အခန်း ၂၆၆ - တိတ်ဆိတ်စွာ ရောက်ရှိလာသော ဘေးအန္တရာယ်
ပထမဆုံးလူက စတင်လှုပ်ရှားလိုက်သည်နှင့် အားလုံးက တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်ပြီး လုပ်ဆောင်ကြတော့သည်။ ချက်ချင်းဆိုသလိုပင် အနောက်ဘက်စခန်း တစ်ခုလုံးမှာ ကမောက်ကမများ ဖြစ်ကုန်တော့၏။ သူတို့ ကြိုတင်ပြင်ဆင်ထားကြသည် ဆိုသော်လည်း အရှေ့ဘက်စခန်းက ဤမျှအထိ လုပ်လာလိမ့်မည်တော့ မထင်ထားခဲ့ကြပေ။ သူတို့အနေဖြင့် အစွန်းရောက်သည့် လမ်းကို လုံးဝ ရွေးချယ်လိုက်ကြပြီလော။
ယွင်မြို့တွင် စခန်းလေးခုနှင့် ဗဟိုစခန်းတစ်ခု ရှိ၏။ ဗဟိုစခန်းမှာတော့ စခန်းလေးခုလုံးမှ လူများ ရှိတတ်သလို တခါတရံတွင် မည်သူမှ မရှိသည်မှာလည်း ဖြစ်နိုင်ပေသည်။ အရေးကြီးကိစ္စများ ရှိမှသာ ဗဟိုစခန်းတွင် အစည်းအဝေး ပြုလုပ်ကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အစောပိုင်းက အခြေအနေမျိုး ဖြစ်၏။ ဗဟိုစခန်းတွင် လူနည်းစုသာ ရှိပြီး သူတို့မှာ တကယ့်ကို ဘက်မလိုက်သောသူများနှင့် ယွင်မြို့၏ သြဇာအရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြားဝင်စွက်ဖက်ခြင်း မရှိသလို စခန်းလေးခုကြားမှ ပဋိပက္ခများကိုလည်း သိပ်ပြီး ဂရုမစိုက်ကြပေ။ တစ်မြို့လုံး ပျက်စီးတော့မည့် အခြေအနေမျိုး ရောက်မှသာ သူတို့က လှုပ်ရှားကြမှာ ဖြစ်သည်။ မဟုတ်လျှင်တော့ အရာအားလုံးက အေးအေးဆေးဆေးပင် ရှိနေပေလိမ့်မည်။
ယခု အရှေ့ဘက်စခန်းနှင့် အနောက်ဘက်စခန်းသာ ကျန်ရတော့သည့် အကြောင်းရင်းမှာ မြောက်ဘက်နှင့် တောင်ဘက်စခန်းများတွင် လူဦးရေ နည်းသွားသောကြောင့်ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ပွဲကြီးတွင် အင်အားကြီးသူ အကုန်နီးပါး ဆုံးရှုံးခဲ့ရ၏။ အကာအကွယ် မရှိတော့သည့်အတွက် သူတို့သည် အရှေ့နှင့် အနောက်စခန်းများထဲသို့ တဖြည်းဖြည်း ပေါင်းစည်းသွားကြသည်။ ယခု မြောက်ဘက်နှင့် တောင်ဘက်စခန်းများတွင် လူကြီးအချို့သာ ကျန်တော့ပြီး အမှတ်တရအနေနှင့်သာ ရှိတော့ခြင်း ဖြစ်သည်။
"သူတို့ ဒီလောက်အထိ ရူးလိမ့်မယ်လို့ မထင်ထားဘူး…"
"တခြားနေရာတွေကိုတော့ ခဏထားလိုက်ပါဦး… သူတို့ ပြဿနာရှာချင်ရင် ရှာပါစေ… ဘာပဲဖြစ်ဖြစ် သူတို့က ယွင်မြို့သားတွေပဲမို့ ကိုယ့်မျိုးနွယ်စုဝင်တွေကိုတော့ ရူးရူးမိုက်မိုက် သတ်ဖြတ်တာမျိုး မလုပ်လောက်ပါဘူး…"
"အကြီးအကဲဖူရဲ့ ဘေးကင်းမှုကိုတော့ မင်းတို့ သေချာအောင် လုပ်ရမယ်… အဘိုးကြီးက အခု သတိလစ်နေတာဆိုတော့ ဒါက သူ အားအနည်းဆုံး အချိန်ပဲ…"
"အကြီးအကဲဖူသာ မရှိရင် ငါတို့ ယွင်မြို့က အခုလို အခြေအနေမျိုး ရှိလာမှာ မဟုတ်ဘူးဆိုတာ မင်းတို့ သိကြမှာပါ… နောင်မှာလည်း ငါတို့က အကြီးအကဲဖူရဲ့ အကာအကွယ်ကို လိုအပ်ဦးမှာပဲ…"
"ဒါကြောင့် ငါတို့ အသက်ကို စတေးရမယ်ဆိုရင်တောင် အကြီးအကဲဖူနဲ့ တခြားသူတွေ ဘေးကင်းအောင် လုပ်ရမယ်…"
အနောက်ဘက်စခန်းရှိ အစည်းအဝေးခန်းမအတွင်း၌ ဦးဆောင်သူ အကြီးအကဲက အေးစက်စက် လေသံဖြင့် ဆိုလေသည်။ သူတို့သည် ယခုအချိန်တွင် ကြောက်မက်ဖွယ် ဘေးအန္တရာယ်ကြီး ရောက်ရှိနေပြီ ဖြစ်ကြောင်း ခံစားမိနေကြပြီ ဖြစ်၏။ ထို့ကြောင့် သူတို့ လုပ်ဆောင်နိုင်သည်မှာ သို့မဟုတ် သူတို့ လုပ်ဆောင်ရန် လိုအပ်သည်မှာ အကြွင်းမဲ့ ဘေးကင်းလုံခြုံရေးကို သေချာအောင် လုပ်ဆောင်ရန်ပင် ဖြစ်သည်။
လီယီတောင်းမှာမူ ကျိုးရှုရီထံမှ သတိပေးချက် ရသည်နှင့် အလွန်အမင်း သတိရှိသော အခြေအနေတွင် ရှိနေပြီ ဖြစ်သည်။ ရန်သူက မည်သည့်ဘက်မှ လာမည်ကို မည်သူမှ မသိသလို မည်သို့သော ပြဿနာများ ဖြစ်လာမည်ကိုလည်း မသိနိုင်ပေ။ ဤအခြေအနေတွင် တိုက်ပွဲက အချိန်မရွေး ဖြစ်လာနိုင်ပေသည်။ အရင်က ခွဲခြမ်းစိတ်ဖြာချက်များအရ ရန်သူသည် အဘိုးအို တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားမည် မဟုတ်ပေ။ သူတို့သည် အဘိုးအို၏ ဘေးမှလူများကို အရင် ရှင်းထုတ်ရန် ကြံစည်ကြမှာ ဖြစ်ပြီး ဥပမာအားဖြင့် လီယီတောင်းကိုပင် ဖြစ်သည်။ သူ၏ တည်ရှိမှုက လူတိုင်းကို တကယ့်ကို ထိတ်လန့်စေသည် မဟုတ်ပါလား။
အကယ်၍ အနည်းငယ်မျှ နားလည်မှု ရှိခဲ့လျှင်ပင် အခြေအနေက လုံးဝ ကွဲပြားသွားမှာ ဖြစ်သည်။ လီယီတောင်း၏ ခန့်မှန်းရခက်သော တိုက်ခိုက်မှုများနှင့် အကာအကွယ်မဲ့ တိုက်ခိုက်ရေး ပုံစံကို မည်သူက မကြောက်ဘဲ နေမည်နည်း။ ဤနည်းဖြင့် အချိန်တွေက တစ်စက္ကန့်ချင်း ကုန်ဆုံးသွားခဲ့သည်။
အနောက်ဘက်စခန်း တစ်ခုလုံးတွင် ပြဿနာများက ပို၍ ပို၍ များပြားလာခဲ့သည်။ ရန်သူ၏ လူတစ်ရာပါသော အဖွဲ့ဆယ်ဖွဲ့မှာ အကျပ်အတည်းများကို ပါးနပ်စွာ ဖန်တီးလာကြပြီး အနောက်ဘက်စခန်းရှိ နည်းပါးလှသော တိုက်ခိုက်ရေးသမားများကို ပို၍ လူခွဲသွားအောင် လုပ်ဆောင်ကြ၏။ ဒါက မတတ်နိုင်ပေ။ ပြီးခဲ့သော တိုက်ပွဲများတွင် အနောက်ဘက်စခန်းမှ လူများက ရှေ့တန်းမှနေ၍ တိုက်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ သူတို့ အသက်ရှင်နေသေးသည် ဆိုလျှင်ပင် အင်အားများက ကုန်သလောက် ဖြစ်နေပြီ ဖြစ်၏။ သူတို့၏ အဓိက ပိုးကောင်များမှလွဲ၍ ကျန်ရှိသော ပိုးကောင်များမှာလည်း အကုန်လုံး ဆုံးရှုံးထားပြီး ဖြစ်လေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ရန်သူကို မည်သို့ အလွယ်တကူ တိုက်ခိုက်နိုင်ပါမည်နည်း။
"ဒုန်း"
လီယီတောင်း စဉ်းစားရင်း စောင့်ဆိုင်းနေစဉ်မှာပင် တံခါးအပြင်ဘက်မှ ကျယ်လောင်သော အသံကြီးတစ်ခုကို ကြားလိုက်ရသည်။ တစ်ခုခု ပြုတ်ကျသွားသည့် အသံမျိုးပင်။
'ဟမ်'
လီယီတောင်း မျက်မှောင်ကြုတ်လိုက်မိသော်လည်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။ တိုက်ပွဲ စတင်နေပြီ။ သူ ဘာမှ ထပ်မစဉ်းစားတော့ဘဲ အပြင်သို့ ပြေးထွက်လိုက်၏။ အပြင်တွင် မည်သူ ရှိနေမည်ကို သူ တွေးနေမိသည်။ အဘိုးအိုမှလွဲ၍ ကျိုးရှုရီနှင့် ယန်ချင်းယွဲ့သာ ရှိခြင်း ဖြစ်သည်။ သူတို့ တိုက်ခိုက်ခံနေရပြီလား၊ မဟုတ်လျှင် ဤကဲ့သို့ တုံ့ပြန်မှုမျိုး ရှိလာစရာ အကြောင်းမရှိပေ။
သို့သော် လီယီတောင်း ပြေးထွက်ရန် လုပ်လိုက်သည့် အချိန်မှာပင် တစ်ကိုယ်လုံး စိမ့်ကနဲ ဖြစ်သွားပြီး ကြီးမားသော အန္တရာယ်တစ်ခုက သူ့အပေါ် လွှမ်းမိုးလာသည်။ ထို့နောက် သူ့ကိုယ်သူ တစ်ခုခု ဟာသွားသလို ခံစားလိုက်ရ၏။
'သက်တမ်း ၃၅၆ နှစ် လျော့သွားပြီ…'
သေမင်း၏ အကာအကွယ်က တိုက်ရိုက် အသက်ဝင်သွားခြင်း ဖြစ်သည်။ အံ့သြစရာ ကောင်းသည်မှာ နတ်ဘုရားလက်ကောက်၏ ကာကွယ်ရေးစွမ်းရည်မှာ အလုပ်မလုပ်ခဲ့ပေ။ ထို့ပြင် သူ၏ အဆောင်လက်ဖွဲ့များကလည်း ဘာမှ မထူးခြားခဲ့ပေ။ သေမင်း၏ အကာအကွယ်မှသာ တိုက်ရိုက် ပြန်လည် တိုက်ခိုက်မှု ရှိခဲ့ခြင်း ဖြစ်သည်။ လီယီတောင်း တကယ်ပင် အံ့သြသွားရ၏။
'စနစ်က ရွေးချယ်ပြီး ဆုံးဖြတ်နေတာလား…'
ထိုအတွေးနှင့်အတူ သူသည် မယုံနိုင်စရာ ကောင်းသော ခံစားချက်ကို ရရှိလိုက်၏။ ဒါက ဖြစ်နိုင်ပေသည်။ ခဏမျှ စဉ်းစားပြီးနောက် လီယီတောင်း တွေဝေမနေတော့ဘဲ တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
ထင်ထားသည့်အတိုင်းပင်။ ယန်ချင်းယွဲ့တစ်ယောက် စင်္ကြံလမ်းတွင် မောဟိုက်နေသည်ကို သူ တွေ့လိုက်ရသည်။ သူ့ရှေ့ သုံးမီတာခန့်တွင်မူ လူနှစ်ယောက်က သတိလစ်နေပြီး သူတို့၏ ခန္ဓာကိုယ်တွင် အပေါက်ကလေးများစွာ ဖြစ်ပေါ်နေသည်။ သွေးများက တဖြည်းဖြည်း စီးကျနေပြီး အသက်ကို ခက်ခက်ခဲခဲ ရှူနေကြရပုံရသည်။
"ဘယ်လိုနေလဲ…"
လီယီတောင်းက ယန်ချင်းယွဲ့ကို မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ ယန်ချင်းယွဲ့က အသာအယာ ခေါင်းငြိမ့်ပြကာ "တော်ပါသေးတယ် ဘာမှမဖြစ်ပါဘူး" ဟု ဆိုလေသည်။ သူမ ဒဏ်ရာမရသည်ကို တွေ့မှ လီယီတောင်းလည်း အသာအယာ ခေါင်းငြိမ့်လိုက်၏။
"ဒါဆို သွားကြရအောင်… ရန်သူက ငါတို့ကို ရှာတွေ့သွားပြီဆိုတော့ ဆက်ပြီး ပုန်းနေဖို့က အဓိပ္ပာယ် မရှိတော့ဘူး… အဘိုးအို ရှိတဲ့နေရာကို အတူတူ သွားကြရအောင်… သူတို့မှာ တစ်ခုခု ပြင်ဆင်ထားတာ ရှိမှာပါ… ဒီလောက်နဲ့တော့ မရိုးရှင်းနိုင်ဘူး…"
လီယီတောင်း၏ စကားကို ယန်ချင်းယွဲ့က ခေါင်းငြိမ့် ထောက်ခံလိုက်သည်။ ကျိုးရှုရီလည်း အပ်အိတ်ကို ကိုင်ပြီး အခန်းထဲမှ ထွက်လာကာ ခေါင်းငြိမ့်ပြလိုက်၏။
ငါးမိနစ်ခန့် ကြာသောအခါ အဘိုးအို၏ အခန်းထဲတွင်…
အဘိုးအိုမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်ပြီး သူတို့ သုံးယောက်ကတော့ ကုတင်ဘေးတွင် ထိုင်ရင်း တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေကြသည်။ ရန်သူက ထပ်မံ တိုက်ခိုက်လာမှာ သေချာသဖြင့် နောက်ဆုံး ရလဒ် ဘယ်လို ထွက်လာမလဲ ဆိုသည်ကိုသာ စောင့်ကြည့်ရတော့မည် ဖြစ်သည်။
တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။ အဘိုးအို၏ တည်ငြိမ်မှုကို ကြည့်ရင်း လီယီတောင်း အမှန်တကယ်ပင် အံ့သြမိ၏။ လီယီတောင်းသာ ဆိုလျှင် ဤကဲ့သို့သော အနေအထားမျိုးနှင့် မအိပ်ဘဲ၊ စကားမပြောဘဲ၊ လုံးဝ မလှုပ်မယှက်နေဖို့ ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စပင်။ သို့သော် အဘိုးအိုကတော့ လုပ်နိုင်ခဲ့သည်။
သို့သော် လီယီတောင်းနှင့် အခြားသူများ စောင့်ဆိုင်းနေကြစဉ်မှာပင် မည်သည့်အချိန်က ရောက်လာမှန်း မသိသော အဘိုးကြီးတစ်ယောက်သည် အခန်းထဲတွင် တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာလေသည်။ သူ၏ ခြေသံက အလွန်ပင် တိုးလွန်းလှသဖြင့် မည်သူမှ သတိမထားမိကြပေ။ ထို့အပြင် ထိုအဘိုးကြီးက ဘာရန်လိုသည့် အမူအရာမှ မပြသလို သေမင်း၏ အကာအကွယ်ကလည်း ဘာတုံ့ပြန်မှုမှ မရှိပေ။