အခန်း ၂၆၂ - အနောက်ဘက်စခန်းသို့ ရောက်ရှိခြင်း
"အနောက်ဘက်စခန်းကို သွားမယ်လို့ ငါပြောပြီးသားလေ…"
လီယီတောင်းက ပြတ်သားစွာ ဆိုလိုက်သည်။
သူက လမ်းလျှောက်နေရာမှ တုန့်ကနဲ ရပ်လိုက်သည်။ သူ၏ မျက်နှာမှာ လေးနက်တည်ကြည်နေပြီး ရှေ့မှ ဦးဆောင်လာသူကို စိုက်ကြည့်နေ၏။ သူ၏ အမူအရာမှာ အေးစက်ခက်ထန်နေပေသည်။ တစ်ချိန်တည်းမှာပင် ညာလက်ထဲတွင် အဆောင်လက်ဖွဲ့တစ်ခုကို ကိုင်ထားသည်။
ယန်ချင်းယွဲ့လည်း လက်ထဲတွင် အင်အားများကို စုစည်းလိုက်သည်။ ကျိုးရှုရီ ခဏမျှ တွေဝေသွားသော်လည်း လီယီတောင်းနှင့် ယန်ချင်းယွဲ့တို့၏ ဘေးတွင် နေရာယူလိုက်သည်။ ဤနေရာမှာ သူမအနေဖြင့် ထိုနှစ်ဦးကို အကူအညီပေးနိုင်သလို ဖြစ်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုများကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်သည့် နေရာဖြစ်ပေသည်။ ဤအချိန်တွင် ကျိုးရှုရီမှာ သေရမှာကို ကြောက်နေခြင်း မရှိပေ။
အဓိကအချက်မှာ သူမက ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်ပင်။ တိုက်ပွဲဖြစ်လာပါက လီယီတောင်းတို့ကို ခြိမ်းခြောက်ရန် ဓားစာခံအဖြစ် အသုံးချမခံရအောင် သေချာအောင် လုပ်ဆောင်ရပေမည်။ တစ်ချိန်တည်းမှာပင် သူမက အခြားသူများ၏ တိုက်ခိုက်မှုကို မနှောင့်ယှက်မိစေရန်လည်း လိုအပ်သည်။ ထို့ကြောင့် ဤအခိုက်အတန့်တွင် ကျိုးရှုရီမှာ ထိုမဟာဗျူဟာကျသော နေရာ၌ ရှိနေခြင်းဖြစ်သည်။
ထိုအချိန်တွင် အားလုံးနီးပါးမှာ လမ်းလျှောက်နေရာမှ ရပ်သွားကြသည်။ ပတ်ဝန်းကျင် အနေအထားမှာ အတော်လေးကို ထူးဆန်းနေလေတော့သည်။ ယွင်မြို့မှ အချို့သောသူများမှာ လီယီတောင်းအနားသို့ တိုးကပ်လာကြပြီး နောက်မှ ရောက်လာသူများမှာမူ လီယီတောင်းတို့အဖွဲ့ကို ခပ်လှမ်းလှမ်းမှ ရင်ဆိုင်လိုက်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လီယီတောင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယွင်မြို့ တစ်ခုလုံးမှာ ပြဿနာရှိနေခြင်း မဟုတ်ဘဲ ၎င်းမှာ အတွင်းပိုင်း ပဋိပက္ခတစ်ခုသာ ဖြစ်ပုံရပေသည်။ လက်ရှိ အခြေအနေအရ အုပ်စုတစ်စုကသာ ပြဿနာရှာနေခြင်း ဖြစ်နိုင်သည်။ လီယီတောင်း အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း တစ်ဖက်လူကို တည်ငြိမ်စွာ စိုက်ကြည့်နေ၏။ သူက နောက်ဆုတ်မည့် အရိပ်အယောင် မပြဘဲ နှစ်ဖက်စလုံးမှာ အပြန်အလှန် အခြေအနေကို စောင့်ကြည့်နေကြသည်။
ထူးဆန်းပြီး တိတ်ဆိတ်နေသော အခြေအနေမှာ တစ်မိနစ်ခန့် ကြာပြီးနောက်တွင်တော့ တစ်ဖက်လူက အနည်းငယ် ပြုံးလိုက်သည်။
"ကောင်းပါပြီ… အနောက်ဘက်စခန်းကိုပဲ သွားကြတာပေါ့… ဒါပေမဲ့ ဆေးဝန်ထမ်းတွေ အားလုံးက အရှေ့ဘက်စခန်းမှာ ရှိနေတာ… သူတို့ကို အနောက်ဘက်စခန်းမှာ ပြင်ဆင်ထားဖို့ ငါ အကြောင်းကြားလိုက်မယ်…"
သူက နောက်ဆုံးအကြိမ် ညှိနှိုင်းသည့်အနေဖြင့် ရှင်းပြလေသည်။
လီယီတောင်းက ဘာမှ ထပ်မပြောဘဲ ငြိမ်နေလိုက်သည်။ လမ်းဆုံသို့ ရောက်သည့်အခါ တစ်ဖက်လူမှာ ခဏမျှ တွေဝေသွားသော်လည်း နောက်ဆုံးတွင်တော့ ဘာမှ မလုပ်ဘဲ အနောက်ဘက်စခန်းဆီသို့သာ ဦးတည်သွားကြတော့သည်။ လီယီတောင်းကတော့ လက်ထဲက အဆောင်လက်ဖွဲ့ကို ပြန်သိမ်းရန် စိတ်ကူးမရှိဘဲ ဆက်လက် ကိုင်ထားဆဲပင်။ သူ့အတွက်တော့ တစ်ဖက်လူက တစ်ခုခု မသင်္ကာစရာ လုပ်လိုက်သည်နှင့် ချက်ချင်း တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ တွေဝေနေမည် မဟုတ်ပေ။
သို့သော် တစ်ဖက်လူမှာ ပြန်လည် စဉ်းစားမိသွားသည်လား သို့မဟုတ် တွေဝေသွားသည်လား မသိရပေ၊ ဘာမှ ထူးထူးခြားခြား လှုပ်ရှားမှု မရှိခဲ့ပေ။ ဤနည်းဖြင့် အခြေအနေမှာ အတန်ငယ် ပြေလည်သွားခဲ့သည်။ မဆိုးပါဘူး။ အနည်းဆုံးတော့ သူတို့ အနောက်ဘက်စခန်းကို ဘေးကင်းကင်းနှင့် ရောက်ရှိနိုင်ခဲ့သည်။
လီယီတောင်းတို့ ရောက်ရှိချိန်မှာတော့ နေဝင်ရီတရော အချိန်သို့ ရောက်နေပြီဖြစ်သည်။ အနောက်ဘက်စခန်း ခေါ်သော နေရာကို မြင်လိုက်ရသည့်အခါ လီယီတောင်း အံ့အားသင့်သွားရသည်။
ဒါက စခန်းတစ်ခုလား… ဘာတွေ နောက်နေတာလဲ… ဒါက ဘယ်လိုလုပ် စခန်းတစ်ခု ဖြစ်နိုင်မှာလဲ… ဒါက မြို့တစ်မြို့ လေ…။
ပတ်ဝန်းကျင်ရှိ အဆောက်အအုံ အတော်များများမှာ သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသလို ထင်ရသော်လည်း လက်တွေ့မှာတော့ မဟုတ်ပေ။ အဆောက်အအုံများကို သံကူကွန်ကရစ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အလယ်ဗဟိုမှ အနည်းဆုံး အထပ် ၃၀ ခန့်ရှိသော အဆောက်အအုံမှာ အပြင်ဘက်ပိုင်းကို သစ်သားအပြင်အဆင်များဖြင့် အလှဆင်ထားသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များကိုလည်း အဆင်တန်ဆာအဖြစ် အသုံးပြုထားသဖြင့် အဆောက်အအုံ တစ်ခုလုံးမှာ ရှေးဟောင်းခံစားမှုမျိုး ပေးစွမ်းနေပေသည်။ ဤအသေးစိတ် အချက်အလက်များ အားလုံးမှာ တည်ငြိမ်ပြီး သဘာဝကျလှပေသည်။
"အကြီးအကဲဖူရဲ့ အခြေအနေ ဘယ်လိုလဲ…"
သူတို့ အနောက်ဘက်စခန်းထဲသို့ ဝင်လိုက်သည်နှင့် လူတစ်စုမှာ လာရောက် ကြိုဆိုကြသည်။ သူတို့ကို ဦးဆောင်လာသူများမှာ အဘိုးအို ငါးယောက်၊ ခြောက်ယောက်ခန့် ဖြစ်ပြီး သူတို့၏ မျက်နှာများမှာ အတော်လေး လေးနက်တည်ကြည်နေကြသည်။ အထူးသဖြင့် ထမ်းစင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအိုကို မြင်ရသည့်အခါ သူတို့၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ဖြတ်ခနဲ ပေါ်သွားကြသည်။
သူတို့၏ အမူအရာကို ကြည့်ပြီး အဘိုးအို ဘာကြောင့် အနောက်ဘက်စခန်းကို လာခိုင်းသည်ကို လီယီတောင်း နားလည်သွားတော့သည်။ ဤနေရာက အတော်လေး အဆင်ပြေပုံရပေသည်။ ဤလူများက အဘိုးအိုအပေါ် အမှန်တကယ်ပင် ရိုသေလေးစားမှု ရှိကြသည်။ သူတို့က အဘိုးအိုအပေါ် လှည့်ကွက်များ သုံးကြမည် မဟုတ်ပေ။ အဲဒါကြောင့် အဘိုးအို အနောက်ဘက်စခန်းကို ရောက်လာတာက ပြဿနာ ရှိမှာ မဟုတ်ပါဘူး။ လီယီတောင်းလည်း စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူတို့ကို လမ်းပြလာသောသူမှာမူ လီယီတောင်းတို့ အနောက်ဘက်စခန်းထဲသို့ ဝင်ပြီးနောက် လိုက်မလာတော့ပေ။ ထိုအစား သူက လှည့်ထွက်သွားတော့သည်။ ထွက်ခွာသွားသော ထိုသူ၏ ကျောပြင်ကို ကြည့်ရင်း လီယီတောင်းက အသေအချာ အကဲခတ်နေမိသည်။ သူ၏ အမူအရာအရ သူတို့နှင့် အနောက်ဘက်စခန်းအကြား ပြဿနာတစ်ခုခု ရှိနေသည်မှာ သေချာလှပေသည်။ အကယ်၍ စောစောကသာ အရှေ့ဘက်စခန်းကို လိုက်သွားမိလျှင် အခြေအနေမှာ ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။
"တော်ပါသေးတယ်... ကြီးကြီးမားမားတော့ မဟုတ်ပါဘူး… သူ ခဏ အနားယူဖို့ပဲ လိုတာပါ…"
လီယီတောင်းတို့နှင့်အတူ အစကတည်းက ပါလာသော ယွင်မြို့သားက ရှင်းပြလိုက်သည်။ တစ်ဖက်က လူများမှာလည်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။
"ဒါဆိုရင်တော့ ကောင်းတာပေါ့… အကြီးအကဲဖူကို အမြန်ဆုံး အနားယူဖို့ ခေါ်သွားလိုက်ကြ… ဒီလူတွေကတော့..."
"သူက အကြီးအကဲဖူနဲ့အတူ ပါလာတာပါ… သူတို့အားလုံးက အကြီးအကဲဖူရဲ့ တပည့်တွေပါ…"
ထိုရှင်းပြချက်ကို ကြားရသည့်အခါ ကျန်ရှိနေသော အဘိုးအိုများမှာ ခဏမျှ အံ့အားသင့်သွားကြသော်လည်း နားလည်သည့် အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။
"ဒါဆိုရင်လည်း ကျွန်တော်တို့နဲ့ လိုက်ခဲ့ကြ… အရင် အနားယူကြတာပေါ့… ကျန်တဲ့ ကိစ္စတွေကိုတော့ အကြီးအကဲဖူ နိုးလာမှပဲ ဆွေးနွေးကြမယ်…"
ထိုသို့ ပြောပြီးနောက် အဘိုးအိုက လှည့်ထွက်သွားပြီး အားလုံးကို လိုက်လာရန် အချက်ပြလိုက်သည်။ လီယီတောင်းတို့အဖွဲ့မှာလည်း တွေဝေမနေဘဲ ချက်ချင်း လိုက်သွားကြတော့သည်။
နောက်ဆုံးတွင် သူတို့သည် အမြင့်ဆုံး အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားကြသည်။ ထို့အပြင် သူတို့သည် အပေါ်ဆုံးထပ်ရှိ ခမ်းနားသော အခန်းဆီသို့ တိုက်ရိုက် သွားခဲ့ကြခြင်း ဖြစ်သည်။ အပေါ်ဆုံးထပ်ရှိ နေရာမှာ အလွန်အမင်း မကျယ်ဝန်းသော်လည်း ပစ္စည်းကိရိယာများမှာ စုံလင်လှပေသည်။ ဧည့်ခန်းအချို့နှင့် အပန်းဖြေနားနေရန် နေရာများလည်း ပါဝင်သည်။
"အကြီးအကဲဖူကို အရင် အနားယူဖို့ ပြင်ဆင်ပေးလိုက်ပါ… မင်းတို့လည်း အနားယူဖို့ အခန်းတစ်ခန်းစီ ရှာလိုက်ကြ… အထဲမှာရှိတဲ့ ပစ္စည်းတွေ၊ အစားအသောက်တွေ အကုန်လုံးကို စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်…"
တစ်ဖက်လူမှာ လီယီတောင်းတို့အဖွဲ့ကို အများကြီး ထပ်မပြောတော့ပေ။ အရာအားလုံးမှာ အကြီးအကဲဖူ နိုးလာမှသာ ဆက်လက် ဆွေးနွေးကြမည့် ပုံစံမျိုးပင်။
လီယီတောင်းတို့မှာလည်း ထိုကိစ္စကို အများကြီး တွေးမနေတော့ပေ။ လက်ရှိတွင် သူတို့မှာ ဘာကိုမှ သေချာ မသိရသေးသည် မဟုတ်ပါလား။ အကြီးအကဲဖူ နိုးလာမှသာ အချက်အလက်များကို မေးမြန်းစုံစမ်းခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
ထူးခြားချက် တစ်ခုမှာ အကြီးအကဲဖူနှင့်အတူ တိုက်ခိုက်ခဲ့သော သူ သုံးဦးကိုမူ အပေါ်ဆုံးထပ်သို့ ခေါ်မလာခဲ့ခြင်း ဖြစ်သည်။ အဆောက်အအုံထဲသို့ ဝင်ပြီးနောက် သူတို့ကို သီးသန့် ခေါ်သွားခဲ့ကြသည်။ လမ်းလျှောက်နိုင်သေးသော သူနှင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော သူတို့ကိုလည်း အလားတူပင် သီးခြားနေရာများတွင် ထားရှိခဲ့ကြသည်။ သူတို့ကို ဘယ်နေရာမှာ ထားသည်ကိုတော့ လီယီတောင်း သေချာ မသိသော်လည်း ဘာအန္တရာယ်မှ မရှိနိုင်မှန်း သူ သိပေသည်။
သို့သော် လီယီတောင်းမှာ ယခုအခါ အတော်လေး ဝေခွဲမရ ဖြစ်နေလေသည်။ အစမှ အဆုံးအထိ အရာအားလုံးမှာ သူ့အတွက် နားလည်ရန် ခက်ခဲနေပေသည်။
ဘယ်သူက မိတ်ဆွေလဲ… ဘယ်သူက ရန်သူလဲ…။
အဘိုးအို နိုးလာမှသာ အရာအားလုံးကို အသေအချာ မေးမြန်းကြည့်ရတော့မည် ဖြစ်သည်။