အခန်း ၂၆၇ - ဧည့်သည့် အဘိုးကြီး
ထိုအဘိုးကြီး ပေါ်လာသည်နှင့် မျက်လုံးမှိတ်နေသော အဘိုးအို (အကြီးအကဲဖူ) မှာလည်း မျက်လုံးများ ပွင့်လာသည်။ တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး အကြီးအကဲဖူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"မင်း ရောက်လာပြီပဲ…"
တစ်ဖက်မှ အဘိုးကြီးမှာလည်း ပြုံးလျက် "ဟုတ်ကဲ့… ရောက်လာပါပြီ… ဒါပေမဲ့ ကျွန်တော် မလာခဲ့သင့်ဘူး ထင်တယ်…"
သူ၏ လေသံမှာ တည်ငြိမ်သော်လည်း နောင်တရိပ်အချို့ ကိန်းအောင်းနေ၏။
"လာသင့်တယ်... မလာသင့်ဘူးဆိုတာ မရှိဘူး… ငါတို့အားလုံးက သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေပြီပဲ… ကိုယ်လုပ်ချင်တာကိုပဲ လုပ်ကြတာပေါ့… မင်းရဲ့ ရွေးချယ်မှုကို ငါ နားလည်ပါတယ်…"
အကြီးအကဲဖူက ဆိုသည်။
တစ်ဖက်မှ အဘိုးကြီးက သက်ပြင်းချလိုက်ပြီး… "မှန်ပါတယ်... ငါတို့မှာ ရွေးချယ်စရာ သိပ်မရှိတော့ဘူး…"
"ငါ ရောက်လာပြီ… မင်းလည်း နိုးလာပြီ… မင်း ဘယ်လို ရလဒ်မျိုးကို လိုချင်တာလဲ… ပြောပါ..."
ထိုလူက ခါးသီးစွာ ပြုံးရင်း မေးလိုက်သည်။
အကြီးအကဲဖူ ခဏမျှ စဉ်းစားလိုက်ပြီး သူ၏ မျက်နှာမှာ ပြုံးနေရာမှ လေးနက်တည်ကြည်သွားသည်။ သူက လေးနက်သော လေသံဖြင့် ဆိုလေသည်။
"သူတို့ရဲ့ အတွေးတွေက လွဲချော်ကုန်ပြီ… ငါတို့ ဒီမှာ ဘာကို စောင့်ရှောက်နေရသလဲဆိုတာ မင်း သိပါတယ်... ငါတို့ လူတွေ ဘယ်နေရာမှာ တိုက်ပွဲဝင်နေရသလဲဆိုတာကိုလည်း မင်း သိပါတယ်... အဲဒီကမ္ဘာမှာ အသက်ရှင်သန်ခွင့်ဆိုတာက တကယ့်ကို တန်ဖိုးကြီးတဲ့ အရာပဲ… ယွင်မြို့ကတော့ အဲဒီကမ္ဘာရဲ့ အလယ်ဗဟိုမှာ ရှိနေတာ… ငါတို့ ကမ္ဘာ ငြိမ်းချမ်းဖို့အတွက် အဲဒီကမ္ဘာမှာ ဘယ်လောက်တောင် စတေးခဲ့ရသလဲဆိုတာကိုလည်း မင်း သိပါတယ်... ဒါကြောင့်... အချို့လူတွေကိုတော့ လွှတ်ပေးလို့ မရဘူး…"
တစ်ဖက်မှ အဘိုးကြီးမှာလည်း ခဏမျှ ကြောင်အသွားရ၏။ ထို့နောက် သူ၏ မျက်လုံးထဲတွင် နောက်ဆုံး တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"သူတို့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလို့ မရဘူးလား… အပြစ်အားလုံးကို ငါပဲ ခံယူပါ့မယ်…"
အကြီးအကဲဖူက ခေါင်းခါလိုက်သည်။
"ဒါက မင်းရဲ့ အပြစ် မဟုတ်ဘူး… မင်းက သူတို့ကို ကူညီချင်ရုံပဲလေ… ငါလည်း မင်းနေရာမှာဆိုရင် ဒီလိုပဲ လုပ်မှာပဲ… တကယ် မှားနေတာက သူတို့ရဲ့ လမ်းစဉ်နဲ့ သူတို့ရဲ့ အတွေးအခေါ်တွေပဲ… ယွင်မြို့ရဲ့ ဘေးကင်းရေးအတွက်… တစ်ကမ္ဘာလုံးရဲ့ ဘေးကင်းရေးအတွက် သူတို့ကို ထားခဲ့လို့ မရဘူးဆိုတာ မင်း သိပါတယ်..."
ဤတစ်ကြိမ်တွင်တော့ ထိုလူမှာ ဆိတ်ငြိမ်သွားလေတော့သည်။ မိနစ်အတော်ကြာပြီးနောက် ထိုလူမှာ သိသိသာသာ အိုမင်းသွားသလို ခံစားရပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်သည်။
"ဟူး... နားလည်ပြီ… ဒါပေမဲ့... မလုပ်နိုင်ဘူး… အကြီးအကဲဖူကိုပဲ ဒုက္ခပေးရတော့မှာပဲ… အရင်သွားနှင့်ပါ့မယ်… ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ ဒီအပြစ်တွေကို အရင်ဆုံး တာဝန်ယူရမှာပဲ…"
ထိုသို့ ပြောပြီးနောက် အဘိုးကြီးမှာ နေရာမှာတင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေရင်း အသက်ရှူသံများ ရပ်တန့်သွားလေတော့သည်။ အကြီးအကဲဖူ၏ မျက်လုံးထဲတွင် ဝမ်းနည်းရိပ်အချို့ ဖြတ်ပြေးသွားသည်။ မူလက ထိုလူကို သေစေလိုသည့် ဆန္ဒ မရှိသော်လည်း သူ ပြောခဲ့သလိုပင် အချို့သော အပြစ်များအတွက် တစ်စုံတစ်ဦးက အရင်ဆုံး တာဝန်ယူပေးဆပ်ရန် လိုအပ်ပေသည်။
သူက တာဝန်ယူသွားခဲ့လေပြီ။
အကြီးအကဲဖူ ထရပ်လိုက်သည်။ သူ အနည်းငယ် ပင်ပန်းနေပုံရသော်လည်း အပြင်ဘက်ခန်းသို့ တန်း လျှောက်သွားလိုက်သည်။ အဆောက်အအုံ တစ်ခုလုံး၏ အခြေအနေကို ခံစားလိုက်ရင်း အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ စကြဝဠာ၏ ဗဟိုချက်တွင် ရှိနေသကဲ့သို့ သူ၏ အရှိန်အဝါများက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်အတန့်တွင် အနောက်ဘက်စခန်း တစ်ခုလုံးရှိ လှုပ်ရှားနေသူ အားလုံးမှာ သူ့ထံသို့ မသိစိတ်က လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာလည်း တပြိုင်နက်တည်း ရပ်တန့်သွားကြပြီး ထိုထူးဆန်းသော အရှိန်အဝါက ဘာလဲဆိုသည်ကို ဝေခွဲမရဖြစ်နေကြစဉ်မှာပင် အကြီးအကဲဖူက ဟိန်းဟောက်လိုက်သည်။
"သေစမ်း"
"သေစမ်း" ဟူသော စကားလုံးကို အေးစက်ပြီး ခံစားချက်ကင်းမဲ့သော လေသံဖြင့် ဆိုလိုက်ရာ သူ၏ အရှိန်အဝါမှာ နောက်တစ်ဆင့်သို့ မြင့်တက်သွားပြန်သည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော တိုက်ခိုက်မှုငယ်များမှာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားတော့သည်။ အဆောက်အအုံ ပတ်ပတ်လည်ရှိ အရိပ်ထဲတွင် ပုန်းနေသူများ သို့မဟုတ် အဆောက်အအုံအတွင်းရှိ လူအားလုံးမှာ ထိတ်လန့်သွားကြသည်။ ထို့နောက် လူအများစုမှာ ထိုနေရာမှာတင် အသက်ရှူရပ်သွားကြတော့သည်။ ထိုဟိန်းဟောက်သံ တစ်ချက်တည်းကပင် သာမန် စွမ်းရည်တိုက်ခိုက်မှုများ၏ အတိုင်းအတာကို ကျော်လွန်သွားခဲ့လေပြီ။
ထိုမျှမကဘဲ အကြီးအကဲဖူ၏ ဟိန်းဟောက်သံအပြီးတွင် ကြိုတင် ပြင်ဆင်ထားသကဲ့သို့ လူရိပ်များစွာ ပေါ်ထွက်လာကြသည်။ ထိုအခိုက်အတန့်တွင် အနောက်ဘက်စခန်း တစ်ခုလုံးမှာ ငရဲခန်းတစ်ခုသဖွယ် ဖြစ်သွားရသည်။ ခိုးဝင်လာသူများ၊ အရှေ့ဘက်စခန်းမှ အဖွဲ့ဝင်များနှင့် အမြတ်ထုတ်လိုသော အခြားအင်အားစု အားလုံးမှာ ခဏချင်းအတွင်း ရှင်းလင်းခံလိုက်ရသည်။ သူတို့တွင် ထွက်ပြေးရန် အခွင့်အရေး လုံးဝ မရှိခဲ့ပေ။ ခေတ္တမျှအတွင်းမှာပင် သွေးချောင်းစီးသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
တိုက်ပွဲမှာ လျင်မြန်စွာ ပြီးဆုံးသွားသော်လည်း ထိုလူများမှာ ရပ်တန့်မနေဘဲ ရှေ့သို့ ဆက်လက် ချီတက်ကြသည်။ အကြီးအကဲဖူ ဦးဆောင်သော အထူးအဖွဲ့မှာ အရှေ့ဘက်စခန်းရှိရာသို့ အရှိန်အန်ဖြင့် ဦးတည်သွားကြတော့သည်။ သူတို့၏ ရည်ရွယ်ချက်မှာ အရာအားလုံးကို တစ်ခါတည်း အပြတ်ရှင်းရန်ပင် ဖြစ်သည်။ ယနေ့မှစ၍ အရှေ့ဘက်စခန်း မရှိတော့လျှင်ပင် သူတို့ ဂရုစိုက်တော့မည် မဟုတ်ပေ။ ဖြစ်နိုင်လျှင် အနောက်ဘက်စခန်းကိုပင် စတေးရန် သူတို့ ပြင်ဆင်ထားကြသည်။ သို့သော် ဘိုးဘေးတို့၏ လိုအပ်ချက်များအတိုင်း မြေတစ်လက်မ မှမကျန် စောင့်ရှောက်ရမည့် အတွေးအခေါ်ကတော့ ရှိနေရပေမည်။
လီယီတောင်းမှာ အကြီးအကဲဖူ နောက်တွင် လိုက်ပါရင်း ရင်ထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။ လီယီနို၏ လက်ရှိ တည်နေရာအပါအဝင် အရေးကြီးသော သတင်းအချက်အလက်များကို အကြီးအကဲဖူဆီမှ သူ သိရှိခဲ့ရပြီ ဖြစ်သည်။ လီယီနိုမှာ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာတစ်ခုထဲတွင် ရောက်ရှိနေပြီး အလွန်အမင်း အန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထိုကမ္ဘာကနေ ပြန်လာဖို့ဆိုတာက မတွေးဝံ့စရာ စိန်ခေါ်မှုကြီး တစ်ခုပင် ဖြစ်သည်။ သို့သော် သူတို့ ထိုအထဲကို ဝင်ရမည် ဖြစ်သည်။ အချို့သော ထူးခြားသူများသာ ထိုအထဲကို ဝင်နိုင်ခြင်း ဖြစ်၏။ လီယီနို ဝင်နိုင်သည်၊ လီယီတောင်း ဝင်နိုင်သည်၊ အကြီးအကဲဖူမှာလည်း ထိုကမ္ဘာများထဲမှ တစ်ခုကို အရင်က စောင့်ရှောက်ခဲ့ဖူးသူ ဖြစ်သဖြင့် ဝင်ရန် အရည်အချင်း ပြည့်မီပေသည်။ သူ ဒဏ်ရာရထားသဖြင့်သာ စောစော ထွက်ခွာခဲ့ရခြင်း ဖြစ်၏။
ယခု သူ၏ ရည်မှန်းချက်မှာ အမြန်ဆုံး ပြန်လည် နိုးထလာပြီး ထိုနေရာသို့ ချက်ချင်း ပြန်သွားရန်ပင်။ အဓိကအားဖြင့် ထိုကြောက်မက်ဖွယ်ကမ္ဘာ၏ အဝင်ပေါက်မှာ ယွင်မြို့တွင်သာ ရှိနေခြင်း ဖြစ်သည်။ လူအများ မသိကြသော်လည်း ယွင်မြို့၏ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် စွမ်းရည်ရှိသူ အများစုမှာ ဒါကို သိကြသည်။ အခြားနိုင်ငံများတွင်လည်း သူတို့ကိုယ်ပိုင် အဝင်ပေါက်များ ရှိကြပေသည်။ အဝင်ပေါက်တစ်ခုချင်းစီမှာ အထူးလျှို့ဝှက်ချက်များ ဖြစ်ကြပြီး အားလုံးက နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထိုကမ္ဘာမှာတော့ အားလုံးက ပြိုင်ဘက်များ ဖြစ်ကြပေသည်။ ထိုသို့သော ဆက်ဆံရေးမျိုးတွင် အားလုံးက တစ်ဦးကိုတစ်ဦး သတိထားပြီး အကွက်ဆင်နေကြမည်မှာ သေချာလှပေသည်။
"ခဏနေရင် ငါ မင်းကို နာမည်တချို့ ပေးမယ်… သူတို့ကို အရင်ဆုံး ရှင်းပစ်ဖို့ ကြိုးစားကြည့်ပါ…"
အရှေ့ဘက်စခန်း အနီးသို့ ရောက်သောအခါ အကြီးအကဲဖူက လီယီတောင်းကို ရုတ်တရက် ပြောလိုက်သည်။
"ကျန်တဲ့လူတွေကတော့ ကိစ္စမရှိပါဘူး…"
အတွေးနယ်ချဲ့နေသော လီယီတောင်းမှာ အခြေအနေကို ချက်ချင်း နားလည်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သူလည်း အရာအားလုံးကို အမြန်ဆုံး အဆုံးသတ်ချင်နေပြီ ဖြစ်၏။ ထို့နောက် အခြားကမ္ဘာထဲသို့ ဝင်ပြီး လီယီနိုကို ရှာရပေဦးမည်။