သူ၏ အရှိန်အဝါနှင့် အင်အားကို ကြည့်ရုံဖြင့် နောက်ပါတပည့်အချို့ ခြံရံထားကာ မြေမိခင်ဂိုဏ်းတွင် အဆင့်အတန်းတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာထင်ရှားနေသည်။
ဝူမုန့်က ထိုဘက်ရှိ အမြန်လှေပေါ်မှ လင်းယွမ်ကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေ၏။
ဖန်ဟောင်၏ စကားကို ကြားသောအခါ သူက အသံကိုနှိမ့်၍ "ဟုတ်ကဲ့... ကျွန်တော် ဒီလူကို သိပါတယ်" ဟု ဖြေလိုက်သည်။
"သူ့နာမည်က လင်းယွမ်လို့ ခေါ်တယ်... ထိုက်ယန်တောင်က လာတာ"
ဖန်ဟောင်က အံ့သြသွားပြီး "ထိုက်ယန်တောင် ဟုတ်လား... ဒါဆို မင်းနဲ့ တစ်ရွာတည်းသားတွေပေါ့"
"မင်းတို့ ထိုက်ယန်တောင်မှာ ဒီလောက် အစွမ်းထက်တဲ့သူ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး"
ဝူမုန့်က သက်ပြင်းချကာ "အခြားတစ်ယောက်သာဆိုရင်တော့ ကျွန်တော် တကယ်ကို အံ့သြမိမှာပဲ"
"ဒါပေမဲ့ သူသာဆိုရင်တော့... ကျွန်တော် မျှော်လင့်မထားပေမဲ့ သိပ်တော့ မအံ့သြပါဘူး"
"ဘာလဲ... ဝူမုန့်... မင်းက သူ့ကို ကောင်းကောင်းသိနေတာလား"
"ဆရာ... လွန်ခဲ့တဲ့ လဝက်လောက်က သစ်တောဂိုဏ်းအုပ်ရဲ့ လူတွေက ရေနတ်ဘုရားဂိုဏ်း၊ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့နဲ့ ပူးပေါင်းပြီး ထိုက်ယန်တောင်ကို ဝင်တိုက်ခဲ့တဲ့ အစီအစဉ်ကို မှတ်မိသေးလား"
ဖန်ဟောင်က ထိုစကားကို ကြားသောအခါ သူ၏ ဦးနှောက်ထဲတွင် သတင်းအချက်အလက်အချို့ ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။
ထို့နောက် မျက်လုံးများ ပြူးကျယ်သွားကာ "လင်းယွမ်... သူက လင်းယွမ်ဆိုတဲ့ တစ်ယောက်လား"
သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့်ကာ မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လွင်နေပြီး လင်းယွမ်ကို ထပ်မံ ကြည့်လိုက်သောအခါ မျက်နှာသွင်ပြင်မှာ မတည်မငြိမ် ဖြစ်သွားကာ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသည့် အရိပ်အယောင်များ စွန်းထင်းနေလေသည်။
ဝူမုန့်က လေးနက်သောအသံဖြင့် "သူပဲ" ဟု အတည်ပြုလိုက်၏။
"သူလည်း ရောက်လာမယ်လို့ ထင်မထားဘူး" ဖန်ဟောင်၏ မျက်နှာမှာ အနည်းငယ် မှုန်ကုပ်သွားသည်။
သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။ "ဝူမုန့်... ဒီလူရဲ့ အစွမ်းက အတိအကျ ဘာလဲဆိုတာ မင်းသိလား"
"ငါတို့ စုဆောင်းထားတဲ့ သတင်းတွေအရဆိုရင် ဒီလူက ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လို့ ဆိုကြတယ်... တချို့ကလည်း မီးဓာတ်အစွမ်းကို ကျွမ်းကျင်တယ်လို့ ပြောကြပြီး အများစုကတော့ သူ့ကို ရေခဲဓာတ် အစွမ်းပိုင်ရှင်လို့ ပြောနေကြတာ ဘာဖြစ်လို့လဲ"
ဝူမုန့်က ထိုစကားကို ကြားသောအခါ ခေါင်းကို အသာရမ်းလိုက်ပြီး "ကျွန်တော် အခုအချိန်အထိ သူ့ရဲ့ တကယ့်အစွမ်းက ဘာလဲဆိုတာကို နားမလည်နိုင်သေးဘူး"
"ဟင်းလင်းပြင် အစွမ်းကတော့ သူကိုယ်တိုင် ဝန်ခံထားတာကို ကျွန်တော် ကြားဖူးတယ်... ဒါပေမဲ့ သူ သုံးပြတာကို မမြင်ဖူးလို့ အတိအကျတော့ အတည်မပြုရဲဘူး"
"မီးဓာတ်အစွမ်းဆိုတာတွေကတော့ အတုဖြစ်ဖို့ များတယ်... သူ သုံးတာကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး"
"သူ့ရဲ့ အဓိက အရည်အသွေးက စိတ်စွမ်းအင် ဖြစ်ရင်ဖြစ်... မဖြစ်ရင် ခွန်အား ဖြစ်လောက်တယ်"
"ဒီလူက အရမ်းကို ထူးဆန်းတယ်... ကျွန်တော်လည်း သူ့ကို အကဲခတ်လို့ မရဘူး"
ဝူမုန့်၏ စကားကြောင့် ဖန်ဟောင်မှာ မျက်မှောင်ကြုတ်သွားခဲ့သည်။ "ဘာသဘောလဲ... သူ့ရဲ့ အဓိက အရည်အသွေးက ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ... မင်းတောင် အကဲခတ်လို့ မရဘူးလား"
"မင်း သူနဲ့ ယှဉ်တိုက်ဖူးလား"
"တိုက်ဖူးပါတယ်"
"ဘယ်လိုနေလဲ"
"ကျွန်တော်က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး... အဲ့ဒီအချိန်တုန်းက သူက မျိုးရိုးဗီဇမျိုးစေ့ကိုတောင် မဖန်တီးရသေးဘူး... သူ့ရဲ့ အဓိက အရည်အသွေးကလည်း အခုလောက် အဆင့်အထိ မရောက်သေးဘူးလေ"
"သူ့ရဲ့ အဓိက အရည်အသွေးက အတိအကျ ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောနိုင်တာကတော့... သူက ဘက်စုံတော်တဲ့ပုံပဲ"
"အလျင်ပဲဖြစ်ဖြစ်၊ ခွန်အားပဲဖြစ်ဖြစ်... ခန္ဓာကိုယ်ကြံ့ခိုင်မှုကအစ အားလုံးက မျှတညီညွတ်နေတယ်လို့ ပြောလို့ရတယ်"
"ဟင်... မျှတနေတာ ပုံမှန်ပဲ မဟုတ်ဘူးလား... သာမန်လူတွေက အဓိက အရည်အသွေး မြင့်ပြီး ကျန်တဲ့ အရည်အသွေး သုံးခုက နိမ့်ပေမဲ့ အချင်းချင်းတော့ မျှတညီညွတ်နေတတ်တာပဲလေ" ဖန်ဟောင်က သံသယဖြင့် မေးလိုက်၏။
ဝူမုန့်က ခေါင်းရမ်းလိုက်ပြီး "ကျွန်တော် ပြောချင်တာက သူ့ရဲ့ အဲ့ဒီအရည်အသွေးတွေ အကုန်လုံးက သူ့ရဲ့ အဓိက အရည်အသွေးနဲ့ မတိမ်းမယိမ်း ရှိနေတာ... မျှမျှတတကို အားလုံးက စွမ်းအားကြီးနေတာကို ပြောတာပါ"
ဖန်ဟောင်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဝူမုန့်က သက်ပြင်းချရင်း "အဲ့ဒီတုန်းက ကျွန်တော်လည်း မယုံခဲ့ဘူး... နောက်တော့ သူနဲ့ ယှဉ်တိုက်ကြည့်တော့မှ သူ့ရဲ့ ခွန်အားက သူ့ရဲ့ အဓိက အရည်အသွေးလို့ ထင်ခဲ့တာ"
"ဒါပေမဲ့ ကျွန်တော် လုံးဝ မှားသွားတယ်... သူ့ရဲ့ စိတ်စွမ်းအင်က ခွန်အားထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသေးတယ်... တစ်ချက် ရင်ဆိုင်လိုက်ရုံနဲ့တင် ကျွန်တော့်ရဲ့ ဦးနှောက်က ထိန်းချုပ်လို့ မရတော့ဘဲ မျက်စိတစ်မှိတ်အတွင်းမှာတင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ"
"ကျွန်တော့်ရဲ့ အစွမ်းကသာ ထူးခြားမနေရင် အဲ့ဒီနေရာမှာတင် ရှုံးသွားလောက်ပြီ"
တကယ်တမ်းတွင် ကိုးဝူမျှော်စင်၌ လင်းယွမ်နှင့် ရင်ဆိုင်ခဲ့ရစဉ်က ဝူမုန့်မှာ တကယ်ကို သေလုနီးပါး ဖြစ်ခဲ့ရသည်။
သူ၏ စိတ်ဝိညာဉ် အသိအာရုံသည် လင်းယွမ်၏ စိတ်ဝိညာဉ်ရိုက်ခတ်မှုကြောင့် ပထမဆုံး အချိန်မှာပင် သတိလစ်သွားခဲ့ရ၏။
သူက အားကောင်းသော ပင်ကိုယ်အသိစိတ်ကို အားကိုးကာ မသိစိတ်မှ ခန္ဓာကိုယ်ကို နေရာယူ ထိန်းချုပ်စေပြီး အလိုအလျောက် ပြန်လည် တိုက်ခိုက်နိုင်ခဲ့ခြင်းမှသာ ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်က လင်းယွမ်သည် စိတ်စွမ်းအင် အရည်အသွေး အကြီးအကျယ် တိုးတက်နေရုံသာမကဘဲ ခွန်အားနှင့် အခြားသော အရည်အသွေး ဘက်ပေါင်းစုံတွင်လည်း အဆင့်မြင့်တက်နေခဲ့ပြီ ဖြစ်သည်။
ဝူမုန့်ကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ပြီး ဝူမုန့်မှာ ပြန်လည်လှုပ်ရှား ခုခံနိုင်မည့် အခွင့်အရေးပင် အလျင်းမရှိခဲ့ပေ။
ထိုတိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီးနောက်မှသာ ဝူမုန့်၏ စိတ်ဓာတ်ခွန်အားများ အောက်ခြေထိ ကျဆင်းသွားခဲ့ရသည်။
ထို့ကြောင့်ပင် သိုင်းဘုရင်ဂေဟာ၏ အမွေအနှစ်များကို စွန့်လွှတ်ကာ အလွန်လှပသော ကျွမ်းရှုယွမ်ကိုပါ ပစ်ထားရစ်ခဲ့ပြီး ပိုမို အစွမ်းထက်လာစေမည့် နည်းလမ်းကို ရှာဖွေရန် ကွမ်ဖူသို့ သွားရောက်ရန် တစ်ထစ်ချ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် အချိန်များ ပြောင်းလဲသွားပြီးနောက် လင်းယွမ်ကို ထပ်မံ မြင်တွေ့ရချိန်တွင် သူတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ ကျဉ်းမြောင်းသွားခြင်း မရှိသည့်အပြင် ကြီးမားကျယ်ပြန့်သော ချောက်ကမ်းပါးကြီးတစ်ခုသဖွယ် ပိုမို ကွာဟသွားခဲ့ပြီ ဖြစ်ကြောင်းကို သူ အံ့သြစွာ တွေ့ရှိလိုက်ရသည်။
သစ်တောဂိုဏ်းအုပ် လင်းကွမ်ချွန်းတစ်ယောက် ထိုက်ယန်တောင်၌ သေဆုံးသွားကြောင်း သတင်းကို လူများက မြေဝါနတ်ဘုရားလွင်ပြင်သို့ သယ်ဆောင်လာချိန်တွင် သူ မည်မျှလောက်တောင် ထိတ်လန့် အံ့သြကာ မယုံနိုင် ဖြစ်ခဲ့ရကြောင်းကို သူ အမြဲတမ်း မှတ်မိနေသည်။
သူ၏ ပထမဆုံး အတွေးမှာပင် လင်းယွမ်ကို ပြေးမြင်မိခြင်း ဖြစ်သည်။
ထိုက်ယန်တောင် တစ်ခုလုံးတွင် သစ်တောဂိုဏ်းအုပ်ကို သတ်ဖြတ်နိုင်စွမ်းရှိသူ တစ်ဦး ရှိမည်ဆိုလျှင် သူ စဉ်းစားမိသော တစ်ဦးတည်းသောသူမှာ လင်းယွမ် သေချာပေါက် ဖြစ်ပေလိမ့်မည်။
အစပိုင်းကမူ လင်းယွမ်သည် ထိုက်ယန်တောင်ရှိ လူအင်အား အများအပြားကို အသုံးချကာ သစ်တောဂိုဏ်းအုပ်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်း သို့မဟုတ် ခိုးကြောင်ခိုးဝှက် လုပ်ကြံသည့် နည်းလမ်းတစ်ခုခု သုံးခဲ့ခြင်း သို့မဟုတ်ပါက သင်္ကေတကျောက်တုံးများ အသုံးပြုကာ လင်းကွမ်ချွန်းကို အားကုန်ထုတ်၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်မည်ဟု သူ ထင်မြင်ခဲ့မိသည်။
သို့သော် ထိုသတင်းကို သေချာစွာ စုံစမ်းသိရှိလိုက်ရပြီးနောက် သူ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။
သူ ထင်ထားခဲ့သလို လုံးဝ မဟုတ်ခဲ့ပေ။
လင်းယွမ်သည် လင်းကွမ်ချွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း သို့မဟုတ် လူအင်အားကို အားကိုး၍ သတ်ဖြတ်ခဲ့ခြင်း မဟုတ်ခဲ့ချေ။
ထိုသို့မဟုတ်ဘဲ သူ တစ်ယောက်တည်းကသာ ထိုက်ယန်တောင်ကို ဝိုင်းရံတိုက်ခိုက်လာသော ဂိုဏ်းကြီးသုံးဂိုဏ်းမှ အစွမ်းထက်သူများ အားလုံးကို တိုက်ရိုက် ရှင်းလင်း သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်လေသည်။
ထိုတိုက်ပွဲတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ မျိုးရိုးဗီဇမျိုးစေ့ ဖန်တီးထားသည့် အစွမ်းထက်သူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရသည်ဟု ကြားသိရ၏။
အဲ့ဒီသတင်းကို ကြားလိုက်ရချိန်တွင် သူ လုံးဝကို ကြက်သေ သေသွားခဲ့သည်။
တစ်ချိန်က သူကိုယ်တိုင် စွန့်ပစ်ခဲ့သော နေရာလေးသည် ဤမျှအထိ တိုးတက်နေလိမ့်မည်ဟု သူ လုံးဝ စိတ်ကူးမယဉ်နိုင်ခဲ့ချေ။
ဒါက တိတိကျကျ ဘယ်လိုဖြစ်ရတာလဲဆိုတာကို သူ စဉ်းစား၍ မရနိုင်ခဲ့ပေ။
အစပိုင်းတုန်းက သူနှင့် ယှဉ်တိုက်ခဲ့ဖူးပြီး သူနှင့်စာလျှင် သိပ်အများကြီး အစွမ်းထက်လှသည်ဟု မထင်ရသော လူတစ်ယောက်က မည်သည့်အရာကို အားကိုး၍...
ဤမျှအထိ ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လာရသနည်း။
ထို့ကြောင့် နောက်ပိုင်းတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှအစ ကွမ်ဖူတစ်ခုလုံးအထိ ဤကိစ္စကြောင့် ပွက်လောညံသွားခဲ့လေတော့သည်။
ထိုက်ယန်တောင်၏ သတင်းအချက်အလက် အားလုံးကို စုံစမ်းရန် သူလျှိုများကို ဆက်တိုက်ဆိုသလို စေလွှတ်ခဲ့ကြသည်။
သို့သော် သတင်းများ ပြန်လည် မရောက်ရှိလာခင်မှာပင် လင်ကျန်းမြစ် အောက်ပိုင်း၌ ရေပေါ်ကျွန်းကြီး တစ်ကျွန်း ပေါ်လာသည်ဟူသော သတင်းက အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့၏။
အင်အားစု အသီးသီးက ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာကြပြီး ယခုဆိုလျှင် ကွမ်ဖူရှိ အင်အားစုများ ရောက်ရှိနေရုံမျှမကတော့ချေ။
လင်ကျန်းမြစ် တစ်ဖက်ကမ်းရှိ ပေါင်ဆန်းဒေသမှ အသက်ရှင်ကျန်ရစ်သူ အင်အားစုများလည်း ရောက်ရှိလာကြပြီး မြစ်ညာပိုင်းရှိ ကျိအန်မြို့မှ လူများပင် ရောက်လာကြပြီ ဖြစ်သည်။
ဤနေရာသည် သူ၏ စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်မည့် စင်မြင့်တစ်ခု ဖြစ်လာလိမ့်မည်ဟု ဝူမုန့် အစက ထင်မှတ်ထားခဲ့သည်။
သို့သော် လင်ကျန်းမြစ် အောက်ပိုင်းတွင် ပေါ်လာသော ရေပေါ်ကျွန်းကြီးသည် အမှောင်ဓာတ် ရေပေါ်ကျွန်းကြီး ဖြစ်နေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့မိပေ။
ယခုဆိုလျှင် စုံစမ်းရန်အတွက် လူအဖွဲ့တော်တော်များများကို စေလွှတ်ခဲ့ပြီးဖြစ်သော်လည်း အပြင်သို့ ပြန်ထွက်လာနိုင်သူ တစ်ယောက်မျှ မရှိခဲ့ချေ။
သူ၏ ရည်မှန်းချက်ကြီးမားသော မျှော်လင့်ချက်များမှာ ချက်ချင်းပင် တစ်ဝက်ကျော်မျှ ငြိမ်းသတ်ခံလိုက်ရလေသည်။
ယခုအချိန်တွင် လင်းယွမ်၏ စွမ်းအင်များကို ထပ်မံ မြင်တွေ့လိုက်ရပြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော အစွမ်းအစများကို ပြသလိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူ၏ ရင်ထဲတွင် ကျန်ရစ်နေသော မီးတောက်ငယ်လေးသည်လည်း အတော်အတန် ငြိမ်းသက်သွားရပြန်သည်။
ဤအခိုက်အတန့်တွင် လင်းယွမ်ကို မည်သို့ ရင်ဆိုင်ရမည်ကို သူ တွေးတောနေမိပြီ ဖြစ်သည်။
ဖန်ဟောင်ကမူ ဝူမုန့်၏ ရင်ထဲမှ အတွေးများကို မသိနိုင်ပေ။ သို့သော် ဝူမုန့် ပြောသည်များကို ကြားပြီးနောက် လင်းယွမ်ကို လှမ်းကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားမှုအပြည့်အဝ ရှိနေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။
"ဒီလိုလူမျိုးကိုသာ ငါတို့ မြေမိခင်ဂိုဏ်းဆီ ဆွဲခေါ်နိုင်မယ်ဆိုရင် မြေမိခင်ဂိုဏ်းရဲ့ အင်အားက သေချာပေါက် အများကြီး တိုးတက်လာမှာပဲ"
ဝူမုန့်က မသိမသာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဘာမှ ဝင်မပြောခဲ့ပေ။
ဘေးနားရှိ လူတစ်ယောက်က မနေနိုင်တော့ဘဲ "ဆရာ... ဒီလူက သစ်တောဂိုဏ်းအုပ်ကို သတ်ထားတာလေ... ကျွန်တော်တို့ မြေမိခင်ဂိုဏ်းနဲ့ မိုးမဆုံး မြေမဆုံး ရန်ငြိုးရှိနေပြီပဲ... ဘယ်လိုလုပ်ပြီး သူ့ကို ဆွဲဆောင်လို့ ရမှာလဲ" ဟု ဝင်ပြောလိုက်သည်။
ဖန်ဟောင်က စကားပြောလာသူကို တစ်ချက် စွေကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် "ဟုတ်လား... ဒါဆိုရင် မင်း သွားပြီး သူ့ကို သတ်လိုက်လေ... သစ်တောဂိုဏ်းအုပ်အတွက် လက်စားချေပေးလိုက်ပေါ့" ဟု ပြန်ပြောလိုက်သည်။
ထိုလူမှာ ချက်ချင်းပင် အသက်ရှု မှားသွားပြီး စကားပြန်မပြောနိုင်တော့ချေ။
သူလည်း လင်းယွမ်၏ အဓိက အရည်အသွေးကို မြင်တွေ့ထားပြီးဖြစ်ရာ မည်သို့များ ရဲတင်းစွာ စကားဆိုရဲပါတော့မည်နည်း။
ခုနက ပြောလိုက်သည်မှာလည်း မိမိ၏ သစ္စာရှိမှုကို ပြသချင်ယုံ သက်သက်မျှသာ ဖြစ်လေသည်။
ဖန်ဟောင်က တည်ငြိမ်စွာဖြင့် "မလုပ်နိုင်ရင်လည်း ပါးစပ်ပိတ်ထား... သောက်ပြဿနာ သွားမရှာနဲ့" ဟု ပြောလိုက်သည်။
"ဒီ လင်း ဆိုတဲ့လူက ဒီလောက်တောင် အစွမ်းထက်နေမှတော့ ဆုံးရှုံးမှု မများခင် အချိန်မီ ရပ်တန့်လိုက်တာ အကောင်းဆုံးပဲ"
"ဝူမုန့်... မင်းနဲ့ ဒီလူက သိနေတာဆိုတော့ သူ့ကို အပေါ်တက်လာဖို့ သွားဖိတ်ခေါ်လိုက်"
ဝူမုန့် ကြောင်သွားပြီး စိတ်ထဲတွင် မသွားချင်သော်လည်း အများကြီး ပြန်မပြောရဲဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာ"
သူက လင်းယွမ် ရှိရာဘက်သို့ လှည့်ကြည့်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်ကို ခုန်ပျံလိုက်ကာ မြေမိခင်ဂိုဏ်း၏ သင်္ဘောပေါ်မှ တိုက်ရိုက် ခုန်ဆင်းသွားတော့သည်။
သူ၏ ခြေအစုံဖြင့် ရေလှိုင်းများပေါ်တွင် နင်းလျှောက်ကာ လင်းယွမ်ရှိရာဆီသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပြေးသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။
ရေလှိုင်းများက သူ၏ ခြေဖဝါးအောက်တွင် ပေါက်ကွဲထွက်သွားပြီး ရေအောက်သို့ နစ်မြုပ်တော့မည့် အချိန်တိုင်းတွင် သူ၏ ဖိနပ်အောက်မှ အပြာရောင် အလင်းတန်းတစ်ခု ချက်ချင်း လင်းလက်လာကာ သူ့ကို အပေါ်သို့ ပင့်တင်ပေးလေသည်။
သူ့ခြေထောက်မှ ဖိနပ်တစ်ရန်မှာ သာမန်ဖိနပ် မဟုတ်ကြောင်း အလွန် သိသာထင်ရှားလှသည်။
လင်းယွမ်က သူ၏ အရိပ်အယောင်ကို ချက်ချင်း သတိထားမိလိုက်ပြီး သင်ခန်းစာပေးရန် လက်စွမ်းပြတော့မည့် ဆဲဆဲတွင်...
ဝူမုန့်က လက်ဦးမှုရယူကာ "လင်းယွမ်... မတွေ့တာ ကြာပြီ" ဟု လှမ်းအော်လိုက်သည်။
ထို ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ လင်းယွမ်မှာ ချက်ချင်းပင် မျက်မှောင်ပင့်သွားမိသည်။
ထို့နောက် ဝူမုန့်တစ်ယောက် ရေပြင်ပေါ်တွင် ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ ခြေအစုံပေါ်တွင် အပြာရောင် အလင်းတန်းများ လွင့်မျောနေပြီး တစ်ကိုယ်လုံးမှာ ရေပြင်ပေါ်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေလေသည်။
"ဝူမုန့်လား"
လင်းယွမ်က တစ်ဖက်လူကို မှတ်မိသွားပြီး အံ့သြမင်တက်သွားမိသည်။
ဝူမုန့်နှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု သူ မည်သို့မျှ ထင်မှတ်မထားခဲ့ချေ။
တစ်ချိန်က သူ၏ မျက်စိထဲတွင် တိုက်ခိုက်ရေး ပါရမီရှင်တစ်ဦးအဖြစ် ရှုမြင်ခဲ့ဖူးသော လူသည် ယခုအခါ မြေဝါရောင် သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရ၏။
သူ့ပုံစံကို ကြည့်ရသည်မှာ မြေမိခင်ဂိုဏ်းမှ လူတစ်ယောက်ဖြစ်နေကြောင်း အသိအသာကြီးပင်။
"မင်း ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"
သူက မနေနိုင်တော့ဘဲ အံ့သြစွာ မေးလိုက်မိသည်။
ဝူမုန့်က ခပ်ဟဟ ရယ်မောလိုက်ပြီး "မင်းလည်း ဒီမှာ ရောက်နေတာပဲ မဟုတ်ဘူးလား" ဟု ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး... ငါ ဆိုလိုတာက... မင်းက ဘာလို့ မြေမိခင်ဂိုဏ်းရဲ့ အဝတ်အစားတွေ ဝတ်ထားရတာလဲ... ငါ မှတ်မိသလောက် မင်းက ကွမ်ဖူကို သွားပြီး စစ်တပ်မှာ သွားခိုလှုံမယ်လို့ ပြောခဲ့တယ် မဟုတ်လား"
လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။
ဝူမုန့်က ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားပြီး စစ်တပ်ဘက်ရှိ စစ်သင်္ဘောများကို ခေါင်းလှည့်ကြည့်ကာ ခေါင်းကို အသာရမ်းလိုက်ရင်း "အဲ့ဒီတုန်းက ငါ သိပ်ကို ရိုးအလွန်းခဲ့တာပါ"
"တပ်ဆိုတာက ငါ တွေးထားခဲ့သလိုမျိုး မဟုတ်ဘူးကွ"
လင်းယွမ်လည်း စိတ်ဝင်စားသွားပြီး "ဘာတွေ ဖြစ်ခဲ့လို့လဲ" ဟု ချက်ချင်း မေးလိုက်၏။
ဝူမုန့်က ပြုံးလိုက်ပြီး "မိတ်ဆွေဟောင်းတွေ ပြန်တွေ့တာကို... အပေါ်တက်ပြီး စကားပြောဖို့ မဖိတ်တော့ဘူးလား"
လင်းယွမ်က ဟားတိုက် ရယ်မောလိုက်ပြီး "လာ... တက်ခဲ့လေ" ဟု ဆိုလိုက်သည်။
ဝူမုန့်လည်း ချက်ချင်း ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားကာ အမြန်လှေပေါ်သို့ ခုန်တက်သွားလေသည်။
သူတို့နှစ်ယောက် အမြန်လှေပေါ်တွင် မတ်တတ်ရပ်နေကြပြီးနောက် ဝူမုန့်က သစ်သားဖြင့် ပြုလုပ်ထားသော ဤအမြန်လှေကို တစ်ပတ် ပတ်ကြည့်လိုက်ကာ "ဒါက ထိုက်ယန်တောင်က တီထွင်ထားတာလား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဘယ်လိုလဲ... မဆိုးဘူးမလား"
"တကယ်ကို မဆိုးဘူးပဲ... စစ်တပ်ရဲ့ အမြန်လှေတွေနဲ့ ယှဉ်ရင်တော့ နည်းနည်း ကွာသေးပေမဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ နည်းပညာနဲ့ ယှဉ်ရင်တော့ မတိမ်းမယိမ်း ဖြစ်နေပြီ"
ဝူမုန့်၏ မျက်နှာပေါ်တွင် လေးနက်သော ခံစားချက်များ ပေါ်လွင်နေသည်။ လင်းယွမ်၏ ဦးဆောင်မှုအောက်တွင် ထိုက်ယန်တောင်သည် ယာဉ်များကို ကိုယ်တိုင် တီထွင်ဖန်တီးနိုင်သည့် အဆင့်အထိ တိုးတက်နေပြီဟု သူ မထင်မှတ်ထားခဲ့မိပေ။
ထိုက်ယန်တောင်သည် တကယ်ကို ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပုံရသည်။
"ထိုက်ယန်တောင်ကိုသာ မင်း ဦးဆောင်ခဲ့ရင် သေချာပေါက် ငါတို့လို လူတွေဦးဆောင်တာထက် အများကြီး ပိုကောင်းလာလိမ့်မယ်ဆိုတာ ငါ သိပြီးသားပါ"
ဝူမုန့်က ပြုံးရင်း ထိုသို့ ပြောလိုက်သည်။
လင်းယွမ်က ခပ်ဟဟ ပြုံးလိုက်ပြီး ထိုစကားကို အရေးတယူ ပြန်မပြောခဲ့ပေ။
ငါက ဦးဆောင်တယ်ဆိုတာ ဘာသဘောလဲ။
ပြောပုံက ထိုက်ယန်တောင်၏ ခေါင်းဆောင်နေရာကို သူက ဖယ်ပေးခဲ့သလိုမျိုး။
အဲ့ဒီအချိန်တုန်းက ထိုက်ယန်တောင်ရှိ အင်အားစုကြီး လေးခု ပူးပေါင်းကာ သူတို့ မီးဝါးတောမှ လူများကို သတ်ပစ်ချင်နေခဲ့ကြသည်ကို သူ အလွန် ရှင်းလင်းစွာ မှတ်မိနေသေးသည်။
သူ့ထံတွင် စနစ် သာ မရှိခဲ့လျှင် အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်စွမ်း ရှိခဲ့မည်မဟုတ်ကြောင်းကို သူ သေချာ သိနေသည်။
ထိုအကြောင်းများကို တွေးမိသောအခါ သူ၏ စိတ်အခြေအနေမှာ တည်ငြိမ်အေးချမ်းသွားလေသည်။
"မင်း ကွမ်ဖူကို သွားပြီးတော့ ဘယ်လိုလုပ် မြေမိခင်ဂိုဏ်းဆီ ရောက်သွားရတာလဲ"
"ဟားဟား... ပြောရရင်တော့ ဇာတ်လမ်းရှည်တယ်ကွ... ထိုက်ယန်တောင်က ထွက်လာကတည်းက ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ် လျှောက်လှမ်းချင်တဲ့ စိတ်ဆန္ဒတွေနဲ့ ကွမ်ဖူကို တစ်ယောက်တည်း ရောက်သွားခဲ့တာ"
"ကိစ္စတွေ အများကြီး ကြုံခဲ့ရပြီးမှ ကွမ်ဖူ စစ်တပ်ထဲကို ဝင်နိုင်ခဲ့တာ... နှမြောစရာကောင်းတာက စစ်စခန်းကို ငါ သိပ်အထင်ကြီးလွန်းခဲ့တာပဲ... သူတို့ကို ရေကြီးမှုကြီး မဖြစ်ခင်က စစ်တပ်လို့ပဲ ငါ ထင်နေခဲ့မိတာ"
လင်းယွမ် မျက်မှောင်ပင့်သွားပြီး "ဘာသဘောလဲ"
ဝူမုန့်က လှောင်ပြုံးပြုံးလိုက်ကာ "လင်းယွမ်... ကမ္ဘာကြီးက ပြောင်းလဲသွားပြီကွ... ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက်ပိုင်းမှာ နိုင်ငံကြီးတွေ ဆိုတာ မရှိတော့ဘူး"
"ငါတို့ နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်း လုံးဝပြိုလဲသွားပြီ"
"မင်း သိလား... ကွမ်ဖူစစ်ဌာနချုပ်ထဲမှာ စစ်မှန်တဲ့ လုပ်ဟန်တွေ မရှိတော့တာ ကြာပြီ... သူတို့ အတွင်းမှာလည်း သဘောထားကွဲလွဲတာတွေ ဖြစ်နေပြီး အခုဆိုရင် သိမ်းငှက်အုပ်စုနဲ့ ချိုးငှက်အုပ်စုဆိုပြီး အဖွဲ့ကြီး နှစ်ဖွဲ့ ကွဲနေကြတယ်"
"ဒီအဖွဲ့ကြီး နှစ်ဖွဲ့ထဲမှာ သိမ်းငှက်အုပ်စုက... သံမဏိ စည်းမျဉ်းကို ကျင့်သုံးပြီး... ဆင့်ကဲပြောင်းလဲ တိုးတက်လာဖို့အတွက် ဘာကိုမှ ဂရုမစိုက်ဘဲ အကုန်လုပ်ရဲကြတယ်"
"ချိုးငှက်အုပ်စုကတော့ ကမ္ဘာကြီး ကယ်တင်ရေး စည်းမျဉ်းကို ကျင့်သုံးပြီး... အသက်ရှင်ကျန်ရစ်သူတွေကို ပိုပြီး ကယ်တင်ဖို့ တွေးနေကြတုန်းပဲ"
"ငါက ကံဆိုးပြီး အဲ့ဒီကို ရောက်ရောက်ချင်းပဲ သိမ်းငှက်အုပ်စုဆီကို အခေါ်ခံလိုက်ရတယ်... သူတို့က ငါ့ရဲ့ အစွမ်းကို စမ်းသပ်ပြီးနောက် ငါ့အစွမ်းက ပြန်လည်ကုသတဲ့ ဆေးရည်တွေ သုတေသနလုပ်ဖို့ အရမ်း သင့်တော်နေတာကို တွေ့သွားကြတယ်"
ဤနေရာသို့ ရောက်သောအခါ ဝူမုန့်၏ မျက်ဝန်းအောက်ခြေတွင် အမုန်းတရားများ ပေါ်လွင်လာသည်။
"သူတို့က ငါ့ကို အကျဉ်းချထားပြီး သွေးဖောက်တယ်... အသားတွေကို လှီးထုတ်ပြီး တစ်ချိန်လုံး ငါ့ကို သုတေသန လုပ်နေကြတာကွ"
"ဒီလူတွေက အရင်တုန်းက တပ်သားတွေ မဟုတ်တော့ဘူး... သူတို့တွေက ဆင့်ကဲပြောင်းလဲဖို့အတွက် ဘာမဆို လုပ်ရဲတဲ့ကောင်တွေ ဖြစ်နေကြပြီ"
ဆက်ရန်...
***