မြေပြင်ပေါ် ဒူးထောက်ပြီး တရားစာရွတ်ခိုင်းမယ် ဟုတ်လား
ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များအားလုံး၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားကြသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့၏ ဗုဒ္ဓဘာသာဆိုင်ရာ စိတ်ဓာတ်ကျင့်ကြံမှုမှာ လုံလောက်သောကြောင့်သာ ထိုနေရာတွင်တင် ဆဲဆိုအော်ဟစ်ခြင်း မပြုကြခြင်း ဖြစ်သည်။
တစ်ဖက်လူက ရုလိုင်ဘုရားကျောင်း၏ အမာခံတပည့်များထဲတွင် အထိပ်ဆုံးဖြစ်သူကို ဤသို့ပြောဆိုခြင်းမှာ ရုလိုင်ဘုရားကျောင်းတစ်ခုလုံးကို မျက်နှာသာမပေး၊ အလေးမထားကြောင်း ထင်ရှားလှပေသည်။
စီနီယာအစ်မကြီးနှင့် ဝတ်ရုံနက်ရဟန်းပျိုတို့ စကားပြောဆိုနေကြစဉ်အတွင်း ဖန့်ချန်သည် ရောက်ရှိနေသူအားလုံးကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။
သူ့ကဲ့သို့ပင် အသစ်တက်လာသော အမာခံတပည့်အချို့ကိုလည်း အင်အားစုအသီးသီးက အတွေ့အကြုံရစေရန် ခေါ်ဆောင်လာခဲ့ကြရာ လူအများမှာ အချင်းချင်း အကဲခတ်နေကြသည်။
ထိုစဉ် ဖန့်ချန်၏ အကြည့်မှာ တစ်စုံတစ်ဦး၏ အကြည့်နှင့် ဆုံသွားကာ နှစ်ဦးသားလုံး အနည်းငယ် မှင်သက်သွားကြသည်။
"ဖန့်ချန်"
"ဟွမ်ချင်းကျွဲ"
ဖန့်ချန် အတော်လေး အံ့သြသွားရသည်။
ဟွမ်ချင်းကျွဲကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ ဝိညာဉ်သုတ်သင်ခြင်းဌာန၏ အမာခံတပည့်တစ်ဦး ဖြစ်လာခဲ့ပြီဟု ဆိုရပေမည်။
ဟွမ်ချင်းကျွဲမှာမူ ဖန့်ချန်ထက်ပင် ပို၍ အံ့သြနေပြီး သူ၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည့်အလား ခံစားနေရသည်။
သူတို့နှစ်ဦးမှာ အေးစက်သော အကြည့်တစ်ချက်ကို အချင်းချင်း ဖလှယ်လိုက်ကြပြီး သိကျွမ်းသူများအဖြစ် ထုတ်ဖော်မပြောရန် နားလည်မှု ယူလိုက်ကြသည်။
"ကြည့်ရတာ... ရှဲ့မိန်းကလေးက ဘာပဲပြောပြော ဒီကိစ္စကို ကျုပ်လက်ချက်လို့ပဲ သတ်မှတ်ထားတာပေါ့လေ "
ရှောင်ကွမ်းယင်က သက်ပြင်းတစ်ချက်ကို သဲ့သဲ့လေး ချလိုက်ပြီး အားကိုးရာမဲ့သည့် အမူအရာဖြင့် ဆိုသည်။
"တကယ်တော့ ကျုပ် တကယ်ပဲ မတရားစွပ်စွဲခံရတာပါ။ ဒီကိစ္စက ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်နဲ့ ရှဲ့မိန်းကလေးကြားမှာလည်း တိုက်ရိုက်ရန်ငြိုးရန်စ မရှိပါဘူး၊ ကျုပ်က ဘာလို့ ဒီလောက်ကြီးမားတဲ့ အကွက်မျိုးကို ဆင်ရမှာလဲ "
"အာမန်မမ... ကျုပ်ကြည့်ရတာ ရှောင်ကွမ်းယင်ပြောတာလည်း ကျိုးကြောင်းဆီလျော်သလိုပဲဗျ။ ဘယ်လိုပဲ စဉ်းစားစဉ်းစား သူက ဘာလို့ မမကို လက်စဖျောက်ချင်ရတာလဲဆိုတာ ကျုပ်လည်း တွေးလို့မရဘူး"
ရှန်းယွဲ့ကွမ်းက မျက်မှောင်ကြုတ်ကာ စဉ်းစားရင်း ပြောသည်။
"မသေမျိုးလောကငယ်က ရှေးဟောင်းမသေမျိုးကို ပင့်ဖိတ်ဖို့ဆိုတာ ဘယ်လောက်တောင် ပေးဆပ်ရမလဲ "
"ဒါ အမှန်ပါပဲ"
ရှောင်ကွမ်းယင်က လက်အုပ်ချီလိုက်ပြီး စီနီယာအစ်မကြီးကို ရိုးသားသော အကြည့်ဖြင့် ကြည့်ကာ
"ရှဲ့မိန်းကလေး စိတ်ထဲမှာ အမျက်ဒေါသရှိနေတာကိုလည်း ကျုပ် နားလည်ပေးနိုင်ပါတယ်။ နောက်နှစ်အနည်းငယ်ကြာရင် ကျုပ်တို့ ဘုရားကျောင်းက ပိုင်ဆိုင်တဲ့ ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုရဲ့ သတ်မှတ်သက်တမ်းကလည်း ပြည့်တော့မှာပါ။ ရှဲ့မိန်းကလေး အဲဒီကိုသွားပြီး ဒေါသဖြေလိုက်ရင်ရော မကောင်းဘူးလား "
"ရှန်းယွဲ့ကွမ်း...နင့်ဦးနှောက်ထဲ ရေဝင်နေပြီလား။ သူ ဘာလို့ တိုက်ခိုက်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို နင်မတွေးတတ်ဘူးဆိုကတည်းက နင်က သိပ်မပါးနပ်ဘူးဆိုတာ သိသာနေတာပဲ"
စီနီယာအစ်မကြီးက လှောင်ပြောင်လိုက်သည်။
ထိုက်ယီမသေမျိုးတံခါးမှ အမာခံတပည့်အချို့မှာ ဒေါသထွက်သွားကြသော်လည်း ရှန်းယွဲ့ကွမ်းကမူ စိတ်မဆိုးဘဲ ခါးသက်သက် ပြုံးကာ
"အာမန်မမက အကြောင်းရင်းကို သိလို့လား "
"မသိဘူး"
လူအများမှာ မှင်သက်အံ့အားသင့်သွားကြသည်။
"ဒါပေမဲ့ နောက်ပိုင်းကျရင် ငါ သိလာမှာပါ။ ငါ့ကို သူ လုပ်ကြံခဲ့တာဆိုရင် အကြောင်းပြချက်မရှိဘဲတော့ မဖြစ်နိုင်ဘူး"
စီနီယာအစ်မကြီးက ရှောင်ကွမ်းယင်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်။
သူမ၏ အကြည့်မှာ နံရံတွင် ချိတ်ထားသော အသားခြောက်တစ်စုံးကို ကြည့်နေသည့်အလား၊ အရက်နှင့် မြည်းရန် မည်သည့်နေရာမှ စတင်လှီးဖြတ်ရမလဲဟု တွက်ချက်နေပုံရသည်။
"ဒါက လူမိုက်ဆန်လွန်းတာပဲ မဟုတ်လား"
"အကြောင်းပြချက်မရှိဘဲနဲ့ အိမ်အထိ လာပြီး ရန်ရှာတာလား "
ယဲ့ချင်းချိုးနှင့် လင်ပုချိတို့က တစ်ပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။
"တစ်ကဏ္ဍစီ ခွဲပြောရအောင်။ ဒီနေ့ ငါလာတာက ရှေးဟောင်းတားမြစ်နယ်မြေကို လုဖို့ပဲ။ မင်းတို့ အရင်က ဘာတွေ ညှိနှိုင်းထားသလဲ ရုလိုင်ဘုရားကျောင်းအတွက် မင်းတို့ ရှေ့ထွက်ပေးမယ်ဆိုရင်လည်း ငါ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ မင်းတို့မှာ အဲဒီလောက် အရည်အချင်းရှိဖို့ပဲ မျှော်လင့်တယ်"
စီနီယာအစ်မကြီးက ပြုံး၍ ဆိုသည်
"တကယ်လို့ ရုလိုင်ဘုရားကျောင်းက မင်းတို့ကို အစီရင်ဗဟိုချက် သုံးခုစီ ပေးမယ်ဆိုရင်၊ ငါက ဒီတစ်ခေါက် မင်းတို့ဆီက ခြောက်ခုစီကို ဖျက်ဆီးပစ်မယ်"
လူအများမှာ ရင်ထဲတွင် အေးစိမ့်သွားကြပြီး ကြက်သီးမွေးညင်းများပင် ထသွားကြသည်။
အထူးသဖြင့် အသွေးအသားနတ်နန်းနှင့် ကြယ်တစ်သောင်းနန်းတော်မှ အမာခံတပည့်များမှာ မိမိတို့၏ အသက်ကို တစ်စုံတစ်ယောက်က လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသည့်အလား ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
"နင် လုပ်ဝံ့လို့လား "
ယဲ့ချင်းချိုးက ဒေါသတကြီး ပြောသည်
"တကယ်လို့ နင်သာ ဒါမျိုး တကယ်လုပ်ရဲရင် အဆင့် ၉ ပုဂ္ဂိုလ်ကြီးတွေ ပေါ်ထွက်လာမှာကို မကြောက်ဘူးလား "
"မင်းတို့မှာ အဆင့် ၉ ရှိရင် ကျွယ်မင်မှာရော အဆင့် ၉ မရှိဘူးလား ရယ်စရာပဲ "
စီနီယာအစ်မကြီးက နှာခေါင်းရှုံ့ကာ လှောင်လိုက်သည်။
"ငါ ဒီလောက်ဝေးတဲ့နေရာကနေ လာခဲ့တာက ကြုံးဝါးရုံသက်သက်ပဲ လာတာလို့ ထင်နေလား ငါ့စကားကို ဒီမှာတင် အပြတ်ပြောထားမယ်။ ရှောင်ကွမ်းယင် လူခေါ်ပြီး အခုချက်ချင်း လစ်မလား၊ ဒါမှမဟုတ် ငါ့ရှေ့မှာ ဒူးထောက်ပြီး တရားစာရွတ်မလား။ မင်းတို့တွေကတော့ လက်လျှိုချင်ရင် လက်ဖြတ်ပစ်မယ်၊ ခြေထိုးချင်ရင် ခြေဖြတ်ပစ်မယ်။ဒါက ငါ ရှဲ့အာမန် ပြောတဲ့စကားပဲ။ မင်းတို့ ယုံချင်ယုံ မယုံချင်နေ"
"ငါတို့ စီနီယာအစ်မကြီးရဲ့ စကားကိုတော့ မင်းတို့တွေ သေသေချာချာ စဉ်းစားကြဖို့ ငါ အကြံပေးချင်တယ်"
စီနီယာအစ်မသုံး၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွှတ်သွားပြီး ယဲ့ချင်းချိုးကို ပြုံးစစဖြင့် ဝေ့ကြည့်လိုက်သည်။
ထို့နောက် ရှောင်ကွမ်းယင်ဘက်သို့ လှည့်ကြည့်ကာ
"တစ်ခုခုလုပ်မယ်ဆိုရင်လည်း အစွမ်းကုန် လုပ်သင့်တာပေါ့။ အခုလို တစ်ဝက်တစ်ပျက် လုပ်တာက ဘာသဘောလဲ ငါကတော့ ဒီတစ်ခေါက် စီနီယာအစ်မကြီးရဲ့ နေရာကို အစားထိုးပြီး ကျွယ်မင်နန်းတော်ရဲ့ ထိပ်တန်းအမာခံ ဖြစ်လာမယ်လို့ ထင်ထားတာ။ နင်တို့ ရုလိုင်ဘုရားကျောင်းက ဒီလောက်တောင် အသုံးမကျလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီတစ်ခေါက်တော့ နင်တို့ရဲ့ -င်ပါးလေးတွေကို ငါ အပြတ်ရိုက်ပစ်ရတော့မယ်"
"ဒကာမလေးက ရိုင်းလိုက်ချေလား "
ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များမှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ စီနီယာအစ်မသုံးကို ဝိုင်းဝန်း ပြစ်တင်ရှုတ်ချကြတော့သည်။
ကျွယ်မင်နန်းတော်မှ အမာခံတပည့်များမှာမူ တစ်ဦးကိုတစ်ဦး ကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်နေကြသည်။
ဟွမ်ချင်းကျွဲ၏ အကြည့်မှာ ထိုစီနီယာအစ်မသုံးထံသို့ မသိမသာ ကျရောက်သွားပြီး သူ၏ မျက်ဝန်းထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားသည်။
ဤကဲ့သို့ လူသိရှင်ကြား မိမိ၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြောပြီး စီနီယာအစ်မကြီး၏ နေရာကို လိုချင်သည်ဟု ပြောဝံ့သည်လား ဒါမျိုးလည်း ရတာပဲလား။
"မဆူကြနဲ့တော့၊ ဘာတွေ ရန်ဖြစ်နေကြတာလဲ"
စီနီယာအစ်မကြီးက အေးဆေးစွာ ဆိုသည်။
"ကျန်တဲ့ အဖွဲ့တွေ... အခု သဘောထား ထုတ်ဖော်ရမယ့် အချိန်ပဲ"
"ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီကိစ္စမှာ မပါဝင်ပါဘူး။ ကျုပ်တို့က ဒီနားက ဖြတ်သွားရင်း အပျော်လာကြည့်တာပါ"
ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ ဦးဆောင်သူက ပြုံးလျက် ဆိုသည်။
သူ၏ ဘေးတွင် လူဆယ်ဂဏန်းခန့်သာ ပါလာခြင်းက သူတို့တွင် စေလွှတ်ထားသော မသေမျိုးလှေအစီရင် ဆယ်စင်းခန့်သာ ရှိကြောင်း ပြသနေသည်။
ဖန့်ချန်သည် သူတို့ကို တစ်ချက်ကြည့်လိုက်သည်။
ယခင်က ဝေ့ဝူရှန့် ပြောခဲ့သော ဝိညာဉ်နတ်ဘုရားဂိုဏ်းတွင် ရှေ့တန်းထွက် အဖွဲ့ပေါင်း သုံးထောင်ရှိသည်ဆိုခြင်းမှာ ဖြစ်နိုင်သည်မှာ ထိုအထဲမှ တစ်ဖွဲ့ကိုသာ ဆိုလိုခြင်း ဖြစ်ရမည်။
ထိုကောင်သည် ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ အစစ်အမှန် အင်အားကို လုံးဝ နားမလည်ခဲ့ချေ။
သို့သော်လည်း ဖန့်ချန်သည် ကျွယ်မင်နန်းတော်မှနေ၍ ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ အင်အားကို လေ့လာခဲ့ဖူးသည်။
ကျွယ်မင်နန်းတော်တွင် အမာခံတပည့် ထောင်ချီရှိပြီး ရှေးဟောင်းတားမြစ်နယ်မြေ ၂၄ ခုကို ပိုင်ဆိုင်ထားခြင်းနှင့် မတူဘဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းမှာ တားမြစ်နယ်မြေ ၄ ခု သို့မဟုတ် ၅ ခုခန့်သာ ပိုင်ဆိုင်ထားပြီး စုစုပေါင်း မသေမျိုးလှေအစီရင်မှာလည်း အနည်းဆုံး တစ်ရာ သို့မဟုတ် နှစ်ရာခန့်သာ ရှိပေလိမ့်မည်။
ဝိညာဉ်သုတ်သင်ခြင်းဌာနမှာမူ ဝိညာဉ်နတ်ဘုရားဂိုဏ်းထက်ပင် အင်အားနည်းသေးရာ၊ စိတ်ဝိညာဉ်နယ်မြေ အတွင်းရှိ အင်အားစုများထဲတွင် အခြေခံအကျဆုံးဟု ဆိုရပေမည်။
သို့သော်လည်း ဝိညာဉ်နတ်ဘုရားဂိုဏ်းနှင့် ဝိညာဉ်သုတ်သင်ခြင်းဌာနတို့၏ ထူးခြားချက်မှာ သူတို့၏ သြဇာမှာ စိတ်ဝိညာဉ်နယ်မြေအတွင်း၌သာ ကန့်သတ်မထားဘဲ အထက်နယ်မြေသုံးခုနှင့် အောက်နယ်မြေခြောက်ခုလုံးတွင် သူတို့၏ လူများ ရှိနေခြင်းပင် ဖြစ်သည်။
ကျွယ်မင်နန်းတော်က သူတို့ထဲမှ တစ်ခုခုကို အမြစ်ပြတ်အောင် ဖျက်ဆီးချင်လျှင်ပင် အချိန်တိုအတွင်း လုပ်ဆောင်နိုင်ရန် ခဲယဉ်းလှသည်။
"ဝိညာဉ်သုတ်သင်ခြင်းဌာနကလည်း ဒီကိစ္စမှာ ပါဝင်ဖို့ ဆန္ဒမရှိပါဘူး"
"အဲ... ထိုက်ယီမသေမျိုးတံခါးလည်း မပါဝင်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်"
ရှန်းယွဲ့ကွမ်းက စိတ်မသက်မသာဖြင့် ဆိုလိုက်သည်။
သူနှင့်အတူ ပါလာသော အမာခံတပည့်များက သူ့ကို ဝိုင်းကြည့်လိုက်ကြသော်လည်း မည်သည့် ကန့်ကွက်စကားမျှ မဆိုကြချေ။
"နောက်ဆုံးအကြိမ် မေးမယ်... အစီရင်ဗဟိုချက် သုံးခုကို ပေးမှာလား၊ မပေးဘူးလား "
ယဲ့ချင်းချိုးက ရှောင်ကွမ်းယင်ကို ကြည့်ကာ မေးလိုက်သည်။
ရှောင်ကွမ်းယင်၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ယဲ့ချင်းချိုးက ဖြတ်၍ ပြောလိုက်သည်။
"မပေးဘူးဆိုရင်လည်း ပြီးတာပဲ"
သူမသည် စီနီယာအစ်မကြီးကို တစ်ချက်ကြည့်ကာ
"ငါတို့ အသွေးအသားနတ်နန်းလည်း ဒီကိစ္စမှာ မပါဝင်တော့ဘူး"
ရှောင်ကွမ်းယင်၏ မျက်နှာ အရောင်ပြောင်းသွားတော့သည်။
သူ စကားပင် မပြောရသေးခင်မှာတင် အသွေးအသားနတ်နန်းက ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
သူ၏ အကြည့်အောက်တွင် ယဲ့ချင်းချိုးမှာ တည်ငြိမ်နေပြီး မည်သည့် ထူးခြားမှုမျှ မရှိချေ။
"ဒါဆိုရင်... ကြယ်တစ်သောင်းနန်းတော်ကလည်း ပါဝင်ဖို့ မရည်ရွယ်တော့ဘူး မဟုတ်လား "
ရှောင်ကွမ်းယင်က လင်ပုချိကို ကြည့်လိုက်သည်။
"အင်း... ကျွယ်မင်နန်းတော်ရဲ့ ဆုံးဖြတ်ချက်က ဒီလောက်တောင် ခိုင်မာနေမှတော့ ကျုပ်တို့လည်း ဝင်မရှုပ်တော့ပါဘူး"
လင်ပုချိက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အနည်းငယ် နှမြောတသဖြစ်သွားသည်။
အဝေးကြီးကနေ လာခဲ့ရသော်လည်း မည်သည့် အကျိုးအမြတ်မှ မရလိုက်ချေ။
ဤကဲ့သို့ ခရီးရှည်ထွက်ရခြင်းမှာ အချိန်ကြာလာသည်နှင့်အမျှ မသေမျိုးလှေပေါင်း သောင်းနှင့်ချီသော ပျက်စီးဆုံးရှုံးမှုမှာ တွက်ချက်ရခက်လှသည်။
သို့သော်လည်း သူတို့သည် ရှဲ့အာမန်၏ ပြတ်သားမှုကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် အကျိုးအမြတ်ကို ချိန်ဆကာ နောက်ဆုတ်ပေးလိုက်ရခြင်းပင် ဖြစ်သည်။
"ရှောင်ကွမ်းယင်... ဒါကိုကြည့်ရင် နင်တို့ကို ကူညီနိုင်တာ တာ့လေယင်းရဲ့ ဗုဒ္ဓအလင်းတန်းပဲ ရှိတော့တာပေါ့။ နင် အဲဒီဗုဒ္ဓအလင်းတန်းအောက်မှာ နေရင်း ငါ့ကို အံ့သြသွားအောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
စီနီယာအစ်မကြီးက ပြုံး၍ ဆိုသည်။
"အံ့သြအောင် လုပ်နိုင်မလားဆိုတာကတော့ ခဏထားဦး... ဒီတစ်ခေါက် မင်းတို့ ကျွယ်မင်နန်းတော်မှာလည်း သက်တမ်းစေ့သွားတဲ့ ရှေးဟောင်းတားမြစ်နယ်မြေ ရှိတယ် မဟုတ်လား။ မင်း ဒီကို ရောက်နေချိန်မှာ ကျုပ်တို့လူတွေလည်း အဲဒီဘက်ကို ရောက်နေလောက်ပြီ"
ရှောင်ကွမ်းယင်က လက်အုပ်ချီကာ ပြုံးလျက် ဆိုလိုက်သည်။
လီရှမ်းဇီ နှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။
ရုလိုင်ဘုရားကျောင်းကပါ အကွက်ပြန်ရွှေ့လိုက်ပြီလား။