ချူဟောင်က သူ၏ လက်ကို ဝှေ့ယမ်းကာ မာနထောင်လွှားစွာဖြင့် ကြွေးကြော်လိုက်သည်။
“ဘယ်လိုလုပ် သယ်ထားနိုင်တာလဲ … ဟုတ်လား … ဒီတာအိုဆရာကြီးက ဘယ်လို လူမျိုးလဲ။ ဒါတွေက လှည့်ကွက် အသေးစားလေးတွေပါ။ ဒီထက် ပိုကြီးတဲ့ အရာကိုတောင် ငါ ပြနိုင်သေးတယ်”
ချင်ဇီဟောက် လည်း အံ့သြသွားပြီး မေးလိုက်သည်။
“ဘယ်လောက်တောင် ကြီးလို့လဲ …”
ချူဟောင်က သူ့ကို မျက်လုံးမှေးပြီး ကြည့်လိုက်သည်။ ချင်ဇီဟောက် က စိတ်တိုသွားပြီး
‘ဒီကောင်က ဘာလို့ ငါ့ကို မျက်လုံးမှေးပြီး ကြည့်နေတာလဲ’
ချူဟောင်က “မင်းဟာထက်တော့ သေချာပေါက် ပိုကြီးတယ်” ဟု ပြောလိုက်သည်။
‘လခွမ်း … ဒီကောင်က ဘာလားဟ’
ချင်ဇီဟောက် က ခေါင်းယမ်းပြီး လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
“မင်းက ငါ့ဟာထက် ပိုကြီးတဲ့ အရာတစ်ခုကို ထုတ်ပြနိုင်ရင် အဲဒါကို ငါ စားပြမယ်”
ချူဟောင်က သူ့ကို အထင်သေးသည့် ပုံစံဖြင့် မျက်လုံးမှေးကြည့်နေပြီး ခနဲ့တဲ့တဲ့ မေးလိုက်သည်။
“မင်း မစားရင်ကော …”
ချင်ဇီဟောက် က ပြုံးပြီး ပြန်ဖြေလိုက်သည်။
“ငါ ဒူးထောက်ပြီး မင်းကို အဘိုး လို့ ခေါ်မယ်”
“ကောင်းပြီလေ …”
ချူဟောင်က စိတ်ထဲကနေ စနစ်ကို လှမ်းပြောလိုက်သည်။
“စနစ်… ငါ့ကို ခေါင်းတလား တစ်လုံးလောက် ပေးစမ်း”
[စနစ် - ပိုင်ရှင်က ဘယ်အဆင့်ကို လိုချင်တာလဲ … အမြင့်ဆုံး အဆင့်က ကြယ်ခုနစ်ပွင့် ရှေးဟောင်းခေါင်းတလား ဖြစ်ပြီး အနိမ့်ဆုံးကတော့ မက်မွန်သစ်သား ခေါင်းတလားပါ]
ချူဟောင်: “အနိမ့်ဆုံး အဆင့် တစ်ခုပဲ ပေး”
[ဒင် … ပိုင်ရှင်သည် မက်မွန်သစ်သား ခေါင်းတလား ကို ဝယ်ယူလိုက်ပါသည်။ ရှိုးထုတ်ရမှတ် ၂၀ မှတ် ပေးချေလိုက်ပါသည်]
ထို့နောက် အားလုံး၏ ဆွံ့အမှင်တက်နေသော အကြည့်များကြားတွင် သူက အမည်းရောင် ၂ မီတာ ရှည်သည့် ခေါင်းတလား တစ်လုံးကို ဆွဲထုတ်လိုက်သည်။ အဆိုပါ ခေါင်းတလားက သေသပ်လှပစွာ ပြုလုပ်ထားပြီး ပျံသန်းနေတဲ့ နဂါးတစ်ကောင်နှင့် ကခုန်နေတဲ့ ဖီးနစ်ငှက် တစ်ကောင်ပုံစံ ခေါင်းတလား အစီအရင်များကို ထွင်းထုထားသည်။
“ဘုန်း”
ခေါင်းတလားကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
အနီးရှိ လူ ၅ ဦးလုံး ကြောင်အသွားကြတော့သည်။
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
‘သောက်ကျိုးနည်း’
‘မင်းက ဒီအရာကြီးကို … ခေါင်းတလားကြီးကိုတောင် ဘယ်လိုလုပ် ဖွက်ထားတာလဲ ဟ … ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
ချင်ဇီဟောက် ချွေးစေးများ ပြန်လာသည်။ သူက ကြိုတင် ပြင်ဆင်ထာသည့် မျက်လှည့်ပြကွက် အများကြီးကို မြင်ဖူးသော်လည်း ချူဟောင်က လှည့်ကွက်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်ချိန်တွင် တကယ်ကို မယုံကြည်နိုင် ဖြစ်သွားတော့သည်။
ခုနက သူပြောခဲ့တဲ့ စကားကို ပြန်တွေးမိပြီး ကျောပြင်တွင် ချွေးစေးများ ထွက်လာသည်။
ချူဟောင်က 'ဖိတ်ခေါ်ပါတယ်' ဆိုတဲ့ လက်ဟန်အမူအရာ လုပ်ပြပြီး ပြောလိုက်သည်။
“လာလေ၊ မင်းက စားမယ်လို့ ပြောထားတာလေ”
ချင်ဇီဟောက် : “…”
အခြားသူတွေကို ကြည့်လိုက်တော့လည်း အားလုံးက သူ့ကို ရယ်ချင်စရာ တစ်ခုလို ကြည့်နေကြသည်။ မုယွီဖေး တောင်မှ သူ ခေါင်းတလားကို စားမယ့်အချိန်ကို မျှော်လင့်နေပုံရ၏။
‘နင့်အမေကို စား …’
‘ဒီလောက် ကြီးတဲ့ ခေါင်းတလားကြီးကို ငါက ဘယ်လိုလုပ် စားရမှာလဲ’
ဒီကောင်လေးက သူ့ကို တမင် သက်သက် ကစားနေတာပဲ ဟု တွေးလိုက်မိသည်။ သို့သော် သေချာ ပြန်တွေးကြည့်လိုက်သည့်အခါ ခေါင်းတလားကို စားမယ် ဆိုသောစကားကို သူကိုယ်တိုင် စပြောခဲ့ခြင်းဖြစ်သည်။
ထိုအရာက သက်သက် သေကြောင်းကြံစည်ခြင်းပင်။
ချင်ဇီဟောက် က အရမ်း ရှက်လွန်းသဖြင့် ဤနေရာမှ ထွက်သွားချင်နေပြီဖြစ်သည်။
ချူဟောင်က ထပ်ပြီး ဖိအားပေးကာ
“စားလေ … ရေတစ်ခွက်လောက် သွားယူပေးရမလား” ဟု မေးလိုက်သည်။
ချင်ဇီဟောက် က သူ့ကို ဆွဲထိုးချင်စိတ် ပေါက်သွား၏။
‘မင်း ထုတ်လိုက်တာ …. ခေါင်းတလားကြီးလေ။ ငါက ဘယ်လိုစားရမှာလဲ ဟ’
“ဒီ … ဒီကိစ္စကို မေ့လိုက်ကြရအောင်”
ချင်ဇီဟောက် က ရှုံ့တွနေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။
ချူဟောင်ကလည်း လှောင်ပြုံးပြုံးရင်း ထပ်ပြီး ဖိအားပေးလိုက်သည်။
“အိုကေလေ … ဒါဆို ဒူးထောက်ပြီး ငါ့ကို အဘိုး လို့ ခေါ်လိုက်တော့”
သူ့ကိုယ်သူ ပါးပြန်ရိုက်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။
‘ဒီသောက်ပါးစပ်က ဘာလို့ အာချောင်မိသွားတာလဲ။ ဒီသောက်ပါးစပ်၊ ဒီသောက်ပါးစပ်’
ချင်ဇီဟောက် တစ်ယောက် ရှူးရှူးရှဲရှဲ ဖြစ်လာပြီး ကြည့်ရဆိုးသည့် မျက်နှာထားဖြင့် …
“ဒီမှာ လူတွေ အရမ်း များတယ်” ဟု ပြောလိုက်သည်။
ချူဟောင်၏ မျက်လုံးများ အေးစက်သွားသည်။
“ဘာလဲ… မင်းက စကားတည်မှာ မဟုတ်ဘူးလား”
အားလုံးက သူ့ကို ဝိုင်းကြည့်နေကြသည်။ ရှက်ရွံ့နေသည့် ချင်ဇီဟောက် က ရှေ့ကို လျှောက်သွားပြီး ချူဟောင်ကို ဘေးသို့ ဆွဲခေါ်သွားကာ ဘဏ်ကတ် တစ်ကတ်ကို ထုတ်ပေးပြီး တီးတိုးဆိုလိုက်၏။
“ညီလေး၊ ဒီကိစ္စကို မေ့လိုက်လို့ ရမလား”
ဘဏ်ကတ်ကို မြင်လိုက်ရသောအခါ ချူဟောင်က စိတ်လှုပ်ရှားသွားပြီး ဘဏ်ကတ်ကို အိတ်ကပ်ထဲ ထည့်လိုက်ကာ
“နောက်ကျရင် အကြောင်းပြချက် မရှိဘဲနဲ့ အမြဲတမ်း မမောက်မာနဲ့ ကြားလား။ မင်းက ဒီလောက်တောင် စေတနာ ပါနေမှတော့ ငါတို့တွေ ဒီကိစ္စကို မေ့လိုက်ကြတာပေါ့။ ဪ ဒါနဲ့ … လျှို့ဝှက်နံပါတ်က ဘာလဲ”
“နောက်ဆုံး ဂဏန်း ၆ လုံးပါ”
ချင်ဇီဟောက် တကယ် ငိုချင်သွားလေပြီ။ ထိုကတ်ထဲတွင် ယွမ် တစ်သိန်းတောင် ရှိနေ၏။ ချူဟောင်အတွက်ကတော့ ယွမ်ငွေများကို လွယ်လွယ်လေးရသွားခြင်းဖြစ်သည်။ သို့သော် ဘဏ်ကတ်တစ်ကတ်အတွက် သူ့သိက္ခာအနည်းငယ်တော့ ရင်းလိုက်ရလေသည်။
အခြားသူများလည်း ဆွံ့အကုန်ကြသည်။ ချင်ဇီဟောက် က ချူဟောင်ကို ကတ်ပေးလိုက်သည်ကို အားလုံး မြင်လိုက်ကြရသည် မဟုတ်လား … ။
ခန်းမထဲက လူများကလည်း ဆူညံသံတွေကို သတိထားမိပြီး အားလုံး လှမ်းကြည့်နေကြ၏။
…
“အိုး … ခန်းမထဲမှာ ဘယ်သူက ဒီလို ခေါင်းတလားကြီးကို လာထားတာလဲ”
ပွဲအတွင်း ရောက်ရှိနေသူ အများစုမှာ ချမ်းသာပြီး သြဇာအာဏာ ရှိကြသူများ ဖြစ်သည်။ အမည်းရောင် ခေါင်းတလားကြီးကို မြင်လိုက်ရသည့်အတွက် သူတို့ မျက်မှောင်ကြုတ်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် အရမ်းကို နိမိတ်မကောင်းဟု ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ဒေါသအပြည့်နှင့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒီခေါင်းတလားကို ဘယ်သူ လာထားတာလဲ”
လူတစ်စု လျှောက်လာကြပြီး သူတို့ကြည့်ရသည်မှာ အတော်လေး အဆင့်အတန်း မြင့်မားပုံပေါ်သည်။
ခေါင်းဆောင်ဖြစ်သူက ဆံပင်ဖြူနေသော်လည်း အရှိန်အဝါအချို့ရှိသည့် အဘိုးအို တစ်ယောက်ဖြစ်သည်။ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လောကီနှင့် ကင်းကွာနေသည့် ပညာရှင်ကြီး တစ်ပါး၏ အရှိန်အဝါမျိုး ရှိနေ၏။
ထို့အပြင် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး အထက်တန်းစား လူတစ်ယောက်ကဲ့သို့ ပုံစံမျိုး ရှိသည့် လူလတ်ပိုင်း အမျိုးသား တစ်ဦးလည်း ပါဝင်သည်။
“ဆရာကြီး လုံယွမ် … ပြီးတော့ ဂူယွဲ့စံအိမ် ရဲ့ ဘော့စ် ကျန်းဟုန်ရိ ပါလား”
ချမ်းသာတဲ့ ကုန်သည်အချို့က ထိုလူအုပ်စုထဲက လူနှစ်ယောက်ကို မြင်လိုက်ရချိန်တွင် တီးတိုး ပြောဆိုလိုက်ကြသည်။
မုချန်လုံ လည်း သူတို့အထဲတွင် ပါဝင်လာသည်။ သူက ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး ချူဟောင်ကို မြင်လိုက်ရချိန်တွင် အနည်းငယ် ဝမ်းသာသွားသော်လည်း ခေါင်းတလားကို မြင်လိုက်ရချိန်မှာတော့ အနည်းငယ် စိုးရိမ်သွား၏။
‘ဂူယွဲ့စံအိမ် မှာ ခေါင်းတလား လာထားတယ် … ဒါက ဂူယွဲ့စံအိမ် ရဲ့ မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်မနေဘူးလား’
လုံယွမ် က ဒေါသထွက်နေဆဲဖြစ်ပြီး အော်မေးလိုက်သည်။
ချူဟောင်က “ငါ ထားတာ” ဟု ပြန်ဖြေလိုက်သည်။
အဘိုးအို လုံယွမ် က ချူဟောင်ကို တစ်ချက်ကြည့်လိုက်ပြီး လူငယ်လေး တစ်ယောက်ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ဒေါသတကြီးဖြင့် ပြန်အော်လိုက်သည်။
“မင်းက ဘယ်သူလဲ … ပြဿနာရှာဖို့ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ။ လုံခြုံရေးတွေ … သူ့ကို ဒီကနေ မောင်းထုတ်လိုက်စမ်း”
ချင်ဇီဟောက် က ကြိတ်ပျော်သွားပြီး တွေးလိုက်မိသည်။
‘ဒီကောင် … မောက်မာချင်ဦးလေ၊ အခုတော့ မှတ်ပြီမလား။ ကောင်းတယ်၊ ကောင်းတယ်’
“နေဦး …” ရွှီယင်း က ပြောလိုက်သည်။
ကျန်းဟုန်ရိ က ရွှီယင်း ကို မြင်တော့ အံ့သြစွာဖြင့် မေးလိုက်သည်။
“သခင်မလေး ရွှီယင်း၊ ဘာလို့ ဒီမှာ ရှိနေတာလဲ”
ရွှီယင်း က “ကျန်းဟုန်ရိ၊ သူက ငါ့သူငယ်ချင်းပဲ” ဟု ပြောလိုက်သည်။
ကျန်းဟုန်ရိ အကျပ်ရိုက်သွားသည်။ သူက ရွှီယင်း ကိုလည်း မစော်ကားရဲသလို၊ ဆရာကြီး လုံယွမ် ကိုလည်း သေချာပေါက် မစော်ကားရဲပေ။ တစ်ခဏလောက်တော့ သူ လုံးဝ ဝေခွဲမရ ဖြစ်သွားသည်။
လုံယွမ် က အေးစက်စက်ဖြင့် ပြောလိုက်သည်။
“ကျန်းဟုန်ရိ … ငါ့ရဲ့ မှော်လက်နက် လေလံပွဲ အခုချက်ချင်း မရပ်သွားစေချင်ဘူး ဆိုရင်၊ ဒီကောင်လေးကို အမြန် အပြင်ကို ကန်ထုတ်ပစ်လိုက်စမ်း”
ရွှီယင်း က ဒေါသထွက်သွားပြီး အော်လိုက်သည်။
“ရှင် …”
ရွှီယင်း က သတ္တမခရိုင် က ဖြစ်သော်လည်း သူမကို သိသူ အလွန်နည်းပါးလေသည်။ လုံယွမ် ကလည်း သေချာပေါက် သူမကို သိမည်မဟုတ်ချေ။
ချူဟောင်က မကျေမနပ်ဖြင့် မေးလိုက်သည်။
“အဘိုးကြီး … ခင်ဗျားက ဘယ်သူမို့လို့လဲ။ ခင်ဗျားက ကျုပ်ထက်တောင် ပိုအစွမ်းထက်နေလို့လား”
အားလုံးက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ ဒီလူငယ်လေးက ရိုးရိုးရှင်းရှင်း ဝတ်ထားပြီး သူ့ပုံစံက ပွဲလမ်းသဘင်နှင့် လုံးဝ မလိုက်ဖက်ဘူးပေ။ သူ့ကိုကြည့်ပြီး အားလုံးက 'တောသား' ဆိုသည့် စကားလုံးကို တွေးလိုက်မိကြ၏။
“ဒီကောင်လေးက တော်တော်လေး မောက်မာတာပဲ … ဆရာကြီး လုံယွမ် ကိုတောင် စော်ကားရဲတယ်”
ချမ်းသာတဲ့ ကုန်သည် တစ်ယောက်က အနည်းငယ် ရယ်ရင်း ပြောလိုက်သည်။
“ဟုတ်ပါ့ … အခုခေတ် ကလေးတွေက တကယ်ကို ဥပဒေမဲ့ ဖြစ်နေကြပြီ”
“ဒီလို ဝတ်စားထားတာကို သူ ဘယ်လိုလုပ် အထဲ ရောက်လာလဲ ဆိုတာကို ငါ စဉ်းစားနေတာ”
ဆရာကြီး လုံယွမ် စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။
“သူ့ကို အမြန် အပြင်ကို ကန်ထုတ်ပစ်လိုက်စမ်း”
ချူဟောင်က လက်ပိုက်ကာ မောက်မာစွာဖြင့် ပြောလိုက်သည်။
“အဘိုးကြီး … ခင်ဗျားက ကျုပ်ကို အပြင်ကို ကန်ထုတ်မလို့လား။ ဒီတာအိုဆရာကြီးက ခင်ဗျားကို မျက်နှာသာ မပေးဘူးလို့ မပြောနဲ့နော်။ ငါ့ကို အခုချက်ချင်း တောင်းပန်၊ မဟုတ်ရင် ခင်ဗျား နောက်ဖြစ်လာမယ့် အကျိုးဆက်ကို ခံစားနိုင်ပါစေလို့ ဆုတောင်းထား”
လုံယွမ် က ချူဟောင်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။
လုံယွမ် တကယ် ဒေါသထွက်သွားပြီး …
“ကောင်လေး၊ မင်း သေချင်နေတာလား။ ချီရိ၊ ကျောက်ချန်၊ သူ့ကို အပြင်ကို ကန်ထုတ်ပစ်လိုက်” ဟု ပြောလိုက်သည်။
လုံယွမ် ၏ အနောက်မှ လူငယ် နှစ်ယောက် ထွက်လာသည်။ သူတို့က သူ့တပည့် သို့မဟုတ် ထိုကဲ့သို့ လူမျိုး ဖြစ်ပုံရသည်။ သူတို့က မည်သည့်စကားမှ မပြောဘဲ ချက်ချင်း လှုပ်ရှားတော့သည်။
အားလုံး အသက်ရှူမှားသွားကြသည်။
မုယွီဖေး နှင့် မုယွီရွှန် တို့လည်း စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ ဒါက အရမ်းကို အနိုင်ကျင့်လွန်းရာ ကျခြင်းပင်။ စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်း ရိုက်နှက်ကြခြင်း ဖြစ်သည်။
လက်သီးကြီး တစ်လုံးက ချူဟောင်၏ မျက်နှာကို ထိတော့မည့် အချိန်တွင် ချူဟောင်က သူ့လက်ကို အမြန်မြှောက်ပြီး ကျောက်ချန် ၏ လက်ကို ဖမ်းဆွဲလိုက်ရာ လက်သီးက လေထဲမှာတင် ရပ်တန့်သွားတော့သည်။
‘ရပ် … ရပ်သွားတာလား။ လက်သီးနဲ့ မထိုးလိုက်နိုင်ဘူးလား’
ကျောက်ချန် လန့်သွားသည်။ သူ့လက်သီး၏ အစွမ်းကို သူ သိလေသည်။ သုံးလက်မ အထူရှိသည့် သစ်သားတိုင်ကို သေချာပေါက် ရိုက်ချိုးနိုင်သည့် လက်သီးဖြစ်သည်။
သို့သော် ထိုလက်သီးက ဒီလူငယ်လေးရဲ့ လက်ထဲမှာ ရပ်တန့်သွားပြီး အရမ်းကို ကြီးမားတဲ့ ခွန်အားတစ်ခုက သူ့ဆီ စီးဝင်လာတော့သည်။ သူ၏ မျက်နှာ ပြောင်းလဲသွား၏။
နာတယ် …
မခံမရပ်နိုင်အောင် နာကျင်လာသည်။ ခံစားချက်အရ ပလာယာနှင့် ညှပ်ထားသလိုမျိုး ခံစားလိုက်ရ၏။ သူက ဒေါသထွက်စွာဖြင့်
“မြန်မြန် လွှတ်စမ်း” ဟု အော်လိုက်သည်။
အခြားသူများ အံ့သြသွားကြသည်။ ဒီနှစ်ယောက်က သရုပ်ဆောင်နေတာလား … အဲဒီ လက်သီးချက်က တကယ်ပဲ အဲဒီလောက် အားနည်းတာလား … ။
ချီရိ လှုပ်ရှားလိုက်သည်။ သူက ခြေထောက်ကို မြှောက်ပြီး ချူဟောင်၏ ဗိုက်အောက်ပိုင်းကို ကန်လိုက်သည်။ သာမန်လူ တစ်ယောက်ကိုသာ ထိုကန်ချက် ထိမှန်သွားပါက သေချာပေါက် သေဆုံးခြင်း (ဒါမှမဟုတ်) အပြင်းအထန် ဒဏ်ရာရသွားခြင်းမျိုး ကြုံတွေ့ရလိမ့်မည်။
ချူဟောင်၏ တုံ့ပြန်မှု အမြန်နှုန်းက သာမန် မဟုတ်ချေ။ ချီရိ လှုပ်ရှားလိုက်သည်နှင့် သူ ချက်ချင်း သတိထားမိလိုက်သည်။
သူက တစ်ဖက်လူရဲ့ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်ပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။
“ချုံခို တိုက်ခိုက်ချင်တာလား … နောက်ထပ် အနှစ် ငါးဆယ်လောက် ပြန်လေ့ကျင့်လိုက်ဦး”
ထိုသို့ပြောပြီးနောက် သူက သူ့လက်ကောက်ဝတ်ကို အားကုန်လှည့်ပြီး အဝေးကို ပစ်ပေါက်လိုက်သည်။ ချူဟောင်၏ သန်မာမှုကြောင့် ထိုလူက ၄ မီတာခန့် အကွာအဝေးဆီကို လွင့်ထွက်သွားပြီး နံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားတော့သည်။
ချီရိ မြေကြီးပေါ်သို့ ခွေကျသွားပြီး သွေးများ အန်ထွက်လာသည်။ သူ၏ မျက်လုံးများထဲတွင်လည်း ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်သွားလေ၏။
[ဒင် … ပိုင်ရှင်သည် အံ့အားသင့်ဖွယ် ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၄၀ မှတ် ရရှိပါတယ်]
***