အခန်း ၂၆၄ - ဖြေရှင်းရမည့် ကင်ဆာ
"ဘယ်လိုလဲ… လုံးဝ ထင်မထားဘူး မဟုတ်လား…"
အဘိုးအိုက လီယီတောင်း၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်ကာ လက်ဖက်ရည် တစ်ငုံသောက်ရင်း မေးလိုက်သည်။ လီယီတောင်းမှာ ဝေခွဲမရဖြစ်နေဆဲဖြစ်သဖြင့် မသိစိတ်က ခေါင်းငြိမ့်လိုက်မိသည်။ အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ သူ့စိတ်ထဲတွင် အဘိုးအိုမှာ နိုးလာလျှင်ပင် အလွန်အမင်း အားနည်းနေဦးမည် ထင်မှတ်ထားခဲ့သည်။
"ဒီမှာ ထိုင်နေတဲ့ အဘိုးရဲ့ ပုံစံက အတော်လေး သက်သောင့်သက်သာ ရှိလွန်းနေသလိုပဲ..."
"ငါက တကယ်တော့ အဲဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာမရပါဘူး... ကျိုးရှုရီ ကုသပေးပြီးတဲ့နောက်မှာ အခြေခံအားဖြင့် ပြန်ကောင်းလာပါပြီ... အခုလို အားနည်းချင်ယောင် ဆောင်နေတာက သူတို့တွေ လှုပ်ရှားလာအောင် ဆွဲဆောင်ဖို့ပဲ..."
အဘိုးအိုက လီယီတောင်း၏ သံသယများကို ရှင်းပြလိုက်သည်။ လီယီတောင်းက နားလည်သည့် အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူ အပြည့်အဝ နားလည်သွားခြင်း ရှိ၊ မရှိတော့ မသေချာလှပေ။
"နောက်ရက်အနည်းငယ်အတွင်းမှာ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် မငြိမ်မသက်မှုအချို့ ရှိလာနိုင်တယ်... လူပြက်တစ်သိုက်ကတော့ ပြဿနာရှာကြဦးမှာပဲ... ငါတို့ မထွက်ခွာခင်မှာ ဒီပြဿနာအချို့ကို ဖြေရှင်းသွားတာ အကောင်းဆုံးပဲ... ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးတော့ အပုတ်မခံနိုင်ဘူးလေ… အဲဒီအချိန်ကျရင် မင်းရဲ့ စွမ်းရည်တွေ လိုအပ်လာလိမ့်မယ်... သူတို့ သေရမှာကို ကြောက်မှပဲ ငြိမ်ကြမှာ... မဟုတ်ရင်တော့ နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းကြောင်းက အကုန် ပျက်စီးသွားနိုင်တယ်..."
အဘိုးအို၏ မျက်နှာတွင် စိုးရိမ်ရိပ်အချို့ ဖြတ်ပြေးသွားသည်။ လီယီတောင်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ ဘာမှ အများကြီး ထပ်မပြောတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ အဘိုးအို၏ စကားများထဲတွင် ဝမ်းနည်းရိပ်အချို့ ကိန်းအောင်းနေသည်ကို သူ မြင်နေရသည်။
ဖြစ်နိုင်သည်မှာ လက်ရှိ ဖြစ်ပျက်နေသော အချို့သော ကိစ္စရပ်များတွင် အဘိုးအိုကိုယ်တိုင်ပင် မတတ်သာ ဖြစ်နေခြင်းမျိုး ဖြစ်နိုင်ပေသည်။ အစပိုင်းတွင် သူက ကုသမှုခံယူရုံသာ လိုလားခဲ့သော်လည်း ယခုအခါ ကင်ဆာအကျိတ်ကဲ့သို့သော ထိုအစုအဖွဲ့ကို တိုက်ရိုက် လှီးထုတ်ပစ်ရန် ဆုံးဖြတ်လိုက်ပုံရသည်။ အဘိုးအို အနေဖြင့် ၎င်းကို လှီးထုတ်ရန် မကြိုးစားပါက အခြေအနေမှာ ပိုမိုဆိုးရွားသွားတော့မည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"နားလည်ပါပြီ... ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ... ဘယ်တော့ ထွက်ကြမှာလဲ... ကျိုးရှုရီရဲ့ ခန္ဓာကိုယ်က အမှတ်အသားကရော..."
အဘိုးအိုက အနည်းငယ် ပြုံးလိုက်သည်။
"မစိုးရိမ်ပါနဲ့... အဲဒီ မိန်းကလေးရဲ့ တက်တူးကို သူကိုယ်တိုင် အခု ထိန်းချုပ်နိုင်နေပါပြီ... တကယ်တော့ ငါ့ရဲ့ နည်းလမ်းက သူ့ရဲ့ စွမ်းရည်တွေကို နိုးထလာစေတာပဲ... သူ့ကိုယ်တိုင်ရဲ့ စွမ်းရည်တွေကပဲ ဒီကျိန်စာကို ကုသဖို့အတွက် အထိရောက်ဆုံးပဲ... အခုတော့ အဲဒီတက်တူး ပြန့်မလာအောင် သူ ထိန်းချုပ်နိုင်နေပြီ... အဲဒါဆိုရင် လုံလောက်ပါပြီ... အခွင့်အရေး ရတဲ့အခါ သူ့ကို အပြည့်အဝ နိုးထလာအောင် ကူညီပေးမယ်... အဲဒီကျရင် ကျန်တဲ့ ကိစ္စတွေက လွယ်သွားမှာပါ..."
အဘိုးအို၏ လေသံမှာ ယုံကြည်ချက် အပြည့်ရှိနေသဖြင့် လီယီတောင်းလည်း ခေါင်းငြိမ့်လိုက်သည်။ အခြေအနေက အမှန်တကယ်ပင် ထိုသို့ ဖြစ်နေဟန် တူပေသည်။ ထိုကိစ္စကို သူ အများကြီး ထပ်မပြောတော့ပေ။ အဘိုးအို၏ စီစဉ်မှုက သူ့ထက် ပို၍ စိတ်ချရမည် သူ ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်မှာ ဤကဲ့သို့သော ကိစ္စများကို ကောင်းကောင်း နားမလည်သောကြောင့် ဖြစ်သည်။
"တကယ်လို့ သူတို့တွေ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ရင် မင်းကို အရင်ဆုံး ပစ်မှတ်ထားကြလိမ့်မယ်... အဲဒါကြောင့် သတိထားပါ... မင်းရဲ့ ဘေးအခန်းမှာ ငါ လူနှစ်ယောက် ထားပေးထားတယ်... သူတို့က အင်အားကြီးသလို သူတို့နဲ့ မျိုးနွယ်တူတွေရဲ့ နည်းလမ်းတွေကိုလည်း အသေအချာ ကျွမ်းကျင်ကြတယ်... အဲဒါကြောင့် အများကြီး စိုးရိမ်မနေပါနဲ... မင်း လှုပ်ရှားရမယ့် အချိန်ရောက်ရင် မင်း သိပါလိမ့်မယ်... အဲဒီအချိန်ကျရင်တော့ တွေဝေမနေဘဲ လှုပ်ရှားလိုက်... တခြား ဘာကိုမှ ဂရုစိုက်နေစရာ မလိုဘူး..."
အဘိုးအို၏ နောက်ဆုံး စကားများမှာ အတော်လေး လေးနက်လှသည်။ သူ၏ မျက်နှာမှာလည်း တည်ကြည်နေ၏။ ထင်ရှားသည်မှာ အဘိုးအိုအတွက်လည်း ဤကိစ္စမှာ နာကျင်စရာ ကောင်းနေခြင်းပင် ဖြစ်သည်။ အဘိုးအိုနှင့် ယွင်မြို့အကြား ဆက်ဆံရေးမှာ အမှန်တကယ်ပင် ထူးခြားလှပုံရသည်။ မဟုတ်လျှင် သူတို့ ဤမျှအထိ အားထုတ်နေမည် မဟုတ်ပေ။ ယွင်မြို့သို့ မလာဘဲ နေလျှင်လည်း ရသည် မဟုတ်ပါလား။
"ဟုတ်ကဲ့... နားလည်ပါပြီ..."
လီယီတောင်းက အများကြီး ထပ်မမေးတော့ဘဲ သူ့အခန်းသို့ တန်းပြန်လာခဲ့သည်။ အဘိုးအို၏ ဆိုလိုရင်းကို သူ နားလည်ပြီးဖြစ်သဖြင့် ကျန်ရှိသည်မှာ ပြန်လာပြီး လှုပ်ရှားရန်သာ ရှိတော့သည်။ ရှုပ်ထွေးမှုများ ဖြစ်လာတော့မည်မှာ သေချာလှပေသည်။
အမြင့်ဆုံး အဆောက်အအုံ၏ အလယ်ထပ်ရှိ ဧည့်ခန်းတစ်ခုအတွင်း၌ အဘိုးအိုနှင့်အတူ တိုက်ခိုက်ခဲ့သော သုံးဦးနှင့် သေနတ်တိုက်ပွဲတွင် ပါဝင်ခဲ့သော အခြားနှစ်ဦးတို့မှာ စုဝေးနေကြသည်။ တစ်ဦးမှာ အားနည်းနေဆဲဖြစ်သော်လည်း ကျန်လေးဦး၏ အခြေအနေမှာ တော်တော်လေး တိုးတက်လာခဲ့ပြီ ဖြစ်သည်။
"အခု ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ကြမလဲဆိုတာ ဆွေးနွေးကြရအောင်... အကြီးအကဲဖူရဲ့ ရည်ရွယ်ချက်ကို အားလုံး မြင်နိုင်မှာပါ... ဒါက စမ်းသပ်မှု တစ်ခုပဲ... ကံကောင်းတာက ငါတို့တွေ တွေဝေမနေဘဲ တိုက်ရိုက် လှုပ်ရှားဖို့ ရွေးချယ်ခဲ့ကြတာပဲ... တကယ်လို့ ငါတို့မှာ တွေဝေမှု တစ်ခုခု ရှိခဲ့ရင် အခု အခြေအနေက တခြားစီ ဖြစ်နေလောက်ပြီ... ဒါပေမဲ့... အကြီးအကဲဖူ ဒီတစ်ခါ လာရတဲ့ ရည်ရွယ်ချက်ကို မင်းတို့ အားလုံး သိကြမှာပါ... ဒါကို ငါတို့ ဘယ်လို တုံ့ပြန်ကြမလဲ..."
ထိုသို့ ပြောလိုက်သည့်အခါ ကျန်လေးဦး၏ မျက်လုံးများထဲတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာသည်။ သို့သော် မည်သူမှ စကားမပြောကြပေ၊ အဘယ်ကြောင့်ဆိုသော် ရှေ့ဆက် ဘယ်လိုလုပ်ရမည်ကို သူတို့ မသိကြသောကြောင့် ဖြစ်သည်။ သို့မဟုတ် ဘယ်လို ရွေးချယ်မှု ပြုလုပ်ရမည်ကို သူတို့ မသိကြခြင်းလည်း ဖြစ်နိုင်သည်။
ပထမဆုံးအနေဖြင့် သူတို့အနေဖြင့် အကြီးအကဲဖူကို ဆန့်ကျင်ရန် သို့မဟုတ် ဟန့်တားရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူတို့ ထောက်ခံရန်သာ ရှိတော့သည်။ သို့သော် ယခု သူတို့ စဉ်းစားရမည်မှာ ထောက်ခံမှု အဆင့်အတန်းပင် ဖြစ်သည်။ အမြင့်ဆုံး အဆင့်အထိ ထောက်ခံမလား သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ရုံမျှသာ အားထုတ်မလား ဆိုသည်ပင်။ ရွေးချယ်မှု နှစ်ခုစလုံးမှာ ကောင်းကွက်၊ ဆိုးကွက် ကိုယ်စီ ရှိနေကြသည်။ သူတို့ ရင်ဆိုင်ရမည့် အန္တရာယ်များနှင့် ရရှိမည့် အကျိုးကျေးဇူးများမှာ လုံးဝ ကွဲပြားခြားနားနေမည် ဖြစ်သည်။
တိတ်ဆိတ်နေသော လေထုထဲတွင် အားလုံးမှာ မိနစ်အတော်ကြာအောင် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် သူတို့ထဲမှ အသက်အငယ်ဆုံးနှင့် အားအနည်းဆုံး ဖြစ်သူက စကားစလိုက်သည်။
"ကျန်တဲ့သူတွေ ဘာတွေးနေလဲတော့ ငါ မသိဘူး... ဒါပေမဲ့... ငါကတော့ ထောက်ခံဖို့ ရွေးချယ်တယ်... ဘာပဲဖြစ်ဖြစ် အကြီးအကဲဖူသာ မရှိရင် ငါတို့ ဒီနေ့ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး... အကြီးအကဲတွေ အနေနဲ့ အများကြီး ပိုပြီး ထည့်တွက်နေကြမယ်ဆိုတာ ငါ နားလည်ပါတယ်... ပြီးခဲ့တဲ့ နှစ်တွေအတွင်း ငါတို့ရဲ့ စစ်ဗျူဟာတွေ ပြောင်းလဲလာတာရယ်၊ အကြီးအကဲဖူနဲ့ အကြားမှာ အက်ကြောင်းတွေ ရှိခဲ့တာရယ်ကြောင့် အခုလို အခြေအနေတွေ ဖြစ်လာခဲ့တာပါ... ဒါပေမဲ့... မင်းတို့ တစ်ခု မေ့နေကြတယ်... အဲဒီတုန်းက အကြီးအကဲဖူသာ မရှိရင် ငါတို့ အခုလို နေရာမျိုးမှာ ရှိနေမှာ မဟုတ်ဘူး... အကြီးအကဲဖူရဲ့ ကျေးဇူးကို နှစ်တွေအကြာကြီး ဆပ်ခဲ့ပြီးပြီလို့ တချို့က ပြောကြပေမဲ့... အသက်တစ်ချောင်းရဲ့ ကျေးဇူးကို ဘယ်လို ပြန်ဆပ်မှာလဲ... ကိုယ့်အသက်ကို စတေးတာကလွဲလို့ ဒီကျေးဇူးကို ဆပ်ဖို့ တခြားနည်းလမ်း ရှိသေးလို့လား... တကယ်လို့ ကျေးဇူးကြွေးကို မယူချင်တော့ဘူး... အကြီးအကဲဖူကို ဆက်မကူညီချင်တော့ဘူးဆိုရင် အဲဒါက အရမ်းလွယ်ပါတယ်... ကိုယ့်အသက်ကိုကိုယ်သာ အဆုံးစီရင်လိုက်... အဲဒီကျရင် အကြီးအကဲဖူက မင်းတို့ကို နောက်ထပ် ဒုက္ခပေးမှာ မဟုတ်တော့ဘူး... ပြီးတော့ ငါတို့က လူသားတွေဆိုတာကိုလည်း သတိရဖို့ လိုတယ်... ငါတို့က ဒီကမ္ဘာက လူတွေပဲ... ဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်တဲ့ အချက်ပဲ... အကြီးအကဲဖူ ခိုင်းတဲ့ အလုပ်တွေထဲမှာ ဘယ်အလုပ်က သူ့တစ်ကိုယ်ကောင်းအတွက် ဖြစ်လို့လဲ... ဘယ်အလုပ်က ငါတို့အတွက်၊ လူသားတွေအတွက် မဟုတ်လို့လဲ... အဲဒါကြောင့်... ငါကတော့ အပြည့်အဝ ထောက်ခံဖို့ ရွေးချယ်တယ်... ငါ့ရဲ့ သဘောထားကိုတော့ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာကတည်းက ပြသခဲ့ပြီးသားပါ..."
ထိုသို့ ပြောရင်း သူက ဒဏ်ရာများကို ညွှန်ပြလိုက်ကာ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသလိုက်သည်။ ကျန်ရှိသူများမှာလည်း တပြိုင်နက်တည်း ဆိတ်ငြိမ်သွားကြတော့သည်။ မှန်ပေသည်။ အသက်ကို ကယ်တင်ခဲ့သော ကျေးဇူးနှင့် ယှဉ်နိုင်သည်မှာ အဘယ်အရာ ရှိဦးမည်နည်း။ တစ်ဖက်လူဆီမှ အကျိုးကျေးဇူးများကို လက်ခံရရှိထားပြီးမှတော့ ပြန်လည် ပေးဆပ်ရမည်သာ။