*
"ထိုနေ့က... နေမင်းကြီးသည် တစ်ခါဝင်သွားခဲ့ပြီးနောက် ဘယ်သောအခါမျှ ပြန်လည်ထွက်ပေါ်မလာတော့ပေ...
စာရေးဆရာ ကဏ္ဍ...
Perfect World၊ The Sacred Ruins နှင့် World of Longevity ကဲ့သို့ ကမ္ဘာကျော် လူကြိုက်များခဲ့သည့် စာစဉ်များ၏ နောက်ကွယ်မှ ဂန္ထဝင်သူရဲကောင်းကြီး... WebNovel ၏ အကျော်အမော် စာရေးဆရာ Chen Dong သည် သူ၏ ရည်မှန်းချက်အကြီးမားဆုံးသော မော်ကွန်းသစ်တစ်ခုနှင့်အတူ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
Platform ၏ အချိန်တိုင်းတွင် အကောင်းဆုံးသော စာရေးဆရာများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဤ Worldbuilding ၏ ဆရာသခင်သည် စာပေဇယားများကို အကြိမ်ကြိမ် လွှမ်းမိုးထားနိုင်ခဲ့သူဖြစ်ပြီး သူ၏ ဝတ္ထုအများအပြားမှာလည်း အောင်မြင်ကျော်ကြားသည့် ဂိမ်းများအဖြစ် အသွင်ပြောင်း ဖန်တီးခြင်း ခံခဲ့ရသည်။ ဤလမ်းသစ်ထွင်သူ စာရေးဆရာကြီးမှ စာအုပ်အသစ်တစ်အုပ် ထုတ်လိုက်တိုင်းမှာ... သန်းနှင့်ချီသော စာဖတ်ပရိသတ်များကတော့ အိပ်စက်ခြင်းကို မေ့လျော့ပြီး စောင့်မျှော်ဖတ်ရှုကြရစမြဲပင် ဖြစ်သည်။
***
နေမင်းကြီးသည် တစ်ခါဝင်သွားခဲ့ပြီးနောက် ဘယ်သောအခါမျှ ပြန်လည်ထွက်ပေါ်မလာတော့ပေ။
ညသည် ဘယ်သောအခါမှ မကုန်ဆုံးနိုင်တော့။
လောကကြီးတစ်ခုလုံးသည် အရာအားလုံးကို ဝါးမြိုနေသည့် အဆုံးအစမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ ပိန်းပိတ်အောင် မှောင်မိုက်နေသည်။
နေ့ခင်းဆိုသည်မှာ အတိတ်ဟောင်းမှ အရာတစ်ခု၊ ဒဏ္ဍာရီတစ်ခုသာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ခဲနေသော မြေပြင်မှာ ကျယ်ပြောလှပြီး လေသည်လည်း အေးစက်စူးရှနေသည်။
နှင်းမုန်တိုင်းများ တိုက်ခတ်လာပြီးနောက် မြေပြင်ပေါ်တွင် လူတစ်ယောက်၏ အရပ်တစ်ဝက်နီးပါးအထိ နှင်းများ စုပုံလာခဲ့သည်။
ရွှမ်ရှုရွာကလေးသည် ထူထပ်သော နှင်းများအောက်တွင် တစ်ဝက်ခန့် နစ်မြုပ်နေသည်။
အချိန်ကာလ၏ မေ့လျော့ခြင်းကို ခံထားရဟန်တူသော ဤရွာကလေးတွင် အိမ်ခြေ ၄၀ သို့မဟုတ် ၅၀ ခန့်သာ ရှိပြီး ညအချိန်တွင် အိမ်အစုအဝေးများ၏ ဝေဝါးသော ပုံရိပ်လွှာများကိုသာ မြင်တွေ့နိုင်သည်။
တဟူးဟူး တိုက်ခတ်နေသော လေပြင်းများကြားတွင် အမိုးအတော်များများမှာ ပြုတ်ထွက်တော့မည့်အတိုင်း တုန်ခါနေကြသည်။
ချင်မင်သည် အလွန်အားနည်းနေသည်။
ဗိုက်ဆာလွန်းသဖြင့် နိုးလာခဲ့ရာ သူ့ဗိုက်ထဲမှ တဂွီဂွီနှင့် အဆက်မပြတ် မြည်နေပြီး ဤအေးစက်သောညတွင် မည်သည့်အစားအစာကိုမဆို တွေးမိရုံနှင့် တံတွေးများ အထိန်းအကွပ်မဲ့ ထွက်လာခဲ့သည်။
အငွေ့ တလူလူ ထနေသော အသားဟင်းများ သို့မဟုတ် အရသာရှိသော သစ်သီးများကို မဆိုထားနှင့် အေးစက်မာကျောသော ပေါင်မုန့်တစ်ဖဲ့အကြောင်း တွေးမိရုံနှင့်ပင် ပါးစပ်ထဲတွင် ချိုမြိန်သောအရသာအား ခံစားရကာ တံတွေးများ ပိုထွက်လာစေသည်။
အိမ်တွင်းနှင့် အိမ်ပြင်ရှိ ခါးသီးသော အအေးဒဏ်နှင့် မှောင်မိုက်မှုတို့က အသက်ရှူကျပ်စရာ ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ချင်မင်သည် ဟောင်းနွမ်းနေသော စောင်ကို မိမိကိုယ်ကိုယ် ပို၍ တင်းတင်းကျပ်ကျပ် ပတ်ထားလိုက်သည်။
အပူပေးထားသော အုတ်ခုတင်မှ အပူရှိန်သည်ပင် အပြင်ဘက်မှ ပြင်းထန်သော အအေးဒဏ်ကို မတားဆီးနိုင်ပေ။
သူရှူသွင်းလိုက်သော အေးစက်လှသည့် လေများသည် အဆုတ်ထဲကို ရေခဲစအနများက ခြစ်ထုတ်သွားသကဲ့သို့ ခံစားရပြီး အနည်းငယ် စပ်ဖျင်းဖျင်း ဖြစ်ကျန်ခဲ့သည်။
သူသည် အစားအစာအကြောင်း မတွေးမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားရသည်။ သို့မဟုတ်ပါက သူ့ဗိုက်နှင့် ပါးစပ်ထဲတွင် အစာအိမ်အက်ဆစ်များ တက်လာလိမ့်မည် ဖြစ်သည်။
စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် သူ၏စိတ်သည် ကြည်လင်လာကာ ယခင်ကကဲ့သို့ ဝေဝေဝါးဝါး မဖြစ်တော့ကြောင်း သူသတိပြုမိလိုက်သည်။
'ထူးဆန်းတဲ့ရောဂါ ပျောက်သွားပြီလား'
ဆာလောင်မှုနှင့် အေးစက်သော အအေးဒဏ်ရှိနေသော်လည်း ကြာရှည်စွာ ဖျားနာရာမှ ပြန်လည်သက်သာလာမည့် အလားအလာကြောင့် သူသည် ညရီတရော အချိန်ကို စောင့်မျှော်ရင်း မျက်ဝန်းများ တောက်ပလာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ လေသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ထူထပ်သော နှင်းများမှာလည်း ကျဲပါးသည့် နှင်းစက်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ဘေးချင်းကပ်လျက် ဝင်းထဲတွင် ဆူညံသံတစ်သံ ထွက်လာသည်။
စကားပြောသံများ ပျံ့လွင့်လာသည်။
၎င်းမှာ လုဇီနှင့် လျန်ဝမ်ချင်းတို့ ဇနီးမောင်နှံ စကားပြောနေသံ ဖြစ်သည်။
“ရှင် ဘယ်ကို သွားမလို့လဲ။ ချင်မင်ကို အစားအစာ ထပ်သွားပေးမလို့လား” လျန်ဝမ်ချင်း၏ အသံမှာ တဖြည်းဖြည်း မြင့်တက်လာသည်။
“သူက အပြင်းအထန် ဖျားနေတာလေ၊ အသက်ကလည်း ၁၆၊ ၁၇ ပဲ ရှိသေးတာ။ တစ်ယောက်တည်း နေနေရတာ တကယ် သနားဖို့ကောင်းပါတယ်” လုဇီက တိုးတိုးလေး ပြောလိုက်သည်။
“အိမ်မှာ အစားအစာ သိပ်မကျန်တော့တာ ရှင်သိရဲ့လား။ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်မတို့ ကလေးနှစ်ယောက် ငတ်လိမ့်မယ်” လျန်ဝမ်ချင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“နှင်းမုန်တိုင်းက ရပ်သွားပြီပဲ၊ ဖြေရှင်းမယ့်နည်းလမ်းတစ်ခုခု ရှိလာမှာပါ” လုဇီက ပိန်းပိတ်အောင် မှောင်နေသော မြေပြင်ကို ကြည့်ရင်း ပြောလိုက်သည်။
…
ချင်မင်သည် ထိုအငြင်းအခုံကို ကြားလိုက်ရသောအခါ အားနာစိတ် ဖြစ်သွားသည်။
သူသည် လုဇီ၏ စေတနာကို ထပ်ပြီး မလက်ခံချင်တော့ပေ။ ယခုကဲ့သို့ အချိန်မျိုးတွင် အိမ်တိုင်းမှာ ရုန်းကန်နေကြရသည် မဟုတ်လော။
သူသည် အပူပေးအုတ်ခုတင်ပေါ်မှ ထလိုက်သည်။
ဂွမ်းထည့်ထားသော ဂျာကင်အကျီကို ဝတ်ထားသော်လည်း အေးနေဆဲပင်။
ထို့နောက် ဗီရိုထဲမှ သားမွေးအင်္ကျီအဟောင်းတစ်ထည်ကို ထုတ်ယူကာ ပတ်ထားလိုက်ပြီး မှောင်မည်းနေသော အခန်းထဲတွင် လက်များအား ပွတ်တိုက်လှုပ်ရှားနေသည်။
အပြင်းအထန် ဖျားနာပြီးနောက် သူ၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်လှီသွားခဲ့သည်။
သူ့ဆံပင်များမှာ ပခုံးအထိ ကျနေပြီး တောက်ပမှု ကင်းမဲ့နေကာ ချောမောသော မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း ကြည်လင်သော မျက်ဝန်းများမှာမူ တောက်ပပြီး စိတ်ဓာတ်တက်ကြွနေသည်။
ဖျားနာနေသော ရုပ်သွင်ရှိသော်လည်း သူ၏ အမူအရာမှာ ကြံ့ခိုင်မှု ရှိသည်။
လွန်ခဲ့သော တစ်လခန့်က သူသည် တောင်များထဲမှ ခက်ခဲစွာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
သူ့လက်နှင့် ခြေထောက်များမှာ မည်းလာခဲ့ပြီး ထိုအချိန်မှစ၍ ဖျားနာနေခဲ့ခြင်း ဖြစ်သည်။
သူနှင့်အတူ ခရီးသွားဖော်များမှာ ပြန်ရောက်သည့်နေ့၌ပင် သေဆုံးကုန်ကြသည်။
ချင်မင်သည် ထူးဆန်းသောရောဂါ စွဲကပ်နေခဲ့ပြီး လူအများက သူအသက်ရှင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။
သို့သော် သူသည် ယခုအချိန်အထိ တောင့်ခံထားနိုင်ခဲ့ပြီး သူ၏ကျန်းမာရေးမှာလည်း တိုးတက်လာနေသည်။
တောင်များထဲမှ အမည်မသိသော အန္တရာယ်များကို ပြန်တွေးမိတိုင်း သူသည် ကြောက်စိတ်များ ရှိနေဆဲ ဖြစ်သည်။
အပြင်ဘက်ရှိ မှောင်မိုက်မှုမှာ ရေကြည်ထဲသို့ မှင်စက်များ ကျသွားသကဲ့သို့ တဖြည်းဖြည်း လင်းလာခဲ့သည်။
ညရီတရော ရောက်လာပြီဖြစ်သည်။ ဆိုလိုသည်မှာ နေ့ခင်းဘက် ရောက်လာခြင်း ဖြစ်သည်။
သို့သော် ၎င်းမှာ ညနက်ပိုင်းထက် အနည်းငယ်သာ ပိုကောင်းပြီး ကောင်းကင်နှင့် မြေပြင်ကြား မြင်ကွင်းမှာ ညဥ့်အမှောင်ထဲတွင် ဖုံးလွှမ်းနေဆဲ ဖြစ်ကာ အဝေးက အရာဝတ္ထုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
ဝင်းတံခါးမှာ ပွင့်သွားသည်။ လုဇီ ရောက်လာခြင်း ဖြစ်သည်။
သန်မာထွားကြိုင်းသော သူသည် ဂေါ်ပြားတစ်ချောင်းကို အသုံးပြု၍ ပုံနေသော နှင်းများကို ဘေးနှစ်ဖက်သို့ ဖယ်ရှားကာ အိမ်သို့ဦးတည်သည့် လမ်းကြောင်းကို အမြန်ရှင်းလိုက်သည်။
"အစ်ကိုလု" ချင်မင်သည် နှင်းများဖြင့် ပိတ်နေသော တံခါးကို ဖွင့်ကာ လှမ်းခေါ်လိုက်သည်။
လုဇီသည် တောက်ပနေသော အဝတ်အိတ်တစ်အိတ်ကို သယ်လာပြီး နှင်းဖုံးနေသော မြေပြင်ပေါ်ရှိ ကျောက်ဇလုံထဲသို့ ၎င်း ယူလာသည့် အရာများကို လောင်းထည့်လိုက်သည်။
တောက်ပနေသော ကျောက်ခဲအစုအဝေးများ ကျလာပြီး ညဥ့်အမှောင်ထုကို အလင်းဖြင့် ဖြတ်တောက်လိုက်သည်။
၎င်းတို့မှာ နေကျောက်တုံးများ ဖြစ်ပြီး ထိုအမည်မှာ ဤခေတ်ကာလမှ လူသားတို့၏ လှပသော ဆန္ဒတစ်ခုအပေါ် မှီခိုမှုကို ဖော်ပြနေကာ ယခုအခါ ဝင်းအတွင်းကို လင်းထိန်သွားစေသည်။
လုဇီမှာ အံ့သြသွားသည်။
“ချင်၊ မင်းရဲ့ စိတ်ဓာတ်က ပိုပြီး ကောင်းလာပုံရတယ်”
ချင်မင်က သူ့ကို အိမ်ထဲသို့ ဖိတ်ခေါ်ကာ သူသည် ဝေဝေဝါးဝါး မဖြစ်တော့ဘဲ ပြန်ကောင်းလာနိုင်ကြောင်း အမှန်အတိုင်း ပြောပြလိုက်သည်။
လုဇီက သူသည် ကြံ့ခိုင်သူဖြစ်ကြောင်း၊ တောင်ပေါ်မှ ကူးစက်လာသော ထူးဆန်းသောရောဂါမှ လွတ်မြောက်လာခြင်းမှာ တကယ်မလွယ်ကူကြောင်း ပြောခဲ့သည်။
သူသည် အိတ်ထဲတွင် ကျန်နေသော တောက်ပသည့် ကျောက်ခဲများကို အခန်းထဲရှိ ကြေးဇလုံထဲသို့ လောင်းထည့်လိုက်ရာ တစ်ခန်းလုံး ချက်ချင်း လင်းထိန်သွားသည်။
မီးစမ်းရေတွင်းမှ ရရှိသော နေကျောက်တုံးများသည် သက်တန့်ရောင် မီးလျှံများကို ဖြာထွက်စေသော်လည်း ၎င်း၏ အပူချိန်မှာ လူ့ခန္ဓာကိုယ်ထက် အများကြီး နိမ့်ကျသည်။
နာရီအနည်းငယ် ကြာပြီးနောက် ၎င်းမှာ အလိုအလျောက် ငြိမ်းသွားမည်ဖြစ်ပြီး အပူပြန်ပေးရန်အတွက် မီးစမ်းရေတွင်းသို့ ပြန်ပို့ရန် လိုအပ်မည် ဖြစ်သည်။
“ရော့၊ ဒီမှာ” လုဇီက အစားအသောက်ဘူးကို ကမ်းပေးလိုက်သည်။
ချင်မင်သည် တစ်လတိုင်တိုင် ပြင်းထန်စွာ ဖျားနာနေခဲ့သဖြင့် သူ သိုလှောင်ထားသည့် အစားအစာများမှာ လွန်ခဲ့သော ရက်အနည်းငယ်ကပင် ကုန်ဆုံးသွားခဲ့သည်။
သူသည် လုဇီ၏ အကူအညီကိုသာ လုံးလုံးလျားလျား အားကိုးနေရပြီး မကြာသေးမီက လုဇီနှင့် ဇနီးတို့ အငြင်းပွားသံအား ကြားခဲ့ရသဖြင့် သူတို့၏ အခြေအနေမှာလည်း မကောင်းကြောင်း သတိပြုမိကာ အားနာစိတ် ဖြစ်နေမိသည်။
“ပူတုန်းလေး စားလိုက်ပါ” လုဇီသည် ကျေးဇူးသိတတ်သော ရိုးသားသည့် လူတစ်ယောက် ဖြစ်သည်။
သူသည် ပိန်းပိတ်အောင် မှောင်နေသော တောအုပ်ထဲတွင် လမ်းပျောက်နေစဉ်က ချင်မင်ကသာ သူ့နာမည်ကို ထပ်ခါတလဲလဲ အော်ခေါ်ကာ လမ်းပြပေးခဲ့ခြင်း ဖြစ်သည်။
အငွေ့ တလူလူ ထနေသော ဂျုံမည်းပေါင်မုန့်လုံးများကို ကြည့်ရင်း ပြင်းထန်သော ဆာလောင်မှုကြောင့် ချင်မင်သည် တံတွေးများ မထွက်အောင် မထိန်းနိုင်တော့ပေ။
“ဘာလို့ ဒီအတိုင်း ရပ်နေတာလဲ။ မင်း လုံးဝ မသက်သာသေးဘူးလေ။ ငတ်နေရင် မင်း နေကောင်းလာမှာ မဟုတ်ဘူး။ ငါ့ကို သူစိမ်းလို ဆက်ဆံနေတုန်းလား” လုဇီက အစားအစာဘူးကို သူ့လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။
“အစ်ကိုလု” နောက်ဆုံးတွင် ချင်မင်သည် အားနာနေသည်များကို ဘေးဖယ်ထားလိုက်ကာ ပေါင်မုန့်ကို တစ်ဖဲ့ ဖဲ့လိုက်သည်။ ၎င်းမှာ ကြမ်းတမ်းသော်လည်း သူဝါးစားလိုက်သောအခါ အလွန်ပင် ချိုမြိန်နေတော့သည်။
“တစ်ခုခု လိုအပ်ရင် ငါ့ကို လှမ်းခေါ်လိုက်” လုဇီသည် လှည့်ထွက်သွားခဲ့သည်။
ဆာလောင်မှု ပြေသွားသည်နှင့်အမျှ ချင်မင်သည် ပို၍ စိတ်ဓာတ်တက်ကြွလာပြီး ခန္ဓာကိုယ်အတွင်းရှိ မအီမသာ ဖြစ်မှုများမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
သူ၏ နာတာရှည်ရောဂါ လျော့ပါးသွားပြီဖြစ်ကြောင်း သူယုံကြည်ချက် ရှိနေသည်။
သူသည် လေကောင်းလေသန့်ရစေရန် အပြင်ထွက်၍ လမ်းလျှောက်ရန် တွေးလိုက်သည်။
သူသည် ဝင်းတံခါးကို တွန်းဖွင့်ကာ လမ်းမပေါ်သို့ လှမ်းတက်လိုက်သည်။
ရာသီဥတုမှာ အလွန်အေးပြီး အသက်ရှူလိုက်တိုင်း မြူဖြူများ ထွက်လာသည်။
ဤခေတ်ကာလ၏ နေ့ခင်းဘက် ဖြစ်သော ညရီတရော၌ အိမ်တိုင်းတွင် နေကျောက်တုံးများ၏ မီးရောင်များ စီးဆင်းနေပြီး လမ်းမများပေါ်တွင်လည်း အလင်းရောင်ဖျော့ဖျော့လေး ရှိနေသည်။
“နေကောင်းသွားပြီလား၊ ချင်” တစ်ယောက်ယောက်က သူ့ကို မြင်သွားသည်။
“ချင်၊ ငါ့ကို ကြည့်ပါဦး” မြောက်လမ်းမှ အဘွားကျိုးက သူ့ကို လှမ်းဖမ်းကာ ဘယ်ပြန်ညာပြန် ကြည့်လိုက်ပြီး သူနောက်ဆုံး မြင်ခဲ့ရချိန်ထက်စာလျှင် သူ့အသားအရေမှာ ပိုကောင်းနေသည်ကို သတိပြုမိသွားသည်။
ချင်မင်က ပြုံးပြပြီး နှုတ်ဆက်လိုက်ကာ သူ၏ကျန်းမာရေးမှာ အမှန်တကယ် ပြန်လည်ကောင်းမွန်လာကြောင်း ပြောပြလိုက်သည်။
လမ်းဆုံတွင် လူအများကြီး မရှိသော်လည်း အားလုံးက မယုံကြည်နိုင်သော အမူအရာများ ပြသနေကြသည်။
ထူးဆန်းသော ရောဂါမှ ပြန်လည် သက်သာလာခြင်းလော။
“ချင်၊ သား နေကောင်းတယ်လို့ ခံစားရရင်တောင်မှ အပြင်ထွက်ဖို့ မလောပါနဲ့ဦး။ အခု အပြင်ဘက်မှာ အန္တရာယ်များတယ်” အဘွားကျိုးက ရွာအပြင်ဘက်သို့ လှမ်းကြည့်ရင်း သတိပေးလိုက်သည်။ ထိုနေရာမှာ မှင်ရည်များ မှောက်ကျထားသကဲ့သို့ မှောင်မိုက်နေသည်။
အခြားအိမ်နီးချင်းများမှာလည်း စိုးရိမ်သော အမူအရာများ ရှိနေကြသည်။
ယခုနှစ်တွင် သီးနှံထွက်နှုန်း ညံ့ဖျင်းခဲ့ပြီး ယခု အစားအစာ ပြတ်လပ်မှုမှာ ဆိုးဝါးသော ပြဿနာဖြစ်လာကာ ငတ်မွတ်၍ သေဆုံးမှုများ ဖြစ်လာနိုင်သည်။
အဘွားကျိုးသည် ယခင်က ကြင်နာနူးညံ့သော်လည်း ယခုအခါ အသားအရေမှာ ဖြူဖျော့နေပြီး ပိန်လှီနွမ်းနယ်နေကာ လေတိုက်ရုံနှင့်ပင် ပြိုလဲတော့မည့်အတိုင်း ဖြစ်နေသည်ကို ချင်မင် သတိပြုမိလိုက်သည်။
အခြားသူများ ထွက်သွားပြီးနောက် အဘွားကျိုးက သူ့အိတ်ထဲမှ ကန်စွန်းဥအချို့ကို ဂရုတစိုက် ထုတ်ယူကာ ချင်မင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ချင်မင်က အမြန် ပြန်တွန်းထုတ်လိုက်သည်။
သူမ၏ အသက်အရွယ်ကြီးရင့်မှုနှင့် ဆာလောင်နေသော လက္ခဏာများကို ထည့်သွင်းစဉ်းစားပါက သူမ၏ အသက်ရှင်ရပ်တည်ရေးအတွက် အစားအစာကို သူ မည်သို့ လက်ခံနိုင်မည်နည်း။
မိသားစုတိုင်းသည် သူတို့အိမ်အနီးရှိ လမ်းများကို ရှင်းထားကြသော်လည်း လုံးဝစင်ကြယ်အောင် မဟုတ်ပေ။ နှင်းများရှိနေသေးသဖြင့် ခြေလှမ်းတိုင်းတွင် တကျွတ်ကျွတ်အသံများ ထွက်ပေါ်နေသည်။
ချင်မင်သည် အသက်ရှူထုတ်လိုက်တိုင်း မြူဖြူများထွက်ရင်း ရှေ့သို့ လှမ်းလျှောက်လာခဲ့သည်။
သူသည် ရွာအဝင်ဝအနီးတွင် ရပ်လိုက်သည်။
ဝင်းကျယ်ကြီး တစ်ဝင်း၏ ရှေ့တွင် ကောက်နယ်တလင်း သေးသေးလေးတစ်ကွင်း ရှိပြီး လူတစ်ယောက်၏ ပခုံးခန့်အထိ မြင့်သော ဆိတ်နက်ကြီးတစ်ကောင်မှာ ကျောက်ကြိတ်ဆုံတစ်ဆုံကို ဆွဲကာ ငွေရောင်ပြောင်းလဲထားသော ဂျုံများအား ကြိတ်နယ်နေသည်။
လူတိုင်း အစားအစာ ပြတ်လပ်နေသည်တော့ မဟုတ်ပေ။ ရွာဦးရှိ ဤအိမ်မှာ အဆင်ပြေနေသည်။
ချင်မင်သည် ထိုဆိတ်နက်ကြီးကို စိုက်ကြည့်နေမိသည်။ သူ၏မျက်ဝန်းများမှာ တောက်ပနေသည်။
အခြေခံအစားအစာပင် ပြဿနာဖြစ်နေသော ယခုအချိန်တွင် သူသည် အသားမစားရသည်မှာ ကြာပြီဖြစ်သဖြင့် အသားကို တောင့်တနေမိသည်။
ဆိတ်နက်ကြီးမှာ တော်တော်ကြီးမားပြီး ထူထဲသန်မာသော ဦးချိုများ ရှိသဖြင့် အနည်းငယ် ကြမ်းတမ်းသော ရုပ်သွင်ရှိသည်။
ချင်မင်၏ အကြည့်ကို ခံစားမိသွားသဖြင့် ၎င်းမှာ ထိတ်လန့်သွားပုံရသည်။ ၎င်း၏ ထောင်နေသော အမြီးမှာ ချက်ချင်းပင် အောက်သို့ တွဲကျသွားသည်။
“ချင်၊ မင်း သက်သာသွားပြီလား။ ကပ်ဘေးကြီးကနေ အသက်ရှင်ကျန်ရစ်သူဟာ ကံကောင်းခြင်းတွေ နောက်က လိုက်လာတတ်ပါတယ်” ဝင်းတံခါးတွင် ရပ်နေသော ပါးသိုင်းမွှေးနှင့် ဗိုက်ရွှဲရွှဲ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ပြောလိုက်သည်။
“ငါတို့မှာ ကျွေးရမယ့်သူတွေ အများကြီးရှိတော့ အစားအစာ ကုန်တာ အရမ်းမြန်တယ်။ ဒါက ငါ့ရဲ့ နောက်ဆုံး အစားအစာ လက်ကျန်ပဲ” သူသည် ချင်မင်က ကြိတ်ဆုံအောက်ရှိ ငွေရောင်ဂျုံများကို ကြည့်နေသည်ဟု ထင်သဖြင့် ပြောလိုက်သည်။
“ဦးလေးရန်က တကယ် အထင်ကြီးစရာပဲ၊ ဒီလို ခက်ခဲတဲ့ အချိန်မျိုးမှာ မိသားစုကြီး တစ်ခုလုံးကို စောင့်ရှောက်နိုင်တယ်” ချင်မင်က ရယ်မောရင်း ပြောလိုက်သည်။ သူသည် ငွေရောင်ဂျုံတစ်အိတ်သာ ကျန်တော့သည်ဆိုသည်ကို လုံးဝ မယုံကြည်သည်မှာ ထင်ရှားသည်။
ရန်ယုံချင်းကို နှုတ်ဆက်ပြီးနောက် သူသည် ရွာဦးဘက်သို့ ဦးတည်လိုက်သည်။
မီးစမ်းရေတွင်းသည် ရှေ့တွင်ရှိပြီး အနီးတစ်ဝိုက်ကို အလင်းရောင်များ ပေးနေသည်။
၎င်းကို ကျောက်တံတိုင်းများဖြင့် ဝန်းရံထားပြီး ဒူးဆစ်ခန့်သာ မြင့်သော စတုရန်းပုံ ကန်တစ်ကန်ဖြစ်ကာ အတွင်းဘက်တွင် မီးနီရောင်များ လင်းနေသည်။
ဤနှင်းမုန်တိုင်းရာသီတွင် ကန်အတွင်းရှိ မီးစမ်းရေမှာ ခမ်းလုနီးပါးဖြစ်ပြီး အပြင်သို့ ပန်းထွက်ခြင်း မရှိတော့သော်လည်း မီးလျှံများမှာမူ ပတ်ပတ်လည်တွင် တဖျပ်ဖျပ်နှင့် ဝေ့ဝဲနေဆဲ ဖြစ်သည်။
ကန်အတွင်းတွင် သစ်ပင်နှစ်ပင် ရှိနေပြီး ၎င်းမှာ ရွှမ်ရှုရွာ၏ အမည်ရင်းမြစ် ဖြစ်သည်။ သစ်ပင်တစ်ပင်မှာ အနက်ရောင်အရွက်များရှိပြီး အခြားတစ်ပင်မှာ အဖြူရောင်ဖြစ်ကာ နှစ်ပင်လုံးသည် ခါးသီးသော ဆောင်းရာသီတွင် ရှင်သန်ကြီးထွားနေကြသည်။
မှတ်ချက်- ရွှမ်ရှုဆိုသည်မှာ သစ်ပင်နှစ်ပင်ဟု အဓိပ္ပါယ် ရ၏။