“ဆရာယွမ်၊ နောက်ဆုံးတော့ ရောက်လာပြီပဲ”
ရွှီယင်း က အရမ်း စိတ်လှုပ်ရှားနေသည်။
အဘိုးယွမ် က အလျင်အမြန်ပင် မေးလိုက်သည်။
“ဒါက ဘယ်နှစ်ခုမြောက် ပစ္စည်းလဲ”
“ဒါက တတိယမြောက်ပါ။ ကျန်တဲ့ နှစ်ခုကို ဝယ်သွားကြပြီ” ဟု ရွှီယင်း က ပြောလိုက်သည်။
အဘိုးယွမ် က ဒေါသတကြီးဖြင့်
“ဒီကောင်မလေးကတော့လေ … မင်း ဘာလို့ မဝယ်လိုက်တာလဲ … မင်းက ပုံမှန်ဆို တော်တော်လေး ဉာဏ်ပြေးတဲ့သူပါ အခုက နိုင်တီတူးကြောင်သွားတာလား ” ဟု ပြောလိုက်သည်။
ရွှီယင်း က အနည်းငယ်တုန်ရီသွားပြီး မျက်နှာလေးညှိုးငယ်သွားကာ စကားမပြောရဲတော့ပေ။
“မင်းကွာ … ထားလိုက်ပါတော့”
အဘိုးယွမ် က လက်ကို ဝှေ့ယမ်းကာ စိတ်ပျက်စွာ ပြောလိုက်သည်။
လုံယွမ် ဝင်ပြောချင်သော်လည်း အဘိုးယွမ် ၏ ဒေါသကို မြင်သည့်အခါ မပြောရဲတော့ဘဲ စဉ်းစားခန်း ဝင်သွားတော့သည်။
‘အဘိုးယွမ် က ဒီကို အပြေးအလွှား ရောက်လာတာ မှော်လက်နက် တွေကို ဝယ်ဖို့တော့ မဖြစ်နိုင်ဘူး။ သူ့အမြင်မှာ ငါ့ရဲ့ မှော်လက်နက်တွေတောင် အမှိုက်တွေချည်းပဲလေ’
‘ဒါဆိုရင်၊ သူက ချူဟောင်ရဲ့ မှော်လက်နက် တွေကို ဝယ်ချင်လို့လား …’
လေလံမှူးက ထပ်ပြောလိုက်သည်။
“စတုတ္ထမြောက် ပစ္စည်းကတော့ သရဲနှိမ်နင်းရေး အဆောင် ပါ … လက်စားချေ သရဲတွေနဲ့ မကောင်းဆိုးဝါးတွေကို ဖိနှိပ်ဖို့ သုံးပါတယ်။ ကြမ်းခင်းဈေးက… ယွမ် တစ်သောင်းပါ”
လေလံမှူး၏ စကားဆုံးသည်နှင့် အဘိုးယွမ် က ထဆဲတော့သည်။
“ဒါ ဘာ အဓိပ္ပာယ်မရှိတာတွေလဲ … အရည်အသွေးကို မသိတဲ့ ငပိန်းတွေချည်းပဲ။ ငါ ယွမ် ငါးသန်း ပေးမယ်”
ခန်းမ တစ်ခုလုံး ထပ်ပြီး အံ့သြသွားကြပြန်သည်။
‘နောက်ထပ် ယွမ် ငါးသန်းလား … ဒါက အဆောင်လေး တစ်ခုတည်း မဟုတ်ဘူးလား’
အဘိုးယွမ် က စိတ်ထဲကနေ လှောင်ပြုံး ပြုံးလိုက်သည်။
‘ဒီ ချမ်းသာတဲ့ မျောက်လိုကောင်တွေက သရဲနှိမ်နင်းရေး အဆောင် ရဲ့ အာနိသင်ကို ဘယ်လိုလုပ် နားလည်မှာလဲ။ ဒါကို သေချာ သုတေသန လုပ်လိုက်ရင် သေချာပေါက် ရလဒ်ကောင်းတွေ ထွက်လာမှာပဲ။ အဲဒါဆိုရင် နိုင်ငံတော်အတွက် အကျိုးတော်တော်ကြီးမားသွားမှာ’
[ဒင်… စနစ် ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
လုံယွမ် ၏ အသက်ရှူနှုန်းများ မြန်ဆန်လာသည်။ ထိုပစ္စည်းများတွင် တကယ်ကောင်းမွန်သည့် အစွမ်းများရှိနေနိုင်သည်ဟု သူထင်မြင်မိလာသည်။ သို့သော် တကယ်အစွမ်းရှိလျှင်တောင် အဘိုးယွမ် က ဒီလောက် ဈေးကြီးပေးပြီး ဝယ်စရာ မလိုဘူး မဟုတ်လော … ။
ဤသည်မှာ မှော်လက်နက်များကြောင့် မဟုတ်ဘဲ အဘိုးယွမ်က ချူဟောင်ကို သူ့ဘက်ဆွဲခေါ်ချင်ခြင်းကြောင့် ဖြစ်နိုင်ပေသည်။
ထိုအဓိပ္ပာယ်ကို ရှာဖွေမိလိုက်ချိန်တွင် လုံယွမ် လည်း မလန့်ဘဲ မနေနိုင်တော့ပေ။ သူ့နဖူးပေါ်၌ ချွေးစေးများ ထွက်လာတော့သည်။ ပြန်လာတယ်။ အဘယ်ကြောင့်ဆိုသော် သူက ချူဟောင်ကို ခုနလေးတင် စော်ကားခဲ့ခြင်းကြောင့်ဖြစ်သည်။
ဤအသိုင်းအဝိုင်းထဲတွင် တစ်ယောက်ယောက်ကို စော်ကားမိပါက အိပ်ကောင်းခြင်း အိပ်ရတော့မည် မဟုတ်သည်ကို သူ ကောင်းကောင်း သိထားလေသည်။
လေလံမှူးက “ပဉ္စမမြောက် ပစ္စည်း၊ မက်မွန်သစ်သား ခေါင်းတလား” ဟု ကြေညာလိုက်သည်။
အဘိုးယွမ် မှင်တက်သွားသည်။
‘ဘာလို့ ခေါင်းတလား ဖြစ်နေတာလဲဟ’
ရွှီယင်း က အနားကပ်ကာ အလျင်အမြန် ရှင်းပြလိုက်တယ်။
“ဆရာယွမ် … ဒီခေါင်းတလားက သာမန် မဟုတ်ဘူး။ မက်မွန်သစ်သား သီးသန့်နဲ့ လုပ်ထားတာဖြစ်ပြီး ကောင်းကင်ဖွင့် ခေါင်းတလား အစီအရင် ပါပါတယ်။ ခုနက … ခေါင်းတလား တစ်လုံးကို တုယွဲ့ကျန်း က ယွမ် သန်း ၅၀ နဲ့ ဝယ်သွားတယ်”
အဘိုးယွမ် လန့်သွားတော့သည်။ ယွမ် သန်း ၅၀ ကြောင့် မဟုတ်ချေ … ကောင်းကင်ဖွင့် ခေါင်းတလား အစီအရင် ကြောင့်ဖြစ်သည်။
“သောက်ကျိုးနည်း … အဲဒီကောင် တုယွဲ့ကျန်း က ခေါင်းတလားကို ယွမ် သန်း ၅၀ နဲ့ ဝယ်သွားတယ် … လခွမ်းပဲ”
အဘိုးယွမ် က ပုံမှန်အားဖြင့် ဆဲခဲလှသည်၊ တုယွဲ့ကျန်း ဝယ်ယူသွားသည့် ငွေပမာဏကို ကြားလိုက်ရသည့်အခါ သူက စိတ်မထိန်းနိုင်ဘဲ မျက်လုံးတွေ နီရဲကာ ဒေါသထွက်လာတော့သည်။
ရွှီယင်း နှင့် လုံယွမ် တို့ မှင်တက်သွားကြသည်။
‘အဘိုးယွမ် ဘာလို့ ထပ်ပြီး ဒေါသထွက်နေရပြန်တာလဲ’
“တုယွဲ့ကျန်း ဘယ်မှာလဲ”
အဘိုးယွမ် က အရမ်း ဒေါသထွက်နေပြီး တုယွဲ့ကျန်း ကို သွားပြီး ပြဿနာ ရှာတော့မည့် ပုံစံမျိုး ဖြစ်နေသည်။
ရွှီယင်း က ကြောက်ရွံ့သည့် လေသံဖြင့် “သူ ခေါင်းတလား ယူပြီး ထွက်သွားပြီ” ဟု ပြန်ဖြေလိုက်သည်။
အဘိုးယွမ် က ဒေါသတကြီးဖြင့် ဟောဟဲလိုက်ကာ
“ဒီခဝေးကောင် … အဲဒီကောင် ကံကောင်းသွားတယ်။ သူ့ကိုသာ ဖမ်းမိရင် သေချာပေါက် ရိုက်နှက်ပစ်မယ်” ဟု ပြောလိုက်သည်။
လုံယွမ် လုံးဝ ပြိုလဲမတတ် ဖြစ်သွားပြီး သတိထားကာ မေးလိုက်သည်။
“အဘိုးယွမ် … ဒီခေါင်းတလားက ဘယ်လောက် တန်လို့လဲ”
အဘိုးယွမ် က နှာမှုတ်လိုက်ပြီး ပြန်ဖြေလာသည်။
“တန်ဖိုး … ဒါက လုံးဝကို အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ’
“မင်းရဲ့ ပိုင်ဆိုင်မှု အကုန်လုံးနဲ့တောင် ဝယ်လို့ ရချင်မှ ရမှာ။ အရည်အသွေးကို နားမလည်တဲ့ မင်းတို့လို လူတွေက ငတုံးတွေလို လုပ်နေကြတာပဲ”
“တွေးလေ … ဒေါသပိုထွက်လာလေပဲ။ ယာဉ်ကြောပိတ်ဆို့နေမယ်မှန်း သိရင် ရဟတ်ယာဉ်နဲ့ လာခဲ့တယ်ကွာ … လခွမ်းပဲ”
ရွှီယင်း : “…”
လုံယွမ် : “…”
လုံယွမ်၏ မျက်နှာ ပျက်ယွင်းသွားတော့သည် … ခေါင်းတလား၏ အစစ်အမှန်တန်ဖိုးကိုသာ သိပါက တုယွဲ့ကျန်းနှင့် ယှဉ်ပြိုင်ကာ ခေါင်းတလားကို လုခဲ့ပေလိမ့်မည်။
လေလံမှူးက “ဈေးထပ်ခေါ်မယ့်သူ ရှိလား” ဟု မေးလိုက်သည်။
စီးပွားရေးသမား တစ်ယောက်က ပြောလိုက်သည်။
“ယွမ် တစ်သိန်း”
“ယွမ် ငါးသိန်း” နောက်တစ်ယောက်က ပြောလိုက်သည်။
မုယွီဖေး၊ မုယွီရွှန်၊ ချင်ကျန်းယွီ နှင့် ချင်ဇီဟောက် တို့ အားလုံး ပြောစရာစကားလုံးများ ပျောက်နေကြသည်။
‘ဒီ စီးပွားရေးသမားတွေ ရူးနေကြတာလား … ဂူယွဲ့စံအိမ် ကို လာပြီး သူတို့ကိုယ်သူတို့အတွက် ခေါင်းတလား လာဝယ်နေကြတာလား’
‘ဒီသတင်းသာ အပြင်ထွက်သွားရင် လူဘယ်နှစ်ယောက်လောက်တောင် လန့်သွားမလဲ မသိဘူး။ ဒါက လုံးဝကို ယုတ္တိမရှိတာပဲ’
လုံယွမ် လည်း ဝင်ပြီး စျေးခေါ်ချင်သော်လည်း အဘိုးယွမ် ရှိနေသည့်အတွက် သူ မခေါ်ရဲချေ။
အဘိုးယွမ် က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
“ငတုံး တစ်သိုက် … ငါ ယွမ် သန်း ၁၀၀ ပေးမယ်”
“ဘာ …” ခန်းမ တစ်ခုလုံး မှင်တက်သွားကြသည်။
“ယွမ် သန်း ၁၀၀”
ရွှီယင်း က အလျင်အမြန်ပင် စိုးရိမ်တကြီးမေးလိုက်သည်။
“ဆရာယွမ်၊ အဲဒီလောက် ပိုက်ဆံ အများကြီး ဘယ်က ရမှာလဲ”
အဘိုးယွမ် က ပြန်ဖြေလိုက်သည်။
“မင်း နားမလည်ပါဘူး … ရဲမှူးဖုန်း ကို ဖုန်းဆက်ပြီး ရန်ပုံငွေ ချပေးဖို့ ပြောလိုက်။ ဒီ မက်မွန်သစ်သား ခေါင်းတလား က ငါတို့အတွက် အရမ်း အရေးကြီးတယ်။ ဒါနဲ့ စကားမစပ်၊ တခြား ပစ္စည်းတွေကို ဘယ်သူ ဝယ်သွားတာလဲ”
ထိုအချိန်တွင် လေလံမှူးက စိတ်လှုပ်ရှားစွာဖြင့် “ခေါင်းတလားက လူကြီးမင်းအတွက်ပါ” ဟု ကြေညာလိုက်သည်။
အဘိုးယွမ် ဝမ်းသာသွားသည်။ ချမ်းသာသော စီးပွားရေးသမားများ၏ အံ့သြနေသည့် အကြည့်တွေကို ကြည့်ရင်း၊ သူက စိတ်ထဲကနေ ‘ဘာမှ နားမလည်တဲ့ တောသားတွေ၊ သူတို့က ဘာသိမှာလဲ’ ဟု တွေးလိုက်သည်။
ထို လူချမ်းသာများက အဘိုးယွမ် ၏ အကြည့်ကို မခံနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ချူဟောင်ကို ထိုကဲ့သို့သော အကြည့်များဖြင့် ကြည့်ခဲ့ကြသည် မဟုတ်လား။
စီးပွားရေးသမား တစ်ယောက်က မှိုင်းညို့သော လေသံဖြင့် ပြောလိုက်သည်။
“ယွမ် သန်း ၁၀၀ တန် ခေါင်းတလား… ငါ အိပ်မက် မက်နေတာလား”
နောက်တစ်ယောက်က ထပ်ပြောလာသည်။
“အဲဒီ ခေါင်းတလားက အစစ်ဖြစ်ဖို့ များတယ်။ အခု ပြန်စဉ်းစားကြည့်တော့ ဈေးမခေါ်ခဲ့တာကို နောင်တရမိတယ်။ မျိုးဆက် ၃ ဆက်တိုင်အောင် ချမ်းသာကြွယ်ဝစေမယ့် ဖုန်းရွှေ ခေါင်းတလား က အဲဒီဈေးနဲ့ တန်ပါတယ်”
မုယွီရွှန်မှာ ပါးစပ် အဟောင်းသားနဲ့ ဖြစ်နေတော့သည်။
ချင်ဇီဟောက် လည်း ရူးတော့မလို ဖြစ်နေချေပြီ။
“ယွမ် သန်း ၁၀၀ …”
ချင်ကျန်းယွီ လည်း အူကြောင်ကြား ဖြစ်သွားသည်။ လူတစ်ယောက်က ခေါင်းတလားကို ယွမ် သန်း ၁၀၀ နှင့် ဝယ်သွားသည်ကို ကြားလိုက်ရချိန်တွင် သူ ရူးတော့မလို ဖြစ်နေသည်။
ကမ္ဘာကြီးက ရူးနေတာလား … တခြားလူတွေ ရူးနေတာလား … ဒါမှမဟုတ် သူ့နားတွေပဲ တစ်ခုခု မှားနေတာလား …
ထိုအချိန်မှာပဲ အဘိုးယွမ် လျှောက်လာပြီး
“ညီလေး၊ မင်းရဲ့ ခေါင်းလောင်းမျှော်စင် လေးကို ကြည့်လို့ ရမလား” ဟု မေးလိုက်သည်။
“ရပါတယ်”
ချင်ကျန်းယွီ က သေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် လက်မ ၂၀ ခန့်အမြင့်ရှိ ခေါင်းလောင်းမျှော်စင် ကို တွေ့လိုက်ရသည်။ မျှော်စင်က သေသပ်လှပနေပြီး ရှေးဟောင်း ကြေးဝါ အတော်များများဖြင့် ပြုလုပ်ထားပုံရသည်။
အဘိုးယွမ် က ဝမ်းသာအားရဖြင့် မေးလိုက်သည်။
“ညီလေး … ဒီမျှော်စင်ကို ဘယ်လောက် ပေးလိုက်ရလဲ”
ချင်ကျန်းယွီ က မယုံနိုင်သေးသည့် ပုံစံဖြင့်
“ယွမ် နှစ်သောင်းပါ” ဟု ဖြေလိုက်သည်။
အဘိုးယွမ် သွေးအန်တော့မတတ် ဖြစ်သွားသည်။
‘ဒီလောက် ကောင်းတဲ့ ခေါင်းလောင်းမျှော်စင် ကို ယွမ် နှစ်သောင်းတည်းနဲ့ ဝယ်လို့ရတယ်လား … မန္တာန် အစီအရင်တွေ အများကြီးပါပြီး မျှော်စင်ရဲ့ အတွင်းပိုင်း သွန်းလုပ်မှုကတောင် အရမ်းကို သေသပ်လှပလွန်းနေတာဟ’
အဘိုးယွမ် က အပြစ်ကင်းစင်သည့် ယုန်ဖြူလေးကို သွေးဆောင်နေသည့် ဝံပုလွေကြီးကဲ့သို့ ကြင်နာသော လေသံဖြင့် မေးလိုက်သည်။
“လူငယ်လေး … ငါ မင်းကို ယွမ် တစ်သန်း ပေးမယ်။ ခေါင်းလောင်းမျှော်စင် ကို ငါ့ကို ရောင်းမလား”
ချင်ကျန်းယွီ ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
‘ဘာ… ယွမ် တစ်သန်း’
‘ငါက ယွမ် နှစ်သောင်းနဲ့ ဝယ်ထားတာ။ ပြန်ရောင်းလိုက်ရင် ယွမ် ကိုးသိန်း ရှစ်သောင်းတောင် အမြတ်ရမှာပေါ့’
ဘေးနားကနေ နားထောင်နေတဲ့ ချင်ဇီဟောက် တစ်ယောက် လဲပြိုကျလုမတတ် ဖြစ်သွားသည်။
ချင်ကျန်းယွီ သဘောတူတော့မယ့် အချိန်မှာပဲ … လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် ရုတ်တရက် ပေါ်လာသည်။ ထိုလူက သပ်သပ်ရပ်ရပ်ရှိပြီး ဖြောင့်မတ်တဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။
ထိုလူက အခြားမဟုတ် ချင်ကျန်းယွီ ၏ ဖခင် ချင်ရှန်းချွမ် ဖြစ်သည်။ သူက ခါးသက်တဲ့ မျက်နှာထားနှင့် ပြောလိုက်သည်။
“အဘိုးယွမ် … ဒီကလေးက ခေါင်းလောင်းမျှော်စင် ကို တကယ်သဘောကျလို့ပါ။ ကျေးဇူးပြုပြီး သဘောထား ကြီးပေးလို့ရမလားခင်ဗျာ”
အဘိုးယွမ် က သက်ပြင်းချကာ လက်ကို ဝှေ့ယမ်းပြီး “ထားလိုက်ပါတော့၊ ထားလိုက်ပါတော့” ဟု ပြောလိုက်သည်။
ချင်ကျန်းယွီ စိတ်ပူသွားပြီး နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“အဖေ …. ဘာလုပ်နေတာလဲ။ အဲဒါ ယွမ် တစ်သန်းလေ … သားက ယွမ် နှစ်သောင်းနဲ့ ဝယ်ထားတာ။ ပြန်ရောင်းလိုက်ရင် အမြတ်အများကြီး ရမှာပေါ့”
ချင်ရှန်းချွမ် က သူ့ခေါင်းကို ရိုက်လိုက်ပြီး ရယ်မောကာ …
“မင်း ဘာမှ နားမလည်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ခေါင်းလောင်းမျှော်စင် ကို ရောင်းလို့ မရဘူး။ အိမ်ကို ကာကွယ်တာ၊ မကောင်းဆိုးဝါးတွေကို ဖယ်ရှားတာ၊ ငွေကြေးလာဘ်လာဘတွေကို ဆွဲဆောင်တာ၊ အလုပ်အကိုင် တိုးတက်စေတာတွေက တကယ် အလုပ်ဖြစ်ဖို့ များတယ်”
“မင်းက တစ်နေ့လုံး ဂိမ်းပဲ ဆော့နေတာ၊ အခုတော့ မထင်မှတ်ဘဲ အလုပ်ကောင်း တစ်ခု လုပ်လိုက်တာပဲ။ ပြန်ရောက်ရင် မင်းကို ကောင်းကောင်း ဆုချမယ်”
ချင်ကျန်းယွီက ရယ်မောပြီး သူ့အဖေကို ပြောပြလိုက်သည်။
“ဒါနဲ့ အဖေ၊ တကယ်တော့ သား ဒီဆရာကြီးကို သိတယ်။ သူက ဆေးရုံထဲကို တစ်ယောက်တည်း ဝင်သွားပြီး ဘာဒဏ်ရာမှ မရဘဲ ပြန်ထွက်လာခဲ့တာ”
ထိုစကားကို ကြားသောအခါ ချင်ရှန်းချွမ် ၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။
ထိုအချိန်တွင် ချူဟောင်က သူ့ခါးကို သူ ပြန်ဆိတ်ကြည့်နေသည်။
‘လခွမ်း … နာတယ်ဟ’
‘ဟားဟား… ယွမ် သန်း တစ်ရာနဲ့ တစ်သောင်း’
သူက ယွမ် သန်းချီ ချမ်းသာသည့် သူဌေးကြီး ဖြစ်သွားလေပြီ။ သူ အခုထိ မယုံနိုင်သေးချေ။ စနစ်ရဲ့ အစွမ်းက အရမ်းကို ကြီးမားလွန်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ့ဘဝကို လုံးဝ ပြောင်းလဲပစ်လိုက်ခြင်းကြောင့်ပင်။
ထို့နောက် ကျန်းဟုန်ရိ က ချူဟောင်ကို ရိုသေစွာဖြင့် ကတ်တစ်ကတ် ကမ်းပေးကာ
“ဆရာကြီး၊ ဒါက ဆရာကြီးရဲ့ ကတ်ပါ။ ယွမ် သန်း တစ်ရာနဲ့ တစ်သောင်း အကုန်လုံး အဲဒီထဲမှာ ရှိပါတယ်” ဟု ပြောလိုက်သည်။
ပုံမှန်ဆိုပါက လေလံခတွေ ရှိရမှာ ဖြစ်သော်လည်း ကျန်းဟုန်ရိ က ချူဟောင်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေခြင်းကြောင့် အခကြေးငွေ တစ်စုံတစ်ရာ မယူခဲ့ချေ။
ကတ်ကို သိမ်းလိုက်ရင်း ချူဟောင်၏ နှလုံးသားလေးက တဒိုင်းဒိုင်း ခုန်နေတော့သည်။
ချူဟောင် ခန်းမထဲ ရောက်လာပြီးကတည်းက လူပေါင်းများစွာရဲ့ အကြည့်များက သူ့ဆီ ရောက်နေကာ သူ့ရဲ့ သရုပ်မှန်က သေချာပေါက် လျှို့ဝှက်ချက် တစ်ခု ဖြစ်နေပြီဖြစ်သည်။ သူ့ရဲ့ ဂုဏ်သတင်းကလည်း အပြည့်အဝ ကျော်ကြားသွားခဲ့လေပြီ။
***