လင်းယွမ်အတွက်တော့... ယခု ဝင်ရောက်တိုက်ခိုက်ပြီး ဂိုဏ်းကြီးသုံးဂိုဏ်းမှ အစွမ်းပိုင်ရှင်များကို ချက်ချင်း သတ်ဖြတ်ပစ်ရန်မှာ အမှန်တကယ်တော့ ခက်ခဲသော ကိစ္စမဟုတ်ပေ။
သူ၏ လက်ရှိ စွမ်းရည်အရ ဂိုဏ်းကြီးသုံးဂိုဏ်းမှ အစွမ်းထက်သူများကို သတ်ဖြတ်ရန်ဆိုသည်မှာ အသေအချာကို လုပ်နိုင်သည့် အရာပင်တည်း။
သို့သော် သူသာ ထိုသို့ လုပ်ရဲခဲ့လျှင် ထိုနေရာရှိ လူအားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းအားက အလွန် ကြီးမားလွန်းလှသဖြင့် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်နေသောကြောင့် ဖြစ်၏။
ထိုသူများသည် သူက ဂိုဏ်းကြီးသုံးဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းပစ်မည်ကို မျက်စိသူငယ်ဖြင့် ရပ်ကြည့်နေကြမည် မဟုတ်ချေ။
လင်းယွမ်က ဂိုဏ်းကြီးသုံးဂိုဏ်းမှ အစွမ်းထက်သူများကို သတ်ဖြတ်ပြီးနောက် သူတို့အပေါ်ကိုပါ ဆက်လက် တိုက်ခိုက်လာမည်လား ဆိုသည်ကို မည်သူကမျှ အသေအချာ မပြောရဲသောကြောင့်ပင်တည်း။
လင်းယွမ်တွင် စနစ်ရှိနေသည် မှန်သော်လည်း သူ၏ သန္ဓေပြောင်းစွမ်းအင်များကမူ အဆုံးအစမဲ့ ထွက်ပေါ်နေသည်တော့ မဟုတ်ပေ။
အချိန်ကြာမြင့်စွာ တိုက်ခိုက်ရ၍ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ ကုန်ခမ်းသွားပါက သူကိုယ်တိုင်လည်း အားအင်ကုန်ခမ်း၍ သေဆုံးသွားနိုင်လေသည်။
ထို့ကြောင့် လင်းယွမ်အတွက်တော့ ယခုအချိန်သည် တိုက်ခိုက်ရန် အကောင်းဆုံးအချိန် လုံးဝ မဟုတ်ချေ။
လက်ရှိ အရေးအကြီးဆုံးကိစ္စမှာ ဤရေပေါ်ကျွန်းကို အရင်ဦးအောင် လုယူရန်ပင် ဖြစ်တော့သည်။
"ဝူး... ဝူး"
အမြန်လှေ၏ အင်ဂျင်သံကြီး မြည်ဟည်းသွားပြီး ပေါက်ကွဲလေဓာတ် သင်္ကေတက အရှိန်အဟုန်ကို ပြင်းထန်စွာ မြှင့်တင်ပေးလိုက်ရာ အမြန်လှေသည် ရေလှိုင်းလုံးကြီးများကို ခွဲထုတ်လျက် ထိုဧရာမ အမည်းရောင် နယ်မြေကြီးဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားတော့သည်။
သို့သော် သူ၏ ဤလှုပ်ရှားမှုက ယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့ကြသော အဖွဲ့အစည်း အသီးသီးကို ချက်ချင်းပင် အလောတကြီး ဖြစ်သွားစေလေသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ သင်္ဘောက လင်းယွမ်နှင့် အနီးဆုံးတွင် ရှိနေပြီး လင်းယွမ် လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါ သင်္ဘောဦးပိုင်းရှိ လူငယ်တစ်ယောက်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပျက်ယွင်းသွား၏။
"ဒုက္ခပဲ... သူ ရေပေါ်ကျွန်းထဲ ဝင်တော့မယ်... သူ့ကို တားကြ"
နောက်တစ်ခဏတွင် လူငယ်၏ ဘေးနားရှိ လူများက လေးကြိုးကို ဆွဲကာ မြှားတင်လိုက်ကြပြီး အချို့ကလည်း စနိုက်ပါ သေနတ်ပုံစံ ပစ်ခတ်ရေး ကိရိယာများကို မတင်လိုက်ကြသည်။
"ဝုန်း"
"ဖောင်း"
ပြင်းထန်သော ပေါက်ကွဲသံကြီး နှစ်ခု ဆက်တိုက် ထွက်ပေါ်လာလေသည်။
သတ္တုရောင် လင်းလက်နေသော မြှားတစ်စင်းက အရှိန်အဟုန်ဖြင့် ပစ်ခတ်လာ၏။
ထို စနိုက်ပါသေနတ် အတွင်းမှလည်း မီးတောက်များ ပေါက်ကွဲထွက်လာပြီး မီးလျှံတစ်ခုက လေထုကို ခွဲထုတ်ကာ ပြေးထွက်လာသည်။
ထို အလင်းတန်းနှစ်ခုက ရှေ့ဆင့်နောက်ဆင့် မရှိဘဲ လင်းယွမ်ဆီသို့ တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်လာကြသည်။
လင်းယွမ်၏ မျက်နှာက ခက်ထန်သွားပြီး ခေါင်းကို ဆတ်ခနဲ လှည့်ကာ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ သင်္ဘောကြီးကို စိုက်ကြည့်ရင်း အော်ဆဲလိုက်၏။ "သေချင်နေတာလား"
"ဝှစ်"
သူက လက်ကို ဆန့်ထုတ်ကာ လေဟာပြင်ကို ရုတ်တရက် ထိတွေ့လိုက်သည်။
ဝုန်းခနဲ...
လေဟာပြင်တွင် အက်ကွဲကြောင်း တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ထို အက်ကွဲကြောင်း ထွက်ပေါ်လာမှုက အလွန် လျင်မြန်လှပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ပတ်ပတ်လည်သို့ ပျံ့နှံ့သွား၏။
လေထုထဲတွင် ဧရာမ အပေါက်ကြီး တစ်ခု တိုက်ရိုက် ဟက်တက်ကွဲသွားတော့သည်။
ရွှေရောင် မြှားတံဖြစ်စေ၊ မီးလျှံဖြစ်စေ အားလုံးကို ထို အက်ကြောင်းကြီးက ချက်ချင်း မျိုချပစ်လိုက်လေသည်။
ထို အက်ကြောင်းကြီး၏ ပျံ့နှံ့မှု အရှိန်မှာ ရပ်တန့်မသွားဘဲ မှောင်မည်းနေသော မျဉ်းမည်းကြီး တစ်ကြောင်းကဲ့သို့ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ သင်္ဘောဆီသို့ ရူးသွပ်စွာ ခုတ်ပိုင်းသွားတော့သည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ကုန်းပတ်ပေါ်ရှိ ထိုလူငယ်နှင့် အခြားသူများ၏ မျက်နှာများမှာ အကြီးအကျယ် ပျက်ယွင်းသွားကြ၏။
"ဘာ..."
"ဒါက ဘယ်လို အစွမ်းမျိုးလဲ"
"မြန်မြန်... မြန်မြန် ရှောင်ကြ"
"မကောင်းတော့ဘူး... ငါတို့သင်္ဘောဆီကို တည့်တည့်လာနေတာ"
"ကာထား... ကာထား"
သို့သော် ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ကုန်းပတ်ပေါ်တွင် အမျိုးမျိုးသော သန္ဓေပြောင်းစွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။
မီးတောက်များ၊ ရေလှိုင်းလုံးကြီးများ၊ ရေမြှားများ၊ ကျောက်တုံးကြီးများက အက်ကြောင်းကြီးဆီသို့ အသီးသီး ဝင်ရောက်တိုက်ခိုက်ကြလေသည်။
သို့သော် ထို အက်ကြောင်းကြီးမှာ ချောက်နက်ကြီး၏ ပါးစပ်ပေါက်ကြီးသဖွယ် ဖြစ်နေပြီး မည်သည့် တိုက်ခိုက်မှုမျိုး ဖြစ်စေကာမူ အနီးသို့ ရောက်ရှိလာသည်နှင့် ချက်ချင်း မျိုချခံလိုက်ရတော့သည်။
နောက်ဆုံးတွင် ထို အက်ကြောင်း မျဉ်းမည်းကြီးက ဧရာမ သင်္ဘောကြီးကို ဖြတ်သန်း ပျံ့နှံ့သွား၏။
ဂျွတ်ခနဲ...
ထို သင်္ဘောကြီးမှာ စက္ကူဖြင့် ပြုလုပ်ထားသကဲ့သို့ စက္ကန့်ပိုင်းအတွင်းမှာပင် နှစ်ပိုင်း ပြတ်သွားလေတော့သည်။
လူအချို့မှာ ရှောင်တိမ်းချိန် မရလိုက်ဘဲ ထို အက်ကြောင်းကြီးနှင့် ထိမိသည့် အခိုက်အတန့်၌ပင် သူတို့ပါ နှစ်ပိုင်း တိုက်ရိုက် ပြတ်သွားကြသည်။
သို့သော် ထူးဆန်းသည်မှာ နှစ်ပိုင်းပြတ်သွားသော အလောင်းများမှ သွေးများ ထွက်မလာဘဲ အသားစများမှာ ထိန်းချုပ်မရစွာဖြင့် ထို အက်ကြောင်း မျဉ်းမည်းကြီးထဲသို့ လိပ်ဝင်သွားခြင်းပင် ဖြစ်၏။
"ဟင်းလင်းပြင် အစွမ်းတွေ"
တစ်စုံတစ်ယောက်က ထို အက်ကြောင်း မျဉ်းမည်းကြီးမှာ အဘယ်အရာ ဖြစ်သည်ကို မှတ်မိသွားပြီး ချက်ချင်းပင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"ဟင်းလင်းပြင် အစွမ်း... သူက ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ပဲ"
"သေစမ်း... အမြန် ရှောင်ကြဟေ့"
"အမြန် ရေထဲခုန်ချ"
ဝိညာဉ်စွမ်းအင်ဂိုဏ်း သင်္ဘောပေါ်ရှိ လူအားလုံး ကြောက်လန့်တကြား အော်ဟစ်နေကြပြီး ကုန်းပတ်ပေါ်မှ အသီးသီး ခုန်ချကြလေသည်။
ရေနွေးအိုးထဲသို့ ဖက်ထုပ်များ ပစ်ထည့်လိုက်သကဲ့သို့ ရေပြင်ပေါ်တွင် ဗွမ်း... ဗွမ်း... ဟူသော အသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
လင်းယွမ်က ရက်စက်စွာ ရယ်မောလိုက်ပြီး "ဟားဟားဟား... ဝိညာဉ်စွမ်းအင်ဂိုဏ်း... ဒီနေ့တော့ အတိုး အရင်ယူထားလိုက်မယ်... နောက်နေ့ကျရင် ငါကိုယ်တိုင် ကွမ်ဖူကို လာပြီး မင်းတို့ အမှိုက်ကောင်တွေကို ရှင်းပေးမယ်"
လင်းယွမ်၏ ရယ်မောသံများက လှိုင်းလုံးများကြားတွင် ပဲ့တင်ထပ်နေပြီး သူ၏ အမြန်လှေမှာမူ မှောင်မည်းနေသော နယ်မြေဆီသို့ အလွန် လျင်မြန်စွာ ချဉ်းကပ်သွားပြီ ဖြစ်သည်။
လင်းယွမ်မှာ မျက်စိရှေ့တွင် ရုတ်တရက် မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရပြီး အလင်းရောင် အားလုံး လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူသည် အဆုံးစွန်ထိ မှောင်မိုက်နေသော ညဉ့်ယံထဲသို့ ချက်ချင်း ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားပြီး မျက်စိရှေ့တွင် အလင်းရောင်ဟူ၍ အနည်းငယ်မျှပင် မရှိတော့ပေ။
"ဒုန်း..."
တိုက်မိသံ တစ်ခု ထွက်ပေါ်လာပြီးနောက် လင်းယွမ်မှာ ပြင်းထန်သော လှုပ်ခါမှုကို ခံစားလိုက်ရလေသည်။
လှေတစ်ခုလုံးက တစ်ခုခုကို ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွားပြီး အရှိန်ပြင်းပြင်းဖြင့် လှုပ်ခါကာ ရှေ့သို့ ဆက်လက် ထိုးထွက်သွား၏။
လင်းယွမ် မှောင်မည်းနေသော ရေပေါ်ကျွန်းထဲသို့ ဝင်ရောက်သွားပြီးနောက် အပြင်ဘက်ရှိ သင်္ဘောများပေါ်မှ လူအားလုံး၏ မျက်နှာများမှာ အကြီးအကျယ် ပျက်ယွင်းသွားကြတော့သည်။
"ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လား"
ရေနတ်ဘုရားဂိုဏ်းဘက်တွင် ဟန်ထိုက်မှာ မနေနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်လေသည်။
ဘေးနားရှိ ရေလေးယဇ်ပုရောဟိတ် တိန့်ကျဲကလည်း ခေါင်းကို ဆတ်ခနဲ လှည့်ကာ ဟန်ထိုက်ကို ကြည့်လိုက်ပြီး ရင်ထဲမှ ကြောက်လန့်တုန်လှုပ်မှုကို မဖိနှိပ်နိုင်ဘဲ မေးလိုက်၏။ "အစ်ကိုဟန်... ခင်ဗျားက သူ့ကို ရေခဲဓာတ် အစွမ်းပိုင်ရှင်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး သူ့မှာ ဟင်းလင်းပြင် အစွမ်းပါ ရှိနေရတာလဲ"
ဟန်ထိုက်မှာလည်း ထိုအခိုက်အတန့်တွင် ကြောင်အမ်းအမ်း ဖြစ်နေပြီး တီးတိုးရေရွတ်လိုက်သည်။ "မဟုတ်သေးဘူး... ဒါ မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး... ပြီးခဲ့တဲ့ အကြိမ် သူ လင်းကွမ်ချွန်းနဲ့ ကျန်းကောချန်တို့ကို သတ်တုန်းက သုံးခဲ့တာ ရေခဲဓာတ် အစွမ်း အသေအချာပဲလေ"
"ဒါဆို... ဒါဆို သူက တစ်ပြိုင်နက်တည်းမှာ အစွမ်း နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားတာလား"
ဟန်ထိုက်မှာ ထိုသို့သော အတွေးမျိုး ရုတ်တရက် ဝင်လာသဖြင့် သူ့ကိုယ်သူပင် အလွန်တရာ လန့်ဖျပ်သွားမိသည်။
အစွမ်းပိုင်ရှင် တစ်ယောက်က အစွမ်း နှစ်မျိုးကို ပိုင်ဆိုင်နိုင်သလား။
ဟန်ထိုက် တစ်ယောက်တည်းသာ မဟုတ်ပေ။ အဝေးရှိ မြေမိခင်ဂိုဏ်း၏ သင်္ဘောပေါ်တွင် ဝူမုန့်ကလည်း ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး မျက်လုံးများပါ တုန်ရီသွားလေသည်။
"ဟင်းလင်းပြင် အစွမ်း... တကယ်ပဲ သူက ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်နေတာကိုး"
"ဒါဆို... အရင်က ကိုးဝူမျှော်စင်မှာ တိုက်ခဲ့တဲ့ ပွဲတုန်းက သူ အစွမ်းကုန်တောင် မသုံးခဲ့ဘူးပေါ့"
"စိတ်စွမ်းအင်အစွမ်း ဆိုတာကလည်း သူ့ရဲ့ များပြားလှတဲ့ အစွမ်းတွေထဲက တစ်ခုတည်းပဲလား"
"လင်းယွမ်... မင်းက တကယ့်ကို ဘယ်လို သရဲသဘက်မျိုးလဲကွာ"
ဝူမုန့်၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွားပြီး သူတို့ နှစ်ယောက်ကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းလှသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။
အကယ်၍ ယခင် ကိုးဝူမျှော်စင်တွင် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း သူသာ ကြိုးစားလိုက်လျှင် လင်းယွမ်ကို မှီနိုင်သေးသည်ဟု ခံစားခဲ့ရသည် ဆိုပါစို့။
သို့သော် ယခုတစ်ကြိမ် ပြန်လည် တွေ့ဆုံချိန်တွင်ကား လင်းယွမ်၏ အစွမ်းထက်မှု အဆင့်အတန်းမှာ သူ၏ စိတ်ကူးယဉ်မှုထက် များစွာ ကျော်လွန်နေချေပြီ။
ထိုအရာက သူ့ကို နောက်မှ လိုက်မီရန် ကြိုးစားလိုစိတ်များကိုပင် ပျောက်ကွယ်သွားစေလေသည်။
ဝူမုန့်၏ အရှေ့ဘက်တွင် မြေရိုင်းစောင့်ကြည့်သူ ဖန်ဟောင်ကလည်း သင်္ဘော၏ လက်ရန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများထဲတွင်လည်း တုန်လှုပ်မှုများ ပြည့်နှက်နေ၏။
"ဟင်းလင်းပြင် အက်ကြောင်းကြီး... သူက ဟင်းလင်းပြင် အက်ကြောင်းကြီးကိုတောင် ဖန်တီးနိုင်တာလား"
"ဟင်းလင်းပြင် အက်ကြောင်းရဲ့ ဝါးမျိုနိုင်တဲ့ စွမ်းအားကို အသုံးပြုပြီး ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်လာအောင် ဖန်တီးလိုက်တာပဲ"
"ငါသာဆိုရင် ဘယ်လို ခုခံရမလဲ"
ဖန်ဟောင်၏ စိတ်အာရုံများက လျင်မြန်စွာ ပြောင်းလဲသွားပြီး နောက်တစ်ခဏတွင် သူ ချက်ချင်း သတိဝင်လာလေသည်။
"ငါက ဘာလို့ ခုခံရမှာလဲ... ဟင်းလင်းပြင် အက်ကြောင်းဆိုတာ သဘာဝတရားရဲ့ ကြီးမားတဲ့ စွမ်းအားတစ်ခုပဲ... သူက ဟင်းလင်းပြင် အစွမ်းကို အသုံးပြုပြီး ဟင်းလင်းပြင် အက်ကြောင်း ဖြစ်လာအောင် ဖန်တီးလိုက်ရုံ သက်သက်ပဲလေ"
"အဲဒီ ဟင်းလင်းပြင် အက်ကြောင်းက ကြောက်စရာ ကောင်းတယ်လို့ ထင်ရပေမဲ့ အရှိန်က သိပ်မမြန်ပါဘူး"
"ငါ့ရဲ့ အရှိန်က လုံလောက်အောင် မြန်နေသရွေ့ အဲဒီ ဟင်းလင်းပြင် အက်ကြောင်းက ငါ့ကို လုံးဝ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"
ဖန်ဟောင်၏ အတွေးက ထိုနေရာသို့ ရောက်သွားသောအခါမှသာ ရုတ်တရက် သက်ပြင်းတစ်ချက် ချနိုင်သွားတော့သည်။
တပ်ဘက်တွင်လည်း သိမ်းငှက်အုပ်စု၏ ကိုယ်စားလှယ်များထဲမှ တစ်ဦးဖြစ်သော တင်းဟွေယိ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားလေသည်။
"ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်နေတာကိုး"
"အဓိက အရည်အသွေးကလည်း ၉၂ မှတ်အထိ မြင့်မားနေတယ်... ဖုန်းကျန့်ကုန်းထက် နည်းနည်းလေးမှ မညံ့ဘူး... အစွမ်းရဲ့ ထူးခြားမှုမှာဆိုရင်တောင် ဖုန်းကျန့်ကုန်းထက် လုံးဝ နောက်မကျဘူးပဲ"
"ငါတို့ စစ်တပ်ထဲ ဝင်လာအောင် ဒီလူ့ကို ဆွဲဆောင်နိုင်ခဲ့မယ် ဆိုရင်..."
သူ၏ စိတ်အာရုံ ပြောင်းလဲသွားပြီး ဤကိစ္စမှာ ဖြစ်နိုင်ချေ များစွာ ရှိနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လွန်ခဲ့သည့် ခဏလေးအတွင်းမှာပင် သူသည် အခြားသူများထံမှ သတင်းအချက်အလက်များကို ရရှိခဲ့ပြီး လင်းယွမ် မည်သူမည်ဝါ ဖြစ်ကြောင်းကို ရှင်းလင်းစွာ သိရှိထားခဲ့ပြီ ဖြစ်သည်။
"ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင်... ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ သူသေကိုယ်သေ ရန်ငြိုးရှိတယ်"
"ဂိုဏ်းကြီးသုံးဂိုဏ်းက ငါတို့ စစ်တပ်နဲ့လည်း ရန်ငြိုးရှိတာပဲ... ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲလေ... သူသာ မတုံးအဘူးဆိုရင် စစ်တပ်က ကမ်းလှမ်းလာတာကို သေချာပေါက် လက်ခံမှာပဲ"
ဤနေရာသို့ တွေးမိသောအခါ တင်းဟွေယိ၏ မျက်လုံးများက ပိုမို တောက်ပလာတော့သည်။
"ကျန်းယွီကျန်းဆီမှာ ဖုန်းကျန့်ကုန်း ရှိနေလို့ တိမ်မြူကျွန်းကို သိမ်းပိုက်ထားနိုင်တာ... တကယ်လို့ ဒီ လင်းယွမ်ကိုသာ ဆွဲဆောင်နိုင်ခဲ့ရင် အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအား အပိုင်းမှာ ငါတို့အုပ်စုက ချိုးငှက်အုပ်စုဘက်က လူတွေကို ထပ်ပြီး ကြောက်နေစရာ မလိုတော့ဘူး"
သူ၏ စိတ်အာရုံများ လည်ပတ်နေပြီး သူ၏ အတွေးများက အလွန်တရာ ဖြစ်နိုင်ချေ ရှိနေသည်ဟု ပို၍ ခံစားလာရသည်။
ထိုအချိန်တွင် ဘေးနားရှိ တပ်သားတစ်ယောက်က အလောတကြီး ပြောလိုက်၏။ "တပ်ရင်းမှူး... ပေါက်ဆန်းမြို့က လူတွေ နောက်ကနေ လိုက်သွားကြပြီ"
တင်းဟွေယိ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ပေါက်ဆန်းမြို့၏ သင်္ဘောများ စတင် ထွက်ခွာသွားပြီ ဖြစ်ပြီး ထို မှောင်မည်းနေသော နယ်မြေဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်ကို တွေ့လိုက်ရသည်။
သူ၏ မျက်နှာက ခက်ထန်သွားပြီး "ကောင်းလိုက်တဲ့ ရွှီဟောင်ယန်... ကြည့်ရတာ တကယ်ပဲ ငြိမ်မနေနိုင်တော့ဘူး ထင်တယ်... အားလုံး အကုန်လုံး သင်္ဘောကို အခုချက်ချင်း ထွက်ပြီး ရေပေါ်ကျွန်းဆီ ကပ်ကြ"
တပ်သားမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး အလျင်အမြန် တားဆီးလိုက်သည်။ "တပ်ရင်းမှူး... ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းထဲမှာ အန္တရာယ် များတယ်... ကျွန်တော်တို့ လူတွေ အများကြီး ဝင်သွားတာ အခုထိ ပြန်ထွက်မလာသေးဘူး... ဒါမှမဟုတ် ကျွန်တော်ပဲ လူတချို့ ခေါ်ပြီး ထပ်စမ်းဝင်ကြည့်ပေးရမလား"
တင်းဟွေယိက လက်ကို ဝှေ့ယမ်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။ "ကျားဂူထဲ မဝင်ရင် ကျားပေါက်လေးကို ဘယ်လိုလုပ် ရနိုင်မှာလဲ"
"ငါ ကိုယ်တိုင် ဝင်မယ်... အမှောင်ဓာတ် ရေပေါ်ကျွန်း ဆိုတာ အရမ်း ရှားတယ်... လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး... အမိန့်ပေးလိုက်... အမြန်ဆုံး အရှိန်နဲ့ ကပ်ကြ"
"ဟုတ်ကဲ့ပါ"
ပေါက်ဆန်းမြို့မှ အသက်ရှင်ကျန်ရစ်သူများ၏ ခေါင်းဆောင်နှင့် ကွမ်ဖူ စစ်တပ်ဘက်မှ လှုပ်ရှားလာမှုနှင့်အတူ...
အခြားသော အဖွဲ့အစည်း အသီးသီးမှ လူများလည်း ဆက်လက်၍ သည်းမခံနိုင်ကြတော့ဘဲ အသီးသီး သင်္ဘောများ ခုတ်မောင်းကာ ထို မှောင်မည်းနေသော နယ်မြေဆီသို့ တိုက်ရိုက် ပြေးဝင်သွားကြလေတော့သည်။
အထဲတွင် အန္တရာယ် ရှိ၊ မရှိ ဆိုသည်ကို မည်သူကမျှ ဂရုမစိုက်နိုင်ကြတော့ပေ။
ခြေတစ်လှမ်း နောက်ကျသွားသည်နှင့် ဤရေပေါ်ကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို အခြားသူများ လုယူသွားနိုင်ချေ ရှိနေသောကြောင့်ပင်တည်း။
ထို သင်္ဘောများ အသီးသီးက မှောင်မည်းနေသော နယ်မြေဆီသို့ ချဉ်းကပ်လာသည်နှင့်အမျှ လူတိုင်းက အလွန်တရာ မှောင်မိုက်နေသော ကမ္ဘာကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ကြရသည်။
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် သူတို့ ထို မှောင်မည်းနေသော နယ်မြေဆီသို့ ချဉ်းကပ်ပြီး မကြာမီမှာပင် ချက်ချင်း ပျောက်ကွယ်သွားကြလေသည်။
ထို မှောင်မည်းနေသော နယ်မြေမှာ တွင်းနက်ကြီး တစ်ခုသဖွယ် ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ အလင်းရောင် အားလုံးကို မျိုချပစ်လိုက်၏။
ကောင်းကင်နှင့် မြေကြီးကြားတွင် ဧရာမ အပေါက်ကြီး တစ်ခု ပေါက်သွားသကဲ့သို့ ဖြစ်နေသည်။
အရာအားလုံး မှောင်မည်းနေပြီး အထဲရှိ အခြေအနေကို လုံးဝ ထိုးဖောက် မြင်နိုင်စွမ်း မရှိတော့ပေ။
ယခုအချိန်တွင် လင်းယွမ်မှာလည်း ထိုကဲ့သို့သော ခံစားချက်မျိုးကို ခံစားနေရသည်။
အမြင်အာရုံမှာ လုံးဝ ကန့်သတ်ခံလိုက်ရပြီး မျက်မမြင် တစ်ယောက်ကဲ့သို့ ဘာကိုမျှ မမြင်ရတော့ချေ။
သူ၏ မျက်လုံးများတွင် ညကြည့်နိုင်စွမ်း ရှိနေလျှင်ပင် မည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။
"ငါ့ရဲ့ ညကြည့်စွမ်းရည်တောင် အသုံးမဝင်တော့ဘူးလား"
သူ၏ ညကြည့်စွမ်းရည်မှာ မျိုးရိုးဗီဇ အသွင်တစ်ရာမှ အလိုအလျောက် ဆင့်ကဲပြောင်းလဲလာသော ထူးခြားသည့် အစွမ်းတစ်ခု ဖြစ်သည်။
မှိန်ပျပျ အလင်းရောင်ရှိသော ပတ်ဝန်းကျင်တွင်ပင် အရာဝတ္ထုများကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိ၏။
နောက်ပိုင်း ရေအောက်တွင် ရှိနေစဉ် လင်းယွမ်၏ ညကြည့်စွမ်းရည်မှာ နောက်ထပ် တစ်ကြိမ် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သေးသည်။
အရာဝတ္ထုများ၏ အပူချိန်ကို အခြေခံကာ တုံ့ပြန်မှုများ ပြုလုပ်နိုင်ပြီး မြင်လွှာပေါ်တွင် ရုပ်ပုံများ ဖြစ်ပေါ်လာစေနိုင်လေသည်။
သို့သော် ယခုအချိန်တွင် ဤအစွမ်းများက ဤအမှောင်ဓာတ် ရေပေါ်ကျွန်းပေါ်တွင် လုံးဝ အသုံးမဝင်တော့သည့် ပုံပေါ်နေ၏။
"ဒါဆို ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းက တကယ်ပဲ အလင်းရောင် နည်းနည်းလေးတောင် မရှိတော့ဘူးလား"
လင်းယွမ်၏ ရင်ထဲတွင် သံသယ ဝင်သွားပြီး သူက လက်ဖဝါးကို ဆန့်ထုတ်ကာ ဖြည်းညင်းစွာ ပွတ်သပ်လိုက်သည်။
သူ၏ လက်ဖဝါးထဲတွင် ပူပြင်းသော မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။
သို့သော် လင်းယွမ်ကို ထူးဆန်းသွားစေသည်မှာ မီးတောက်က လက်ဖဝါးထဲတွင် လောင်ကျွမ်းနေသော်လည်း ၎င်း၏ အလင်းရောင်မှာ မီးတောက်တွင်သာ ရှိနေပြီး အပြင်ဘက်သို့ ပြန့်နှံ့သွားခြင်း၊ အနီးအနားရှိ မြင်ကွင်းများကို လင်းထိန်သွားစေခြင်းမျိုး လုံးဝ မရှိခြင်းပင်တည်း။
သူ့ကိုယ်ပိုင် လက်ဖဝါးကိုပင် ဤမီးတောက်က လင်းထိန်အောင် မလုပ်ပေးနိုင်တော့ချေ။
မီးတောက်တွင်သာ မှိန်ပျပျ အလင်းရောင် ရှိနေခြင်းမှလွဲ၍ အခြား အလင်းရောင် အားလုံးကို မျိုချခံလိုက်ရသည်မှာ အမှန်တကယ်ပင် ဖြစ်၏။
သူ့လက်ထဲရှိ ဤမီးတောက်၏ အလင်းရောင်ကပင် ယခုအချိန်တွင် အဆက်မပြတ် တိုက်စားခံနေရပြီး တဖြည်းဖြည်း မှေးမှိန်လာနေလေသည်။
သို့သော် လင်းယွမ်က ၎င်း၏ အပူချိန်မှာ ပြောင်းလဲမသွားဘဲ လက်ဖဝါးထဲရှိ မီးတောက်၏ တောက်ပမှုသာ ပြောင်းလဲသွားကြောင်းကို ခံစားသိရှိနိုင်လေသည်။
"တကယ်ပဲ အလင်းရောင်က အပြင်ကို လုံးဝ ပြန့်ထွက်မသွားနိုင်တာပဲ"
"ကြည့်ရတာ ဒီ ရေပေါ်ကျွန်း တစ်ခုလုံးကို အမှောင်ဓာတ် စွမ်းအင်တွေက ဖုံးလွှမ်းထားပြီး အလင်းဓာတ်ကို အကြီးအကျယ် ဖိနှိပ်ထားတဲ့ပုံပဲ"
ဤအရာက လင်းယွမ်ကို မြူခိုးမြို့တော်ဆီသို့ အမှတ်မထင် တွေးမိသွားစေသည်။
ယခင်က မြူခိုးမြို့တော်သည် ရေခဲကျွန်း တစ်ကျွန်း ဖြစ်ခဲ့၏။
ထိုကျွန်းပေါ်တွင် ရေဓာတ် အစွမ်းပိုင်ရှင်များမှာ အကြီးအကျယ် အားနည်းသွားကြရသည်။
ရေဓာတ် စွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် ချက်ချင်းဆိုသလို ရေခဲသွားနိုင်ချေ ရှိလေသည်။
"ဒါပေမဲ့ ရေပေါ်ကျွန်းဆိုတာက ဧရာမ သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကောင်ရဲ့ အလောင်းကနေ ဖြစ်လာတယ်ဆိုတဲ့ ကောက်ချက်အရ ကြည့်မယ်ဆိုရင်... ဒီ ရေပေါ်ကျွန်းက အမှောင်ဓာတ် သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကောင်ရဲ့ အလောင်းကနေ ဖြစ်လာနိုင်ချေ အရမ်းများတယ်"
"အဲဒီလို သန္ဓေပြောင်း သတ္တဝါရဲ့ ခန္ဓာကိုယ်ထဲမှာ အမှောင်ဓာတ် စွမ်းအင်တွေ ပြည့်နှက်နေပြီး အလင်းဓာတ်ကို ဖိနှိပ်ထားတာကလည်း သာမန်ပါပဲ"
"နှမြောစရာပဲ... ဒါက အမှောင်ဓာတ် အမျိုးအစား ရေပေါ်ကျွန်းမှန်း အစကတည်းက သိခဲ့ရင် ဝူယင့်ကို ခေါ်လာခဲ့သင့်တာ"
လင်းယွမ်က အနည်းငယ် နှမြောသွား၏။ ဝူယင်သည် အမှောင်ဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။
သူသာ ဤနေရာတွင် ရှိနေပါက ရေငတ်နေသော ငါး ရေထဲကျသကဲ့သို့ ဖြစ်နေမည်မှာ အသေအချာပင်။
ချက်ချင်းပင် သူက ခေါင်းခါလိုက်ပြီး ထို အတွေးများကို ဖယ်ရှားကာ လက်ရှိ အခြေအနေကို စတင် သုံးသပ်လိုက်လေသည်။
"အလင်းရောင်က ပြန့်ထွက်မသွားနိုင်ပေမဲ့ စိတ်စွမ်းအင်ကိုတော့ ဖိနှိပ်မထားနိုင်လောက်ဘူး"
ဆက်ရန်...
***