မဟာလော့နိုင်ငံတော်၏ နန်းတော်အတွင်း၌….
မဟာလော့ဧကရာဇ်သည်လည်း ဤသတင်းကို ကြားသိပြီးဖြစ်ရာ သူ၏မျက်နှာမှာ အလွန်ပင် ကြည့်ရ ဆိုးနေတော့သည်။ သူသည် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် နေရာအနှံ့ စစ်ပွဲများ လိုက်လံတိုက်ခိုက်ခဲ့ရသော်လည်း ယနေ့ထက်ထိ ထိုပြဿနာမှာ ပြေလည်မသွားသည့်အပြင် တိုင်းပြည်မှာလည်း ပရမ်းပတာ ဖြစ်နေခဲ့ပြီဖြစ်သည်။
သို့သော် ထိုကောင် (လင်းပိုင်ဖန်) မှာမူ ဘာမှမလုပ်ဘဲနှင့်ပင် သူ၏ရိက္ခာများမှာ နှစ်စဥ်နှင့်အမျှ တိုးပွားနေခဲ့သည်။ ၎င်းအပြင် စစ်အင်အား တောင့်တင်းစေရန် စစ်သည်များ စုဆောင်းခြင်း၊ မြင်းများ ဝယ်ယူခြင်းတို့ကို အသည်းအသန် လုပ်ဆောင်ခဲ့ပြီးနောက် ခက်ခဲစွာဖြင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂၀ ဦးကို စုစည်းနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်လက တိုက်ပွဲတွင် ၁၀ ဦးခန့် ဆုံးရှုံးခဲ့ရသဖြင့် နိုင်ငံတော်အင်အားမှာ ချည့်နဲ့သွားခဲ့ရကာ တာအိုဂိုဏ်းကိုပင် အားကိုးနေရတော့သည်။
ထိုကောင်မှာမူ ဘာမှမလုပ်ဘဲနှင့်ပင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အရေအတွက်မှာ တရိပ်ရိပ် တိုးလာနေသည့်အပြင် ယခုအခါ ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ပင် ထပ်တိုးလာခဲ့ပြန်ပြီ ဖြစ်သည်။ တကယ်ကို နားမလည်နိုင်တော့ချေ... ထိုကောင်သည် ဘာကြောင့် ဤမျှအထိ ကံကောင်းနေရသနည်း။
မဟာလော့ဧကရာဇ်မှာ တွေးလေလေ စိတ်မသက်မသာ ဖြစ်လေလေဖြစ်ရာ နှစ်ရက်တိုင်တိုင် ထမင်းပင် မစားနိုင်တော့ချေ။ မဟာလော့ဧကရာဇ် မည်သို့ပင် တွေးနေပါစေ၊ လင်းပိုင်ဖန်ကမူ လက်ရှိတွင် အလွန်ပင် ပျော်ရွှင်နေလေသည်။ သူသည် မဟာရှတွင် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦး တိုးလာခြင်းအတွက် ခမ်းနားသော ဂုဏ်ပြုစားပွဲကို ကျင်းပခဲ့ပြီး အမတ်ပေါင်းစုံကို ဖိတ်ကြားခဲ့သည်။
ထိုစားပွဲ၌ လှံနတ်ဘုရားမှာ အဓိက ဧည့်သည်တော်ဖြစ်ရာ အရက်အိုးများစွာတို့ဖြင့် ဧည့်ခံခြင်း ခံခဲ့ရပြီးနောက် အတော်ပင် မူးယစ်သွားခဲ့သည်။ သို့သော် သူသည်လည်း အမှန်ပင် ပျော်ရွှင်နေခဲ့သည် ၊ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် သူ၏ ဆန္ဒမှာ အကောင်အထည် ပေါ်လာခဲ့ပြီ မဟုတ်ပါလား။
ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် သူ၏ တပည့်များမှာလည်း အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့၏ဆရာ လှံနတ်ဘုရားမှာ ယခင်ကထက် ပိုမိုတက်ကြွ လန်းဆန်းနေသည်ကို မြင်လိုက်ရသောအခါ သူတို့အတွက် အိမ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
သုံးလပင် မပြည့်သေးသော အချိန်အတွင်း၌ သူတို့၏ဆရာမှာ အသက်ဘေးနှင့် ရင်ဆိုင်ရမည့် ကျင့်ကြံခြင်းမှတစ်ဆင့် သိုင်းလောကတွင် ရှားပါးလှသော ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးအဖြစ်သို့ ခုန်ကူးသွားနိုင်ခဲ့သည်။ ပြောင်းလဲမှုက တကယ့်ကို ကြီးမားလှပေသည်။
သို့သော် ဤပြောင်းလဲမှုမှာ ကောင်းသော ပြောင်းလဲမှုပင် ဖြစ်ပေသည်။ ရှေးစကားပုံအရ တစ်ယောက်သောသူ တရားထူးရလျှင် သူ၏ အိမ်မွေးတိရစ္ဆာန်များပင် နတ်ပြည်တက်ရသည် ဟူသကဲ့သို့ ယခုအခါ သူတို့သည်လည်း ကောင်းကင်အဆင့် သိုင်းပညာရှင်၏ တပည့်များအဖြစ် သတ်မှတ်ခံရပြီဖြစ်ရာ ပြင်ပသို့ ထွက်သည့်အခါတွင် ခေါင်းကို မော့၊ ရင်ကို ကော့နိုင်ကြပြီဖြစ်သည်။
“ဆရာ... ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်” ဟု တပည့်များက တညီတညွတ်တည်း ဂုဏ်ပြုလိုက်ကြသည်။
လှံနတ်ဘုရားမှာ အားရပါးရ ရယ်မောလိုက်ပြီး “ငါ့တပည့်တို့... အားနာနေဖို့ မလိုပါဘူး။ အခု ဆရာ အောင်မြင်သွားပြီဆိုတော့ လှံသိုင်းပညာအပေါ်မှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ပြီ။ ရှေ့လာမယ့် ရက်အနည်းငယ်အတွင်း ဆရာ့ဆီမှာ ခေတ္တနေကြ၊ ဆရာ မင်းတို့ရဲ့ သိုင်းပညာရပ်တွေကို သေချာ လမ်းညွှန်ပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာ” ဟု တပည့်များက ဝမ်းသာအားရ ပြောလိုက်ကြသည်။
“ဒါပေမဲ့ ဆရာ လမ်းညွှန်မပေးခင်မှာ ဆရာ့ရဲ့ဆရာ၊ မင်းတို့ရဲ့ ‘ဆရာကြီး’ နဲ့ အရင်ဆုံး သွားရောက် တွေ့ဆုံကြရအောင်”
တပည့်များမှာ ကြောင်အသွားကြပြီး “ဆရာ့ရဲ့ဆရာ၊ ‘ဆရာကြီး’ ဟုတ်လား”
အကြောင်းစုံကို ရှင်းပြပြီးနောက် လှံနတ်ဘုရားသည် သူ၏တပည့်တစ်စုကို ခေါ်ဆောင်ကာ လင်းပိုင်ဖန်နှင့် တွေ့ဆုံရန် နန်းတော်အတွင်းသို့ ဝင်လာခဲ့သည်။ ထိုအုပ်စုထဲတွင် လင်းပိုင်ဖန်သည် ကိုးယောက်မြောက်မင်းသား လီထျန်းချုံးကို တစ်ဖန် ပြန်လည် မြင်တွေ့လိုက်ရရာ လီထျန်းချုံး၏ မျက်နှာမှာ ဝမ်းချုပ်နေသူတစ်ဦးကဲ့သို့ ရှုံ့မဲ့နေတော့သည်။
“ငါ့ရဲ့ တပည့်မြေးတို့... ထကြပါ”
လင်းပိုင်ဖန်က ကြင်နာစွာ ပြောလိုက်ပြီး “မင်းတို့အားလုံး ငါ့ကို လာတွေ့ကြတဲ့အတွက် သိပ်ကို ဝမ်းသာမိတယ်။ ဒါကတော့ မင်းတို့အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်တွေပဲ”
သူ စကားပြောပြီးသည်နှင့် မိန်းမစိုးများက ရွှေ၊ ဆေးလုံးများနှင့် ကောင်းမွန်သော လက်နက်များ ပါဝင်သည့် လက်ဆောင်ဗန်းများကို ချက်ချင်း သယ်ဆောင်လာကြသည်။
လှံနတ်ဘုရားက တုံ့ဆိုင်းစွာဖြင့် “ဆရာ... ဒီလက်ဆောင်တွေက တန်ဖိုးကြီးလွန်းပါတယ်”
လင်းပိုင်ဖန်က လက်ဝှေ့ယမ်းလိုက်ပြီး “အကြီးအကဲကပေးတဲ့ လက်ဆောင်ကို ငြင်းပယ်ဖို့ မသင့်ဘူး၊ ယူထားလိုက်ပါ”
“ကျေးဇူးတင်ပါတယ် ဆရာကြီး” ဟု တပည့်များက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ ဤဆရာကြီးမှာ အလွန်ငယ်ရွယ်သော်လည်း တကယ့်ကို ရက်ရောလှပေသည်။
ထို့နောက် လူအများအပြားက ပြောင်လက်ကာ တောက်ပနေသော ငွေရောင်လှံတစ်စင်းကို အားစိုက်၍ သယ်ဆောင်လာကြသည်။ လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး “ကောင်းကင်အဆင့် တစ်ယောက်ဖြစ်ပြီးမှ ကိုယ်ပိုင်လက်နက်ကောင်း မရှိလို့ ဘယ်ဖြစ်မလဲ။ ငါ့တပည့်... ဒါကတော့ မင်းအတွက် ဆရာကြီး အိုးယဲ့ဇီကို ထုလုပ်ခိုင်းထားတဲ့ ‘လေနတ်ဘုရားလှံ’ဆိုတဲ့ နတ်ဘုရားလက်နက်ပဲ”
လှံနတ်ဘုရားက ၎င်းကို ကောက်ကိုင်လိုက်ပြီး လှည့်ပတ်ကစားလိုက်ရာ နန်းတော်အတွင်း၌ လှံရိပ်များဖြင့် ပြည့်နှက်သွားသဖြင့် တကယ့်ကို အံ့မခန်း ဖြစ်နေတော့သည်။ သူသည် စိတ်ကို မထိန်းနိုင်ဘဲ “တကယ့်ကို ထူးခြားတဲ့ လှံပဲ” ဟု အော်ဟစ်လိုက်မိသည်။
လင်းပိုင်ဖန်က ပြုံးလျက် “ဒီနတ်ဘုရားလှံက ပိဿာ ၉၀၀ လေးတယ်။ ဖျက်ဆီးလို့မရရုံတင်မကဘဲ ဝှေ့ယမ်းလိုက်ရင် ကောင်းကင်နဲ့ မြေပြင်ရဲ့ လေထုကိုပါ စုစည်းပြီး ရန်သူကို သုတ်သင်နိုင်စွမ်း ရှိတယ်။ အစွမ်းက တကယ့်ကို အံ့သြဖို့ ကောင်းလှတယ်။ ဒီလှံနဲ့ဆိုရင် မင်းဟာ ကောင်းကင်အဆင့် သိုင်းပညာရှင် ထိပ်သီး ၃၀ ထဲမှာ ဘယ်သူ့ကိုမဆို ယှဥ်ပြိုင်နိုင်လိမ့်မယ်”
လှံနတ်ဘုရားသည် ထိုလှံကို အလွန်နှစ်သက်သွားပြီး “လှံကို ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ” ဟု ဝမ်းသာအားရ ပြောလိုက်သည်။
“ဒီနေ့ ငါ စိတ်ကြည်လင်နေတာကြောင့် ဒီညမှာ နောက်ထပ် တစ်ကြိမ် အောင်ပွဲခံ စားပွဲကျင်းပကြရအောင်”
ဤသို့ဖြင့် အရှင်သခင်နှင့် အမတ်များမှာ နောက်ထပ်တစ်ကြိမ် အတူတကွ ပျော်ရွှင်ခဲ့ကြပြန်လေသည်။
စားပွဲ၌ ဝန်ကြီးချုပ် ရှောင်ကော်လျှန်က ခွက်ကိုမြှောက်ကာ ဂုဏ်ပြုလိုက်ပြီး “အရှင်မင်းကြီး... အခုဆိုရင် ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံတော်ဟာ ကြွယ်ဝချမ်းသာပြီး အင်အားတောင့်တင်းနေပါပြီ၊ လေးပင်လယ်မှာလည်း အေးချမ်းသာယာနေပါတယ်။ အခု နောက်ထပ် ကောင်းကင်အဆင့် တစ်ယောက်လည်း ထပ်တိုးလာပြီဆိုတော့ ကျွန်တော်မျိုးတို့ ‘အင်ပါယာ’ အဖြစ် တည်ထောင်နိုင်ပါပြီ”
ထိုစကားကို ပြောလိုက်သည်နှင့် စစ်ဘက်နှင့် အရပ်ဘက် အမတ်များအားလုံးမှာ မျှော်လင့်ချက်အပြည့်ဖြင့် လင်းပိုင်ဖန်ကို ကြည့်လိုက်ကြသည်။ မဟာရှကသာ အင်ပါယာအဆင့်သို့ တိုးမြှင့်ခံရလျှင် အမတ်ဟောင်းများမှာလည်း ဂုဏ်သိက္ခာ တိုးလာမည်ဖြစ်ရာ ဘိုးဘွားများအတွက်ပါ ဂုဏ်ယူစရာ ဖြစ်ပေလိမ့်မည်။
လင်းပိုင်ဖန်မှာလည်း ခေါင်းညိတ်လိုက်သည်။ ခြုံငုံကြည့်လျှင် မဟာရှ၏ နိုင်ငံတော်အင်အားမှာ အင်ပါယာအဆင့် စံနှုန်းများကို ပြည့်မီနေသည်မှာ ကြာပြီဖြစ်သော်လည်း လိုအပ်ချက် တစ်ခုတော့ ကျန်ရှိနေသေးသည်။
“ဝန်ကြီး ချောင်... စစ်သည်စုဆောင်းမှုက ဘယ်လိုအခြေအနေ ရှိသလဲ” ဟု မေးလိုက်သည်။
ချောင်ချောင်မှာ လင်းပိုင်ဖန်က ဘာကြောင့် ဤအချိန်တွင် မေးရသနည်းဟု အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း “အရှင်မင်းကြီး... စစ်သည်စုဆောင်းမှုက အဆင်ပြေချောမွေ့နေပါတယ်၊ အခုဆိုရင် ၁.၅ သန်းအထိ စုဆောင်းပြီးပါပြီ၊ ၅ သိန်းပဲ ကျန်ပါတော့တယ်။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်၊ စိတ်ချတော်မူပါ” ဟု လေးလေးနက်နက် ဖြေကြားလိုက်သည်။
“အရှိန်မြှင့်လုပ်ဆောင်ပါ... ဒီလကုန်မှာ အပြီးသတ်နိုင်အောင် လုပ်ရမယ်” ဟု လင်းပိုင်ဖန်က ညွှန်ကြားလိုက်သည်။
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ဟု ချောင်ချောင်က နာခံလိုက်သည်။ ယခင်က သူသည် အရည်အချင်းရှိသူများကိုသာ ရွေးချယ်ရန်အတွက် ဖြည်းဖြည်းချင်း လုပ်ဆောင်နေခဲ့သော်လည်း ယခုအခါ ဧကရာဇ်က တောင်းဆိုလာသဖြင့် အရှိန်မြှင့်ရတော့မည်ဖြစ်သည်။ စံနှုန်းအချို့ကို လျှော့ချလိုက်လျှင် လုပ်ငန်းမှာ လျင်မြန်စွာ ပြီးစီးသွားပေလိမ့်မည် ဖြစ်သည်။
လင်းပိုင်ဖန်က အမတ်များကို ကတိပေးလိုက်သည် “ငါကိုယ်တော်တို့ မဟာရှဟာ အင်ပါယာနိုင်ငံအဖြစ် တည်ထောင်ဖို့အတွက် တကယ်ပဲ အရည်အချင်း ပြည့်မီနေပြီ။ စစ်သည်စုဆောင်းမှု ပြီးတာနဲ့ ခမ်းနားတဲ့ ဘိသိက်ခံပွဲကို ကျင်းပမယ်။ အမတ်မင်းတို့လည်း စတင်ပြင်ဆင်ထားကြတော့”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ဟု အမတ်များက တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။
အချိန်များမှာ ရေစီးကြောင်းကဲ့သို့ တရွှေ့ရွှေ့ စီးဆင်းနေခဲ့ရာ ရက်သတ္တပတ် တစ်ပတ်မှာ ကုန်ဆုံးသွားခဲ့လေသည်။ ထိုရက်သတ္တပတ်အတွင်း စစ်မှုရေးရာဝန်ကြီး ချောင်ချောင်မှာ စစ်သည်စုဆောင်းမှုဖြင့် အလုပ်ရှုပ်နေသလို အခြားအမတ်များမှာလည်း ဘိသိက်ခံပွဲအတွက် အလုပ်ရှုပ်နေခဲ့ကြသည်။ ပြည်သူများကလည်း ထိုအကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုနေကြသဖြင့် သာယာဝပြောသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေလေတော့သည်။
ထိုအချိန်မှာပင် လင်းပိုင်ဖန်၏ စိတ်ထဲ၌ ရင်းနှီးသောအသံ ထွက်ပေါ်လာခဲ့သည်။
“ဒင်!... ကစားသမား၏ နိုင်ငံတော် မဟာရှအင်ပါယာသည် နိုင်ငံတော်အင်အား ၁၀,၀၀၀ ကျော်၊ နယ်မြေ ဧရိယာ ၆ သန်း စတုရန်းလီ၊ ပြည်တွင်းရင်းမြစ် ၁.၂ ဘီလီယံကျော်၊ လူဦးရေ သန်း ၆၀ ကျော်၊ စစ်အင်အား ၆ သန်းကျော်၊ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၆၀ နှင့် ကောင်းကင်အဆင့် ၃ ယောက် ရှိလာပြီဖြစ်ရာ အင်ပါယာအဖြစ် အဆင့်တိုးမြှင့်ရန် လိုအပ်ချက်များ အားလုံးနှင့် ပြည့်မီသွားပါပြီ”
“တပြိုင်နက်တည်းမှာပင် အင်ပါယာ မြေပုံသည်လည်း အဆင့်တိုးမြှင့်ရန် လိုအပ်ချက်များနှင့် ပြည့်မီသွားသဖြင့် စူပါအဆင့်သို့ အဆင့်မြှင့်တင်လိုက်ပါပြီ”
“ဟားဟား... နောက်ဆုံးတော့ အဆင့်တက်သွားပြီကွ”
လင်းပိုင်ဖန်မှာ မစောင့်နိုင်တော့ဘဲ အင်ပါယာ မြေပုံကို ဖွင့်ကြည့်လိုက်သည်။
အင်ပါယာ မြေပုံ ( စူပါအဆင့်)
နယ်မြေဧရိယာ: ၈.၂ သန်း စတုရန်းကီလိုမီတာ (စိုက်ပျိုးမြေ ၅.၄ သန်း)
ပြည်တွင်းရင်းမြစ်: ၁.၆၈ ဘီလီယံ (ရွှေတွင်း ၅၊ ငွေတွင်း ၈၊ ကြေးနီတွင်း ၁၃၊ သံတွင်း ၂၀...)
လူဦးရေ: သန်း ၇၀ (လူချမ်းသာ ၁%၊ သာမန်ပြည်သူ ၆၇%၊ ဆင်းရဲသား ၃၂%)
စစ်အင်အား: ၆ သန်း (ကောင်းကင်အဆင့် ၃ ယောက်၊ ချီဖွဲ့တည်ခြင်းအဆင့် ၆၆ ယောက်၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၂၈,၀၀၀...)
စုစုပေါင်း နိုင်ငံတော်အင်အား: ၁၅,၃၀၀ (အင်ပါယာအဆင့်)
(မှတ်ချက် ၁- ယခုအခါ ကစားသမား၏ တိုင်းပြည်မှာ အင်ပါယာအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် အင်ပါယာ မြေပုံ ကို စူပါအဆင့် သို့ အဆင့်မြှင့်လိုက်ပါသည်။ မြေအောက်၊ မြေပြင်နှင့် ကောင်းကင်ပေါ်ရှိ တိရစ္ဆာန်များ အပါအဝင် အရင်းအမြစ်အားလုံးကို ရွှေ့လျားနိုင်ပြီဖြစ်သည်။ လူသားများမပါ)
(မှတ်ချက် ၂- အင်ပါယာ မြေပုံကို အဆင့်မြှင့်ပြီးနောက် ‘ဖန်ဆင်းရှင်လက်ဝါး’ ဟူသော ဂိမ်းလုပ်ဆောင်ချက်အသစ် တစ်ခုကို ထည့်သွင်းပေးလိုက်ပါသည်။ ထိုလုပ်ဆောင်ချက်မှတစ်ဆင့် ပြည်တွင်းရှိ ပစ္စည်းအားလုံးကို တစ်ကြိမ်သာ (တစ်ကြိမ်သာလျှင်) အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။ လူသားများမပါ)
***