ဖန့်ရှောက်ထျန်းနှင့် ဖန့်ရှောက်ပန်းတို့သည် ထိုမြင်ကွင်းကို စတင်မျှော်လင့်နေကြပြီဖြစ်သည်။
ဖန့်ရှောက်ပန်းက မနေနိုင်ဘဲ မေးလိုက်သည်
"အစ်ကိုကြီး... ဒီတစ်ခေါက် ပြန်လာတာ ပြန်မသွားတော့ဘူးမလားဟင်"
"ပြန်သွားရဦးမှာပါ"
ဖန့်ချန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
ကလေးနှစ်ဦးမှာ ချက်ချင်းပင် မှင်တက်သွားကြပြီး စိတ်ဓာတ်များ ပြန်လည်ကျဆင်းသွားကြသည်။
မိမိတို့တွင် အစ်ကိုကြီးတစ်ယောက်ရှိမှန်း သိရရုံရှိသေး၊ တစ်ဖက်လူက တာ့ရှန့်မြို့တော်မှာ ဆက်မနေနိုင်ဘူးဆိုတော့ သူတို့ရင်ထဲမှာ တကယ်ကို ခံစားရခက်လှသည်။
"ငါက မင်းတို့ကို တစ်ပါတည်း ခေါ်သွားချင်ပေမဲ့ ဒီခရီးက အန္တရာယ်များလို့ မင်းတို့ကို ခေါ်သွားဖို့ မသင့်တော်ဘူး"
ဖန့်ချန်က ဆိုသည်။
"အစ်ကိုကြီး... ဒါဆိုရင် ဒီတစ်ခေါက် သွားရင် ဘယ်လောက်ကြာမှာလဲဟင်"
ဖန့်ရှောက်ထျန်းက မေးသည်။
"ခန့်မှန်းရရင်တော့ အသွားအပြန် နှစ် နှစ်ရာ၊ သုံးရာလောက် ကြာမယ်"
ဖန့်ချန်က တွက်ချက်ကြည့်လိုက်သည်။
"နှစ်... နှစ် နှစ်ရာ၊ သုံးရာ "
ဖန့်ရှောက်ထျန်းတို့ မောင်နှမနှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း မျက်ဝန်းအိမ်များ ရုတ်တရက် နီရဲလာတော့သည်။
သူတို့အတွက်တော့ အသက် နှစ်ရာ၊ သုံးရာအထိ ရှင်သန်ဖို့ဆိုတာ လုံးဝ မလွယ်ကူတဲ့ကိစ္စပဲ။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင်မှ သက်တမ်းက နှစ် တစ်ရာကျော်ပဲ ရှိတာ၊ အခြေခံအုတ်မြစ်ချခြင်း အဆင့် ရောက်မှသာ နှစ် နှစ်ရာကျော်လောက် ရှင်နိုင်တာ မဟုတ်ပါလား။
"အစပိုင်းမှာတော့ အချိန်တွေက ကုန်လွန်ရခက်တယ်လို့ ထင်ရပေမဲ့ မင်းတို့ ကျင့်ကြံခြင်းရဲ့ တံခါးဝကို ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ ကျင့်ကြံခြင်းလောကမှာ အချိန်ဆိုတာ မရှိတော့ဘူးလို့ ခံစားရပါလိမ့်မယ်"
ဖန့်ချန်က ပြုံး၍ ပြောသည်
"သာမန်အချိန်တွေမှာ မင်းတို့နှစ်ယောက် ဖျန်ယောင်ကွမ်မှာ သွားပြီး ကျင့်ကြံကြပေါ့။ ဒါပေမဲ့ မင်းတို့ကို စောင့်ရှောက်ပေးဖို့နဲ့ ကျင့်ကြံခြင်းမှာ လမ်းညွှန်ပေးဖို့ ငါ့ရဲ့ အစ်ကိုတွေ၊ အစ်မတွေကို ချန်ထားခဲ့ပေးမယ်။ ငါပြန်လာတဲ့အချိန်ကျရင် မင်းတို့က အလယ်အလတ်အဆင့် ကျင့်ကြံသူတွေ ဖြစ်နေလောက်ပြီ။ အဲဒီအချိန်ကျရင် အသက် တစ်ထောင်ကျော်အထိ ရှင်နိုင်ပြီလေ"
"အသက် တစ်ထောင်ကျော်..."
ဖန့်ရှောက်ထျန်းအတွက်တော့ ဒါဟာ ဘယ်လောက်တောင် ရှည်လျားတဲ့ အချိန်ကာလလဲဆိုတာ မှန်းဆလို့တောင် မရနိုင်ပါဘူး။
ဖန့်ရှောက်ပန်းကတော့ အလိုအလျောက်ပင် ရေရွတ်လိုက်သည်။
"ကျမက တစ်နေ့ကို ရန်ချွန်းခေါက်ဆွဲ ဆယ်ပွဲစားတာ၊ အသက် တစ်ထောင်ကျော်အထိ စားမယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ကုန်မှာပဲ။ အသက်ကြီးကြီး ရှင်ရတာ သိပ်မကောင်းသလိုပဲ..."
"အစ်ကိုကြီး ပြောတဲ့ အစ်ကိုတွေ၊ အစ်မတွေဆိုတာ..."
ဖန့်ရှောက်ထျန်းက တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
"အဖေနဲ့ အမေရဲ့ သွေးသားတွေတော့ မဟုတ်ဘူး၊ ငါ့ရဲ့ လက်အောက်ငယ်သားတွေလို့ပဲ သဘောထားလိုက်ပါ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ထို့နောက် သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
မမြင်နိုင်သော အာရုံခံစားမှုမှာ အကွာအဝေးများစွာကို ဖြတ်သန်းသွားပြီး ပုံရိပ်အသီးသီးနှင့် ဆက်သွယ်ချက် တည်ဆောက်လိုက်သည်။
"လမ်းစဉ်သို့ ပျော်ဝင်စေ"
ပုံရိပ်များစွာမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်အတွင်းသို့ ငုပ်လျှိုးသွားကြသည်။
"လမ်းစဉ်ကို စုစည်းစေ "
ဖန့်ချန်၏ ဘေးပတ်လည်တွင် ပုံရိပ်အသီးသီး တစ်ဦးပြီးတစ်ဦး ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ပထမဆုံးမှာ လူလတ်ပိုင်း ဓားသမား ဖန့်ပါဟွမ် ဖြစ်သည်။
ထို့နောက် ဆယ်နှစ်အရွယ် ကလေးငယ် ဖန့်လျိုပိ။
တစ်ကိုယ်လုံး နက်မှောင်နေပြီး ရွှေရောင်အစင်းကြောင်းများရှိသည့် ဖန့်ပူဆာ။
ဖြူဖွေးသော ဆံပင်နှင့် ကလေးငယ်ကဲ့သို့ မျက်နှာရှိကာ မျက်ဝန်းများမှာ လျှပ်စီးကဲ့သို့ တောက်ပနေသော ဖန့်ချန်းလေး။
စစ်သူကြီး ဝတ်စုံဖြင့် ဖန့်ရင်ပင်း။
လူငယ်စာဆိုလေး ဖန့်ယိန့်ကွမ်။
မျက်နှာမရှိသော အမျိုးသမီး ဖန့်ဝူရှီး။
ပိန်ပိန်ပါးပါးနှင့် အေးစက်သော ဖန့်တိုက်ရှင်။
ကိုယ်ပွားရှစ်ယောက်လုံး လမ်းစဉ်ကို စုစည်းလိုက်ကြပြီး ကိုယ်ပွားတစ်ခုစီတိုင်းမှာ အခုအချိန်တွင် အဆင့် ၁ မသေမျိုး များ ဖြစ်ကြသည်။
ဖန့်ရှောက်ထျန်းနှင့် ဖန့်ရှောက်ပန်းတို့မှာ ကြောင်ကြည့်နေကြတော့သည်။
"အဆင့် ၁ မသေမျိုး ရှစ်ယောက်... တကယ့် တိုက်ပွဲစွမ်းရည်က အဆင့်ကျော် တိုက်နိုင်တယ်ဆိုပေမဲ့ နည်းနည်းတော့ လိုသေးတယ်ထင်တယ်..."
ဖန့်ချန်က စဉ်းစားကြည့်ပြီးနောက် တိုက်ပွဲစွမ်းရည် လုံလောက်စွာ မြင့်မားသူတစ်ဦး ကျန်ရစ်ခဲ့ဖို့ လိုအပ်သည်ဟု ဆုံးဖြတ်လိုက်သည်။
"ခဏကြာရင် ကျွမ်းကျင်သူတစ်ယောက် ထပ်ရောက်လာလိမ့်မယ်၊ သူက မင်းတို့ကို ဓားသိုင်းကျင့်ကြံမှုမှာ လမ်းညွှန်ပေးလိမ့်မယ်"
ဖန့်ချန်က သူတို့နှစ်ဦးကို ပြုံး၍ ပြောလိုက်သည်။
"အစ်... အစ်ကိုကြီး... သူတို့ရဲ့ ကျင့်ကြံမှု အဆင့်က..."
ဖန့်ရှောက်ထျန်းမှာ စကားပင် ထစ်နေတော့သည်။
"ဒီရှစ်ယောက်လုံးက အဆင့် ၁ မသေမျိုးတွေပါ၊ ဒီနေရာမှာ ပြောကြတဲ့ မသေမျိုး တွေပေါ့"
မသေမျိုး ရှစ်ယောက်
ဖန့်ရှောက်ထျန်းမှာ ဆွံ့အသွားရသည်။
သူသည် တစ်နေ့သောအခါတွင် မသေမျိုး ရှစ်ယောက်၏ လမ်းညွှန်မှုကို ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ရဲခဲ့ချေ။
ထိုကဲ့သို့သော အခွင့်အရေးမျိုးကို မြို့တော်ရှိ ထိပ်တန်းမိသားစုများမှ ဆင်းသက်လာသော သားသမီးများသာ ရနိုင်သည် မဟုတ်ပါလား
ဖန့်ရှောက်ပန်းကတော့ ထိုမျှအထိ အံ့သြမနေဘဲ ကိုယ်ပွားရှစ်ယောက်ထဲမှ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူ ဖန့်ဝူရှီး ကို သဘောကျနေပုံရသည်။
"ဒီအစ်မက ဘာလို့ မျက်နှာမရှိတာလဲဟင်"
ဖန့်ရှောက်ပန်းက စပ်စုလိုက်သည်။
"ရှောက်ပန်း... မရိုင်းနဲ့လေ"
ဖန့်ရှောက်ထျန်းက သူမကို အမြန်ဆွဲလိုက်ပြီး ဖန့်ဝူရှီးကို လက်အုပ်ချီ တောင်းပန်လိုက်သည်။
"စီနီယာကြီး... ရှောက်ပန်းက ငယ်သေးလို့ ဘာမှမသိတာပါ၊ သူ့ကို ခွင့်လွှတ်ပေးပါ"
"ကိစ္စမရှိပါဘူး"
ဖန့်ဝူရှီးက တိုးတိုးလေး ပြောလိုက်သည်။
အသံမှာ လွန်စွာ အေးဆေးကြည်လင်လှသည်။
တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာပေါ်မှ လိုင်းကြောင်းများမှာ စတင်ပြောင်းလဲသွားပြီး မျက်နှာပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ဖန့်ချန်မှာ အနည်းငယ် မှင်တက်သွားရသည်။
ဖန့်ဝူရှီး၏ မျက်နှာမှာ နတ်မိမယ်ယွီ နှင့် တစ်ပုံစံတည်း တူနေသောကြောင့်ဖြစ်သည်။
သူ့စိတ်ထဲက အတွေးများက ကိုယ်ပွားအပေါ် အနည်းငယ် သက်ရောက်သွားပုံရသည်။
"အစ်မက တော်တော်လှတာပဲ"
ဖန့်ရှောက်ပန်း၏ မျက်လုံးများမှာ အရောင်တောက်သွားတော့သည်။
"ရှောက်ပန်း... မင်းရဲ့ ဆွဲသီးလေးကို အစ်ကိုကြီး ခဏ ချေးသုံးချင်တယ်"
ဖန့်ချန်က တည်တည်ငြိမ်ငြိမ်ဖြင့် ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။
ဆွဲသီးလား
ဖန့်ရှောက်ထျန်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
ရှောက်ပန်းက ထိုဆွဲသီးကို ဘယ်လောက်အထိ တန်ဖိုးထားမှန်း သူ သိသည် မဟုတ်ပါလား။
ရှောက်ပန်းက ငိုယိုပြီး ငြင်းဆန်လိမ့်မည်ဟု သူ ထင်ထားသော်လည်း မထင်မှတ်ဘဲ သူမသည် နှမြောတသဟန်ဖြင့် ဆွဲသီးကို ဖြုတ်ကာ ဖန့်ချန်ထံသို့ ကမ်းပေးလိုက်သည်။
"အစ်ကိုကြီး... အဲဒါကို ဘာလုပ်ဖို့ သုံးမှာလဲဟင်"
"အစ်ကိုကြီး အဆင့် ၂ မသေမျိုးအဖြစ် တက်လှမ်းဖို့အတွက် ဒါကို သုံးရမယ်၊ ဒါက ဝိညာဉ်ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးပဲ"
ဖန့်ချန်က စဉ်းစားကြည့်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကိုကြီးက အဲဒါကို စားမှာလား အစ်ကိုရှောက်ထျန်းက အရင်က ပြောတယ်... ကျမက တစ်နေ့ကုန် စားဖို့ပဲ သိတယ်တဲ့။ အခုတော့ အစ်ကိုကြီးက ကျမထက်တောင် ပိုပြီး အစားကြီးတာပဲ၊ ဒီလောက် မာတဲ့အရာကို ကျမတောင် မကိုက်နိုင်ဘူး"
ဖန့်ရှောက်ပန်းက မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။
ဖန့်ချန်သည် လက်ထဲရှိ တာအိုဓား၏ အစွယ်ကို ကြည့်လိုက်ရာ... တကယ်ပင်၊ ၎င်းအပေါ်တွင် သွားရာသေးသေးလေး အချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။
"ရှောက်ပန်း... နှမြောနေလား"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ဖန့်ရှောက်ပန်းက ခေါင်းညိတ်ပြသည်။
"နည်းနည်းတော့ နှမြောတာပေါ့။ ဒါပေမဲ့ အဖေနဲ့ အမေ အသက်ရှင်နေသေးတယ်ဆိုတာ သိရတော့ သိပ်ပြီး မနှမြောတော့ပါဘူး။ နောက်တစ်ခါ အဖေနဲ့ ပြန်ဆုံရင် ကျမကို တခြားပစ္စည်းတစ်ခု ထပ်ပေးခိုင်းလိုက်မယ်"
"လိမ္မာလိုက်တဲ့ ကလေး"
ဖန့်ချန်က ဖန့်ရှောက်ပန်း၏ ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးလိုက်ပြီးနောက် ဖန့်ရှောက်ထျန်းကို လှမ်းကြည့်လိုက်သည်။
"မင်းကလည်း လိမ္မာတဲ့ ကလေးပဲ။ အဖေနဲ့ အမေ ဘေးမှာမရှိတဲ့ နှစ်တွေမှာ မင်းက ရှောက်ပန်းကို ဖြူဖြူဖွေးဖွေး ဝဝကတုတ်လေး ဖြစ်အောင် စောင့်ရှောက်ထားနိုင်တာပဲ"
ဖန့်ရှောက်ထျန်းမှာ ရှက်ပြုံး ပြုံးလိုက်မိသည်။
"ဒီရှစ်ယောက်က နောက်ပိုင်းကျရင် ဒီခြံဝင်းလေးမှာပဲ နေလိမ့်မယ်။ မင်းတို့ ပုံမှန်အတိုင်း ဖျန်ယောင်ကွမ်မှာ သွားပြီး ကျင့်ကြံလို့ရတယ်၊ ဒါပေမဲ့ လူမသိအောင် နေတာ အကောင်းဆုံးပဲ။ ဘာကိစ္စပဲ ကြုံကြုံ... လက်ပါဖို့ မလောနဲ့ဦး၊ ဒီနေရာကို သုံးပြီး အရင်စဉ်းစား"
ဖန့်ချန်က သူ၏ ဦးခေါင်းကို ညွှန်ပြကာ
"တကယ်လို့ လောလောဆယ် တစ်ဖက်လူကို မယှဉ်နိုင်သေးရင် ခေတ္တသည်းခံထားလိုက်။ အကောင်းဆုံးကတော့ အခြားသူရဲ့ အင်အားကို ငှားပြီး ပြဿနာကို ဖြေရှင်းတာပဲ။ ကိုယ့်ကိုယ်ကိုယ် အမှောင်ထဲမှာ ဖုံးကွယ်ထားပြီး လူမသိစေနဲ့"
ဖန့်ချန်၏ ထိုစကားများသည် ဖန့်ရှောက်ထျန်း၏ နားထဲတွင် အလွန်တန်ဖိုးရှိသော ဆုံးမစကားများ ဖြစ်နေသဖြင့် သူသည် ခေါင်းကို အမြန်ညိတ်ကာ ထိုစကားများကို သူ၏ မှတ်ဉာဏ်ထဲတွင် အသေအချာ မှတ်သားလိုက်တော့သည်။
"အစ်ကို သွားတော့မယ်၊ ငါပြန်လာရင် မင်းတို့ကို လာခေါ်မယ်"
ဖန့်ချန်က ပြုံး၍ လက်ပြနှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။
မောင်နှမနှစ်ဦးမှာ တံခါးဝအထိ လိုက်ပို့ပေးကြပြီး ဖန့်ချန်၏ ပုံရိပ် လမ်းမပေါ်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ရင်ထဲတွင် တစ်ခုခု လိုအပ်နေသလို ခံစားလိုက်ရသည်။
သို့သော် ဖန့်ရှောက်ထျန်းက ချက်ချင်းပင် စိတ်ကို တင်းလိုက်ပြီး ရှောက်ပန်း၏ လက်ကို ဆွဲကာ
"ရှောက်ပန်း... အဖေနဲ့ အမေ မသေဘူးတဲ့။ ငါတို့မှာလည်း အစ်ကိုတွေ၊ အစ်မတွေ ရှိနေပြီ။ ငါတို့ နှစ်ယောက်တည်း မဟုတ်တော့ဘူး။ ငါတို့ မိသားစု ပြန်ဆုံမယ့်နေ့အထိ အကောင်းဆုံး ရှင်သန်ကြရအောင်"
"အင်း"
ဖန့်ရှောက်ပန်းက ခေါင်းကို အားပါးတရ ညိတ်လိုက်သည်။
"မှန်လေး ...နဂါးသည်းခြေ က ဘယ်သူ့လက်ထဲမှာလဲ"
"ဒီမြို့တော်က အဆင့် ၆ မသေမျိုး တစ်ယောက်ရဲ့ လက်ထဲမှာပါ။ တကယ်လို့ မသေမျိုးကျောက်တုံး သာ ပေးနိုင်ရင် လွယ်လွယ်ကူကူ ဝယ်လို့ရမှာပါ"
"အဆင့် ၆ မသေမျိုးလား "
ဖန့်ချန်က စဉ်းစားကြည့်လိုက်ရာ ထိုကိစ္စအတွက် ကျိကန်း နှင့်အတူ သွားရောက်ခြင်းက အကောင်းဆုံးဖြစ်သည်။
သူသာ အဆင့် ၆ မသေမျိုးထံ တစ်ဦးတည်း သွားရှာမည်ဆိုလျှင် တစ်ဖက်လူက သူ့ကို လုံးဝ တွေ့လိမ့်မည် မဟုတ်ပေ။
ထိုသို့ တွေးမိသည်နှင့် ဖန့်ချန်သည် ကျူလုံလှေထံသို့ ပျံသန်းသွားပြီး ကျိကန်းကို ထိုကိစ္စအကြောင်း ပြောပြလိုက်သည်။
"ကောင်းပြီ...ကျုပ်နဲ့ ဖန့်အမာခံ တို့ နှစ်ယောက်တည်း သွားကြတာပေါ့"
ကျိကန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဖန့်မိဆွေ... ကျမလည်း လိုက်ခဲ့မယ်လေ"
ကြာနီနတ်မိမယ်လေး က ဆိုသည်။
"ဒါဆိုရင် အားလုံးအတူတူ သွားကြတာ ပိုမကောင်းဘူးလား"
အကြီးအကဲ ချင် က အကြံပြုသည်
"ဒီလိုမျိုး အရောင်းအဝယ်ကိစ္စတွေမှာ ငါက အတော်လေး ကျွမ်းကျင်တယ်"
"ကောင်းပြီလေ"
နောက်တစ်ခဏတွင် ကျူလုံလှေသည် တာ့ရှန့်မြို့တော်အတွင်းသို့ အတင့်ရဲစွာ ဝင်ရောက်လာတော့သည်။
ချက်ချင်းပင် တာ့ရှန့်မြို့တော်၏ ကာကွယ်ရေး အင်းကွက်များစွာမှာ စတင်နိုးကြားလာကြပြီး မျက်လုံးများစွာမှာ ကျူလုံလှေအပေါ်သို့ အံ့သြတုန်လှုပ်ခြင်း၊ တည်ကြည်လေးနက်ခြင်း၊ ရန်လိုခြင်းနှင့် သံသယစိတ်များဖြင့် ကျရောက်လာကြတော့သည်။
***