"ဒီအရိပ်တစ္ဆေတွေက ခန္ဓာကိုယ် မရှိဘူးလား"
"မရှိဘူး... မဟုတ်သေးဘူး... တိတိကျကျ ပြောရရင် သူတို့က အချိန်မရွေး နေရာမရွေး အရိပ်အဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားနိုင်တာ" ဟွမ်ကွမ်းဇူက ဖြေသည်။
"ဒါဆို သူတို့က ဘယ်လို တိုက်ခိုက်တာလဲ"
"ဒီအရိပ်တစ္ဆေတွေမှာ အသက်ရှင်နေတဲ့ လူတွေကို အရိပ်ကမ္ဘာထဲ ဆွဲသွင်းနိုင်တဲ့ အစွမ်းရှိတယ်... အဲ့ဒီထဲကို အဆွဲခံလိုက်ရပြီဆိုတာနဲ့ အရိပ်ထဲမှာ အပြီးတိုင် ပိတ်မိသွားတော့တာပဲ"
"အမှောင်ထုကို ချက်ချင်း ဖယ်ရှားဖို့ အလင်းဓာတ်ကို မသုံးနိုင်ဘူးဆိုရင်တော့ လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး"
"ဒါ့အပြင် အရိပ်တစ္ဆေတွေက အမြဲတမ်း အမှောင်ထဲမှာချည်း နေတာတော့ မဟုတ်ဘူး... တချို့အချိန်တွေမှာ ရုပ်လုံးပေါ်လာတတ်ပြီး အသေအလဲ တိုက်ခိုက်ပြီးတာနဲ့ အရိပ်ကမ္ဘာထဲကို ပြန်လစ်ထွက်သွားတတ်ကြတာ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ "ဒါဆို လုံးဝ ခန္ဓာကိုယ် မရှိတာတော့ မဟုတ်ဘူးပေါ့"
"သူတို့က အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကြားမှာ ကူးပြောင်းနိုင်တယ်... အချိန်အများစုကတော့ အရိပ်ထဲမှာပဲ ပုန်းကွယ်နေတတ်ကြတာ"
လင်းယွမ် ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။ ခန္ဓာကိုယ် လုံးဝမရှိတာမျိုး မဟုတ်ဘူးဆိုလျှင်တော့ သူတို့က နိုင်သူမရှိ ပြိုင်စံရှားတွေ မဟုတ်နိုင်ပေ။
အကယ်၍ ခန္ဓာကိုယ် လုံးဝမရှိလျှင်တောင်မှ စိတ်ပိုင်းဆိုင်ရာ အသိအာရုံတော့ သေချာပေါက် ရှိနေဦးမည် ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ အသိအာရုံ ရှိနေသရွေ့ စိတ်စွမ်းအင်၏ လွှမ်းမိုးမှုကိုတော့ မလွဲမသွေ ခံရမည်သာတည်း။
ထိုအချက်ကို တွေးမိသည်နှင့် လင်းယွမ်က ချက်ချင်း မေးလိုက်သည်။ "စိတ်စွမ်းအင်နဲ့ရော ဒီအရိပ်တစ္ဆေတွေကို တိုက်ခိုက်လို့ ရနိုင်လား"
"အာ... အဲ့ဒါတော့ ကျွန်တော် မသိဘူး... ကျွန်တော့်ကို ဖမ်းလာတဲ့ ရေနတ်ဘုရားဂိုဏ်းက အစွမ်းပိုင်ရှင်တွေထဲမှာ အများစုက ရေဓာတ် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်တွေချည်းပဲ"
"အရိပ်တစ္ဆေတွေနဲ့ တွေ့ရင် သူတို့လည်း အကာအကွယ် ဒိုင်းတွေကိုပဲ သုံးကြတယ်... အဲ့ဒီလိုမှ မဟုတ်ရင်လည်း သူတို့ကို နှင်ထုတ်ဖို့ ကျွန်တော့်ကို အတင်းအကျပ် အလင်းရောင် ထုတ်ခိုင်းကြတာပဲ"
လင်းယွမ်က တစ်စုံတစ်ခုကို စဉ်းစားခန်း ဝင်သွားလေသည်။ ဤအရိပ်တစ္ဆေများသည် အတော်လေး ထူးခြားလှပြီး သူတို့၏ အစွမ်းအစများကို နားထောင်ကြည့်ရသည်မှာ ဝူယင်၏ အစွမ်းနှင့် အနည်းငယ် ဆင်တူနေသယောင် ရှိသည်။
"မင်းတို့ ဒီနေရာမှာ စုံစမ်းထောက်လှမ်းနေတာ ဒီလောက် ကြာလှပြီပဲ... ဦးနှောက်အမြူတေကိုရော ရှာတွေ့ပြီလား"
"မတွေ့သေးဘူး... ဒီဦးနှောက်ရေကန်ကြီးက အရမ်းကျယ်တာ... ပြီးတော့ ဒီအရိပ်တစ္ဆေတွေရဲ့ နှောင့်ယှက်မှုတွေလည်း ရှိနေတော့ ကျွန်တော်တို့ ဒီမှာ ရောက်နေတာ နှစ်ရက် နှစ်ညရှိနေပေမယ့် ဦးနှောက်အမြူတေကို မရှာတွေ့သေးဘူး"
"ဦးနှောက်အမြူတေက ဦးနှောက်ရေကန်ထဲမှာပဲ ရှိနေသေးတယ်လို့ သေချာပေါက် အတည်ပြုနိုင်လား"
"အဲ့ဒါကတော့... ကျွန်တော်လည်း မသိဘူးဗျ"
လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် ယနေ့အချိန်အထိ ဦးနှောက်အမြူတေကို မျက်မြင်ကိုယ်တွေ့ အမှန်တကယ် မမြင်ဖူးသေးပေ။
မြူခိုးမြို့တော်တွင် ရှိနေစဉ်ကတည်းက ဦးနှောက်အမြူတေကို ချန်ယွင်တောက်က စောစီးစွာ သန့်စင်ပြီးဖြစ်လေသည်။
သူက မြေမိခင်ဂိုဏ်းမှ လူများကို ဦးနှောက်ရေကန်ထဲတွင် ရှာချင်တိုင်း ရှာနေစေရန် ငါးစာချထားခဲ့သဖြင့် အချိန်များစွာကို အလဟဿ ဖြုန်းတီးပစ်ခဲ့ရသည်။
ထို့ပြင် လီချင်းဟွာက ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို သန့်စင်နေချိန်တွင်လည်း ဦးနှောက်အမြူတေကို အခြား သက်ရှိတစ်ကောင်က စောစီးစွာ သန့်စင်သွားခဲ့ပြီး ဖြစ်သည်။
ထိုသက်ရှိမှာ လီချင်းဟွာတို့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးနောက် ဦးနှောက်အမြူတေသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
လီချင်းဟွာက ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်၏ နှလုံးအမြူတေကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဦးနှောက်အမြူတေကို မည်သို့ ရှာဖွေရမည်နှင့် ပတ်သက်၍ လင်းယွမ်ကိုယ်တိုင်တွင်လည်း မည်သည့် အရိပ်အမြွက်မျှ မရှိပေ။
သို့သော် ရေပေါ်ကျွန်းတစ်ခု၏ ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေကို ကိုက်ညီသော ဓာတ်သဘာဝရှိသူများက အလွယ်တကူ အာရုံခံသိရှိနိုင်ကြောင်းကိုမူ သူ သိထားသည်။
ဥပမာအားဖြင့် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲတွင် အတူတူ ရှိနေခဲ့သော်လည်း တင်းယန်၊ ကျိုးချင်းမင်နှင့် အခြားသူများမှာမူ ထိုဟင်းလင်းပြင်နှင့် ပတ်သက်၍ မည်သည့် ထူးခြားသော ခံစားချက်မျှ မရရှိခဲ့ကြပေ။
သို့သော် လီချင်းဟွာကမူ ဓားမြီး ပင်လယ်မြွေ၏ ခန္ဓာကိုယ်ထဲရှိ နှလုံးအမြူတေ တည်ရှိမှုကို တိကျစွာ အာရုံခံနိုင်ခဲ့လေသည်။
ဤသည်က ဓာတ်သဘာဝချင်း ကိုက်ညီမှုရှိလျှင် ရေပေါ်ကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေ တည်ရှိမှုကို အာရုံခံနိုင်စွမ်း ရာခိုင်နှုန်း များပြားကြောင်း သက်သေပြနေခြင်းပင်။
ထိုအချက်ကို တွေးမိသည်နှင့် လင်းယွမ်၏ စဉ်းစားပုံ စဉ်းစားနည်းက ချက်ချင်း ပြောင်းလဲသွားတော့သည်။
"ဒီအမှောင်ဓာတ် ရေပေါ်ကျွန်းထဲမှာ အမှောင်ဓာတ် စွမ်းအင်တွေ အများကြီး ကိန်းအောင်းနေတာပဲ"
"အထူးသဖြင့် မျက်စိရှေ့က ဒီဦးနှောက်ရေကန်ထဲမှာ အမှောင်ဓာတ် သွေးသလင်းကျောက်တွေ အများကြီး ရှိနေနိုင်တယ်"
"ငါ အမှောင်ဓာတ် သွေးသလင်းကျောက်တွေကို အရင် သန့်စင်ပြီး အမှောင်ဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းလိုက်တာ ပိုကောင်းမယ်... ပြီးမှပဲ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ဆက်ရှာတော့မယ်"
ဤသို့ တွေးလိုက်မိပြီးနောက် လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားကာ အကြံအစည် တစ်ခု ရရှိသွားလေသည်။
"မင်း ဒီဦးနှောက်ရေကန်ထဲမှာ နေတာ ကြာလှပြီဆိုတော့ ဘယ်နေရာမှာ အမှောင်ဓာတ် သွေးသလင်းကျောက်တွေ ရှိလဲဆိုတာ မသိဘူးလား"
ဟွမ်ကွမ်းဇူက ထိုစကားကို ကြားသောအခါ အနည်းငယ် စဉ်းစားလိုက်ပြီး ချက်ချင်း ပြန်ဖြေသည်။ "ရှေ့ကနေ ညာဘက်ကို ကွေ့လိုက်ရင် အမှောင်ဓာတ် စွမ်းအင်တွေ အရမ်းပြင်းထန်တဲ့ နေရာတစ်ခု ရှိတယ်... ကျွန်တော့်ရဲ့ အစွမ်းကို အစွမ်းကုန် ထုတ်သုံးရင်တောင် အဲ့ဒီက အမှောင်ဓာတ် စွမ်းအင်တွေကို ကျွန်တော့်ရဲ့ အလင်းဓာတ် စွမ်းအင်နဲ့ ဖယ်ရှားပစ်လို့ မရဘူး"
"အဲ့ဒီနေရာက ဆရာလင်း ပြောတဲ့ အမှောင်ဓာတ် သွေးသလင်းကျောက်တွေ ဟုတ်မဟုတ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူးဗျ"
လင်းယွမ်က ချက်ချင်း ဆိုလိုက်၏။ "ငါ့ကို လိုက်ပြစမ်း"
ဟွမ်ကွမ်းဇူက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့"
ရေနတ်ဘုရားဂိုဏ်းမှ လူများနှင့် နှိုင်းယှဉ်လျှင် မျက်မှောက်ရှိ လင်းယွမ် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သူ ကောင်းကောင်း သိထားသည်။
သို့သော် စွမ်းအားအရ ပြောရမည်ဆိုလျှင် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အခြားသူများထက် အဆပေါင်းများစွာ သာလွန်မြင့်မားနေသည်မှာ အသေအချာပင်။
မည်သို့ပင်ဆိုစေကာမူ သူ တစ်ယောက်တည်းဆိုလျှင် အရိပ်တစ္ဆေများဖြင့် ပြည့်နှက်နေသော ဤရေပေါ်ကျွန်းတွင် အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အစွမ်းအထက်ဆုံး လူတစ်ယောက်ကို ရွေးချယ်ပြီး သူ၏ ဘေးတွင် လိုက်ပါနေခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ဦးသည် ဦးနှောက်ရေကန်ထဲသို့ ခြေသံလုံလုံဖြင့် ဝင်ရောက်သွားကြသည်။ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိ ကျနေပြီး မည်သူကမျှ အသံကျယ်ကျယ် မထွက်ရဲကြပေ။ အနီးအနားရှိ အရိပ်တစ္ဆေများ၏ တိုက်ခိုက်မှုကို ဆွဲဆောင်မိမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ကျောက်အကြေးခွံ အကာအကွယ်၊ ရွှေကြေးခွံချပ်ဝတ်၊ လိပ်ခွံစွမ်းအင်အကာအကွယ်နှင့် မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ ရေဒိုင်းကာများကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ထားလိုက်သည်။
သူ့အနီးတွင် ကပ်လျက် လိုက်ပါလာသော ဟွမ်ကွမ်းဇူသည်လည်း လိပ်ခွံစွမ်းအင်အကာအကွယ်နှင့် မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ ရေဒိုင်းကာထဲတွင် အတူတကွ ဖုံးလွှမ်းခံထားရသည်။
ဤမျှ များပြားလှသော အကာအကွယ်များကို မြင်တွေ့လိုက်ရသဖြင့် ဟွမ်ကွမ်းဇူ၏ စိတ်ထဲတွင် များစွာ အေးချမ်းသွားရတော့သည်။
သူတို့နှစ်ဦးသည် ဦးနှောက်ရေကန်ထဲတွင် လျင်မြန်စွာ ကူးခတ်သွားကြပြီး မကြာမီမှာပင် ရှေ့နား၌ အလောင်းတစ်လောင်း ထွက်ပေါ်လာသည်။
ဟွမ်ကွမ်းဇူက တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။ "ဒါ မြေမိခင်ဂိုဏ်းက အစွမ်းပိုင်ရှင် တစ်ယောက်ပဲ... သူ သေသွားတာ တစ်ရက်တောင် ရှိနေပြီ... အရိပ်တစ္ဆေတွေက သူ့ကို အရိပ်ကမ္ဘာထဲ ဆွဲသွင်းသွားခဲ့တာ... အခုမှ သူ့အလောင်းက ဒီနေရာမှာ လာပေါ်နေလိမ့်မယ်လို့ ထင်မထားဘူး"
လင်းယွမ်က မေးလိုက်၏။ "အရိပ်တစ္ဆေတွေက အရိပ်ကမ္ဘာထဲမှာပဲ တိုက်ခိုက်ပြီး သူ့ကို သတ်ပြီးတာနဲ့ အလောင်းကို အရိပ်ကမ္ဘာထဲကနေ ပြန်လွှင့်ပစ်လိုက်တာလား"
"အဲ့ဒီလို ဖြစ်လောက်တယ်... ကျွန်တော်က အရိပ်ကမ္ဘာထဲ တစ်ခါမှ မဝင်ဖူးတော့ အဲ့ဒီကမ္ဘာက ဘယ်လိုပုံစံမျိုးလဲဆိုတာ မသိဘူးလေ"
ရှေ့သို့ ဆက်လက် ကူးခတ်သွားကြရာ မကြာမီမှာပင် ရှေ့ဘက်မှ အမှောင်ဓာတ် စွမ်းအင်များမှာ ပိုမို ပြင်းထန်လာလေသည်။
လင်းယွမ် ရုတ်တရက် ရပ်တန့်လိုက်ပြီး ဟွမ်ကွမ်းဇူကို လှမ်းဆွဲထားလိုက်သည်။
ဟွမ်ကွမ်းဇူ ကြောင်သွားပြီး တစ်ခုခု မေးရန် ပြင်လိုက်စဉ်မှာပင်...
"ဝုန်း"
ရုတ်တရက် ဘေးဘက်ရှိ ရေဒိုင်းကာကြီးမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး လင်းယွမ်၏ မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ ရေဒိုင်းကာမှာလည်း ဟိန်းထွက်ကာ တုန်ခါသွားတော့သည်။
ခဏချင်းမှာပင် ရေစီးကြောင်းများ ရိုက်ခတ်သွားပြီး သန္ဓေပြောင်းစွမ်းအင်များ ပေါက်ကွဲထွက်လာလေသည်။
ဤမျှ ကြီးမားသော လှုပ်ရှားမှုကြီးကြောင့် မရေမတွက်နိုင်သော အရိပ်တစ္ဆေများကို ချက်ချင်း ဆွဲဆောင်လိုက်သလို ဖြစ်သွားပြီး လင်းယွမ်တို့ နှစ်ဦးထံသို့ ရူးသွပ်နေသည့်အလား ပြေးဝင်လာကြသည်။
ဟွမ်ကွမ်းဇူ မျက်နှာပျက်သွားပြီး အော်လိုက်၏။ "ဒုက္ခပါပဲ"
လင်းယွမ်က တည်ငြိမ်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။ "မလန့်နဲ့... ပတ်ဝန်းကျင်ကို အလင်းရောင် ထုတ်လိုက်"
ဟွမ်ကွမ်းဇူက သူ၏အစွမ်းကို အလျင်အမြန် လည်ပတ်လိုက်ရာ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှ ရေတွက်၍မရသော အလင်းတန်းများ ဖြာထွက်လာပြီး နေမင်းငယ်လေး တစ်စင်းအလား ပတ်ဝန်းကျင်ရှိ အမှောင်ထုကို တစ်ခဏချင်းအတွင်း ဖယ်ရှားပစ်လိုက်သည်။
ခဏချင်းမှာပင် မူလက လူရိပ်များနှင့် တူသော မရေမတွက်နိုင်သည့် အရိပ်တစ္ဆေများသည် နှင်းပွင့်များ အရည်ပျော်ကျသွားသကဲ့သို့ အလျင်အမြန် နောက်ဆုတ်သွားကြပြီး အမှောင်ထုထဲသို့ ပြန်လည် ပျောက်ကွယ်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်၏ အကြည့်များက မလှမ်းမကမ်းရှိ ဧရာမ ကျောက်တုံးကြီး တစ်ခုပေါ်သို့ ကျရောက်သွားသည်။
ထိုနေရာတွင် ရေပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦး မတ်တတ်ရပ်နေပြီး သူတို့နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
"ရေနတ်ဘုရားဂိုဏ်း"
"သူတို့ပဲ"
ဟွမ်ကွမ်းဇူ ချက်ချင်း ဒေါသထွက်သွားပြီး ပြောလိုက်သည်။ "သူတို့က ကျွန်တော်တို့ကို တမင်သက်သက် ဝင်တိုက်ခိုက်တာပဲ... အသံထွက်အောင် လုပ်ပြီး အရိပ်တစ္ဆေတွေရဲ့ လက်နဲ့ ကျွန်တော်တို့ကို သတ်ချင်နေတာ"
လင်းယွမ်၏ မျက်နှာက တည်ငြိမ်နေဆဲပင်။ သူက လက်ကို မြှောက်ကာ လေဟာပြင်ဆီသို့ ပြင်းထန်စွာ တစ်ချက် ထိုးဟန်ပြလိုက်သည်။
မလှမ်းမကမ်းတွင် ရှိနေသော ရေနတ်ဘုရားဂိုဏ်းမှ အမျိုးသားနှစ်ဦးသည် တစ်စုံတစ်ခုကို ချက်ချင်း သတိထားမိသွားကြသည်။
"စိတ်စွမ်းအင်နဲ့ တိုက်ခိုက်တာဟေ့"
သူတို့နှစ်ဦး၏ ဦးခေါင်းများ တုန်ခါသွားပြီးနောက် ရွှေရောင်အလင်းတန်းများ လင်းလက်လာသည်။ ထိုအခါမှ သူတို့၏ ဦးခေါင်းပေါ်တွင် ရွှေရောင် ဦးခေါင်းဆင်ယင်မှုများကို တပ်ဆင်ထားကြောင်း တွေ့လိုက်ရသည်။
ထိုဦးခေါင်းဆင်ယင်မှုများပေါ်တွင် သင်္ကေတ အချို့ကိုလည်း ထွင်းထုထားသေး၏။
ယခုအချိန်တွင် ထိုသင်္ကေတများ လင်းလက်လာပြီး သူတို့နှစ်ဦး၏ ဦးခေါင်းများကို ဖုံးလွှမ်းကာ လင်းယွမ်၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သည်။
သို့သော် အသက်ရှူကြိမ် အနည်းငယ်မျှသာ ကြာသောအခါ ထိုသူနှစ်ဦး၏ ဦးခေါင်းဆင်ယင်မှုများထံမှ "ကျွီ... ကျွီ" ဟူသော အသံများ ထွက်ပေါ်လာလေသည်။
နှစ်ယောက်စလုံး၏ မျက်နှာများ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြသည်။
"ဒုက္ခပဲ... သူ့ရဲ့ စိတ်စွမ်းအင်က အရမ်း သန်မာလွန်းနေတယ်"
"မြန်မြန် ဆုတ်ကြမယ်... မျက်နှာချင်းဆိုင် ယှဉ်တိုက်လို့ မရနိုင်ဘူး"
သူတို့နှစ်ဦး၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး အခြေအနေ မဟန်သည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် နောက်သို့ ဆုတ်ခွာသွားကြသည်။
စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များ၏ တိုက်ခိုက်နိုင်သော အကွာအဝေးမှာ သတ်မှတ်ထားချက် ရှိကြောင်းကို သူတို့ ကောင်းကောင်း သိထားပုံရသည်။ ထိုစိတ်စွမ်းအင် တိုက်ခိုက်မှု အတိုင်းအတာထဲမှ လွတ်မြောက်သွားသည်နှင့် လင်းယွမ်၏ တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။
လင်းယွမ်က အေးစက်စက် တစ်ချက် ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။
"ဝှစ်" ခနဲ အသံနှင့်အတူ ချွန်ထက်သော ရေခဲဆူးချွန် နှစ်ခု စုစည်းထွက်ပေါ်လာသည်။
"ဝှီး... ဝှီး"
ချွန်ထက်သော လေခွင်းသံကြီး နှစ်သံ တစ်ခဏချင်းအတွင်း ပေါက်ကွဲထွက်ပေါ်လာပြီး ထိုရေခဲဆူးချွန် နှစ်ခုသည် ပုံရိပ်ယောင်များအလား ပြင်းထန်စွာ ပစ်လွှတ်သွားလေသည်။
ရေနတ်ဘုရားဂိုဏ်းမှ လူနှစ်ယောက်က ထိုမြင်ကွင်းကို မြင်လိုက်ရသော်လည်း မည်သည့် ထိတ်လန့်မှုမျှ မဖြစ်ပေါ်ဘဲ အေးစက်စက်သာ ပြုံးလိုက်ကြသည်။
သူတို့က လင်းယွမ်ကို မမြင်ရသလို လင်းယွမ် မည်သည့် နည်းလမ်းများကို အသုံးပြုလိုက်သလဲ ဆိုသည်ကိုလည်း မသိကြပေ။
သို့သော် လေခွင်းသံများ ထွက်ပေါ်လာခြင်းကြောင့် တစ်စုံတစ်ရာကို ပစ်လွှတ်လိုက်ပြီဆိုတာကတော့ သိသာထင်ရှားလှသည်။
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များ အရိပ်လို လှုပ်ရှားသွားပြီး တစ်ခဏချင်းအတွင်းမှာပင် ဒြပ်စင်ပြောင်းလဲခြင်း အခြေအနေသို့ ရောက်ရှိသွားကြသည်။
နှစ်ယောက်စလုံးက ရေဓာတ်ဒြပ်စင် အစုအဝေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများထဲသို့ ပျော်ဝင်သွားကြလေသည်။
သို့သော် နောက်တစ်ခဏတွင် ထိုရေခဲဆူးချွန် နှစ်ခုက ရေစီးကြောင်းထဲသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်သွားသည်။
ထို့နောက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။
ရေခဲဆူးချွန်များ အပိုင်းပိုင်း အစစ ကွဲအက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က အရပ်လေးမျက်နှာသို့ တစ်ခဏချင်းအတွင်း လွှမ်းခြုံသွားလေသည်။
ပတ်ဝန်းကျင်ရှိ ရေခိုးရေငွေ့များနှင့် ရေလှိုင်းများ ချက်ချင်းပင် ရေခဲအဖြစ် အေးခဲသွားကြသည်။
ဒြပ်စင်ပြောင်းလဲထားသော ရေနတ်ဘုရားဂိုဏ်းမှ လူနှစ်ယောက်မှာ စူးစူးဝါးဝါး အော်ဟစ်သံ တစ်ချက်သာ ထွက်ပေါ်လာနိုင်တော့သည်။
နောက်တစ်ခဏတွင် သူတို့၏ ဒြပ်စင်ပြောင်းလဲထားသော ခန္ဓာကိုယ်များသည် လုံးဝ အေးခဲသွားခြင်း ခံလိုက်ရလေသည်။
"ဂျစ်"
ထိုပေါက်ကွဲမှု၏ ရိုက်ခတ်မှုလှိုင်းကြောင့် ရေခဲအက်ကြောင်းများ အလျင်အမြန် ကွဲအက်သွားသည်။
"ခွမ်း"
ခဏချင်းမှာပင် ထိုလူနှစ်ဦး ပြောင်းလဲထားသော ဒြပ်စင်ခန္ဓာကိုယ်များမှာ ရေခဲတုံးလေးများအဖြစ် တိုက်ရိုက် ကွဲကြေသွားပြီး လုံးဝ သေဆုံးသွားကြတော့သည်။
ဤသည်က ရေဓာတ် အမျိုးအစား အစွမ်းပိုင်ရှင်များ အဘယ်ကြောင့် ရေခဲဓာတ် အမျိုးအစား အစွမ်းပိုင်ရှင်များကို ကြောက်ရွံ့ကြသလဲ ဆိုသည့် အကြောင်းရင်းပင် ဖြစ်သည်။
ရေခဲဓာတ် အမျိုးအစား အစွမ်းပိုင်ရှင်များနှင့် ရင်ဆိုင်ရပါက ရေဓာတ် အမျိုးအစား အစွမ်းပိုင်ရှင်များ၏ အမျိုးမျိုးသော အစွမ်းအစ နည်းလမ်းများ အားလုံးမှာ ဖိနှိပ်ခြင်း ခံရမည်သာတည်း။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်သော ဒြပ်စင်ပြောင်းလဲသည့် နည်းလမ်းများပင်လျှင် ရေခဲဖြင့် ပိတ်လှောင်ခြင်းကို ခံရကာ ပျက်စီးသွားရမည် ဖြစ်သည်။
လင်းယွမ် ပြောခဲ့သလိုပင် ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှုကြီး အောက်တွင် သန္ဓေပြောင်းစွမ်းအင် အမျိုးအစားပေါင်း ထောင်သောင်းချီ ရှိနေသော်လည်း...
မည်သည့် အစွမ်းကမျှ ပြိုင်ဘက်ကင်း ယှဉ်နိုင်သူမရှိ ဆိုတာမျိုး လုံးဝ မရှိပေ။
အစွမ်းများ အချင်းချင်းကြားတွင် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖိနှိပ် ချုပ်ချယ်နိုင်စွမ်း ရှိကြသည်။
ဤသည်ကပင် လင်းယွမ် အဘယ်ကြောင့် သူ၏ အားနည်းချက် အားလုံးကို ဖြည့်ဆည်းရန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်လု၍ ကြိုးစားနေရသလဲ ဆိုသည့် အကြောင်းရင်းပင် ဖြစ်လေသည်။
အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမျိုးစေ့က သူ၏ ဤပြဿနာကို ပြီးပြည့်စုံစွာ ကူညီဖြေရှင်းပေးခဲ့သည်။
၎င်းက သူ၏ အားနည်းချက် အားလုံးကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသည်။
ထို့ပြင် စနစ်၏ အမှတ်များနှင့်လည်း အပြန်အလှန် ပေါင်းစပ်ကာ သူ၏ စွမ်းအားများကို အလျင်အမြန် မြှင့်တင်ပေးနိုင်သေး၏။
လင်းယွမ် လက်ကို ပြန်ရုပ်လိုက်ပြီး အေးစက်စက် ပြုံးလိုက်ကာ ပတ်ဝန်းကျင်ရှိ မည်းမှောင်နေသော ပုံရိပ်ယောင်များကို တစ်ပြိုင်နက်တည်း အကဲခတ် ကြည့်ရှုလိုက်သည်။
စောစောက ပထမဆုံး စိတ်စွမ်းအင် ရိုက်ခတ်မှုလှိုင်း အောက်တွင် ပတ်ဝန်းကျင်ရှိ အရိပ်တစ္ဆေများ အားလုံး စိတ်စွမ်းအင် တိုက်ခိုက်ခံခဲ့ရသည်။
အကောင် အတော်များများမှာ ပွဲချင်းပြီး သေဆုံးသွားကြပြီး၊ အချို့ကမူ အမှောင်ထုထဲသို့ ချက်ချင်း ပုန်းအောင်းသွားကြကာ မည်သည့်နေရာသို့ ရောက်သွားမှန်း မသိရတော့ပေ။
"ဒီအရိပ်တစ္ဆေတွေက အရိပ်ကမ္ဘာထဲ ပုန်းအောင်းသွားပြီးတာနဲ့ စိတ်စွမ်းအင်ကိုတောင် ရှောင်လွှဲနိုင်သွားတာလား"
လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် ပြဿနာပေးနိုင်သည်ဟု ခံစားလိုက်ရသည်။
သို့သော် ဤကိစ္စက သူ့ကို အံ့အားသင့်သွားစေခြင်းတော့ မရှိပေ။
ဟင်းလင်းပြင် အစွမ်းကပင် စိတ်စွမ်းအင် ထောက်လှမ်းမှုကို ဟန့်တားနိုင်စွမ်း ရှိသည် မဟုတ်ပါလော။
ဤကဲ့သို့သော အရိပ်ကမ္ဘာကရော ဘာကြောင့် မလုပ်နိုင်ရမည်နည်း။
အမှန်တကယ်တွင် ဒြပ်စင် အမျိုးအစား အစွမ်းပိုင်ရှင်များသည်လည်း ၎င်းတို့၏ ဒြပ်စင်ကာကွယ်ရေး အစွမ်းများကို အားကိုး၍ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိကြသည်။
စိတ်စွမ်းအင် တိုက်ခိုက်မှုမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ပုံသဏ္ဌာန် မရှိသည့်အပြင် လင်းယွမ်၏ စိတ်စွမ်းအင်ကလည်း လုံလောက်သော သန်မာမှု ရှိနေသောကြောင့်သာ...
လင်းယွမ် ယခုအချိန်အထိ ဖြတ်သန်းလာခဲ့သော ခရီးတစ်လျှောက်တွင် စိတ်စွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် ရန်သူများ ခုခံနိုင်စွမ်း မရှိတော့သကဲ့သို့ ထင်မှတ်ရခြင်း ဖြစ်သည်။
သို့သော် လင်းယွမ်သည် ကွမ်ဖူမှ လူများနှင့် ပိုမို ထိတွေ့လာရသည်နှင့်အမျှ ပြင်းထန်သော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိလာရသည်။
ကွမ်ဖူမှ လူများမှာ ရွှေကို ဦးခေါင်းဆင်ယင်မှုအဖြစ် အသုံးပြုကြပြီး သင်္ကေတများကိုပါ ထွင်းထုထားလေ့ ရှိကြသည်။
ဤအရာက သဘာဝအရ အလှဆင်ရန် မဟုတ်ဘဲ စိတ်စွမ်းအင် အလစ်တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ဖြစ်သည်။
ကွမ်ဖူမှ လူများသည် စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များကို ရင်ဆိုင်ရန် နည်းလမ်း ရှာတွေ့သွားပြီဖြစ်ကြောင်း အထင်အရှားပင်။
နှမြောစရာ ကောင်းသည်က လင်းယွမ်၏ စိတ်စွမ်းအင်မှာ သန်မာလွန်းနေပြီး သာမန် အစွမ်းပိုင်ရှင်များထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။
သူတို့က ရွှေရောင် ဦးခေါင်းဆင်ယင်မှုများကို တပ်ဆင်ထားလျှင်ပင် လင်းယွမ်၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို အလုံးစုံ ဟန့်တားနိုင်စွမ်း မရှိဘဲ အလွန်ဆုံး အားပျော့သွားအောင်သာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။
သို့သော် အားပျော့သွားသော စိတ်စွမ်းအင် အင်အားကပင် သူတို့ကို အပြင်းအထန် ဒဏ်ရာရသွားစေရန် လုံလောက်နေသေး၏။
ဤသည်ကပင် လင်းယွမ်၏ ၈၃.၅ မှတ်အထိ မြင့်မားနေသော ကြောက်မက်ဖွယ် စိတ်စွမ်းအင်၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
"သွားကြမယ်"
လင်းယွမ်က ဟွမ်ကွမ်းဇူကို လှမ်းခေါ်လိုက်မှသာ ဟွမ်ကွမ်းဇူမှာ ထိတ်လန့်နေရာမှ သတိပြန်ဝင်လာတော့သည်။
သူက လင်းယွမ်ကို လှည့်ကြည့်လိုက်ပြီး အံ့အားသင့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "ဆရာလင်း... ဆရာလင်းက ပိုပြီး စွမ်းအားကြီးလာသလိုပဲနော်"
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခပ်အေးအေးသာ ဆိုလိုက်၏။ "သာမန်ပါပဲ... အချိန်မဖြုန်းနဲ့တော့... ဆက်ပြီး လမ်းပြစမ်း"
ဟွမ်ကွမ်းဇူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားသွားပြီး သူ မှီခိုအားထားစရာ အကြီးကြီးတစ်ခုကို ရလိုက်ပြီဟု ခံစားလိုက်ရသည်။
အခု ပြန်စဉ်းစားကြည့်လျှင် အစတုန်းက သူ ဘယ်လို သတ္တိမျိုးတွေ မွေးပြီး ဆရာလင်းကို အတင့်ရဲစွာ ရန်စခဲ့မိသလဲ မသိတော့ပေ။
ဟိုးအရင် မြို့တော်ကုန်သွယ်ရေးစင်တာမှာတုန်းက ဆရာလင်းက စိတ်စွမ်းအင် ရိုက်ခတ်မှု တစ်ချက်တည်းနဲ့ သူ့ကို တိုက်ရိုက် မသတ်ခဲ့တာဟာ တကယ်ကို ငဲ့ညှာ ပေးခဲ့တာပဲ ဖြစ်သည်။
ဟွမ်ကွမ်းဇူက တိတ်တဆိတ် ဝမ်းသာကျေနပ်သွားပြီး လင်းယွမ်ကို ခေါ်ဆောင်ကာ မှောင်မည်းနေသော ရေကန်အောက်ခြေသို့ အလျင်အမြန် ဆက်လက် သွားရောက်လေသည်။
မကြာမီ သူ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး အော်ပြောလိုက်သည်။ "ဆရာလင်း... ရောက်ပြီဗျ"
ဆက်ရန်...
***