နာမည်ကြီး မင်းသမီး တစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကို ဘယ်လိုလုပ် ငြင်းနိုင်မည်နည်း။
ချူ ရှိုးထုတ်ဘုရင်: “အိုကေလေ”
ဟိုင်ရှင်း: “ဒါဆို ငါ အိပ်တော့မယ်။ ဂွတ်နိုက်”
ချူ ရှိုးထုတ်ဘုရင်: “ဂွတ်နိုက်”
ချူဟောင်လည်း အသက်ပြင်းပြင်းရှူကာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ဒါက သူ့ရဲ့ တရားဝင် ဒိတ် ဖြစ်ပြီး ကောင်မလေးက အရင် စဖိတ်ခြင်းကြောင့် သူ အမှားလုပ်လို့ မဖြစ်ချေ။
သူ ဖုန်းပိတ်ပြီး မနက်ဖြန်ကို မျှော်လင့်နေရင်း မျက်လုံးမှိတ်ကာ အိပ်ဖို့ ပြင်လိုက်စဉ် ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရသည်။
“သောက်ကျိုးနည်း … ညသန်းခေါင်ကြီး ဘယ်သူ တံခါးလာခေါက်နေတာလဲ။ ငါ့ကို ပေးမအိပ်တော့ဘူးလား”
သူ တံခါးဖွင့်လိုက်ချိန် အခန်းအပြင်ဘက်တွင် သွယ်လျသည့် အလှလေး တစ်ယောက် ရပ်နေ၏။ ရှောင်ယာ မှလွဲပြီး မည်သူ ဖြစ်နိုင်ဦးမည်နည်း။
ချူဟောင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“အစ်မ ရှောင်ယာ၊ ညသန်းခေါင်ကြီး မအိပ်သေးဘူးလား … ဘာကိစ္စ ရှိလို့လဲ”
ရှောင်ယာ က အနည်းငယ် ရှက်ရွံ့စွာဖြင့်
“မနက်ဖြန် မင်း ဘာအစီအစဉ် ရှိလဲ … ငါနဲ့အတူ အပြင်လိုက်ခဲ့ပေးဖို့ အဆင်ပြေမလား”
“အစ်မ ရှောင်ယာ … ဆောရီးဗျာ … မနက်ဖြန် ကျွန်တော် အလုပ်လေး ရှိလို့”
နာမည်ကြီး မင်းသမီးနှင့် ဒိတ်လုပ်မည့် ကိစ္စကို အပျက်ခံလို့ မဖြစ်သည့်အတွက် ချူဟောင်က ရှောင်ယာ ကို ပြတ်ပြတ်သားသား ငြင်းလိုက်၏
ရှောင်ယာ သိသိသာသာ စိတ်ပျက်သွားပြီး
“အိုကေလေ၊ ဂွတ်နိုက် ပါ” ဟု ပြောလိုက်သည်။
ချူဟောင်က အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ညသန်းခေါင်ကြီး သူမ ဘာလို့ မပျော်မရွှင် ဖြစ်နေသနည်း … သူ မေးလိုက်ချင်သော်လည်း မမေးဖို့သာ ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့ မနက် ၇ နာရီတွင် ချူဟောင် ထလာသည်။ သူ တစ်ညလုံး အိပ်မပျော်ခဲ့ချေ။ နာမည်ကြီး မင်းသမီးနှင့် ဒိတ်လုပ်ရမှာဖြစ်သည့်အတွက် သူ သေချာလေး ပြင်ဆင်မှ ရလိမ့်မည်။
သူက ဆံပင်ကို အထာကျကျ သပ်တင်လိုက်ပြီး အိပ်ခန်းထဲက မှန်ရှေ့တွင် သူ့ခန္ဓာကိုယ်ကို ရှိုးထုတ်ရင်း ကိုယ့်ကိုယ်ကိုယ် သဘောကျနေတော့၏။
ချူဟောင်က သူ့ကိုယ်သူ အထင်ကြီးစွာ ရေရွတ်လိုက်သည်။
“ဒီလို ခန္ဓာကိုယ်မျိုးနဲ့ ရှိုးထုတ်လိုက်ရင် အလှလေးတွေ အကုန်လုံး ငါ့ရင်ခွင်ထဲ ရောက်လာမှာပဲ မဟုတ်လား”
ထိုအချိန်တွင် ဟိုင်ရှင်း က မက်ဆေ့ခ်ျတစ်စောင် ပို့လာတော့သည်။
“နိုးပြီလား”
‘အခုပဲကြည့်လေ … နာမည်ကြီး မင်းသမီး က ငါ့ထက်တောင် ပိုပြီး စိတ်လောနေသေးတယ်။ ဒါက အစ်ကိုဟောင် ရဲ့ ဆွဲဆောင်မှုပဲ မဟုတ်လား’
“နိုးနေတာ ကြာပြီ”
“ငါ လာကြိုမယ်လေ”
“မလိုပါဘူး၊ ငါပဲ လာခဲ့မယ်”
“လိပ်စာ ပို့ပေးလိုက်”
‘ဒီ နာမည်ကြီး မင်းသမီး က တကယ်ကို ဩဇာတိက္ကမ အပြည့်ပဲ။ ကုတင်သေးသေးလေးပေါ်မှာ ဆိုရင် အရမ်း သက်သောင့်သက်သာ ရှိမှာပဲ။ ဟား ဟား …’
ထို့နောက် သူ့လိပ်စာကို ပို့ပေးလိုက်ပြီး အောက်ထပ်ကို တက်ကြွစွာ ဆင်းလာကာ စောင့်နေလိုက်၏။ ဘေးအိမ်က အန်တီကြီးက သွားတိုက်ရင်း ဆောင့်ကြောင့်ထိုင်နေကာ
“ရှောင်ချူ … ဒီနေ့ ဘာလို့ ဒီလောက် စောစောစီးစီး ထလာတာလဲ” ဟု မေးလိုက်သည်။
ပြီးခဲ့တဲ့ အခေါက်က ချူဟောင်က မြို့ဖျက်သိမ်းရေး အဖွဲ့ ကို မောင်းထုတ်ပေးခဲ့သဖြင့် အနီးအနားက အိမ်နီးချင်းများက သူ့အပေါ် အမြင်တွေ အများကြီး ကောင်းသွားကြသည် မဟုတ်လား။ သူ ဝင်ထွက်သွားလာတိုင်း သူ့ကို နှုတ်ဆက်တတ်ကြသည်။
ချူဟောင်က ဂုဏ်ယူစွာဖြင့်
“ကျွန်တော့်မှာ အရမ်း အရေးကြီးတဲ့ ဒိတ် တစ်ခု ရှိလို့ပါ” ဟု ပြောလိုက်သည်။
အန်တီကြီးက ထပ်မေးလိုက်သည်။
“ဒိတ် ဆိုပါလား … ကောင်မလေး နဲ့လား၊ ကောင်လေး နဲ့လား”
ချူဟောင်၏ မျက်နှာက ချက်ချင်းမဲမှောင်သွားသည်။
‘ငါက ကောင်မလေးနဲ့ ဒိတ်မလုပ်ဘဲ ကောင်လေးနဲ့ ဒိတ်လုပ်ရမှာလား’
ချူဟောင်က နှာမှုတ်ပြီး ပြန်ဖြေလိုက်၏။
“သေချာပေါက် ကောင်မလေး နဲ့ပေါ့ … အန်တီကြီးက တွေးတာတွေ အရမ်း လွန်နေပြီ မဟုတ်ဘူးလား”
အန်တီကြီးက သက်ပြင်းချကာ ရေရွတ်လိုက်သည်။
“နှမြောစရာပဲ။ အန်တီက မင်းကို ငါ့သမီးနဲ့ မိတ်ဆက်ပေးမလို့ တွေးနေတာ”
ချူဟောင် ကျောရိုးထဲကနေ စိမ့်တက်သွားပြီး
“မလိုပါဘူး အန်တီကြီး၊ ကျွန်တော့်မှာ ရည်းစား ရှိပါတယ်” ဟု ပြောလိုက်သည်။
“မင်းက လူပျို ဆိုတာကို အန်တီ မကြားမိပါဘူး။ သူမက ငါ့သမီးလောက် လှလို့လား … မလှဘူးဆိုရင်တော့ ထားလိုက်တော့။ အခုခေတ်မှာ အရည်အချင်းက အလှအပလောက် မကောင်းပါဘူး”
“ငါ့ကောင်မလေးက တော်တော်လေး ကောင်းတာ” အန်တီကြီးက သူ့ကို မေးမြန်းနေပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
‘သောက်ကျိုးနည်း’
‘အန်တီ့ သမီးက Hulk လောက် ထွားကျိုင်းနေတာကို အန်တီက လှတယ်လို့ ပြောရဲသေးတယ်ပေါ့ … အဟမ်း … အန်တီ့ မျက်နှာကို ပိုးသတ်ဆေးနဲ့ တကယ် ဖြန်းပစ်ချင်တယ်’
ချူဟောင် ရွံရှာသွားပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။
“မလိုပါဘူး … ကျွန်တော့် ရည်းစားက အရမ်း လှပါတယ်”
“မင်းက ငယ်ပါသေးတယ်။ အခုခေတ်က လှတဲ့ မိန်းကလေးတွေက ကိုယ့်ဝမ်းစာတောင် ကိုယ် မရှာနိုင်ဘူး ဆိုတာကို မင်း မသိပါဘူး။ ငါ့သမီးက အလုပ်လုပ်နိုင်တယ်၊ လူနှစ်ယောက်စာ အလုပ်ကို လုပ်နိုင်တယ်၊ ပြီးတော့ သူက အစားလည်း မရွေးဘူး။ ကြေးမများဘူး”
အန်တီကြီးက သူ့သမီးအကြောင်းကို ဆက်ပြီး ကြော်ငြာဝင်နေတော့သည်။
ချူဟောင် ဒီအန်တီကြီးကို ဆက်ပြီး သည်းမခံနိုင်တော့ပေ။ ခုနလေးတင် သူမသမီးက လှတယ်လို့ ပြောပြီး အခုကျတော့ အလုပ်လုပ်နိုင်တဲ့ သူအဖြစ် မိတ်ဆက်နေပြန်ပြီ။
‘အန်တီ့ သမီးရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ဆိုရင် မြို့ဖျက်သိမ်းတဲ့ အချိန်မှာ သူသာ ထွက်လာရင် ကျွန်တော့်အတွက် ဘာလုပ်စရာ ကျန်တော့မှာလဲ’
ထိုအချိန်မှာပဲ လမ်းမပေါ်ကို ငွေရောင် ပြိုင်ကား တစ်စီး မောင်းဝင်လာသည်။ ယွမ် တစ်သန်းကျော်တန်တဲ့ ဇိမ်ခံကား ဆိုတာ သေချာ၏။
လမ်းပေါ်က အိမ်နီးချင်းတွေ အကုန်လုံး လှည့်ကြည့်ကြပြီး စပ်စုနေကြသည်။
ကားပြတင်းပေါက် ပွင့်သွားချိန်တွင် နေကာမျက်မှန် တပ်ထားသော နတ်သမီးအလား လှပသည့် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူမှာ ရီချင်းလျန် မှလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။
ရီချင်းလျန်: “စောင့်နေတာ ကြာပြီလား”
ချူဟောင်: “သိပ်မကြာသေးပါဘူး”
ရီချင်းလျန်: “ကားပေါ်တက်”
ပြောနေရင်းနဲ့ ချူဟောင်က အန်တီကြီးကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ဒါက ကျွန်တော့် ရည်းစားလေ။ အန်တီ့ သမီးကို တခြားသူတွေအတွက်ပဲ ချန်ထားလိုက်ပါ။ တာ့တာ”
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
‘တွေ့လား … ငါ့အနေအထားနဲ့ဆို ဘယ်နေရာဖြစ်ဖြစ် ရှိုးထုတ်လို့ရတယ်’
သောက်ရမ်း မိုက်တာပဲ …
အန်တီကြီး လုံးဝ မှင်တက်သွားသည်။ ကားထဲက ကောင်မလေးက မယုံနိုင်လောက်အောင် လှပလွန်း၏။
“အဲဒီ ကောင်မလေးကို အရမ်း ရင်းနှီးနေသလိုပဲ … နာမည်ကြီး မင်းသမီး တစ်ယောက်နဲ့ တူတယ်။ သူမ နာမည်က ဘာပါလိမ့်”
ဇိမ်ခံကားလေးက အမြန် မောင်းထွက်သွားပြီး အံ့သြမှင်တက်နေသည် အိမ်နီးချင်းတွေကို ချန်ရစ်ထားခဲ့၏။
ကားထဲမှာတော့ …
ရီချင်းလျန် က သူမကိုယ်သူမ ပြင်ဆင်ထား၏။ ဆံပင်တု စွပ်ထားပြီး နေကာမျက်မှန်လည်း တပ်ထားသည်။ သူမက လုံးဝ တခြား လူတစ်ယောက်လို ဖြစ်နေသော်လည်း သူမရဲ့ ဖြူဖွေးတဲ့ အသားအရေနှင့် အမိုက်စား ခန္ဓာကိုယ် အချိုးအစားကိုတော့ ဖုံးကွယ်ထားလို့ မရချေ။
သူမက ဤမျှအထိ ဝတ်စားဆင်ယင်လာသည်ကို မြင်တော့ ချူဟောင်က မလိုအပ်ဘူးဟု ခံစားရပြီး
“ဈေးမဝယ်ဘဲ ရုပ်ရှင်သွားကြည့်ရအောင်လေ” ဟု ပြောလိုက်သည်။
ရီချင်းလျန် က ခေါင်းယမ်းပြီး
“ဟင့်အင်း၊ ငါ ဈေးမဝယ်ရတာ အရမ်း ကြာနေပြီ” ဟု ပြန်ပြောလိုက်သည်။
ကုန်တိုက်ထဲ ဝင်သွားချိန်တွင် ရီချင်းလျန် အရမ်း ပျော်သွားပြီး သူမမှာ အသက်ရှင်ဖို့ ၂ နှစ်သာ ကျန်တော့သည်ကို မေ့သွားပုံရ၏။ သူမက ချူဟောင်ကို ဆိုင်တစ်ဆိုင်ထဲ ဆွဲခေါ်သွားပြီး ဈေးစဝယ်တော့လေသည်။
ထောင့်တစ်နေရာတွင်တော့ အနက်ရောင် ဝတ်စုံနှင့် အမျိုးသား တစ်ယောက်က တီးတိုးပြောနေသည်။
“နံပါတ်တစ်၊ သခင်မလေး ကုန်တိုက်ထဲ ဝင်သွားပြီ”
နံပါတ်တစ်: “အနီးကပ် လိုက်ထား။ အခြေအနေ တစ်ခုခု ရှိရင် ချက်ချင်း သတင်းပို့”
“ဟုတ်ကဲ့”
ရီချင်းလျန် ရောက်လာပြီးကတည်းက ဒီ အနက်ရောင် ဝတ်စုံနှင့် လူများက ကုန်တိုက်ကို ဝိုင်းထားပြီးသားပင်။ သူတို့က သခင်မလေး၏ လုံခြုံရေးကို အချိန်ပြည့် ကာကွယ်ပေးနေခြင်းဖြစ်သည်။
ရီချင်းလျန် က ဂါဝန်တစ်ထည် ဝတ်ကြည့်ပြီး ချူဟောင်ရှေ့ကို လျှောက်လာကာ
“လှလား” ဟု မေးလိုက်သည်။
ချူဟောင်က လက်မထောင်ပြကာ
“မင်းက ဘာဝတ်ဝတ် လှပါတယ်”
“ဒါပေါ့ …”
ရီချင်းလျန် က သူမရဲ့ ဂုဏ်ယူဝင့်ကြွားနေသည့် မျက်နှာလေးကို မော့ထားလိုက်သည်။
ရီချင်းလျန် နောက်တစ်ထည် သွားလဲချိန်တွင် ချူဟောင်လည်း သူ့အတွက်သူ တစ်ခုခု ဝယ်ဖို့ စဉ်းစားလိုက်သည်။ ထိုအချိန်မှာပဲ အမျိုးသမီး အရောင်းဝန်ထမ်း တစ်ယောက် လျှောက်လာပြီး ပြုံးလျက်
“လူကြီးမင်း၊ ခင်ဗျားရဲ့ ရည်းစားက အရမ်း လှတာပဲ၊ နာမည်ကြီး မင်းသမီး တစ်ယောက်လိုပဲ”
ချူဟောင် စိတ်ထဲကနေ “မကောင်းတော့ဘူး” လို့ တွေးလိုက်မိသည်။
‘သူမကို မှတ်မိသွားပြီလား’
“လူကြီးမင်း … ကတ်လေး လျှောက်ချင်လား။ ဒီနေ့ ကျွန်မတို့ဆီမှာ လျှော့ဈေး ရှိပါတယ်” ဟု အရောင်းဝန်ထမ်းမလေးက ပြောလိုက်သည်။
ချူဟောင်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
“မလိုပါဘူး။ ဒီနေ့ ငါ ပျော်နေတယ်။ လျှော့ဈေးပေးထားတဲ့ ပစ္စည်းတွေကို ငါ မကြိုက်ဘူး။ ဘယ်ဈေးပဲ ဖြစ်ဖြစ် အဲဒီဈေး အတိုင်းပဲ ပေးမယ်”
အရောင်းဝန်ထမ်းမလေး လန့်သွားသည်။ ဒီလိုလူမျိုးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ အမျိုးသမီးက အရမ်း ကျက်သရေရှိပုံ ပေါက်နေသော်လည်း အမျိုးသား၏ အဝတ်အစားနဲ့ အသွင်အပြင်က သူ ချမ်းသာတဲ့သူလို့ မထင်ရချေ။
သူမက စိတ်ထဲကနေ လှောင်ပြုံးပြုံးလိုက်ပြီး တွေးလိုက်မိသည်။
‘မန်ဘာကတ် မလိုချင်လည်း နေပေါ့။ ဘာလို့ ဒီလောက်တောင် ရှိုးထုတ်နေရတာလဲ’
အထင်သေးသည့် အကြည့်ဖြင်ကြည့်ကာ အရောင်းဝန်ထမ်းမလေး နောက်ဆုတ်သွားတော့သည်။
အရောင်းဝန်ထမ်း နှစ်: “သူ မန်ဘာကတ် လိုချင်လို့လား”
အရောင်းဝန်ထမ်း တစ် က နှာမှုတ်လိုက်ပြီး
“သူက ရှိုးထုတ်နေတဲ့ ဆင်းရဲသား တစ်ယောက်ပါ။ သူ့အဝတ်အစားတွေကို ကြည့်ပါဦး၊ သူ့မှာ ပိုက်ဆံ ဘယ်လောက်များ ရှိနိုင်မှာမို့လို့လဲ” ဟု ပြောလိုက်သည်။
အရောင်းဝန်ထမ်း နှစ် က ခေါင်းညိတ်ပြီး
“ငါလည်း အဲဒီလိုပဲ ထင်တယ်။ အဲဒီ အမျိုးသမီးက နာမည်ကြီး မင်းသမီး ရီချင်းလျန် နဲ့ အရမ်း တူတာပဲ။ သူ့ရဲ့ အဝတ်အစားတွေကြောင့်သာ မဟုတ်ရင် ငါက ရီချင်းလျန် လို့တောင် ထင်မိတော့မလို့”
အရောင်းဝန်ထမ်း တစ်: “အဲဒါ ဟုတ်လို့လား … သူက နာမည်ကြီး မင်းသမီး ရီချင်းလျန် နဲ့အတူ ဈေးဝယ်ထွက်နိုင်ပါ့မလား … ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”
ချူဟောင်၏ အကြားအာရုံက အင်မတန်ကောင်းလှသည်။ အမျိုးသမီး နှစ်ယောက်၏ တီးတိုး စကားသံတွေက သူ့ဆီကို ရောက်လာလေပြီ။
‘တကယ့် အမှိုက်တွေပဲ၊ လူတွေကို အဲဒီလို အထင်သေးနေတာ’ ဟု တွေးလိုက်မိသည်။
ထိုအချိန်မှာပဲ ရီချင်းလျန် ထွက်လာပြီး အရောင်းဝန်ထမ်းမလေးကို ပြောလိုက်သည်။
“ဒီဟာလေး ထုပ်ပေးပါ”
ပြောရင်းနဲ့ သူမက ဘဏ်ကတ်ကို ထုတ်ပေးလိုက်သည်။
အရောင်းဝန်ထမ်း တစ် က လှောင်ပြုံးပြုံးပြီး တီးတိုးဖြင့် ပြောလိုက်သည်။
“တွေ့လား … ပိုက်ဆံကို တခြားလူက ရှင်းတာလေ။ သူက ဟန်လုပ်နေတာ သက်သက်ပဲ”
အရောင်းဝန်ထမ်း နှစ်: “ဟုတ်တယ် မလား … မိန်းကလေးကိုတောင် ပိုက်ဆံ ရှင်းခိုင်းသေးတယ်။ သူလို လူမျိုးတွေကို ငါ အများကြီး မြင်ဖူးတယ်။ အမျိုးသမီးက ကျွေးမွေးထားတဲ့ ချူဆီလေးလေ။ ပိုင်းလုံးလေးပေါ့”
ချူဟောင်က ရီချင်းလျန် ၏ လက်ကို ဖမ်းဆွဲလိုက်ပြီး ထို အမျိုးသမီး နှစ်ယောက်ကို ခပ်တည်တည် မျက်နှာထားနှင့် စိုက်ကြည့်လိုက်သည်။
***