အခန်း ၂၇၂ - အဆုံးသတ်… ဒါပေမဲ့… အစပြုခြင်း တစ်ခု….
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ သုံးနှစ်ပြီးတော့ နောက်ထပ် သုံးနှစ်၊ ထို့နောက်တွင်တော့ နောက်ထပ် သုံးနှစ် ထပ်မံ ကုန်လွန်သွားခဲ့လေပြီ။
ကိုးနှစ်မြောက်သည့်နှစ်၏ နေ့တစ်နေ့တွင်….
လီယီတောင်း ရှေ့မှ စက္ကူအရုပ်များကို သေသေချာချာ အာရုံစိုက်ကာ ဖန်တီးနေစဉ်မှာပင် တောင်တန်းများနှင့် လွင်ပြင်များတစ်လျှောက်ရှိ သိန်းနှင့်ချီသော လူရိုင်းများမှာ တစ်နေရာတည်းသို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ၎င်းမှာ လီယီနို ရှိရာ အရပ်ပင် ဖြစ်၏။
လီယီတောင်းက မသိစိတ်ဖြင့် မော့ကြည့်လိုက်သည်။
'ဟင်'
မည်သည့်အချိန်ကတည်းမှန်း မသိ။ လီယီနို နိုးနေလေပြီ။
လီယီတောင်းကို ကြည့်နေသည့် သူမ မျက်လုံးများမှာ ယခင်ကထက် တည်ငြိမ်ရင့်ကျတ်နေလျက်။
သူမ နိုးလာပြီလား…။
လက်ထဲမှ စက္ကူအရုပ်များကို ချထားကာ လီယီတောင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ လီယီနို၏ ဘေးသို့ ရောက်ရှိသွား၏။
ဤကိုးနှစ်တာ ကာလအတွင်း ပထမ သုံးနှစ်တွင် သူသည် စက္ကူအရုပ်များကိုသာ ဖန်တီးခဲ့သည်။ နောက် ခြောက်နှစ်တွင်မူ လီယီနိုကို ကာကွယ်ရန် စက္ကူအရုပ် အလုံအလောက် ရှိနေပြီဖြစ်သဖြင့် သူသည် ကမ္ဘာအနှံ့သို့ ခရီးထွက်ခဲ့သည်။ ဤခြောက်နှစ်အတွင်း သူ လူမည်မျှ သတ်ခဲ့သည်ကို မည်သူမျှ မသိပေ။ သို့သော် လူ့ကမ္ဘာနှင့် ဤကမ္ဘာ၏ ထူးဆန်းသော နယ်မြေများ နှစ်ခုစလုံးတွင် "သေမင်းတမန်" ဟူသော အမည်နာမတစ်ခုက ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်နေခဲ့သည်။ ၎င်းမှာ သူ၏ ဂုဏ်ပုဒ်ပင်။ သေမင်းတမန်၏ ပစ်မှတ်ထားခံရသူ မည်သူမဆို ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အသက်ရှင်နိုင်မည် မဟုတ်ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် လီယီတောင်း၏ နာမည်မှာ လူတိုင်းကို တုန်လှုပ်စေသော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပေသည်။
"နင် ဘယ်တုန်းက ရောက်တာလဲ..."
လီယီနို အသံက တည်တည်ငြိမ်ငြိမ်သာ။ ဝမ်းသာအားရ သိပ်မရှိလှ။
လီယီတောင်း အနည်းငယ် ပြုံးလိုက်သည်။
"နင် အိပ်ပျော်နေတုန်းကလေ…"
"အော်"
လီယီနိုက တည်ငြိမ်စွာပင် သူမထံ ပထမဆုံး ချဉ်းကပ်လာသော စက္ကူအရုပ်လေးကို ချစ်စနိုးဖြင့် ပွတ်သပ်ပေးလိုက်သည်။ သူမက ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော စက္ကူအရုပ်များကို လှမ်းကြည့်လိုက်၏။
"ဒါတွေ အကုန်လုံး နင် လုပ်ထားတာလား..."
လီယီတောင်းက အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း... အစ်ကိုကြီး တစ်ယောက်အနေနဲ့ ဒီမှာ ဘာထူးထူးခြားခြားမှ မရှိလို့ စက္ကူစုတ်နဲ့ အရုပ်လေးတွေပဲ ပေးလိုက်ရတာပါ..."
သူက ရယ်မောရင်း ဆက်ပြောသည်။
"ဒီစက္ကူအရုပ်တွေက နင့်အတွက် လုံလောက်လောက်မှာပါနော်… ဟုတ်တယ်မလား..."
"လုံလောက်တယ်" ဆိုသည့် စကားလုံးက မည်သည့်အဓိပ္ပါယ် ဆိုလိုမှန်း လီယီနို နားလည်ပေသည်။
"အင်း... လုံလောက်ပါတယ်..."
သူမက ပြန်ဖြေသည်။
"အဘိုးလည်း ဒီမှာ ရှိတယ်မလား... အားလုံးကို ခေါ်လိုက်... ငါတို့ အချိန် သိပ်မရှိတော့ဘူး... ဒီကမ္ဘာက... အကူးအပြောင်း နေရာ တစ်ခု သက်သက်ပဲ... ငါတို့ စူးစမ်းရမယ့် နောက်ထပ် ကမ္ဘာတစ်ခု ရှိသေးတယ်..."
လီယီနို၏ စကားကို ကြားသော်လည်း လီယီတောင်း အမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ အချို့သော အရာများကို သူ ရင်းနှီးကျွမ်းဝင်လာခဲ့ပြီ ဖြစ်သည်။
အင်း... အခြေအနေက ဒီအတိုင်းပါပဲ...။
မူလက ဤကမ္ဘာကို သူတို့အတွက် ဖွံ့ဖြိုးတိုးတက်ရန် ကမ္ဘာသစ်တစ်ခု ဖြစ်မည် ထင်မှတ်ထားခဲ့ကြသည်။ သို့သော် လက်တွေ့တွင်တော့ အခြေအနေက ထိုမျှ မရိုးရှင်းလှပေ။ ဤကမ္ဘာသည် အမှန်တကယ်တော့ ပြိုကွဲနေသော ကမ္ဘာတစ်ခုသာ ဖြစ်သည်။
ဟုတ်ပေသည်။ နားလည်အောင် ပြောရမည်ဆိုလျှင် ၎င်းမှာ ပြိုကွဲနေသော လမ်းကြောင်းတစ်ခု ဆိုနိုင်ပေသည်။ လမ်းကြောင်းတစ်ခုလုံး၏ ဦးတည်ချက်မှာ နောက်ထပ် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာတစ်ခုဆီသို့ သွားနေခြင်း ဖြစ်၏။
ထိုကမ္ဘာတွင် အမည်မသိ ထိတ်လန့်စရာ အဖြစ်အပျက်များ၊ မရေမတွက်နိုင်သော အန္တရာယ်များနှင့် ဆင်းရဲဒုက္ခများ ရှိနေပေသည်။ သာမန်လူတစ်ယောက်၊ လီယီတောင်းကဲ့သို့ အထူးစွမ်းရည်ရှိသူတစ်ယောက်ပင်လျှင် ထိုအထဲသို့ ဝင်ရောက်ပြီးနောက် အနိမ့်ဆုံး အဆင့်တွင်သာ ရှိနိုင်ပေလိမ့်မည်။
လီယီနို အသံ တိတ်သွားသည်နှင့် လီယီတောင်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ ဘေးရှိ ထူးခြားသော ပုံစံရှိသည့် စက္ကူအရုပ် အချို့မှာ လေထဲသို့ ပျံတက်သွားပြီး သူတို့ ရှေ့မှ အမြန်ဆုံး အရှိန်ဖြင့် ပြေးထွက် ပျောက်ကွယ်သွားကြသည်။ ဤစက္ကူအရုပ်များကို လီယီတောင်းကိုယ်တိုင် ဝိညာဉ်သွင်းပေးခဲ့ခြင်း ဖြစ်ပြီး ထူးခြားသော လက္ခဏာများ ပါဝင်ကာ စုစုပေါင်း တစ်ထောင်ခန့် ရှိပေသည်။ သူတို့သည် စက္ကူအရုပ် စစ်တပ်တစ်ခုလုံး၏ ကွပ်ကဲရေးမှူးများအဖြစ် လုပ်ဆောင်ကြပေသည်။
ငါးမိနစ်ပင် မပြည့်မီ အချိန်တိုအတွင်း၌ အဘိုးအို ရောက်လာ၏။ လီယီတောင်း၊ လီယီနိုနှင့် စက္ကူအရုပ်များ၏ အမူအရာများကို အကဲခတ်ကြည့်ရာ အားလုံးမှာ ထူးခြားစွာ တည်ငြိမ်နေကြသည်ကို တွေ့ရသည်။
"မင်းတို့က လူတွေကို စိတ်ပူသေအောင် လုပ်ချင်နေတာလား..."
သူတို့နှစ်ဦး ဘာမှ မပြောရသေးမီမှာပင် အဘိုးအို၏ စိုးရိမ်တကြီး ဆူပူသံက ထွက်ပေါ်လာသည်။
လီယီနို ပြုံးလိုက်၏။ လီယီတောင်းလည်း အလားတူ လိုက်ပြုံးလိုက်သည်။
အဘိုးအိုက မျက်ခုံးပင့်ကာ… "ပြောစမ်းပါဦး... နောက်တစ်ဆင့်အတွက် အစီအစဉ်က ဘာလဲ..."
ဤမေးခွန်းမှာ လီယီနိုနှင့် လီယီတောင်း နှစ်ဦးစလုံးကို ရည်ရွယ်ခြင်း ဖြစ်ပေသည်။ ဤနှစ်ကာလများတလျှောက် အဘိုးအိုမှာ လီယီတောင်း၏ လက်ရှိ စွမ်းအားကို အကဲခတ်၍ မရတော့ပေ။ ၎င်းမှာ ထိုးဖောက်၍ မရနိုင်သော အင်အားတစ်ခု ဖြစ်နေပြီ ဖြစ်၏။
အမှန်တကယ်တော့ ၎င်းမှာ အတော်လေး သဘာဝကျလှပေသည်။ လီယီတောင်း၏ သက်တမ်းမှာ သောင်းဂဏန်းကို ကျော်လွန်ကာ ဘီလီယံနှင့်ချီ၍ ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားကဲ့သို့သော စနစ်၏ ကျေးဇူးကြောင့်ပင်။ လီယီတောင်းက ဤကမ္ဘာတွင် မစ်ရှင်များကို ပြီးမြောက်နိုင်သောအခါ ထူးဆန်းသော ဖြစ်ရပ်များကြောင့် တစ်စုံတစ်ယောက် သေဆုံးသွားတိုင်း သူရရှိသော သက်တမ်းမှာ အလွန် များပြားကြောင်း တွေ့ရှိခဲ့သည်။ ထူးဆန်းသော သတ္တဝါများ၏ ရှည်လျားသော သက်တမ်းကို ထည့်သွင်းစဉ်းစားလိုက်လျှင် သူ၏ သက်တမ်းမှာ အကန့်အသတ်မရှိ ဖြစ်သွားခဲ့လေပြီ။ ရလဒ်အနေဖြင့် သူ၏ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စွမ်းရည်များ နှစ်ခုစလုံးမှာ သိသိသာသာ ပိုမို အားကောင်းလာခဲ့ပေသည်။
"ကောင်းပြီ... ဒီကမ္ဘာကို အမြန်ဆုံး ရှင်းလင်းကြရအောင်... ယီနို ဟိုဘက်ကို ရောက်သွားသေးလား"
လီယီနို ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်မ အဲဒီကို တစ်ခေါက်ပဲ ရောက်ခဲ့တယ်... ပြီးတော့ ချက်ချင်း ပြန်လာခဲ့တာ… အဲဒီကမ္ဘာမှာ... အရာအားလုံးက လောလောဆယ် ကျွန်မတို့ ကိုင်တွယ်နိုင်တဲ့ အရာတွေ မဟုတ်ဘူး... အထဲက အရာအားလုံးက အရမ်း..."
လီယီနို စကားက တို့တို့တန်းလန်း။ သို့သော် အဓိပ္ပါယ်မှာ ထိုကမ္ဘာထဲရှိ အရာအားလုံးမှာ သူတို့၏ လက်ရှိ စွမ်းဆောင်ရည်ထက် ကျော်လွန်နေခြင်း ဖြစ်သည်။
"ကောင်းပြီ... အားလုံးက စောင့်နေကြပြီ... လာနိုင်တဲ့သူတွေ အားလုံးလည်း ရောက်နေကြပြီ... ဒါတွေနဲ့ ပတ်သက်ပြီးတော့..."
"စိတ်မပူပါနဲ့... ဒါတွေက ရှေ့တန်းတပ်တွေပါ..."
လီယီတောင်းက စက္ကူအရုပ်များကို ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။ သူ အဘယ်ကြောင့် စက္ကူအရုပ်များစွာ ဖန်တီးခဲ့ကြောင်း ရှင်းလင်းနေပေပြီ။
"ဒါဆို ဘယ်တော့ စကြမလဲ..."
ဤတစ်ကြိမ်တွင်တော့ လီယီတောင်းက လီယီနိုကို လှမ်းကြည့်လိုက်သည်။ လီယီနို၏ အထူးစွမ်းရည်များမှတစ်ဆင့် အချိန်တစ်ခု သတ်မှတ်ရန် ဖြစ်၏။
"နောက် တစ်လလောက် နေရင်ပေါ့… ကျွန်မတို့ အချို့အရာတွေကို ပြင်ဆင်ဖို့ လိုသေးတယ်"
"ကောင်းပြီ... ငါ သူတို့ကို သွားပြောလိုက်မယ်... တစ်လနေရင် ငါတို့ လမ်းကြောင်းကို ရှင်းကြမယ်..."
"ကောင်းပြီ..."
တစ်လဆိုသော အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ထိုနေ့တွင် ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်ကြီး ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော အဖြူရောင် အလင်းတန်းများက ကမ္ဘာတစ်ဝှမ်းရှိ နေရာအသီးသီးသို့ အရှန်အဟုန်ဖြင့် တိုးဝင်လာကြသည်။ အထူးစွမ်းရည်ရှိသူ အားလုံးမှာ စက္ကူအရုပ်များ၏ နောက်မှလိုက်ကာ ပြင်းထန်သော တိုက်ပွဲကြီးတွင် ပါဝင်ဆင်နွှဲကြလေသည်။
ကြယ်ရောင်စုံဖြင့် လင်းလက်တောက်ပနေသော ညကောင်းကင်ကြီး အောက်တွင် သွေးချောင်းစီးခဲ့လေပြီ။
ဤပြင်းထန်သော တိုက်ပွဲကြီးမှာ ခုနစ်ရက်နှင့် ခုနစ်ည တိုင်တိုင် ကြာမြင့်ခဲ့ပြီး တိုက်ခိုက်ရေးသမား ခြောက်ဆယ် ရာခိုင်နှုန်းခန့် တိုက်ပွဲဝင်ခဲ့ကြသည်။ လီယီတောင်း၏ စက္ကူအရုပ် စစ်တပ်မှာ အရေအတွက် သန်းအနည်းငယ်မျှသာ ကျန်ရှိတော့သည်။ သို့သော် ကျန်ရှိသော ထိုစက္ကူအရုပ် စစ်တပ်မှာ အမြင့်ဆုံးအဆင့် သတ္တဝါများ ဖြစ်နေကြလေပြီ။ သူတို့သည် တိုက်ပွဲအတွင်း ဆင့်ကဲ တိုးတက်လာခဲ့ကြလေသည်။
ယခုအချိန်တွင် အားလုံးမှာ ဤကမ္ဘာ၏ အဆုံးသတ်တွင် စုဝေးနေကြပြီး အမည်မသိ ကမ္ဘာသစ်တစ်ခုကို လှမ်းမျှော်ငေးနေကြလေသည်။ သူတို့ မျက်စိရှေ့ရှိ ထိုကမ္ဘာသစ်မှာ မကြာမီအချိန်အတွင်း ဖွင့်လှစ်ပေတော့မည်။
ထိုကမ္ဘာသစ်ထဲသို့ ဝင်ရန်မှာ အရေးအကြီးဆုံးနှင့် အခက်ခဲဆုံး ဆုံးဖြတ်ချက် ဖြစ်သော်လည်း တွေဝေစရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဆုံးဖြတ်ချက်ကို စောစောကတည်းက ချမှတ်ထားပြီး ဖြစ်သောကြောင့်ပင်။
စက္ကူအရုပ်များက ရှေ့မှ သွားကာ လီယီတောင်းက နောက်မှ လိုက်ပြီး ကျန်သူများကလည်း အစဉ်လိုက် လိုက်ပါသွားကြ၏။ သူတို့ မျက်နှာထက်တွင် တွေဝေမှု၊ တုံ့ဆိုင်းမှုတို့ အလျင်းမရှိ။
ဤကမ္ဘာတွင် သူတို့သည် လုံလောက်သော မျိုးစေ့များကို ချန်ထားခဲ့ပြီမို့ အကယ်၍ သူတို့ တစ်ခုခု ဖြစ်သွားခဲ့လျှင်ပင် ကျန်ရှိနေသော လူသားများမှာ အသက်ရှင်ရပ်တည်ရန် လုံလောက်သော အင်အား ရှိနေပေလိမ့်ဦးမည်။
ထို့ကြောင့်…
သူတို့အားလုံး လက်ရှိနေထိုင်ရာ ကမ္ဘာကို စွန့်ခွာပြီး… အသစ်အဆန်းတို့ စောင့်ကြိုနေသည်မည့် ကမ္ဘာသစ်ဆီသို့ တလှမ်းချင်း… တလှမ်းချင်း… တည်ငြိမ်စွာ လျှောက်လှမ်း တိုးဝင်သွားကြလေတော့သည်။
ယင်းမှာ… အဆုံးသတ် တစ်ခုဖြစ်သော်လည်း… အသစ်စတင်ခြင်း တစ်ခုလည်း ဖြစ်သည် မဟုတ်ပါလား။
ပြီးပါပြီ။ ။
အဆုံးတိုင် ဖတ်ရှုပေးသည့် စာဖတ်ပရိတ်သတ်များကို ကျေးဇူးတင်လျက်… ပြည့်မှူး ( Myth Horizon ) ၃ . ၂ . ၂၀၂၆ ( ည ၁၀ နာရီ၊ ၂၈ မိနစ် )