သူမရဲ့ လက်သေးသေးလေးကို ကြီးမားတဲ့ လက်ကြီး တစ်ဖက်က ရုတ်တရက် ဆုပ်ကိုင်လောက်ခြင်းကြောင့် ရီချင်းလျန် လန့်သွားသည်။ သူမရဲ့ မျက်နှာလေး ချက်ချင်း နီရဲသွားပြီး ချူဟောင်ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
ချူဟောင်က ဘဏ်ကတ်ကို ပြန်ယူလိုက်ပြီး အရောင်းဝန်ထမ်း နှစ်ယောက်ကို စိုက်ကြည့်ကာ
“မင်းတို့ နှစ်ယောက်၊ ပါးစပ်ကို ဆင်ခြင်နော်”
အမျိုးသမီး နှစ်ယောက်လုံး သိသိသာသာကို လန့်သွားကြသည်။ ချူဟောင်က သူတို့ ပြောသမျှကို အကုန် ကြားသွားတယ် ဆိုတာကို သူတို့ မသိခဲ့ကြဘူးလေ။
ရီချင်းလျန် က မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ချူဟောင်က လှောင်ပြုံးပြုံးရင်း
“လူတွေကို အထင်သေးတဲ့ ငနွားမ တစ်သိုက်လေ။ မင်းတို့ရဲ့ စကားတွေက လေလည်နေသလိုပဲ။ တဗျစ်ဗျစ်နဲ့ … ငါက မင်းတို့လို လူမျိုးတွေကို အမုန်းဆုံးပဲ”
အရောင်းဝန်ထမ်း တစ် က အလျှော့မပေးဘဲ အထင်သေးစွာဖြင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ယဉ်ယဉ်ကျေးကျေး ပြောပါ။ ရှင် မဝယ်ဘူးဆိုရင် ထွက်သွားလို့ ရပါတယ်။ ဘယ်သူမှ ရှင့်ကို မတားထားဘူး”
အရောင်းဝန်ထမ်း နှစ် က “ကျွန်မတို့က ရှင့်ကို ဘာပြောလို့လဲ …ရှင် စကားကို ကြည့်ပြောပါ”
ချူဟောင်က လှောင်ပြုံးပြုံးရင်း အရောင်းဝန်ထမ်း နှစ် ကို လက်ညှိုးထိုးကာ
“ခုနက ဘယ်သူက ငါ့ကို ချူဆီလေး … ပိုင်းလုံးလေးလို့ ခေါ်လိုက်တာလဲ။ ပြီးတော့ မင်း … ငါက ရှိုးထုတ်နေတယ်လို့ မင်း ပြောတယ် မလား။ ငါက မင်းတို့လို လူမျိုးတွေကို တကယ် ကြည့်မရတာ”
“မင်းတို့က ဘာမို့လို့လဲ … တစ်ယောက်ချင်းစီတိုင်းကလည်း ငွေရှိတဲ့ ယောက်ျားဆိုရင် ချိုချင်တဲ့ ယောက်ချိုတွေချည်းပဲ။ မင်းတို့ကိုယ်မင်းတို့ မြင့်မြတ်တယ်လို့ တကယ် ထင်နေတာလား”
အမျိုးသမီး နှစ်ယောက်လုံး အံ့သြသွားသလို ဒေါသလည်း ထွက်သွားကြသည်။
ထိုအချိန်တွင် လူလတ်ပိုင်း အရောင်းမန်နေဂျာ အမျိုးသမီး တစ်ဦး လျှောက်လာပြီး မေးလိုက်သည်။
“နံပါတ်တစ်၊ နံပါတ်နှစ်၊ ဘာဖြစ်နေတာလဲ”
အရောင်းဝန်ထမ်း တစ် က ပြန်ဖြေလိုက်သည်။
“မန်နေဂျာ၊ သူက ကျွန်မတို့ကို ဆဲနေတာ”
ချူဟောင်က ရွံရှာစွာဖြင့်
“မင်းတို့ကို ဆဲတာက ပေါ့သေးတယ်။ မင်းတို့က လူတွေကို အထင်သေးတဲ့ ငနွားမတွေပဲ။ အခု ငါ ဘာမှ မဝယ်တော့ဘူး”
“ရှင် မဝယ်ရင်လည်း နေပေါ့။ ရှင့်မှာ ပိုက်ဆံ မရှိဘူး မဟုတ်လား”
အရောင်းဝန်ထမ်း တစ် က နှာမှုတ်ကာ ပြောလိုက်သည်။
ရီချင်းလျန် ခဏလောက် မှင်တက်သွားပြီးနောက် ဘာတွေ ဖြစ်နေလဲ ဆိုတာကို အမြန် နားလည်သွားသည်။ သူမက အေးစက်စွာဖြင့်
“မန်နေဂျာ၊ ကျေးဇူးပြုပြီး ဝန်ထမ်းတွေရဲ့ အကျင့်စရိုက်ကို သေချာ ထိန်းသိမ်းပါ”
မန်နေဂျာ ခေါင်းကိုက်သွားသည်။ အရောင်းဝန်ထမ်း တစ် က ဘော့စ် ၏ ဆွေမျိုးဟု ကောလာဟလ ထွက်နေပြီး ပုံမှန်ဆိုရင် ပြဿနာရှာတတ်သူဖြစ်သည်။
သူမက အလျင်အမြန်ပင် ပြောလိုက်၏။
“ကျွန်မတို့ ကိုင်တွယ်လိုက်ပါ့မယ် … ရှင်တို့ နှစ်ယောက်လုံးကိုလည်း တောင်းပန်ပါတယ်”
အရောင်းဝန်ထမ်း တစ် က အလျှော့မပေးဘဲ ပြောလိုက်သည်။
“တောသား … ရှင့်မှာ ပိုက်ဆံ မရှိရင် ဒီလို နေရာမျိုးကို မလာနဲ့။ ပြီးတော့ မိန်းကလေးကိုတောင် ပိုက်ဆံ ရှင်းခိုင်းသေးတယ်။ ရှင့်ကို ပိုင်းလုံးလေးလို့ ခေါ်တာက ယဉ်ယဉ်ကျေးကျေး ခေါ်တာပါ။ ရှင်က ဘယ်လို လူမျိုးလဲ”
ချူဟောင်၏ အကြည့်များ အေးစက်သွားသည်။
သူက တိုက်ရိုက် လျှောက်သွားပြီး အရောင်းဝန်ထမ်း တစ် ကို ခေါင်းအစ ခြေအဆုံး သေချာ အကဲခတ်ကာ အေးစက်စွာဖြင့်
“မင်းကိုယ်မင်း အရမ်း မိုက်တယ်လို့ တကယ် ထင်နေတာလား … ဘာလို့ အဲဒီလောက် ဖြူစင်သယောင် ဟန်ဆောင်နေရတာလဲ။ ကျွတ် ကျွတ်… မင်းဆီမှာ 'ကံဆိုးမိုးမှောင်ကျမယ့် ကံကြမ္မာ' ရှိနေတာပဲ”
“မင်းမှာ ရောဂါ ရှိနေတယ် မလား … မင်းမှာ ရောဂါ ရှိနေတာကို ဒီက ဘော့စ် သာ သိရင် မင်းကို သတ်ပစ်မလားပဲ”
အရောင်းဝန်ထမ်း တစ် လန့်သွားပြီး အနည်းငယ် ပြာယာခတ်ကာ မေးလိုက်သည်။
“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ”
ချူဟောင်က သူ့လက်ချောင်းများဖြင့် အမြန် တွက်ချက်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
“မင်းက ကံဆိုးစေသူ ပဲ။ အမှန်အတိုင်း ပြောရရင်၊ မင်းက နောက်ထပ် ၃ နှစ်ထက် ပိုမနေရတော့ဘူး”
အရောင်းဝန်ထမ်း တစ် က အံ့သြဒေါသထွက်သွားသလို သူ့စကားတွေကြောင့်လည်း လန့်သွားသည်။ သူမ အေကိုက်နေသည်ကို ချူဟောင် သိသွားခြင်းလား … ။
ချူဟောင်က သူမရဲ့ မျက်နှာထားကို စိုက်ကြည့်ပြီး လှောင်ပြုံးပြုံးကာ မေးလိုက်သည်။
“ငါတွက်တာ မမှားဘူးဆိုရင် အဲဒါ AIDS မလား။ ဟီးဟီး … လူ့အဖွဲ့အစည်းကို လက်စားချေဖို့ ကြိုးစားနေတာလား”
အခြားသူများ အားလုံး လန့်သွားပြီး အရောင်းဝန်ထမ်း တစ် ကို ကြည့်လိုက်ကြသည်။ ပုံမှန်အားဖြင့် တစ်ယောက်ယောက်က AIDS ရှိသည်ဟု စွပ်စွဲလာပါက ဒေါသတကြီး ပေါက်ကွဲသွားလောက်သော်လည်း အရောင်းဝန်ထမ်း တစ် က အရမ်းကို ပြာယာခတ်နေ၏။
ချူဟောင်က အခြားသူများကို ပြောလိုက်သည်။
“သူနဲ့ ဝေးဝေးနေကြ။ ဒီတာအိုဆရာကြီး က သတိမပေးဘူးလို့ မပြောနဲ့နော်။ ရောဂါရှိနေတာက အပြစ်မဟုတ်ဘူး။ ဒါပေမဲ့ သူ့ကြည့်ရတာ လူ့အဖွဲ့အစည်းကို လက်စားချေဖို့ ကြံစည်နေတာ ဖြစ်ရမယ်”
“မင်းနဲ့အတူ နောက်ထပ် လူနည်းနည်းလောက်ကို ရောဂါဖြန့်ပြီး အဖော်လုပ်ဖို့ ကြိုးစားနေတာလား … ဟမ်”
[ဒင် … ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
အရောင်းဝန်ထမ်း တစ် လုံးဝ ပြာယာခတ်သွားတော့သည်။
အခြားသူများလည်း ထိတ်လန့်သွားကြပြီး အလိုအလျောက် ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားကြသည်။
သူမက တုန်ယင်စွာဖြင့် ချူဟောင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ရှင်… ရှင် ဘာတွေ လျှောက်ပြောနေတာလဲ”
“ငါ လျှောက်ပြောနေလား မပြောဘူးလား ဆိုတာ မင်း အသိဆုံးပါ။ သွားကြစို့”
ချူဟောင်က ရီချင်းလျန် ကို ခေါ်ပြီး လှည့်ထွက်ဖို့ ပြင်လိုက်သည်။
အရောင်းဝန်ထမ်း တစ် ၏ မျက်လုံးထဲတွင် ရက်စက်သည့်အကြည့်တစ်ခု လင်းလက်သွားကာ သူမရဲ့ လက်ထဲတွင် ဆေးထိုးအပ် သေးသေးလေး တစ်ခု ပေါ်လာတောာ့သည်။ အဆိုပါအပ်တွင် သွေးများ စွန်းထင်းနေကာ ချူဟောင်ကို ထိုးဖို့ သူမက ခုန်ဝင်လာသည်။
ရီချင်းလျန် က အဲဒါကို မြင်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော် ချူဟောင်က ရုတ်တရက် လှည့်လာပြီး အမိုက်စား ကန်ချက်ဖြင့် သူမကို ကန်ထုတ်လိုက်ရာ လွင့်ထွက်သွားတော့သည်။
ထို မြင်ကွင်းကြောင့် အားလုံး မှင်တက်သွားကြသည်။
“ရဲခေါ်လိုက် … ရဲကို မြန်မြန် ဖုန်းဆက်”
အရောင်းမန်နေဂျာ အမျိုးသမီးက အော်ဟစ်လိုက်သည်။
သိပ်မကြာခင်မှာပဲ ရဲတွေ ရောက်လာကြပြီး အရောင်းဝန်ထမ်း တစ် ၏ ဆေးမှတ်တမ်းတွေကို သူတို့ ရှာတွေ့သွားကြသည်။ ထိုအမျိုးသမီးမှာ တကယ်ပဲ AIDS ရှိနေပြီး လူ ၇ ယောက်ကိုတောင် ကူးစက်စေခဲ့ပြီ၊ အဲဒီအထဲက တစ်ယောက်က ဒီက ဘော့စ် ဖြစ်နေ၏။
ဆိုင်ထဲက လူတိုင်း ထိတ်လန့်သွားကြသည်။
ရီချင်းလျန် လည်း သူမရဲ့ ပါးစပ်လေးကို အုပ်ကာ ချူဟောင်ကို မယုံနိုင်စွာဖြင့် ကြည့်နေတော့သည်။
‘သူ ဘယ်လိုလုပ် သိနေတာလဲ’
“နင် ဘယ်လိုလုပ် သိတာလဲ” ရီချင်းလျန် က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
ချူဟောင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးလျက်
“ငါ ဘာအလုပ်လုပ်လဲ ဆိုတာ နင် မေ့သွားပြီလား … သရဲဖမ်းတာ အပြင် ငါက ဗေဒင်လည်း ဟောတယ်။ သူမရဲ့ မျက်နှာကို ကြည့်လိုက်တာနဲ့ ဒီအမျိုးသမီးက အထီးကျန်ကြယ်အဖြစ် ကံကြမ္မာ ပါလာတယ်။ နိမိတ်မကောင်းတဲ့ အသွင်အပြင် ရှိပြီး သေရင် သေချာပေါက် ငရဲကို သွားရမယ့်သူ ဆိုတာ ငါ သိတယ်လေ” ဟု ပြောလိုက်သည်။
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
ရီချင်းလျန် အံ့သြသွားသည်။ ဒီလို ဗေဒင်ဟောတာမျိုး ပထမဆုံးအကြိမ် မြင်ဖူးတာမို့ သူမက
“ဒါဆို လူတွေ ဘာလုပ်ခဲ့လဲ ဆိုတာကို နင် မသိဘူးပေါ့?” ဟု မေးလိုက်သည်။
ချူဟောင် ခေါင်းယမ်းပြီး
“အဲဒီလောက်ကြီးတော့ အပိုမလုပ်ပါနဲ့။ ဒါက နတ်ဘုရားတွေရဲ့ ကံကြမ္မာ တွက်ချက်ခြင်း ပညာရပ်လေ … ငါက အကြမ်းဖျင်း အခြေအနေတွေကိုပဲ သိတာပါ။ တချို့လူတွေကိုတော့ တွက်လို့ မရဘူး၊ နင့်လိုမျိုးပေါ့” ဟု ပြောလိုက်သည်။
ရီချင်းလျန် က ချူဟောင်ကို သူမအတွက် ဗေဒင်တွက်ပေးဖို့ တောင်းရန်ကြံစည်လိုက်သော်လည်း သူ ပြောတာကို ကြားလိုက်ရချိန်တွင် သူမ အနည်းငယ် စိတ်ပျက်သွား၏။
ရုတ်တရက် ရဲတွေက လက်ထိပ်ခတ်ထားသည့် ထိုအမျိုးသမီးက ရက်စက်ကြမ်းကြုတ်လာကာ ချူဟောင်ကို မျက်စောင်းထိုးပြီး …
“ငါ သရဲဖြစ်သွားရင်တောင် နင့်ကို အလွတ်မပေးဘူး” ဟု ဟိန်းဟောက်လိုက်သည်။
ထိုသို့ပြောပြီးနောက် သူမက ရဲအရာရှိဆီကနေ ရုန်းထွက်ကာ အထပ်မြင့် မှန်ပလက်ဖောင်း ပေါ်ကနေ ခုန်ချသွားတော့သည်။
အမျိုးသမီးက အပိုင်းပိုင်း အစစ ကွဲကြေသွားပြီး သနားစရာကောင်းလောက်အောင် သေဆုံးသွားတော့သည်။
ရီချင်းလျန် ၏ မျက်နှာ ဖြူဖျော့သွားပြီး အနည်းငယ် ပျို့အန်ချင်လာတော့သည်။
ချူဟောင်က လျှောက်သွားပြီး ပြုတ်ကျသေဆုံးသွားသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ မကောင်းဆိုးဝါး ယင်စွမ်းအင် လှိုင်းလုံးကြီး တစ်ခုက တဖြည်းဖြည်း ဖြစ်ပေါ်လာနေ၏။
‘သူမရဲ့ ဝိညာဉ်က ပြောင်းလဲနေတာလား … ဒါက လက်စားချေ သရဲ တစ်ကောင် ဖြစ်လာမယ့် လက္ခဏာပဲ’
ချူဟောင် လန့်သွားသည်။ လက်စားချေ သရဲ တစ်ကောင် ဖြစ်ပေါ်လာတာကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ထိုသရဲက ချူဟောင်ကို ရက်စက်သည့် မျက်နှာထားနှင့် တစ်ချက် ကြည့်ပြီး အပြင်ကို ပျံသန်းသွားတော့သည်။
ချူဟောင်က ဆာဒါကို ကို လွှတ်ပေးလိုက်ပြီး “လိုက်စမ်း” ဟု အမိန့်ပေးလိုက်သည်။
သို့သော် အမျိုးသမီးက အဆောက်အဦးထဲက ထွက်သွားပြီးနောက် လူအုပ်ထဲ ပျောက်ကွယ်သွားတော့သည်။
“သောက်ကျိုးနည်း”
ချူဟောင် စိတ်ပျက်သွားသည်။ သို့သော် ရီချင်းလျန် က အတော်လေး ကြောက်နေသည့်အတွက် ချူဟောင်က သူမကို ချက်ချင်း ခေါ်ထုတ်သွားတော့သည်။
ဒီဒိတ် က သူတို့ နှစ်ယောက်လုံးကို အရမ်း စိတ်ပျက်သွားစေပြီး သူတို့က သေချာပေါက် ဆက်ပြီး မဒိတ်နိုင်တော့ပေ။
ချူဟောင်က သူမအတွက် အန္တရာယ်ကင်း ကျောက်စိမ်းလေး တစ်ခုကို ထုတ်ပေးပြီး
“ဒါလေးကို ဝတ်ထား။ အဲဒီ အမျိုးသမီးက လက်စားချေ သရဲ ဖြစ်သွားပြီ။ သူမက ငါ့အစွမ်းကို သိပြီး နင့်နောက်ကို လိုက်လာမှာ စိုးလို့ပါ” ဟု ပြောလိုက်သည်။
ရီချင်းလျန် မှာ ကြောက်လန့်လွန်း၍ တုန်ယင်သွားပြီး အားနည်းသည့် လေသံဖြင့် မေးလိုက်သည်။
“ချူဟောင် … အရာအားလုံး အဆင်ပြေပါ့မလား”
ချူဟောင်က ခေါင်းယမ်းပြီး ယုံကြည်ချက် အပြည့်ဖြင့်
“ဘာမှ မဖြစ်ပါဘူး။ အဲဒါက လက်စားချေ သရဲလေး တစ်ကောင်ပါ။ ငါက နှစ်တစ်ထောင် သက်တမ်းရှိတဲ့ မိုးခေါင်မိစ္ဆာ ကိုတောင် ရှင်းခဲ့ဖူးတာပဲ။ ငါနဲ့ မတိုးစေနဲ့၊ မိနစ်ပိုင်းအတွင်း သူ့ကို အပြတ်ရှင်းပစ်မယ်”
သူက နှစ်သိမ့်ပေးလိုက်သော်လည်း ရီချင်းလျန် က တော်တော်လေး ကြောက်နေမှန်း သိသာလှသည်။
ချူဟောင်က ထိုမိန်းမကို စိတ်ထဲကနေ ကြိတ်ဆဲလိုက်တယ်။
‘ငါ မင်းကို ဖမ်းမိရင်၊ မင်း မှတ်လောက်သားလောက် ဖြစ်သွားစေရမယ်’
ထိုအချိန်တွင် အရင်က သူ ဖမ်းထားခဲ့သည့် ဝတ်ရုံနီ သရဲမ ကို သတိရသွားကာ ဒီည သူမကို သေချာ ကိုင်တွယ်ဖြေရှင်းရမည်ဟု ဆုံးဖြတ်လိုက်၏။
ရီချင်းလျန် ကို ပြန်ပို့ပေးပြီးနောက် ချူဟောင် ထွက်သွားဖို့ ပြင်လိုက်ချိန်တွင်
“ချူဟောင် … မ… မပြန်ပါနဲ့လား။ ငါ ကြောက်လို့ပါ”
ချူဟောင် လန့်သွားပြီးနောက် အနည်းငယ် ရယ်မောကာ
“အိုကေလေ”
ရီချင်းလျန် ၏ မျက်နှာ ရဲသွားပြီး သူမက
“နင် ဘာတွေ တွေးနေတာလဲ … ငါ ကြောက်လို့ ငါ့အနားမှာ နေပေးပါလို့ ပြောတာပါ” ဟု ပြောလိုက်သည်။
ချူဟောင် စဉ်းစားလိုက်၏။ လက်စားချေ သရဲ က ဒီည လာလောက်သည်။ ဒါက သူမကို ရှင်းပစ်ဖို့ အခွင့်အရေးကောင်းပင်။
“နင် ဗိုက်ဆာနေပြီလား … ငါ ညစာ သွားချက်လိုက်မယ်”
ချူဟောင် အံ့သြသွားပြီး “နင် ဟင်းချက်တတ်တယ်လား” ဟု မေးလိုက်သည်။
***