အဆိုပါ မြင်ကွင်းကို မြင်တွေ့လိုက်ကြရသူအားလုံး ကြောင်အသွားကြသည်။
ယောက်ျားရင့်မာကြီး တစ်ယောက်ကို ဒီလို ပစ်ပေါက်ဖို့ဆို ခွန်အား ဘယ်လောက်တောင် လိုအပ်မည်နည်း။
ကျောက်ချန် သွေးပျက်သွားသည်။ ဒီလူငယ်လေးက သေချာပေါက် သာမန်လူ မဟုတ်ချေ။
သို့သော် နောက်ထပ် ကြီးမားတဲ့ ခွန်အားတစ်ခုကို သူ့လက်သီးဆီကနေ ခံစားလိုက်ရပြီး သူ့လက်က အရိုးတွေ ကျိုးပဲ့သွားသလို ခံစားလိုက်ရသည်။
သူက နာကျင်စွာ အော်ဟစ်ပြီး မြေပြင်ပေါ် ဒူးထောက်ချလိုက်ရသည်။
“လွှတ် … လွှတ်ပါတော့ … ဆရာကြီး ကယ်ပါဦး”
လုံယွမ် လည်း ထိတ်လန့်သွားပြီး ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
“နေဦး …”
ဝတ်ရုံဖြူနျင့် အဘိုးအို တစ်ယောက် ထွက်လာပြီး လက်အုပ်ချီကာ ပြောလိုက်သည်။
“ညီငယ်လေး … ကျေးဇူးပြုပြီး သနားညှာတာပေးပါ”
ချူဟောင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
“အဘိုးကြီး၊ ခင်ဗျားလည်း ဝင်ပါချင်လို့လား”
ဝတ်ရုံဖြူနှင့် အဘိုးအိုက ခါးသက်စွာ ပြုံးရင်း ပြောလိုက်သည်။
“ကျုပ်က က အဘိုးအိုကြီး တစ်ယောက်ပါ။ ညီငယ်လေးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ … ကျွန်တော်က ညီငယ်လေးရဲ့ ခေါင်းတလားကို ကြည့်ချင်ရုံ သက်သက်ပါ”
ချူဟောင်က ကျောက်ချန် ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ဆရာကြီး လုံယွမ် ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
“ခင်ဗျား ကြည့်ချင်သလောက် ကြည့်”
လုံယွမ် က ဒေါသတကြီးဖြင့် ပြောလာ၏။
“တုယွဲ့ကျန်း၊ ခင်ဗျား…”
တုယွဲ့ကျန်း က လက်ကို ဝှေ့ယမ်းကာ ခွင့်တောင်းလိုက်သည်။
“ကျွန်တော့်ကို ခေါင်းတလား အရင် ကြည့်ခွင့်ပေးပါ၊ ပြီးမှ စကား ဆက်ပြောကြတာပေါ့”
ထိုသို့ပြောပြီးနောက် သူက ခေါင်းတလားဆီကို စိတ်အားထက်သန်စွာ လျှောက်သွားပြီး ညင်သာစွာ ပွတ်သပ်လိုက်ရာ ဝတ်လစ်စားလစ် အလှလေး တစ်ယောက်ကို မြင်လိုက်ရသလို ပိုပိုပြီး စိတ်လှုပ်ရှားလာတော့သည်။
အနီးရှိ လူအားလုံး မှင်တက်သွားကြသည်။ အဘိုးအိုက ခေါင်းတလားကို ကြည့်နေသည့် အကြည့်က အရမ်းကို ရမ္မက်ဆန်လွန်းနေသည်။
“ဒီ ဝတ်ရုံဖြူနဲ့ အဘိုးအိုက ဘယ်သူလဲ” စီးပွားရေးသမား တစ်ယောက်က မေးလိုက်သည်။
တုယွဲ့ကျန်း ၏ နောက်ခံကို သေချာပေါက် သိသည့် စီးပွားရေးသမား တစ်ယောက်က ခပ်တိုးတိုးလေးသံဖြင့်
“ဒီအဘိုးကြီးရဲ့ ကျော်ကြားမှုက ဒီအသိုင်းအဝိုင်းထဲမှာ ဆရာကြီး လုံယွမ် ထက် မနိမ့်ဘူးလို့ ကြားတယ်။ သူက အလောင်းထိန်း မိသားစု တစ်ခုက ဆင်းသက်လာတာတဲ့”
“အလောင်းထိန်း မိသားစု”
သူတို့က တုယွဲ့ကျန်း ၏ အပြုအမူကို ကြည့်နေသည့်အပြင် ချူဟောင်ကိုလည်း သေချာပေါက် စောင့်ကြည့်နေကြသည်။ သူတို့မြင်တွေ့လိုက်ရသည့် ချူဟောင်၏ နည်းလမ်းတွေက တကယ်ကို အံ့မခန်းဖြစ်ပြီး ကြောက်စရာ ကောင်းလွန်းလှသည် မဟုတ်လား။
မုယွီရွှန် တစ်ယောက် နှလုံးတွေ တဒိုင်းဒိုင်း ခုန်နေသည်။ သူမက ချူဟောင်ကို အထင်သေးမိတုန်းပင်။ သို့သော် ဒီကောင်လေးရဲ့ ကျွမ်းကျင်မှုက အင်မတန် ကြောက်စရာကောင်းလွန်းနေသည်။
ချင်ဇီဟောက် လည်း ဒေါသထွက်နေ၏။ သူတို့၏ ရန်ပွဲက သိုင်းကားတွေထဲကလို ဖြစ်နေပြီး ချူဟောင်က အာရုံစိုက်မှု အကုန်လုံးကို လုယူသွားခဲ့သည်ဟု သူခံစားလိုက်ရသည်။
ချူဟောင်က လက်ပိုက်ကာ မနေနိုင်ဘဲ ပြောလိုက်တော့သည်။
“အဘိုးကြီး၊ ခင်ဗျားရဲ့ သွားရည်တွေ ငါ့ခေါင်းတလားပေါ် ကျတော့မယ်”
တုယွဲ့ကျန်း သတိပြန်ဝင်လာပြီး သူ့သွားရည်တွေကို သုတ်ကာ အနေခက်စွာဖြင့်
“ဆောရီး ကောင်လေး … ဒီအဘိုးကြီး သတိလက်လွတ် ဖြစ်သွားတယ်။ စကားမစပ် ကျုပ် မေးပါရစေ။ ဒီခေါင်းတလားက မက်မွန်သစ်သားနဲ့ လုပ်ထားတာလား”
ချူဟောင် အနည်းငယ် အံ့ဩသွားကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျား မျက်လုံး လျှင်သားပဲ”
တုယွဲ့ကျန်း က စိတ်လှုပ်ရှားစွာဖြင့် “တကယ်ကြီး မက်မွန်သစ်သားလား” ဟု မေးလိုက်သည်။
ချူဟောင်က စိတ်မရှည်စွာဖြင့်
“ဒါပေါ့” ဟု ပြန်ဖြေလိုက်သည်။
အားလုံး မျက်မှောင်ကြုတ်သွားကြသည်။ ဒီကောင်လေးက တုယွဲ့ကျန်း အပေါ် လုံးဝ မယဉ်ကျေးပေ။
ဆရာကြီး လုံယွမ် လည်း စိတ်မရှည်တော့ချေ။ ချူဟောင်က သူ့တပည့် နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ထားခြင်းကြောင့် သူ့ကို ပညာပေးမှ ရလိမ့်မည်။
သူ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“အဘိုးတု၊ ဒါက ဘာဖြစ်နေတာလဲ”
တုယွဲ့ကျန်း က အလျင်အမြန်ပင်
“လုံယွမ်၊ မင်းကို ငါ မေးမယ်၊ ဒီလောက်ကြီးတဲ့ မက်မွန်သစ်သား ခေါင်းတလား ကို မင်း မြင်ဖူးလား”
လုံယွမ် က ခေါင်းယမ်းပြီး
“ခေါင်းတလား တစ်လုံးပဲ မဟုတ်ဘူးလား” ဟု ပြန်မေးလိုက်သည်။
တုယွဲ့ကျန်း နှာမှုတ်လိုက်ပြီး
“အဲဒါ မင်းက ဘာမှ နားမလည်လို့ပေါ့။ ငါက အလောင်းထိန်း မိသားစု က လာတာ၊ ခေါင်းတလားတွေ အကြောင်းကို ငါတို့ထက် ပိုနားလည်တဲ့သူ မရှိဘူး”
လုံယွမ် တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတော့ မပြောဖြစ်လိုက်ချေ။ တုယွဲ့ကျန်း က တကယ်ပဲ အလောင်းထိန်း မိသားစု က ဆင်းသက်လာသူဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေါင်းတလားတွေ အကြောင်းကို သူတို့ထက် ပိုနားလည်တဲ့သူ မရှိသေးပေ။
အနီးရှိ လူအုပ်ကြီးကို ကြည့်ပြီး တုယွဲ့ကျန်း က ပြုံးကာ မေးလိုက်ပြန်သည်။
“အားလုံးပဲ၊ ခင်ဗျားတို့လည်း ဒီလောက်ကြီးတဲ့ မက်မွန်သစ်သား ခေါင်းတလား ကို မမြင်ဖူးကြဘူး မလား”
ထိပ်ပြောင်ပြောင်နှင့် စီးပွားရေးသမား တစ်ယောက်ကလည်း
“အဘိုးတု … ကျွန်တော်တို့က ဒီလောက်ကြီးတဲ့ မက်မွန်သစ်သား ခေါင်းတလား ကို မမြင်ဖူးပါဘူး။ သူ့မှာ ဘာထူးခြားချက်တွေ ရှိလို့လဲ” ဟု မေးလိုက်သည်။
တုယွဲ့ကျန်း ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။
“ဒီခေါင်းတလားရဲ့ အတွင်းပိုင်း အလျားက ရှေ့အောက်ခြေမှာ ၅၇ စင်တီမီတာ၊ နောက်အောက်ခြေမှာ ၃၅ စင်တီမီတာ၊ အပေါ်အဖွင့်မှာ ၄၂ စင်တီမီတာ၊ အမြင့်က ၆၀ စင်တီမီတာ၊ အောက်ခြေ အလျားက ၁.၇ မီတာ နဲ့ အပေါ်အဖွင့် အလျားက ၁.၈ မီတာ ရှိတယ်”
တစ်ချက်ကြည့်လိုက်ရုံဖြင့် ခေါင်းတလား၏ အတိုင်းအတာတွေကို ပြောပြနိုင်ခြင်းက တကယ်ကို အထင်ကြီးစရာဖြစ်သည်။
“စဉ်းစားကြည့် … ဒီခေါင်းတလားကို လုပ်ထားတဲ့ မက်မွန်ပင်က ဘယ်လောက်တောင် ကြီးလိုက်မလဲ။ အနည်းဆုံး အချင်း တစ်မီတာ ရှိတဲ့ မက်မွန်ပင် ဖြစ်ရမယ်။ ငါတွက်တာ မမှားဘူးဆိုရင် ဒီခေါင်းတလားက သစ်သားရဲ့ အူတိုင်ကနေ လုပ်ထားတာ … ဒါကြောင့် ဒီမက်မွန်ပင်က အချင်း ၃ မီတာ ရှိရမယ်”
အားလုံး အသက်ရှူမှားသွားကြသည်။
‘အချင်း ၃ မီတာ ရှိတဲ့ မက်မွန်ပင် တစ်ပင်၊ အဲဒီအပင်ရဲ့ သက်တမ်းက ဘယ်လောက်တောင် ရှိနေလိမ့်မလဲ’
တုယွဲ့ကျန်း က သက်ပြင်းချကာ ပြောလိုက်ပြန်သည်။
“ဒီလို မက်မွန်ပင်မျိုးက ဝိညာဉ်ဝင်စားနေပြီ လို့ ပြောရင်တောင် ချဲ့ကားပြောရာ မကျပါဘူး”
အားလုံးက ခေါင်းကို အဆက်မပြတ် ညိတ်ပြပြီး အရမ်းကို သိချင်စိတ်ဖြင့် နားစွင့်နေကြသည်။
တုယွဲ့ကျန်း ၏ ခွဲခြမ်းစိတ်ဖြာမှု အပြီးမှာတော့ အဆိုပါ မက်မွန်ပင်ကြီးက ဘယ်နှစ်နှစ်တောင် အသက်ရှင်ခဲ့လဲ ဆိုတာကို စိတ်ကူးကြည့်ဖို့တောင် ခက်လှ၏။
အနှစ် တစ်ထောင် …
ဒါမှမဟုတ် ရှေးခေတ်ကတည်းကဆိုတော့ အနှစ် တစ်သောင်းတောင် ဖြစ်နိုင်တယ် … ။
တုယွဲ့ကျန်း က ဆက်ပြောသည်။
“ခေါင်းတလား အပေါ်က အစီအရင်တွေကို ကြည့်ပါဦး … ။ ဖုန်းရွှေ ပညာရပ်အရ ဒါက ကောင်းကင်ဖွင့် ခေါင်းတလား အစီအရင် လို့ ခေါ်တယ်”
“သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ဒီခေါင်းတလားထဲထည့်ပြီး မြေမြှုပ်လိုက်ရင် ခေါင်းတလားက မြေကြီးထဲကနေ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး မျိုးဆက် ၃ ဆက်တိုင်အောင် ကောင်းကင်ဘုံလောက် ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတွေကို ရရှိစေလိမ့်မယ်”
“သူတို့ရဲ့ မျိုးဆက် ၃ ဆက်တိုင်အောင် အသက် ၉၀ ကျော်အထိ နေရလိမ့်မယ် … ပြီးတော့ သူတို့ရဲ့ တပည့်တွေနဲ့ တပည့်ရဲ့ တပည့်တွေ ၃ ဆက်တိုင်အောင် ကြီးပွားတိုးတက်ဖို့လည်း ကောင်းချီးပေးနိုင်တယ်”
ထိပ်ပြောင် စီးပွားရေးသမား က အံ့သြတကြီးဖြင့် မေးလိုက်သည်။
“အဘိုးတု၊ ဒါ … ဒါ တကယ်လား”
အဘိုးတု က ထိုလူကို လျစ်လျူရှုလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ချူဟောင်ဘက်လှည့်ကာ
“ညီလေး၊ ဒီခေါင်းတလားကို ရောင်းမလား” ဟု မေးလိုက်သည်။
ချူဟောင်လည်း သဘောကျသွားတော့သည်။
‘ဒီ မက်မွန်သစ်သား ခေါင်းတလား က တကယ်ပဲ ဒီလို အစွမ်းတွေ ရှိနေတာပဲ။ မဟုတ်ရင် ရှိုးထုတ်ရမှတ် ၂၀ တောင် ဘာလို့ ပေးရမှာလဲ။ အင်း … တုယွဲ့ကျန်း က တကယ်ပဲ အမြင်ကျယ်တာပဲ’
ပွဲသို့ ရောက်ရှိနေသည့် လူများထဲတွင် တုယွဲ့ကျန်း တစ်ယောက်တည်းကသာ ထိုကဲ့သို့သောအရာကို ခွဲခြားသိမြင်နိုင်ခြင်းဖြစ်သည်။ မဟုတ်ပါက သူတို့အားလုံး ဒါကို ရိုးရိုး အမည်းရောင် ခေါင်းတလား တစ်လုံးအဖြစ်သာ ထင်နေကြမည်ဖြစ်သည်။
“ခင်ဗျားက ဝယ်ချင်တာလား …” ချူဟောင်က မေးလိုက်သည်။
တုယွဲ့ကျန်း က ခေါင်းကို အဆက်မပြတ် ညိတ်ပြသည်။
ချူဟောင်က လက်တစ်ဖက်ကို မြှောက်ပြီး ပြောလိုက်သည်။
“ဒီဈေးဆိုရင်တော့ ခေါင်းတလားကို ယူသွားလို့ ရပြီ”
“ရှောင်ချင်း၊ ဒီကို လာခဲ့” ဟု ပြောလိုက်သည်။
ရှောင်ချင်း ဟု အမည်ရသည့် အမျိုးသမီး အတွင်းရေးမှူး တစ်ယောက် အနားသို့ရောက်လာပြီးနောက် တုယွဲ့ကျန်း က
“မြန်မြန် ဒီညီလေးဆီကို ယွမ် သန်း ၅၀ လွှဲပေးလိုက်” ဟု ပြောလိုက်သည်။
ထို့နောက် သူက ချူဟောင် စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေသည့်ပုံစံဖြင့် ခပ်သွက်သွက်ပြောလိုက်သည်။
“ညီလေး … ငါ ဒါကို ယွမ် သန်း ၅၀ နဲ့ ဝယ်မယ်။ တခြား ဘယ်သူ့ကိုမှ မရောင်းနဲ့နော်။ ဒီခေါင်းတလားကို ငါ တုယွဲ့ကျန်း ဝယ်ထားလိုက်ပြီ”
ယွမ် သန်း ၅၀ …
ခန်းမအတွင်းရှိ လူများအားလုံး လုံးဝ ကြောင်အသွားကြတော့သည်။
မုယွီဖေး၊ မုယွီရွှန်၊ မုချန်လုံ၊ မုမိသားစု ၃ ယောက်လုံး လုံးဝ မှင်တက်သွားကြသည်။
ချင်ဇီဟောက် တစ်ယောက် မေးရိုးတွေတောင် ပြုတ်ကျမတတ် ဖြစ်သွားတော့၏။
‘ခေါင်းတလား တစ်လုံးကို ယွမ် သန်း ၅၀ တဲ့ …’
ထိုအရာက သူ နှစ်ပေါင်းများစွာ ဖျင်ကုန်းပြီး ကြိုးစားမှ ရနိုင်မည့် ငွေပမာဏဖြစ်သည်။
ချူဟောင်လည်း ပြောစရာစကား ရှာမရဖြစ်သွားတော့သည်။ သူ လက်တစ်ဖက်ကို မြှောက်ပြလိုက်ခြင်းက သူတို့အရှေ့ရှိအရာသည် ခေါင်းတလား တစ်လုံးသာဖြစ်ခြင်းကြောင့် ယွမ် ငါးသောင်းလောက် ဆိုရင် မဆိုးဘူးဟု တွေးကာ လက်ပြလိုက်ခြင်းဖြစ်သည်။
ရလဒ်ကတော့ …
‘သောက်ကျိုးနည်း၊ ယွမ် သန်း ၅၀ တဲ့’
‘ငါ အကြားအာရုံ မှားသွားတာလား’
သို့သော် လက်ရှိအချိန်သည် အံ့ဩနေရမည့် အချိန်မဟုတ်ချေ။
‘တည်ငြိမ်တဲ့ ဟန်ပန်ကို ဆက်ဖမ်းထားရမယ် … ငါအံ့ဩသွားတာကို ရိပ်မိသွားလို့ မဖြစ်ဘူး။ အေးဆေးနေ … သားကြီး စိတ်ကို အေးဆေးထား’
‘ယွမ် သန်း ၅၀ …’
ထိုပမာဏသည် ပိုက်ဆံအထပ်လိုက်ကို ကုတင်တစ်လုံး လုပ်ပြီး တက်အိပ်နေလို့ရသည့် ပမာဏဖြစ်သည်။
ချူဟောင်က အတွင်းစိတ်ထဲတွင် အင်မတန် အံ့သြတုန်လှုပ်နေသော်လည်း အခြားသူများ၏ အမြင်မှာတော့ သူ၏ဟန်ပန်က အင်မတန်အေးဆေးနေကာ ယွမ် သန်း ၅၀ ကို လုံးဝ ဂရုမစိုက်သည့် ပုံစံမျိုးဖြစ်နေသည်။
သူ့ရင်ထဲမှာ ဗြောင်းဆန်နေသည်ကို သူတစ်ယောက်တည်းသာ သိပေသည်။
‘ကံကောင်းလို့ ငါ ပါးစပ်ကနေ အသံထွက် မပြောလိုက်တာ။ ယွမ် ငါးသောင်းလို့ သွားပြောမိရင် သောက်ရမ်း အရှက်ကွဲမှာပဲ’
ဆရာကြီး လုံယွမ် လည်း အင်မတန် အံ့သြသွားသည်။ တုယွဲ့ကျန်း ၏ အစွမ်းအစကို သူ သိလေသည်။ သူက ဒီခေါင်းတလားသည် ယွမ် သန်း ၅၀ တန်သည်ဟု ပြောပါက အမှန်တကယ် ယွမ် သန်း ၅၀ တန်ခြင်းကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဖွင့် ခေါင်းတလား အစီအရင် ၏ အစွမ်းတစ်ခုတည်းကတင် သူတို့လို လူတွေ အိပ်မက်မက်နေရသည့် ရတနာ တစ်ခု သေချာပေါက် ဖြစ်နေခြင်းကြောင့်ပင်။
တုယွဲ့ကျန်း ကတော့ ထိုကဲ့သို့ အစွမ်းရှိသည့် ခေါင်းတလားကို တကယ် ဈေးပေါပေါဖြင့် ရရှိသွား၏။
ဆရာကြီး လုံယွမ် က သူ့ပေါင်ကို သူ ပြန်ရိုက်လိုက်သည်။ သူလည်း ထိုကဲ့သို့သော ခေါင်းတလားကို ဝယ်ယူဖို့ ကမ်းလှမ်းလိုက်ချင်သည်။
အခြားသူများကတော့ တုယွဲ့ကျန်းကို ရူးသွားပြီဟု ထင်နေကြသည်။
‘ရိုးရိုး ခေါင်းတလား တစ်လုံးကို ယွမ် သန်း ၅၀ နဲ့ ဝယ်တယ်တဲ့လား …’
တုယွဲ့ကျန်း၏ အတွင်းရေးမှူးမလေးက
“လူကြီးမင်း … လူကြီးမင်းရဲ့ ဘဏ်ကတ် လိုပါတယ်” ဟု ပြောလိုက်သည်။
ချူဟောင်က အနည်းငယ် ကြောင်အမ်းစွာဖြင့် သူ့ကတ်ကို ထုတ်ပေးလိုက်တော့၏။
“လူကြီးမင်းရဲ့ အကောင့်ထဲကို ယွမ် သန်း ၅၀ လွှဲပြီးပါပြီ”
အတွင်းရေးမှူးမလေး၏ အသံက နတ်သက်ကြွေလာသည့် နတ်သမီးလေးတစ်ပါး၏ တေးသံတစ်ခုလိုပင်။ နားဝင်ပီယံ ရှိလှသည်။
‘အိပ်ရာပေါ်မှာတောင် အသံကောင်းလောက်တယ်လို့ ထင်ရတယ် …’
ချူဟောင်က ကတ်ကို အိတ်ကပ်ထဲ ထည့်လိုက်ရင်း သူ့လက်သန်းလေးက အတွင်းရေးမှူးမလေးရဲ့ လက်ဖမိုးကို အသာအယာပွတ်သပ်လိုက်သည်။ ထိုအပြုအမူကို အတွင်းရေးမှူးမလေးကလွဲ၍ မည်သူမှ သတိမထားမိလိုက်ချေ။
အတွင်းရေးမှူးမလေးရဲ့ မျက်နှာက ချက်ချင်းနီရဲတက်လာပြီး ချူဟောင်ကို ငြုတုတုကြည့်လာတော့သည်။ သူမရဲ့ ဖုန်းနံပါတ်ကို တောင်းပြီး ဒီည အခန်းတစ်ခန်း ယူလိုက်ရမလားဟုတောင် ချူဟောင်တွေးမိလိုက်၏။
***