အခန်း ၂၆၈ - ကျိုးရှုရီ၏ အပြောင်းအလဲနှင့် အဆင့်မြှင့်တင်ခြင်း
အနောက်ဘက်စခန်းမှ လူအချို့ကို သူ့အဖွဲ့ထဲ ထည့်ရန် အဘိုးအိုက အချက်ပြသည်ကို ကြည့်ရင်း လီယီတောင်း တွေဝေမနေတော့ပေ။ သူ၏ စွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ သေမင်းဓားသွားပင် ဖြစ်၏။
ယခုအခါ သေမင်းဓားသွားသည် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်နိုင်စွမ်း ရှိလာလေပြီ။ ပြီးခဲ့သော တစ်ကြိမ်က မစ်ရှင်များစွာကို ပြီးမြောက်ခဲ့ပြီးနောက် စနစ်က အချက်အလက်များစွာ မပေးခဲ့သော်လည်း လက်တွေ့တွင်မူ စွမ်းရည်တစ်ခုချင်းစီမှာ သိသိသာသာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
လီယီတောင်း သက်တမ်း နှစ်အနည်းငယ်ကို ရင်းပြီး လူတစ်ဒါဇင်ခန့်ကို ခဏချင်းအတွင်း ရှင်းလင်းလိုက်သည်။ အဘိုးအို၏ ဦးဆောင်မှုအောက်တွင် တိုက်ပွဲအရှိန်မှာ အလွန်ပင် မြန်ဆန်လှပေသည်။ တစ်ညတည်းနှင့်ပင် အရှေ့ဘက်စခန်းမှ ဆူပူမှုအားလုံးကို အပြီးသတ် နှိမ်နင်းနိုင်ခဲ့လေပြီ။ ပြဿနာရှာတတ်သူများနှင့် အမြဲတမ်း အနှောင့်အယှက် ပေးနေသူများမှာလည်း ထိုအခိုက်အတန့်တွင် ငြိမ်သက်သွားကြတော့သည်။ အဘိုးအိုသည် သူတို့အားလုံးကို သူ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သွေးစွန်းပြီး ထိတ်လန့်စရာကောင်းသော ညတစ်ည ဖြစ်ခဲ့သော်လည်း ရှောင်လွှဲ၍မရသော ကိစ္စတစ်ခုလည်း ဖြစ်ပေသည်။
တိုက်ပွဲ ပြီးဆုံးသွားသည့်အခါ အားလုံးမှာ ဆိတ်ငြိမ်သွားကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးမှာ တစ်မျိုးနွယ်တည်း ဖြစ်ကြသည် မဟုတ်ပါလား။ သာမန်လူများ ထိခိုက်မှု မရှိခဲ့သော်လည်း တိုက်ပွဲတွင် ပါဝင်ခဲ့သော လူငယ်အချို့ ရှိကောင်း ရှိနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ဤအကျပ်အတည်းကိုတော့ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။ အခြားကမ္ဘာ၏ အဝင်ပေါက်သို့ ဝင်ရောက်ရန် ရှိနေသော ဘေးအန္တရာယ်မှာလည်း ပြေလည်သွားခဲ့လေပြီ။
အဘိုးအိုသည် စစ်မြေပြင်တွင် အချိန်အကြာကြီး မနေတော့ဘဲ ဗဟိုစခန်းရှိရာသို့ တစ်ဦးတည်း ထွက်ခွာသွားခဲ့သည်။ လီယီတောင်းမှာလည်း ဇွတ်အတင်း လိုက်မသွားတော့ပေ။ အဘိုးအိုက ကျိုးရှုရီကိုသာ ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ အဘိုးအို၏ ပြောကြားချက်အရ ကျိုးရှုရီ၏ တက်တူးပြဿနာကို သူ သိရှိထားပြီး ဖြစ်၏။ ဗဟိုစခန်းတွင် ကျိုးရှုရီ၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည့်သူများ ရှိနေသဖြင့် အဘိုးအိုက သူမကို ခေါ်သွားခြင်း ဖြစ်သည်။ လီယီတောင်းကို ဘာကြောင့် ခေါ်မသွားသလဲ ဆိုသည်ကိုတော့ အဘိုးအိုက ဘာမှ မပြောခဲ့ပေ။
"စခန်းကို ပြန်ပြီး စောင့်ကြရအောင်… ဆရာက မကြာခင် ပြန်လာမှာပါ… စိုးရိမ်မနေပါနဲ့… မကြာခင်မှာ စီနီယာအစ်မကို ရှာတွေ့တော့မှာပါ…"
ယန်ချင်းယွဲ့က ဆိုသည်။ စီနီယာအစ်မ ဆိုသည်မှာ လီယီနိုကို ရည်ညွှန်းခြင်း ဖြစ်သည်။ ယန်ချင်းယွဲ့တွင် လီယီနိုအပြင် အခြားသော ကူညီပေးမည့်သူများ ရှိနေသော်လည်း လီယီတောင်းနှင့် လီယီနိုတို့မှာ အထင်ရှားဆုံး ဖြစ်ပေသည်။ သူတို့၏ ဆက်ဆံရေးကို အတိအလင်း မပြောခဲ့ကြသော်လည်း အဘိုးအိုသည် လီယီတောင်းနှင့် လီယီနိုတို့ကို သာမန် မျိုးဆက်သစ်များ သဘောမထားဘဲ သူ၏ တပည့်ရင်းများကဲ့သို့ အမှန်တကယ် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
လီယီတောင်းနှင့် ယန်ချင်းယွဲ့တို့သည် အနောက်ဘက်စခန်းရှိ အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ ပြန်ရောက်လာခဲ့ကြသည်။ အဘိုးအို မရှိသော်လည်း အနောက်ဘက်စခန်းမှ လူများက လီယီတောင်းအတွက် နေရာပြောင်းလဲပေးခြင်းမျိုး မရှိပေ။ ဤနေရာမှာ အဘိုးအိုအတွက် အမြဲတမ်း သီးသန့်ထားရှိသော နေရာဖြစ်သောကြောင့်ပင်။ ဤနည်းဖြင့် လီယီတောင်းမှာ အခန်းထဲတွင် အနားယူရင်း စိတ်အင်အားများကို ပြန်လည် စုဆောင်းနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ဖုန်းကို အဆက်မပြတ် ပွတ်ကြည့်နေခဲ့သည်။ သူ့သက်တမ်းမှာ တစ်သောင်းအောက် ရောက်နေသရွေ့ ရတနာသေတ္တာများ ဖွင့်ခြင်း သို့မဟုတ် ဗီဒီယိုများ ကြည့်ခြင်းဖြင့် သက်တမ်းကို လုံလောက်စွာ ရရှိနိုင်ကြောင်း သိရှိထားသည်။ သို့သော် သက်တမ်း တစ်သောင်း ကျော်သွားသည့်အခါတွင်မူ ကိန်းဂဏန်းမှာ ဆက်မတိုးတော့ဘဲ ရပ်တန့်နေတတ်ပေသည်။
ဤသို့ဖြင့် တစ်လတာ ကုန်ဆုံးသွားခဲ့လေသည်။
နောက်ဆုံးတွင်တော့ အဘိုးအို ပြန်ရောက်လာခဲ့သည်။ ကျိုးရှုရီမှာလည်း သူနှင့်အတူ ပါလာခဲ့၏။ လီယီတောင်းကို အံ့အားသင့်သွားစေသည်မှာ ကျိုးရှုရီဆီမှ ခန့်မှန်းရခက်သော ခံစားချက်မျိုးကို ရရှိနေခြင်းပင် ဖြစ်သည်။ ထို့အပြင် သူမ၏ ဘေးတွင် ကြောင်နက်လေးတစ်ကောင်လည်း ပါလာခဲ့သည်။ ထိုကြောင်နက်လေး၏ ပုံစံမှာ သူမ၏ လက်မောင်းမှ တက်တူးနှင့် အတော်လေး ဆင်တူနေပေသည်။ သူက အဘိုးအိုကို သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။ ဤတစ်လအတွင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။ ကျိုးရှုရီကို ဒုက္ခပေးနေသော ထိုကြောင်နက်မှာ သူမ၏ အိမ်မွေးတိရစ္ဆာန်အဖြစ် အလွယ်တကူ မည်သို့ ပြောင်းလဲသွားသနည်း။ သူ အသက် ခပ်ပြင်းပြင်း ရှူလိုက်မိသည်။ ၎င်းမှာ အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှပေသည်။
လီယီတောင်းတို့၏ အံ့သြမှုကို ရိပ်မိပုံရသော ကျိုးရှုရီက အသာအယာ ပြောပြလာသည်။
"ဆရာက တစ်ယောက်ယောက်ကို ရှာဖို့ ငါ့ကို ခေါ်သွားခဲ့တာ… အဲဒီနောက်မှာ ဒီကြောင်နက်လေးနဲ့ သူ့ရဲ့ ပိုင်ရှင်ကို သွားရှာခဲ့ကြတယ်... အခုတော့... ဒီကြောင်နက်လေးကို ကျွန်မ ပိုင်သွားပြီပေါ့… “
ပြောနေရင်းနှင့် ကျိုးရှုရီက ကြောင်နက်လေး၏ ခေါင်းကို ချစ်စနိုးဖြင့် ပွတ်သပ်ပေးလိုက်သည်။ ကြောင်နက်လေးကလည်း ပြန်လည် အသံပေးနေ၏။ ထိုမြင်ကွင်းကို ကြည့်ရုံနှင့်ပင် ကြောင်နက်လေးမှာ ကျိုးရှုရီနောက်သို့ စိတ်လိုလက်ရ လိုက်ပါလာခြင်း ဖြစ်ကြောင်း လီယီတောင်း သိလိုက်သည်။ ထိုကြောင်လေးမှာ သူ့ပိုင်ရှင်ဟောင်း၏ ထောင်ချောက်ထဲတွင် ပိတ်မိနေခဲ့ဟန် တူပေသည်။ ထို့ကြောင့် ယခု ကျိုးရှုရီနှင့် အတူရှိနေရသည်မှာ သူ့အတွက် ပျော်ရွှင်စရာ ဖြစ်နေပုံရသည်။
"ဘယ်တော့ သွားကြမှာလဲ"
အဘိုးအို၏ အရှိန်အဝါမှာလည်း ပြန်လည် ကောင်းမွန်လာသည်ကို သတိထားမိ၍ လီယီတောင်း မေးလိုက်၏။ ထိုခန့်မှန်းရခက်သော အရှိန်အဝါကြောင့် လီယီတောင်း ကြောက်ရွံ့မိသလိုလိုပင်။
အဘိုးအိုက အသာအယာ ပြုံးလိုက်ရင်း "မင်းရော ပြန်ကောင်းပြီလား…" ဟု မေး၏။
ဤအတောအတွင်းမှာ လီယီတောင်းသည် ယာယီမစ်ရှင်အချို့ကို ပြီးမြောက်ခဲ့ပြီးနောက် သူ၏ သက်တမ်းမှာ ယခုအခါ နှစ်သောင်းအထိ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ ဤအခြေအနေတွင် အရာအားလုံးမှာ ပိုမို တိုးတက်ရန် အခွင့်အလမ်း ရှိလာခဲ့လေပြီ။
"ပြန်ကောင်းပါပြီ… အခုဆို အဆင်ပြေလောက်ပါပြီ…"
လီယီတောင်းက သူ အသစ်ရရှိထားသော စွမ်းရည်နှစ်ခုကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ လီယီတောင်း တစ်ခုခု လုပ်တော့မည်ကို စနစ်က သိနေသည်လား မပြောတတ်သော်လည်း ယခုအခါ အဖွဲ့လိုက် တိုက်ခိုက်မှုနှင့် အဖွဲ့လိုက် ကာကွယ်မှု စွမ်းရည်တို့ကို ရရှိထားခြင်း ဖြစ်သည်။ လီယီတောင်းကို အံ့သြစေသည်မှာ ထိုစွမ်းရည်နှစ်ခု၏ သက်တမ်း ကုန်ဆုံးမှုမှာ အလွန်ပင် နည်းပါးနေခြင်းပင်။ အဖွဲ့လိုက် တိုက်ခိုက်မှုတွင် ရန်သူတစ်စုလုံး၏ သက်တမ်းကို နှစ်တစ်ရာ လျှော့ချပစ်နိုင်ပြီး သူ့ကိုယ်ပိုင် သက်တမ်းမှာလည်း နှစ်တစ်ရာသာ ကုန်ဆုံးမည် ဖြစ်သည်။ လူအရေအတွက် မည်မျှပင် များပြားပါစေ သက်တမ်း ကုန်ဆုံးမှုမှာ တိုးလာမည် မဟုတ်ပေ။ ကာကွယ်ရေးအတွက်ဆိုလျှင် သက်တမ်း တစ်နှစ်သာ ကုန်ဆုံးမည် ဖြစ်သည်။ သို့သော် ၎င်းမှာ ပထမအကြိမ်အတွက်သာ ဖြစ်ပြီး ဒုတိယအကြိမ်တွင် ၂ နှစ်၊ ၄ နှစ်၊ ၈ နှစ် စသဖြင့် တိုးသွားမည် ဖြစ်သည်။ ဤကုန်ဆုံးမှု ပုံစံမှာ ၂၄ နာရီပြည့်တိုင်း တစ်ခါ ပြန်စတတ်ပေသည်။ ယေဘုယျအားဖြင့်တော့ အသုံးပြုရန် လုံလောက်လှပေသည်။ ကာကွယ်ရေး စွမ်းအားမှာလည်း လီယီတောင်း၏ သက်တမ်းနှင့် ဆက်စပ်နေသဖြင့် အတော်လေးကို အားကိုးထိုက်လှပေသည်။