တုယွဲ့ကျန်း ကလည်း တစ်ယောက်ယောက် သူ့ခေါင်းတလားကို လုယူသွားမှာ စိုးရွံ့နေသည့်အလား ခေါင်းတလားကို ယူပြီး အမြန်ပြေးထွက်သွားတော့သည်။
ဤမြင်ကွင်းက လူအုပ်ကြီးကို ဘာပြောရမလဲ မသိနိုင်လောက်အောင် ဖြစ်သွားစေသည်။
ချူဟောင်၏ နှလုံးသားများ တဒိုင်းဒိုင်း ခုန်နေသည်။ သူက တစ်သက်လုံး အိပ်မက်တောင် မမက်ဖူးသည့် ယွမ် သန်း ၅၀ ကို တကယ်ကြီး ပိုင်ဆိုင်သွားလေပြီ။
ချူဟောင် တံတွေးမျိုချလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် နောက်ထပ် ပစ္စည်းတချို့ လေလံပစ်ချင်သေးတယ်”
ရွှီယင်း မည်သည့်စကားမှ မပြောရသေးခင်မှာပင် အနီးအနားတွင် ရပ်နေသော ကျန်းဟုန်ရိ က ရှေ့ထွက်လာပြီး ပြုံးလျက် မိတ်ဆက်လာသည်။
“ဆရာကြီး … ဘာကို လေလံပစ်ချင်လို့လဲ။ ကျွန်တော့်နာမည်က ကျန်းဟုန်ရိ ပါ … ဒီက မန်နေဂျာပေါ့။ တစ်ခုခုလိုအပ်တာရှိရင် ဆရာကြီး ကျွန်တော့်ကို လာရှာလို့ ရပါတယ်။ ဒါက ကျွန်တော့်ရဲ့ လိပ်စာကတ်ပြားပါ”
ထိုသို့ပြောရင်း သူက လိပ်စာကတ်ပြားကို ကမ်းပေးလိုက်သည်။
ပွဲသို့ရောက်နေကြတဲ့ စီးပွားရေးသမားများနှင့် အထက်တန်းလွှာတွေ အားလုံး အံ့သြသွားကြသည်။ ကျန်းဟုန်ရိ က သူ့လိပ်စာကတ်ပြားကို ထုတ်ပေးခြင်းက အင်မတန်ရှားပါးသည့် ကိစ္စရပ်ဖြစ်သည်။
“ကောင်းပြီ၊ ဒီပစ္စည်းတွေကို လေလံပစ်ချင်တယ်”
ချူဟောင်က မြေကြီးပေါ်တွင် လမ်းဘေးဈေးသည် ပစ္စည်းတွေလို စုပုံထားသည့် အရာများကို လက်ညှိုးထိုးပြလိုက်သည်။
ကျန်းဟုန်ရိ ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ထိုအရာများသည် အပေါစားပစ္စည်းများ မဟုတ်ပေလော … ။
သို့သော် သူက ခေါင်းညိတ်ပြီး “ကောင်းပါပြီ၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါ” ဟု ပြောလိုက်သည်။
လေလံပွဲလည်း အလျင်အမြန် စတင်တော့သည်။
“ပထမဆုံး ပစ္စည်းကတော့ ဆရာကြီး လုံယွမ် ရဲ့ လက်ရာဖြစ်ပြီး သူကိုယ်တိုင် ဖန်တီးထားတဲ့ ဗောဓိ ဆွဲသီး ပါ”
ဆရာကြီး လုံယွမ် က ပြုံးပြီး မိတ်ဆက်လိုက်သည်။
“ဒါက ကျုပ်ကိုယ်တိုင် လုပ်ထားတဲ့ ဗောဓိ ဆွဲသီး ပါ။ အဲဒါက စိတ်ကိုကြည်လင်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့ အာနိသင် ရှိပါတယ်။ အပေါ်မှာ တာအို အစီအရင်တွေ ပါလို့ မသန့်ရှင်းတဲ့ အရာတွေလည်း အနားမကပ်နိုင်ပါဘူး”
“ကြမ်းခင်းဈေး: ယွမ် တစ်သိန်း”
“နှစ်သိန်း”
“နှစ်သိန်းခွဲ …”
ချမ်းသာသော စီးပွားရေးသမား တစ်ယောက်က ဗောဓိ ဆွဲသီး ကို ယွမ် ငါးသိန်း ခုနစ်သောင်းနှင့် ဝယ်ယူသွားတော့သည်။
“နောက်တစ်ခုကတော့ ပါကွာ ဖုန်းရွှေ ကြေးမုံ ပါ။ ဖုန်းရွှေ အစီအရင်တွေကို ပြောင်းလဲပေးနိုင်တဲ့ မှော်လက်နက် ဖြစ်ပြီး ကြမ်းခင်းဈေးက ယွမ် တစ်သိန်းပါ”
“နှစ်သိန်း …”
“သုံးသိန်း …”
ပထမဆုံး လေလံပစ်လာသည့် ပစ္စည်း ၄ ခုက စုစုပေါင်း ယွမ် နှစ်သန်းကျော်ဖြင့် လေလံအောင်သွားတော့သည်။ ထို့ကြောင့် ချူဟောင်လည်း အံ့သြသွားကာ …
‘ဒီပစ္စည်းတွေက အရမ်းကို ကလေးဆန်လွန်းတယ်။ တကယ်တော့ မျက်စိလျှင်ပြီး ကျွမ်းကျင်တဲ့ သူဆိုရင် ဒါတွေကို သေချာပေါက် ဝယ်မှာ မဟုတ်ဘူး …’
‘လက်ရာသေသပ်တာကလွဲရင် ကျန်တာ အကုန် အမှိုက်တွေချည်းပဲ … စနစ်က ထုတ်ပေးတဲ့ ပစ္စည်းတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး။ ပမွှားလေးတွေကိုကွာ … အဲဒါတောင် ယွမ် နှစ်သန်းကျော် ရောင်းရတယ်တဲ့လား’
ခန်းမထဲက ချမ်းသာသည့် စီးပွားရေးသမားများကို ကြည့်ရင်း …
‘ဒီလူတွေက ပိုက်ဆံချမ်းသာတဲ့ ငတုံးတွေပဲ’ ဟု သူ တွေးလိုက်မိသည်။
တစ်ချိန်တည်းမှာပဲ သူ့ရဲ့ မှော်လက်နက် တွေက လေလံဘယ်လောက်ဖြင့် အောင်နိုင်မလဲဆိုတာကို သူ မျှော်လင့်နေမိ၏။
နောက်ဆုံး ပစ္စည်းကို ထုတ်ပြလိုက်ချိန်တွင် အားလုံး အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။
ထိုအရာက သေသပ်လှပစွာ ပြုလုပ်ထားသည့် ကြေးပြားဓားတစ်လက် ဖြစ်သည်။
ဆရာကြီး လုံယွမ် က ဂုဏ်ယူစွာဖြင့်
“မှန်ပါတယ်။ ဒီ ကြေးပြားဓား ကလည်း ကျုပ်ကိုယ်တိုင် အသေအချာ ဖန်တီးထားတာပါ … ၊ မသန့်ရှင်းတဲ့ အရာတွေကို ကောင်းကောင်းကြီး ဖျက်ဆီးပစ်နိုင်ပါတယ်” ဟု ပြောလိုက်သည်။
မှော်လက်နက် …
ခန်းမ တစ်ခုလုံး စိတ်လှုပ်ရှားသွားကြသည်။
မုချန်လုံ ပင်လျှင် စိတ်လှုပ်ရှားသွားတော့သည်။ သရဲတွေကို သတ်နိုင်တဲ့ မှော်လက်နက် ဆိုတာ အရမ်းကို ရှားပါးလွန်းတာကြောင့် သူက အမြန် လေလံဆွဲဖို့ ပြင်လိုက်လေသည်။
လေလံမှူးက အသံကျယ်ကြီးဖြင့် ကြေညာလိုက်သည်။
“ကြမ်းခင်းဈေး: ယွမ် ငါးသိန်း”
“ခုနစ်သိန်း …”
“ကိုးသိန်း …”
“တစ်သန်း …”
“တစ်သန်းခွဲ …”
“နှစ်သန်း ခုနစ်သိန်း …”
နောက်ဆုံးတွင် ကြေးပြားဓား ကို စီးပွားရေးသမား တစ်ယောက်က ယွမ် နှစ်သန်း ခုနစ်သိန်းဖြင့် ဝယ်ယူသွားတော့သည်။
ပစ္စည်း ၅ ခု … စုစုပေါင်း ယွမ် လေးသန်းကျော်ဖြင့် လေလံအောင်သွား၏။ ထိုပိုက်ဆံ ပမာဏသည် အန်းလိမြို့ တွင် ဇိမ်ခံဗီလာ တစ်လုံးဝယ်ရန် လုံလောက်သည်ထက်ပိုသည့် ပမာဏဖြစ်သည်။
နောက်ဆုံးတော့ ချူဟောင်၏ အလှည့် ရောက်လာလေပြီ။
အရမ်းကို သာမန်ဆန်နေသည့် အန္တရာယ်ကင်း ကျောက်စိမ်းကိုယ်တော်
လေလံမှူးက ပြုံးပြီး
“ဒါက ဆရာကြီး ချူဟောင် ရဲ့ လက်ရာ၊ အန္တရာယ်ကင်း ကျောက်စိမ်းကိုယ်တော် ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးပြီး စိတ်ကြည်လင်စေတဲ့ လုပ်ဆောင်ချက် ရှိပါတယ်” ဟု မိတ်ဆက်လိုက်သည်။
လူချမ်းသာ တစ်ယောက်က တီးတိုးဖြင့် မေးလိုက်သည်။
“အဲဒါ … အဲဒါက ဆရာကြီး လုံယွမ် ရဲ့ ဗောဓိ ဆွဲသီး နဲ့ အရမ်း တူနေတယ် မဟုတ်လား”
“ဟုတ်တယ် … ဒါပေမဲ့ ဒီ အန္တရာယ်ကင်း ကျောက်စိမ်းကိုယ်တော် က အလုပ်ဖြစ်မဖြစ်တော့ မသိဘူးလေ။ အရည်အသွေးကို ကြည့်ရသလောက်တော့ တန်ဖိုးကြီး ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ပုံ မပေါ်ဘူး” ဟု အခြား တစ်ယောက်က ပြောလိုက်သည်။
ဆရာကြီး လုံယွမ် နှာမှုတ်လိုက်သည်။ သူ့အမြင်မှာတွင် ထို အန္တရာယ်ကင်း ကျောက်စိမ်းကိုယ်တော်၏ လက်ရာသည် သူ့ ဗောဓိ ဆွဲသီးလောက် မကောင်းပေ။
‘ဘယ်သူကများ ဝယ်မှာလဲ’
“ကြမ်းခင်းဈေး … ယွမ် တစ်သောင်း”
ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမှ စျေးမခေါ်ကြပေ။
ချူဟောင် တစ်ယောက် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူ့ ကျောက်စိမ်းဆွဲသီး က လုံးဝ အစစ်အမှန်ဖြစ်သည်။ လုံယွမ်၏ ကြမ်းခင်းဈေးက ယွမ် တစ်သိန်းဖြစ်ပြီး သူ့ဟာက ယွမ် တစ်သောင်းသာ ရှိလေသည်။
“ယွမ် ငါးသောင်း …”
နောက်ဆုံးတော့ တစ်စုံတစ်ယောက်က စတင်လေလံဆွဲလာတော့သည်။ ထိုသူက မုချန်လုံ ပင်။
မုချန်လုံ က ခန်းမ တစ်ခုလုံး အနေခက်သွားမှာကို မလိုလားသလို ချူဟောင်ကိုလည်း ကူညီချင်သည့်အတွက် ဖြစ်သည်။
နောက်ဆုံးတော့ လူအုပ်ထဲရှိ ချင်ဇီဟောက် က သက်ပြင်းချနိုင်သွားသည်။ လေလံဝင်ဆွဲသူက ချူဟောင်၏ အသိဖြစ်နေသည်။ သူက စိတ်ထဲကနေ လှောင်ပြုံးပြုံးရင်း
‘ဟွန်း၊ တောသားက တောသားပါပဲ။ သူကများ ဖီးနစ်ငှက် ဖြစ်လာမယ်လို့ တကယ် ထင်နေတာလား’
“ဒုတိယ ပစ္စည်းက ခေါင်းလောင်းမျှော်စင် ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးခြင်း၊ မကောင်းတဲ့ စွမ်းအင်တွေကို ပြောင်းလဲပေးခြင်းနဲ့ ငွေကြေးလာဘ်လာဘတွေကို ဆွဲဆောင်ပေးနိုင်တဲ့ အစွမ်းထက် ဖုန်းရွှေ ပစ္စည်းပါ … အိမ်ရဲ့ ထပ်ခိုးနဲ့ အပေါ်ဆုံးထပ် (ဒါမှမဟုတ်) ဧည့်ခန်းမကြီးထဲမှာ ထားဖို့ သင့်တော်ပါတယ်”
ခန်းမ တစ်ခုလုံး တိတ်ဆိတ်နေဆဲပင် … ထိုအချိန်မှာပဲ ချင်ကျန်းယွီ က
“ယွမ် နှစ်သောင်း” ဟု အော်လိုက်သည်။
“သုံး … နှစ် … တစ် … ယွမ် နှစ်သောင်းတန် ခေါင်းလောင်းမျှော်စင် က လူကြီးမင်းအတွက်ပါ”
‘နောက်ထပ် အသိ တစ်ယောက်ပဲ၊ ပြီးတော့ ယွမ် နှစ်သောင်းပဲ ရတယ် … ဟက် ဟက်’
အဆိုပါ ခေါင်းလောင်းမျှော်စင် က သရဲပေါက်စ ဆီက ကျလာသည့် ပစ္စည်း ဖြစ်သော်လည်း ၎င်း၏ အာနိသင်က လုံးဝ မဆိုးဘူး ဆိုတာကို သူ သိလေသည်။
ဆရာကြီး လုံယွမ် က စိတ်ထဲကနေ လှောင်ပြုံးပြုံးလိုက်သည်။
‘ဒါက ကွာခြားချက်ပဲလေ … ငါက ချမ်းသာတဲ့ စီးပွားရေးသမားတွေရဲ့ အမြင်မှာ ပညာရှင်ကြီး ဖြစ်နေလို့ပေါ့။ အဲဒီ ကောင်လေးကတော့ … အင်း … မက်မွန်သစ်သား ခေါင်းတလား ကလွဲရင် ကျန်တာ အကုန် အမှိုက်တွေချည်းပဲ။ ငါနဲ့ ယှဉ်ရင် ဘယ်လိုမှ မယှဉ်နိုင်မှာ မဟုတ်ဘူး’
“တတိယ ပစ္စည်း၊ အဲ … ကြေးပြားဓား”
လေလံမှူး အနည်းငယ် နေရခက်သွားသည်။
ဆရာကြီး လုံယွမ် လေလံတင်ခဲ့သလို ကြေးပြားဓား ဖြစ်နေပြန်သည်။ ဆရာကြီး လုံယွမ် ၏ ကြေးပြားဓား က ယွမ် ၃ သန်း ၇ သိန်းဖြင့် လေလံအောင်ခဲ့ပြီး ချူဟောင် ဓားကရော …
“ကြေးပြားဓား တောင် ပါသေးတယ်။ အတုလား”
“အတု ဆိုတာ ရှင်းနေတာပဲ၊ လက်ရာက အရမ်း ကြမ်းလွန်းတယ်”
ချမ်းသာသည့် စီးပွားရေးသမားများက ဟိုတစ်ခု ဒီတစ်စု ဆွေးနွေးနေကြသော်လည်း တစ်ဦးတစ်ယောက်မှ စျေးမခေါ်ကြပေ။
မုချန်လုံ သက်ပြင်းချလိုက်သည်။ ချူဟောင်၏ အစွမ်းအစကို သူ သိလေသည်။ ထို ကြေးပြားဓား က အစစ်ဖြစ်ဖို့ ရာခိုင်နှုန်းများသော်လည်း ချူဟောင်မှာ နာမည်ဂုဏ်သတင်း မရှိသောကြောင့် မည်သူမှ သူ့ကို မယုံကြပေ။
သူက စတင် ဈေးခေါ်ပြီး ကြေးပြားဓား ကို ဝယ်ဖို့ ဟန်ပြင်လိုက်စဉ် …
“ယွမ် ငါးသန်း …”
အသံလာရာဆီသို့ အားလုံးက အံ့သြတကြီး ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ဆရာကြီး လုံယွမ် လည်း မျက်မှောင်ကြုတ်သွားတယ်။
ဘယ်သူလဲ … ဘယ်သူကများ လုံယွမ် ရဲ့ မျက်နှာကို လာဖြတ်ရိုက်ရဲတာလဲ … ။
အဘိုးအို တစ်ယောက် အမောတကော ပြေးလာသည်ကို သူတို့ တွေ့လိုက်ရတယ်။ လမ်းတစ်လျှောက်လုံး အလျင်အမြန်ပြေးလာပြီး ဂူယွဲ့စံအိမ် ကို နောက်ဆုံးတော့ ရောက်ရှိလာ၏။
ရွှီယင်း က စိတ်လှုပ်ရှားစွာဖြင့် “ဆရာယွမ်” ဟု ခေါ်လိုက်သည်။
ရောက်ရှိလာသူက ဆရာယွမ် (သို့) နယ်မြေ (၇) ၏ အကြီးအကဲဖြစ်သည်။
ဆရာကြီး လုံယွမ် လည်း အံ့သြသွားသည်။ ဆရာယွမ် ကို သူ သေချာပေါက် သိပေသည်။ ထိုသူသည် ကျန်းဟုန်ရိသိသည့် ရွှီယင်း နှင့် မတူချေ။ ဒီလူက သူတို့အသိုင်းအဝိုင်းထဲတွင် အင်မတန် နာမည်ကြီးသည့် ပုဂ္ဂိုလ်မဟုတ်ပေလော။
ဆရာကြီး လုံယွမ် ရိုရိုသေသေ ပြေးသွားပြီး မေးလိုက်သည်။
“ဆရာယွမ်၊ ဘာလို့ ဒီကို ရောက်လာတာလဲ”
ဤသည်မှာ မဆန်းလှပေ … တုယွဲ့ကျန်း သာ ဒီနေရာတွင် ရှိသေးပါက သူလည်း ကျိုးနွံသည့် လူလိမ္မာလေးတစ်ယောက်ကဲ့သို့ ပြုမူနေလိမ့်မည်ဖြစ်သည်။ သို့သော် ထိုသူက သူ့ခေါင်းတလားကို အခြားသူ လုယူသွားမည် စိုးသည့်အလား ဂူယွဲ့စံအိမ် ကနေ ထွက်သွားနှင့်လေပြီ။
ဆရာယွမ် လည်း အမောတကော ပြေးလာရသဖြင့် ဟောဟဲလိုက်နေသည်။ သူက လုံယွမ် ကို တစ်ချက်ကြည့်ပြီး
“မင်းက ဘယ်သူလဲ” ဟု မေးလိုက်သည်။
ဆရာကြီး လုံယွမ် က မအံ့ဩချေ … ဆရာယွမ် လို ပုဂ္ဂိုလ်ကြီးက သူ့လိုလူကို မသိနိုင်ပေ။ သို့သော် ဆရာယွမ်က အမြဲတမ်း အားကျလေးစားရတဲ့ သူ့ရဲ့ အိုင်ဒေါ ဖြစ်နေသည်။
“ကျွန်တော် … ကျွန်တော် ရှောင်ယွမ် (ယွမ်လေး) ပါ၊ လုံယွမ် ပါ”
လုံယွမ် က အလျင်အမြန် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
ဆရာယွမ် က လက်ကို ဝှေ့ယမ်းကာ
“သွား … ရေတစ်သန့်ဘူး သွားယူခဲ့။ ငါ အရမ်း ပင်ပန်းနေပြီ” ဟု ပြောလိုက်သည်။
လုံယွမ် က အလျင်အမြန် ခေါင်းညိတ်ပြပြီး ရေတစ်ခွက်ယူဖို့ ပြေးထွက်သွားတော့သည်။
ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
‘ဒီအဘိုးအိုက ဘယ်သူလဲ …’
‘သူ့ကို မြင်တာနဲ့ ဆရာကြီး လုံယွမ် က ချက်ချင်း မျက်နှာလိုမျက်နှာရ သွားလုပ်တယ်လေ … သူတို့နှစ်ယောက်က အသက်ရွယ်တူလောက် ဖြစ်ပေမဲ့ လုံယွမ် က ဒီအဘိုးကြီးကို သူ့ကိုယ်သူ 'ရှောင်ယွမ်' လို့ ခေါ်ခွင့်ပေးထားတယ်’
တခြားသူများက လုံယွမ်၏ တပည့် နှစ်ယောက် ဖြစ်သည့် ကျောက်ချန်နှင့် ချီရိ တို့ပင် အံ့သြသွားကြသည်။
“ဆရာ ဘာဖြစ်သွားတာလဲ”
ဆရာယွမ် က ရေတစ်ငုံ သောက်လိုက်ပြီး လုံယွမ် ကို ဂရုစိုက်ဖို့ အချိန်မရှိချေ။ သူက စင်ပေါ်က လေလံမှူးကို
“မင်း ဘာလို့ အဲဒီမှာ ရပ်နေတာလဲ … ငါ ယွမ် ငါးသန်း လို့ ပြောတာ မကြားဘူးလား။ ဘယ်သူပဲ ဈေးခေါ်ခေါ် ငါက အဲဒီစျေးရဲ့ နှစ်ဆ ပေးမယ်” ဟု ပြောလိုက်သည်။
လုံယွမ် : “…”
အားလုံး : “…”
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
လေလံမှူးက အလျင်အမြန်ပင် ကြေညာလိုက်သည်။
“ယွမ် ငါးသန်း၊ ကြေးပြားဓား က လူကြီးမင်းအတွက်ပါ”
ဝေခွဲမရ ဖြစ်နေသည့် လူအုပ်ကြီး: “…”
***