စာဖတ်သူများသို့ ပန်ကြားခြင်း “ လီယီတောင်း စာစဉ်ကို ရေးလာရင်း တဝက်လောက် အရောက်မှာပဲ MTL ဖြစ်နေတာ ကြုံခဲ့ရပါတယ်။ အဲဒီအပိုင်းတွေ ဇာတ်လမ်းကို စာဖတ်သူများ ချောချောမွေ့မွေ့ ဖတ်နိုင်အောင် လိုအပ်တာတွေ ပြင်ဆင်ဖြည့်စွက် ရေးသားခဲ့ပါတယ်။ အခု ဇာတ်သိမ်းဖို့ နီးလာတဲ့ အပိုင်းတွေ တလျှောက်မှာ MTL က ပိုဆိုးလာပါတယ်။ စာကြောင်း တဝက်တပျက်တွေ၊ အဆက်အစပ် မရှိတာတွေ ဖြစ်လာပါတယ်။ ပြီးတော့ ဇာတ်လမ်းက မြှုပ်ကွက်တွေနဲ့ ရှုပ်နေပါတယ်။ ဒီဟာတွေကို ကျနော် တတ်စွမ်းသလောက် ပြင်ဆင်ဖြည့်စွက်ထားပါတယ်။ တချို့နေရာတွေမှာ အရမ်းထောက်နေတဲ့အတွက် စကားပြော အသုံးပြုပြီး စာအသွားအလာ ချောအောင် ရေးသားထားပါတယ်။ စာဖတ်သူများ အဆင်ပြေပြေ ဖတ်ရှုနိုင်အောင် အတတ်နိုင်ဆုံး ရေးသားထားပါတယ်။ ဇာတ်လမ်း တချို့နေရာတွေမှာ အဆက်အစပ် မမိနေတာမျိုး၊ ဇာတ်လမ်း ရှုပ်ထွေးနေတာမျိုး ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်ခင်ဗျာ့။ “ ……………………………………………………………………………………………………………………………………………
အခန်း ၂၆၁ - တိုက်ပွဲအဆုံးသတ်
အသားစများအားလုံး တစ်ခဏချင်းအတွင်း သွေးမြူတိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း ရန်သူမှာ ဤမျှနှင့် အဆုံးသတ်သွားပြီ လီယီတောင်း ယုံကြည်လိုက်သည်။ အကယ်၍ ဤအခြေအနေမှပင် ပြန်လည် အသက်ရှင်လာနိုင်ဦးမယ်ဆိုလျှင်တော့ ဆက်လက်တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ပေ။ လက်နက်ချလိုက်ခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မသေနိုင်သော ရန်သူကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သောကြောင့်ပင်။
ထို့ကြောင့် လက်ရှိအခြေအနေတွင် ဤကိစ္စမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း လီယီတောင်း သိလိုက်သည်။ ရုတ်တရက် ဖြစ်ပွားခဲ့သော ဤတိုက်ပွဲမှာလည်း ပြီးဆုံးသွားခဲ့လေပြီ။
အဘိုးအိုက သူ့ကို ဘယ်ကို ခေါ်သွားနေတာလဲ။
ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ။
ခရီးစတင်ခါနီးမှာတင် လီယီတောင်းတစ်ယောက် သေလုနီးပါး ဖြစ်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အင်အားလည်း အတော်လေး တိုးတက်လာခဲ့ပြန်သည်။ ယခုလည်း အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရပြန်ပြီ။ ထို့ပြင် အဘိုးအို၏ အရိပ်အမြွက်စကားများအရ စခန်းသို့ ပြန်ရောက်လျှင်လည်း ကိုင်တွယ်ဖြေရှင်းရမည့် အခြားကိစ္စရပ်များ ရှိနေဦးမည်မှာ အသေအချာပင်။ ဤအခြေအနေက နောက်ထပ် မည်သို့သော ပြဿနာများနှင့် ရင်ဆိုင်ရဦးမည်ကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်အောင် လုပ်ဆောင်နေပေသည်။
"အကြီးအကဲဖူလည်း သတိလစ်နေပြီဆိုတော့ ကျွန်တော်တို့ အခု ပြန်ကြမလား…"
တိုက်ပွဲပြီးဆုံးသွားပြီမို့ ယွင်မြို့က လူများမှာ လီယီတောင်းထံ ချဉ်းကပ်ကာ သဘောထားတောင်းခံလာကြသည်။ အဘိုးအိုနှင့်အတူ လိုက်ပါလာသူမှာ လီယီတောင်း ဖြစ်သဖြင့် သူ၏ သဘောထားမှာ အရေးကြီးလှပေသည်။ လီယီတောင်းက သတိလစ်နေသော အဘိုးအိုကို တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် လူအုပ်စုမှာ အဘိုးအိုနှင့် အခြားသူများကို ထမ်းကာ စခန်းသို့ ပြန်ရန် တောင်အောက်သို့ ဆင်းခဲ့ကြသည်။
တောင်ခြေသို့ ရောက်သည့်အခါ ထိုနေရာတွင် စောင့်ဆိုင်းနေသော ယန်ချင်းယွဲ့နှင့် ကျိုးရှုရီတို့က လာရောက်ကြိုဆိုကြသည်။ အဘိုးအို သတိလစ်နေသည်ကို မြင်ရသည့်အခါ ကျိုးရှုရီမှာ တွေဝေမနေပဲ အပ်များကို ထုတ်ယူကာ အဘိုးအို ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်အချို့ကို ထိုးစိုက်လိုက်သည်။ သို့သော် လီယီတောင်း မျှော်လင့်ထားသော်လည်း အဘိုးအို နိုးမလာခဲ့ပေ။
"အချိန်ယူရဦးမယ်… သူ့ကို အတင်းနိုးဖို့ မလုပ်ချင်ဘူး… အဲဒါက သူ့ကို ထိခိုက်စေနိုင်တယ်… အခုကတော့ သူ အေးအေးဆေးဆေး အနားရအောင် လုပ်ပေးထားတယ်… သူ နိုးလာတဲ့အခါ တော်တော်လေး ပြန်ကောင်းလာလိမ့်မယ်…"
ကျိုးရှုရီ၏ ရှင်းပြချက်ကို ကြားရမှ လီယီတောင်းလည်း နားလည်သွားတော့သည်။ အခြေအနေက ဤသို့ဖြစ်နေမှတော့ ယခုအချိန်တွင် အဘိုးအိုကို အတင်းနိုးနေခြင်းကလည်း ထူးခြားမည်မဟုတ်ပေ။ ကောင်းကောင်း အနားယူစေခြင်းကသာ ပိုကောင်းပေလိမ့်မည်။
"သူတို့ကိုလည်း ကုပေးလိုက်ပါဦး…"
သတိလစ်နေသော ကျန်သုံးဦးကို ကြည့်ကာ လီယီတောင်း တိုးတိုးလေး ဆိုလိုက်သည်။ ကျိုးရှုရီက ခေါင်းငြိမ့်ကာ ထိုသူများထံ လျှောက်သွားပြီး အပ်အချို့ ထိုးစိုက်ပေးလိုက်သည်။ ထိုသူများ၏ မျက်နှာများမှာ သိသိသာသာ ပြေလျော့သွားကြသဖြင့် ကျိုးရှုရီ အပ်များမှာ စိတ်ငြိမ်စေသော အာနိသင်ရှိကြောင်း ထင်ရှားလှပေသည်။
မကြာမီ လူအုပ်စုမှာ ထိုနေရာမှ ထွက်ခွာလာခဲ့ကြသည်။ နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ယွင်မြို့မှ လူအုပ်စုကြီးမှာ ကူညီရန် ရောက်ရှိလာကြသည်။ သို့သော် ရောက်လာသူများ၏ အရှိန်အဝါမှာ သာမန်မျှသာ ဖြစ်သဖြင့် အင်အားကြီးသူများ မဟုတ်ကြမှန်း သိသာသည်။ ရှေ့တွင် ရောက်ရှိနေသူများမှာ တိုက်ခိုက်ရေး အင်အားစုများ ဖြစ်ကြပြီး ယခုရောက်လာသူများမှာမူ ပံ့ပိုးကူညီရန် ဖြစ်ပုံရသည်။
"အကြီးအကဲဖူ ဘာဖြစ်တာလဲ…"
ရောက်ရှိလာသူမှာ သတိလစ်နေသော အဘိုးအိုကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"အကြီးအကဲဖူက အားအင်ကုန်ခမ်းလွန်းလို့ သတိလစ်သွားတာပါ… ဘာမှမဖြစ်ပါဘူး…"
ခေါင်းဆောင်တစ်ဦးက ရှင်းပြလိုက်၏။ တစ်ဖက်လူက ခေါင်းငြိမ့်လိုက်သော်လည်း သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အမူအရာတစ်ခုကို လီယီတောင်း သတိပြုမိလိုက်သည်။ အခြေအနေမှာ မြင်တွေ့နေရသလောက် မရိုးရှင်းသည်မှာ သိသာလှပေသည်။
"ဒီလူတွေကရော…"
ကျန်ရှိနေသူများကို သူက ကြည့်ကာ မေးပြန်သည်။ မူလက ငါးယောက်ပါသော အဖွဲ့တွင် ယခုအခါ သုံးဦးမှာ လဲလျောင်းနေရပြီး တစ်ဦးမှာမူ ဒဏ်ရာရထားသော်လည်း ကိုယ်တိုင် လမ်းလျှောက်နိုင်သေးသည်။ သတိလစ်နေသူများကိုမူ ထမ်းစင်ဖြင့် ထမ်းထားကြရသည်။
"သူတို့လည်း နောက်ဆုံးအချိန်မှာ တားမြစ်ထားတဲ့ နည်းစနစ်တွေကို သုံးလိုက်ရလို့ အခုလို သတိလစ်ကုန်တာပါ…"
တစ်ဖက်လူက ထပ်မံ ခေါင်းငြိမ့်လိုက်ပြီး… "သွားကြရအောင်… အကြီးအကဲဖူကို စခန်းကို အရင်ပြန်ခေါ်သွားမယ်…" ဆိုကာ လက်ဝှေ့ယမ်းလိုက်သည်။
ကြိုတင်ပြင်ဆင်ထားသော ယွင်မြို့သားများက ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး ထမ်းစင်များကို လွှဲပြောင်းယူလိုက်ကြသည်။ သူ၏ ဦးဆောင်မှုဖြင့် တောင်အောက်သို့ ဆင်းခဲ့ကြသည်။
သို့သော် လမ်းလျှောက်နေရင်း လီယီတောင်း မျက်မှောင်ကြုတ်မိသွားသည်။ ၎င်းက တောင်အောက်ကို တိုက်ရိုက်ဆင်းတဲ့လမ်း မဟုတ်ပေ။ ထိုအစား သူတို့က အရှေ့ဘက်ကို ဦးတည်နေကြခြင်းဖြစ်သည်။
ထိုအချိန်တွင် အဘိုးအို၏ သတိပေးချက်ကို လီယီတောင်း သတိရသွားသည်။
"အရှေ့ဘက်ကို မသွားနဲ့…" ဟူသော စကားပင်။
သူ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက် သာမန်ကာလျှံကာပင် မေးလိုက်သည်။
"ဒါဆို ကျွန်တော်တို့ အခု အရှေ့ဘက်စခန်းကို သွားနေကြတာပေါ့ ဟုတ်လား…"
"အင်း"
သူက သတိအထူးတလည် ထားပုံမရပေ၊ သို့မဟုတ် လီယီတောင်း၏ မေးခွန်းမှာ သာမန်မျှသာ ဖြစ်နေ၍လည်း ဖြစ်နိုင်သည်။ သို့သော် ဖြေပြီးမှ သူ ခဏမျှ တွေဝေသွားသည်။ လီယီတောင်းမှာ အရှေ့ဘက်စခန်းကို တစ်ခါမှ မရောက်ဖူးဘဲ ဤလမ်းသည် အရှေ့ဘက်သို့ သွားသည်ကို မည်သို့ သိနေသနည်း။
"အော်… ဒါဆို အနောက်ဘက်စခန်းက ဘယ်မှာလဲ…"
လီယီတောင်းက ဆက်မေးလိုက်သည့်အခါတွင်တော့ တစ်ဖက်လူမှာ မေးခွန်းနောက်ကွယ်တွင် ရည်ရွယ်ချက်ရှိနေမှန်း ရိပ်မိသွားတော့သည်။ သို့သော်လည်း သူ ဖြေရပေမည်။
"အနောက်ဘက်စခန်းက အရှေ့ဘက်စခန်းရဲ့ အနောက်ဘက်မှာ ရှိတာပေါ့… တကယ်တော့ အခုသွားနေတဲ့ လမ်းအတိုင်း ခဏသွားပြီးရင် အရှေ့နဲ့ အနောက်စခန်းတွေကို ခွဲသွားတဲ့ လမ်းဆုံကို ရောက်လိမ့်မယ်… မြောက်ဘက်နဲ့ တောင်ဘက်စခန်းတွေကတော့ ဒီလမ်းမှာ မရှိဘူး…"
လီယီတောင်း မေးခွန်းကို သူ နားမလည်ဖြစ်နေသော်လည်း တိုက်ရိုက်ပင် ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီ… အရှေ့ဘက်စခန်းကို မသွားနဲ့တော့… အနောက်ဘက်စခန်းကိုပဲ တန်းသွားကြရအောင်…"
လီယီတောင်းက အမူအရာမပျက်ဘဲ ပြောလိုက်သည်။ သို့သော် ဤသာမန်ကာလျှံကာ အမူအရာကပင် တစ်ဖက်လူကို တုန့်ကနဲ ဖြစ်သွားစေသည်။ သူ ဘာမှမပြောဘဲ ရှေ့သို့သာ ဆက်လျှောက်နေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ခဏချင်း ဆိတ်ငြိမ်သွားလေတော့သည်။
တစ်ဖက်လူမှာ လီယီတောင်း၏ စကားကို ပြန်မဖြေချင်သည်လား၊ သို့မဟုတ် အဖွဲ့ကို အနောက်ဘက်စခန်းသို့ မခေါ်သွားချင်သည်လား မသိရပေ။ ဆယ်စက္ကန့်ခန့် ကြာပြီးနောက်တွင်တော့ တစ်ဖက်လူက တည်ငြိမ်စွာပင် ပြန်ပြောလာသည်။
"အရှေ့ဘက်စခန်းမှာ တော်တဲ့ ဆေးဆရာတစ်ယောက်ရှိတယ်… အဘိုးအိုရဲ့ ဒဏ်ရာတွေကို ကုသဖို့ အဲဒီကို အရင်သွားကြမယ်… ပြီးမှ အနောက်ဘက်စခန်းကို သွားတာပေါ့…"
သူ့လေ…သံက မေးမြန်းနေခြင်း မဟုတ်ဘဲ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ အခု အရှေ့ဘက်စခန်းကို သွားမည်၊ အနောက်ဘက်စခန်းကို သွားမည်မဟုတ်ဟူ၍ ဖြစ်သည်။ သို့သော် သူက တည်ငြိမ်ဟန် ဆောင်ထားသော်လည်း လီယီတောင်း ရိပ်မိနေပေသည်။ တစ်ဖက်လူ၏ အမူအရာအရ အရှေ့ဘက်စခန်းမှာ တစ်ခုခု ပြဿနာရှိနေသည်မှာ သေချာလှပေသည်။
လီယီတောင်းက ဆက်လက်၍ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ရပါတယ်... အဘိုးက စောစောက ငါ့ကို မှာထားခဲ့တယ်... အနောက်ဘက်စခန်းမှာ သူလုပ်စရာ ရှိတယ်တဲ့... အဲဒါကြောင့် အနောက်ဘက်စခန်းကိုပဲ သွားကြရအောင်… ဒီလူတွေရဲ့ ဒဏ်ရာကတော့ ငါတို့လူတွေနဲ့တင် အဆင်ပြေပါတယ်... ကျန်တာကတော့ သူတို့ဘာသာ နိုးလာအောင် စောင့်ရုံပါပဲ…"
သို့သော် သူ ဤသို့ပြောလိုက်သည့်တိုင် တစ်ဖက်လူမှာ သူ့စကားကို အလေးမထားပေ။ သူတို့ အရှေ့ဘက်စခန်းသို့သာ ဆက်လက်သွားရန် ရည်ရွယ်ထားကြသည်မှာ ထင်ရှားလှပေသည်။