အခန်း ၂၆၃ - အဘိုးအို နိုးထလာခြင်း
စိုထိုင်းသော အခန်းလေးထဲတွင် လီယီတောင်းမှာ တဖြည်းဖြည်းနှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။ တိုက်ပွဲစတင်ခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး အစောပိုင်းက သက်တမ်း တစ်သောင်း အသုံးပြုခဲ့ရမှုကြောင့် သူ့ခန္ဓာကိုယ်မှာ အတော်လေး ပင်ပန်းနွမ်းနယ်နေခဲ့လေပြီ။ လီယီတောင်း အနေဖြင့် ကောင်းကောင်း အနားမယူနိုင်ခဲ့ပေ။ ကျိုးရှုရီ၏ အပ်စိုက်ကုထုံးသာ မရှိခဲ့လျှင် သူသည် အလွန်အမင်း အားနည်းနေလောက်ပြီ ဖြစ်သည်။ ကျိုးရှုရီ၏ ကုသမှု ရှိနေသော်လည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများကို ပြန်လည် ကုစားရန်အတွက် အချိန်ယူရန် လိုအပ်ပေသည်။ အိပ်စက်ခြင်းမှာ အကောင်းဆုံးသော ပြန်လည် ကုစားနည်းပင် ဖြစ်၏။ အဘိုးအို၏ ဘေးကင်းမှုကို သေချာစေပြီးနောက် ယန်ချင်းယွဲ့ကိုလည်း နိုးနိုးကြားကြား စောင့်ကြပ်ရန် တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက်တွင်တော့ လီယီတောင်းမှာ အခန်းတစ်ခန်း ရှာဖွေကာ ထိုးအိပ်တော့သည်။ သူ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်အတွင်း ကျိုးရှုရီက အပ်အချို့ ထိုးစိုက်ပေးခဲ့သဖြင့် ပိုမို အေးချမ်းစွာ အိပ်စက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤနည်းဖြင့် လီယီတောင်း အနားယူနိုင်ခဲ့လေသည်။
တစ်ချိန်တည်းမှာပင် လီယီတောင်းတို့အဖွဲ့ကို လက်ခံကြိုဆိုခဲ့သော ယွင်မြို့သားမှာ အရှေ့ဘက်စခန်းသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ အနောက်ဘက်စခန်းနှင့် မတူညီသည်မှာ အရှေ့ဘက်စခန်းသည် ပိုမို ခေတ်မီဆန်းသစ်လှပေသည်။ အနောက်ဘက်စခန်းသည် ခေတ်ပေါ် အသုံးအဆောင်များကို ဆန့်ကျင်ခြင်း မရှိသော်လည်း ရိုးရာအသွင်အပြင်ကို ထိန်းသိမ်းရန် ကြိုးပမ်းလေ့ရှိသည်။ သို့သော် အရှေ့ဘက်စခန်းမှာမူ အနာဂတ်ဆန်သော ပုံစံမျိုးကို လက်ခံကျင့်သုံးထား၏။ ယခုအခါ စက်ဝိုင်းပုံစံ အစည်းအဝေးခန်းမတစ်ခုအတွင်း၌ လူတစ်ဦး ရှိနေသည်။ သူနှင့်အတူ အခြားလူ ငါးဦးလည်း ရှိနေပြီး အဘိုးအို သုံးဦးနှင့် အသက် ၄၀ သို့မဟုတ် ၅၀ အရွယ် လူနှစ်ဦးတို့ ဖြစ်ကြသည်။
သူတို့ထဲမှ ဦးဆောင်သူက… "သူ တကယ် ဒဏ်ရာရထားတာလား… ဒဏ်ရာကရော ပြင်းထန်ရဲ့လား…"
တိုးတိုးလေး မေးမြန်းလိုက်သည်။ သူတို့ ရည်ညွှန်းနေသည့် "သူ" မှာ အဘိုးအိုပင် ဖြစ်သည်မှာ သေချာလှပေသည်။ သူတို့၏ ထူးခြားသော အမူအရာနောက်ကွယ်မှ အကြောင်းပြချက်မှာလည်း ထင်ရှားလှ၏။ အရှေ့ဘက်စခန်းနှင့် အနောက်ဘက်စခန်းတို့အကြား ခြားနားချက်မှာ သိသာလွန်းလှပေသည်။ အနောက်ဘက်စခန်းမှ လူများမှာ အဘိုးအို ဒဏ်ရာရနေသည် ကြားရသည့်အခါ သူတို့၏ စိုးရိမ်ပူပန်မှုမှာ အစစ်အမှန်ဖြစ်သည်။ သို့သော် အရှေ့ဘက်စခန်းမှ လူများမှာမူ မေးခွန်းများစွာ ထုတ်နေကြသည်။
"သူ တကယ်ပဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး အတော်လေး အားနည်းနေတာ သေချာတယ်…"
ထိုလူက ပြန်ဖြေလိုက်သည်။
"ဘာလို့ သူ့ကို ငါတို့ အရှေ့ဘက်စခန်းကို ခေါ်မလာခဲ့တာလဲ… သူ့ကို ဒီကို ခေါ်လာပြီး ငါတို့ နည်းလမ်းအချို့ သုံးလိုက်ရင် ဘာဖြစ်မယ်ဆိုတာ မင်း သိတာပဲကို…"
အကြီးအကဲ တစ်ဦးက စကားမဆုံးခင်မှာပင် ကြိမ်းမောင်းလိုက်သည်။ အဘိုးအိုကို အရှေ့ဘက်စခန်းသို့ ခေါ်မလာနိုင်ခဲ့ခြင်းအပေါ် ထိုသူက မကျေမနပ် ဖြစ်နေသည်မှာ သိသာလှပေသည်။
ထိုလူက သက်ပြင်းချလိုက်ရင်း… "ကျွန်တော်လည်း သူ့ကို ဒီစခန်းကို ခေါ်လာဖို့ ရည်ရွယ်ခဲ့တာပါ… ဒါပေမဲ့... သူ တစ်ခုခုကို ရိပ်မိသွားတာလား… ဒါမှမဟုတ် အနောက်ဘက်စခန်းကိုပဲ သွားမယ်လို့ အတင်းအကျပ် ပြောနေတာလားတော့ မသိဘူး… အဲဒီအချိန်မှာ အနောက်ဘက်စခန်းက လူတွေလည်း အများကြီး ရှိနေတာ… ပြီးတော့ သူ့မှာ အဖော်တွေလည်း ပါသေးတယ်... မိန်းမ နှစ်ယောက်နဲ့ ယောက်ျား တစ်ယောက်လေ…"
"မိန်းမ နှစ်ယောက်ကတော့ ကိစ္စမရှိပါဘူး… သူတို့ရဲ့ အင်အားကို ကျွန်တော် ခံစားလို့ ရတယ်... သူတို့ကို ကိုင်တွယ်ဖို့က ပြဿနာ မဟုတ်ဘူး… ဒါပေမဲ့ အဲဒီ လူငယ်လေးကတော့... အခြေအနေက သိပ်မကောင်းဘူး… ကျွန်တော် သူ့ဆီက ဘာအရှိန်အဝါမှ မခံစားရသလို သူက ကျွန်တော်ကို အတော်လေး ထိတ်လန့်စရာကောင်းတဲ့ ခံစားချက်မျိုး ပေးနေတယ်... ဒါက တကယ့်ကို ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေတဲ့ ကြောက်ရွံ့မှုမျိုးပဲ…"
ထိုသို့ ပြောနေစဉ်မှာပင် ထိုလူ၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ခနဲ ပေါ်သွားသည်ကို တွေ့ရသည်။ ထို့ကြောင့် အဘိုးအိုများမှာလည်း ဆိတ်ငြိမ်သွားကြတော့သည်။ ထိုလူ၏ စွမ်းဆောင်ရည်ကို သူတို့ ကောင်းကောင်း သိထားကြသဖြင့် သူ့ကိုပင် ကြောက်လန့်စေနိုင်သော ထိုလူငယ်မှာ သာမန် မဟုတ်သည်မှာ သေချာလှပေသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် အကြီးအကဲဖူ၏ အနားတွင် နေနိုင်သူ ဖြစ်သဖြင့် သူ၏ စွမ်းရည်မှာလည်း ထူးခြားနေမည်မှာ သဘာဝကျလှသည်။ ခေတ္တမျှ ကြာအောင် အစည်းအဝေးခန်းမအတွင်း ဆိတ်ငြိမ်မှုက လွှမ်းမိုးသွား၏။ အချိန်အတော်ကြာပြီးမှ အလယ်တွင် ထိုင်နေသော အဘိုးအိုက ထိုဆိတ်ငြိမ်မှုကို ဖြိုခွဲလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အရှေ့ဘက်စခန်းက ရှေ့ဆက် တိုးတက်ရမှာပဲ… ဒီတစ်ကြိမ်မှာ ငါတို့အတွက် အခွင့်အရေး တစ်ခု ရခဲ့တာ… အကြီးအကဲဖူဆီကနေ လျှို့ဝှက်နေရာရဲ့ တည်နေရာကိုသာ ရနိုင်မယ်ဆိုရင် ငါတို့ အဲဒီထဲကို ဝင်ပြီး လိုအပ်တဲ့ နည်းပညာတွေနဲ့ အရင်းအမြစ်တွေကို ရနိုင်လိမ့်မယ်… အဲဒီအချိန်ကျရင် ငါတို့ အရှေ့ဘက်စခန်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီပေါ့… ဒါက ငါတို့ အရှေ့ဘက်စခန်းက လူတွေ အကြာကြီး ကြိုးစားလာခဲ့ရတာပဲ… ဒါကြောင့် ဒီအခွင့်အရေးကို လုံးဝ အဆုံးရှုံးမခံနိုင်ဘူး… အနောက်ဘက်စခန်းထဲကို ဝင်ဖို့ လူတွေကို ပြင်ဆင်ထားလိုက်ကြ… တစ်ချိန်တည်းမှာပဲ အနောက်ဘက်စခန်းမှာ ရှိနေတဲ့ ငါတို့ရဲ့ သူလျှိုတွေကိုလည်း သူတို့ တာဝန်အတိုင်း လုပ်ဆောင်ခိုင်းလိုက်… အတိုချုပ် ပြောရရင်... ငါတို့ ဒီအခွင့်အရေးကို အရယူရမယ်…"
ဦးဆောင်သူ၏ စကားအဆုံးတွင် အခန်းထဲရှိ လူတိုင်းမှာ လေးနက်တည်ကြည်သော မျက်နှာထားများ ဖြစ်သွားကြသည်။ ထိုစကားများ၏ ဆိုလိုရင်းကို သူတို့ နားလည်ကြပေသည်။ ဆိုလိုသည်မှာ သူတို့ အမှန်တကယ် လှုပ်ရှားတော့မည် ဖြစ်ပြီး အကျိုးဆက်များကိုပင် ဂရုစိုက်တော့မည် မဟုတ်ပေ။ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း လူအုပ်စုမှာ ဆိတ်ငြိမ်သွားကြသည်။ သူတို့ ဘာမှ ထပ်မပြောတော့ဘဲ တစ်ဦးကို တစ်ဦး ခေါင်းငြိမ့်ပြကာ သက်ဆိုင်ရာ အစီအစဉ်များအတိုင်း လုပ်ဆောင်ရန် ထွက်ခွာသွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ရက် ကုန်ဆုံးသွားခဲ့လေပြီ။
လီယီတောင်း နိုးလာသည့် အချိန်မှာတော့ ဒုတိယနေ့ မနက် ရှစ်နာရီကျော်နေပြီ ဖြစ်သည်။ အတော်လေး သက်သောင့်သက်သာ အိပ်စက်ခဲ့ရသဖြင့် စိတ်အင်အားများလည်း တော်တော်လေး ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ မျက်လုံးကို ဖွင့်လိုက်သည်နှင့် သူ့ကို စိုက်ကြည့်နေသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ ရုတ်တရက် လန့်သွားကာ သတိဝင်လာတော့သည်။ ခုတင်ပေါ်မှပင် ခုန်ဆင်းလုနီးပါး ဖြစ်သွားသော်လည်း အသေအချာ ကြည့်လိုက်သည့်အခါတွင်တော့ ကျိုးရှုရီ ဖြစ်နေ၏။
ဒါပေမဲ့... ကျိုးရှုရီ ဝတ်ထားတဲ့ အဝတ်အစားက ဘယ်လိုကြီးလဲ… ဒါပေမဲ့ သူနဲ့လိုက်ပါတယ်… ကြည့်တောင်ကောင်းသေးတယ်…။
"နိုးပြီလား… လောလောဆယ် မလှုပ်နဲ့ဦး… အပ်တွေကို အရင် ဖြုတ်ပေးမယ်…"
ကျိုးရှုရီက ပြောရင်းဆိုရင်း လီယီတောင်း ဦးခေါင်းမှ အပ်အချို့ကို ကျွမ်းကျင်စွာ ဆွဲထုတ်ကာ အပ်အိတ်ထဲသို့ ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျိုးရှုရီက ဆက်ပြော၏။
"အဘိုးအို နိုးနေပြီ… ရှင့်ကို တိုးတိုးတိတ်တိတ် လာခဲ့ဖို့ မှာထားတယ်... သူ နိုးနေတာကို ကျွန်မတို့ထဲက လူနည်းနည်းပဲ သိကြသေးတာ… ရှင် အကြာကြီး အိပ်နေတာကို တွေ့လို့ ဒီလို နိုးလိုက်တာ…"
လီယီတောင်းမှာလည်း အစောပိုင်းက လန့်သွားရာမှ ပြန်လည် တည်ငြိမ်သွားပြီးနောက် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။ ကျိုးရှုရီတွင် လူတွေကို အိပ်ပျော်စေသည့် နည်းလမ်းရှိသလို နိုးထစေမည့် နည်းလမ်းလည်း ရှိမှန်း သူ သိပေသည်။ အပ်စိုက်ကုထုံး ဆိုသည်မှာ အမှန်တကယ်ပင် ထူးခြားလှသည် မဟုတ်ပါလား။ အပ်စိုက်ကုထုံးက မည်သို့သော ရလဒ်မျိုး ပေးမည်ကို မည်သူမှ မသိနိုင်သလို တစ်ခါတစ်ရံတွင် အံ့အားသင့်စရာများလည်း ယူဆောင်လာတတ်ပေသည်။ လီယီတောင်းမှာ ကိုယ်လက်လှုပ်ရှားရင်း ဖြည်းဖြည်းချင်း ထလိုက်ကာ "အဘိုး ဘယ်အချိန်က နိုးတာလဲ…" မေးလိုက်သည်။
"မနက် ငါးနာရီကျော်လောက်မှာ နိုးတာပါ… ဒါပေမဲ့ ရှင့်ကို ခေါ်ပေးဖို့ သူက သီးသန့် မှာထားတယ်... ရှင် အိပ်ပျော်နေမှန်း သူ သိနေသလို ရှင့်အခြေအနေကိုလည်း သူ နားလည်နေပုံရတယ်... အဲဒါကြောင့် ရှင့်ကို ပိုပြီး အိပ်ပါစေဦးလို့ သူက ပြောနေသေးတာ…"
လီယီတောင်း အသာအယာ ခေါင်းငြိမ့်လိုက်သည်။ သူ တွေဝေမနေတော့ပေ။ အကယ်၍ အဘိုးအိုက လောနေသည် ဆိုပါက အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေရပေမည်။ ဘာကိစ္စလဲ ဆိုသည်ကိုတော့ သွားမေးကြည့်မှ သိရပေလိမ့်မည်။ အဘိုးအိုက ထိုနေရာမှာတင် ရှိနေသည် မဟုတ်ပါလား။ သူ တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ အဘိုးအို၏ အခန်းသို့ ရောက်သောအခါတွင်တော့ အဘိုးအိုမှာ ဆိုဖာပေါ်တွင် သက်သောင့်သက်သာ ထိုင်ရင်း လက်ဖက်ရည် သောက်နေသည်ကို တွေ့လိုက်ရသည်။ ဤအခြေအနေက ဒဏ်ရာရထားသူ တစ်ယောက်နှင့် လုံးဝ မတူညီလှပေ။