တစ်ချိန်တည်းမှာပင် ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေ အတွင်း၌။
ကျင့်ကြံသူ အုပ်စုတစ်စုသည်လည်း ဤနေရာတွင် ပေါ်လာခဲ့၏။
သူတို့ တစ်ယောက်စီတိုင်းကို အစွမ်းထက်သော အရှိန်အဝါများက ဝန်းရံထားရာ မြင်သူတိုင်းကို ကြက်သီးထသွားစေလောက်ပေသည်။
ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေသို့ ရောက်ရှိလာချိန်တွင်၊ သူတို့၏ မျက်နှာများပေါ်၌ စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လွင်နေခဲ့၏။
ဤကျင့်ကြံသူများသည် အရှေ့ပိုင်း တိုက်ကြီးပေါ်ရှိ ဟွာရှန် သန့်စင်မြေမြတ် တစ်ခုဖြစ်သော ထိုက်ရိ ဂိုဏ်းမှ တပည့်များ ဖြစ်ကြသည်။
"နှစ်ငါးရာမှာ တစ်ကြိမ် ပွင့်တဲ့ ရှေးဟောင်း လျှို့ဝှက်နယ်မြေ ဖြစ်တဲ့ ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေကို ငါတို့ ကြုံတွေ့ခွင့်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ ငါတို့အတွက်တော့ ဒါက တကယ်ကို ကြီးမားတဲ့ ကံကြမ္မာကောင်း တစ်ခုပဲ။"
အဖြူရောင် ဝတ်ရုံဝတ် အမျိုးသားတစ်ဦးက သက်ပြင်းချလျက် ပြောလိုက်၏။
ဟွာရှန် သန့်စင်မြေမြတ်၏ တပည့်တစ်ဦး ဖြစ်နေလင့်ကစား၊ သူသည် အခွင့်အရေးများကို အရယူရန် စိတ်အားထက်သန်နေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ သန့်စင်မြေမြတ်တွင် တပည့်များစွာ ရှိပြီး၊ အများစုမှာ နောက်ခံကောင်းများ ရှိကြသည်။ အထူး အခွင့်အရေးများ မရှိပါက ထင်ပေါ်ကျော်ကြားလာရန် ခက်ခဲလှ၏။
ထို့အပြင် အကယ်၍ ယွမ်ယင်း သို့မဟုတ် ဟွာရှန် အဆင့်အထိ တက်လှမ်းလိုပါက၊ ကြီးမားသော အခွင့်အရေးများ မရှိဘဲတော့ မဖြစ်နိုင်ချေ။
"အဲဒီလို မဟုတ်ဘူးလား။ ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေက ရတနာတွေနဲ့ ပေါကြွယ်ဝတယ်လို့ ပြောကြတယ်။"
"အထူး ဝိညာဉ်ဆေးဝါးတွေတောင် အမြောက်အမြား ရှိတယ်တဲ့။"
"တစ်ခါတုန်းက ရှေ့ဆောင် ကျင့်ကြံသူကြီး တစ်ယောက်က ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေမှာ ကောင်းကင်ပန်း တစ်ပွင့်ကို ရရှိခဲ့ပြီး၊ သူ့ရဲ့ ဝိညာဉ်အမြစ် ပါရမီကို မြှင့်တင်နိုင်ခဲ့တယ်တဲ့။ အဲ့မှာ ကောင်းကင်အထိကို မြင့်တက်သွားခဲ့တာဆိုပဲ။"
"နောက်ပိုင်းကျတော့ သူက ဟွာရှန် ဘိုးဘေး တစ်ယောက်တောင် ဖြစ်လာခဲ့သေးတာကွ။"
အခြား အပြာရောင် ဝတ်ရုံဝတ် အမျိုးသားတစ်ဦးက သူ၏ လက်သီးများကို ဆုပ်ထားကာ မျှော်လင့်တောင့်တနေသော မျက်နှာဖြင့် လေးနက်စွာ ပြောလိုက်၏။
"ကောင်းကင်ပန်း အကြောင်းကိုတော့ တွေးတောင် မတွေးနဲ့တော့။ အဲဒီလို ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်ပစ္စည်းတွေကို ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူး။"
"အမှန်ပဲ၊ အဲဒီ ရှေ့ဆောင်ကြီးက နောက်ပိုင်းမှာ ကောင်းကင်ပန်းကို သူ ရှာတွေ့ခဲ့တဲ့ နေရာကို ဖွင့်ပြောပြခဲ့ပေမယ့်၊ ကံမကောင်းစွာနဲ့ပဲ နောက်မှ လာတဲ့သူတွေက အဲဒါကို ရှာမတွေ့ခဲ့ကြဘူး။ ထင်ရှားတာက အဲဒါက တစ်ခါဘဲရနိုင်တဲ့ အခွင့်အရေး တစ်ခုပဲ ဖြစ်ခဲ့မှာပါ။"
"ဒါပေမယ့် အဲဒီလိုဆိုရင်တောင်၊ ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေက ကြီးမားကျယ်ပြန့်တဲ့ အခွင့်အရေးတွေ ပါဝင်နေပြီး ဘယ်လောက် ရှားပါးကြောင်းကို သက်သေပြနေတာပဲ။"
"ကံမကောင်းတာက ဒီရှေးဟောင်း လျှို့ဝှက်နယ်မြေက ငါတို့ ထိုက်ရိ ဂိုဏ်း အတွက် သီးသန့် မဟုတ်ဘူး။ အရှေ့ပိုင်း တိုက်ကြီးပေါ်က တခြား ဟွာရှန် သန့်စင်မြေမြတ် သုံးခုက ကျင့်ကြံသူတွေလည်း ဝင်လာပြီး ငါတို့နဲ့ ယှဉ်ပြိုင်နိုင်တယ်။"
ထိုက်ရိ ဂိုဏ်းမှ တပည့် အများအပြားမှာ ဆွေးနွေးနေခဲ့ကြ၏။
အရှေ့ပိုင်း တိုက်ကြီးပေါ်ရှိ အခြား ဟွာရှန် သန့်စင်မြေမြတ် သုံးခုမှာ တန်တင်း ဂိုဏ်း၊ ပန်းတစ်ရာ တောင်ကြား နှင့် ကောင်းကင် လျှို့ဝှက် အိမ်တော်တို့ ဖြစ်ကြသည်။
ဤဟွာရှန် သန့်စင်မြေမြတ် သုံးခုသည် ထိုက်ရိ ဂိုဏ်းနှင့် ယှဉ်နိုင်သော အစွမ်းထက်သည့် အင်အားစုများ ဖြစ်ကြ၏။
သူတို့သည် မိုးထိတိုင် မြင့်မားသော မဏ္ဍိုင်ကြီး လေးခုကဲ့သို့ ကြီးမားကျယ်ပြန့်လှသော အရှေ့ပိုင်း တိုက်ကြီးကို အုပ်စိုးထားကြသည်။
"တခြား ဟွာရှန် သန့်စင်မြေမြတ်တွေက တပည့်တွေအတွက်တော့ ငါ စိတ်မပူပါဘူး။"
"ဘယ်လိုဖြစ်ဖြစ် သူတို့က ဖြောင့်မတ်တဲ့ ဂိုဏ်းတွေက ကျင့်ကြံသူတွေဖြစ်လို့ သေစေနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုမှာ မဟုတ်ဘူးလေ။"
"ငါ အစိုးရိမ်ဆုံးကတော့ မိစ္ဆာ ကျင့်ကြံသူတွေပဲ။"
"သူတို့လည်း ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေထဲ ဝင်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ထားတယ်လို့ ပြောကြတယ်။"
"လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက၊ သူတို့က ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေထဲ ဝင်လာပြီး ငါတို့ သန့်စင်မြေမြတ် လေးခုက တပည့်တွေနဲ့ ထိပ်တိုက် တွေ့ခဲ့ကြတယ်။"
"အဲဒီအချိန်တုန်းက ငါတို့ရဲ့ ဟွာရှန် သန့်စင်မြေမြတ် လေးခုစလုံး ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ ထူးချွန်တဲ့ တပည့် အများအပြားလည်း သေဆုံးသွားခဲ့ရတယ်။"
"ဒါကြောင့် ဒီတစ်ကြိမ်မှာ ငါတို့ အရမ်းကို သတိထားနေရမယ်၊ ရှေ့ဆောင်ကြီးတွေရဲ့ လမ်းစဉ်အတိုင်း အမှားမခံသင့်တော့ဘူး။"
အဖြူရောင် ဝတ်ရုံဝတ် အမျိုးသားက လေးနက်စွာ ပြောလိုက်၏။
ဟွာရှန် သန့်စင်မြေမြတ် လေးခုသည် ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်သော်ငြားလည်း၊ သူတို့သည် ဤရှေးဟောင်း လျှို့ဝှက်နယ်မြေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးချေ။ အချိန်မှန်မှသာ ဝင်ရောက်နိုင်ကြ၏။
ထင်ရှားသည်မှာ ဤရှေးဟောင်း လျှို့ဝှက်နယ်မြေ၏ အဆင့်မှာ အလွန် မြင့်မားပြီး၊ ဟွာရှန် သန့်စင်မြေမြတ်ပင်လျှင် ၎င်းကို အပြည့်အဝ စူးစမ်းလေ့လာနိုင်ခြင်း မရှိသေးပေ။
၎င်းတွင် လျှို့ဝှက်ချက် အများအပြား ပါဝင်နေပြီး၊ နှစ်ထောင်ပေါင်း၊ သောင်းပေါင်းများစွာ ကြာပြီးနောက်တွင်ပင် သူတို့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိကြသေးချေ။
"နားလည်ပါပြီ။"
လူတိုင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
မိစ္ဆာများနှင့် နီးစပ်ပြီး အချိန်မရွေး အသွင်ပြောင်းသွားနိုင်သော မိစ္ဆာ ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ ကောင်းစွာ သိရှိထားကြသည်။
ထို့ကြောင့် ဤမိစ္ဆာ ကျင့်ကြံသူများသည် ဖြောင့်မတ်သော ဂိုဏ်းများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး ဖြစ်ပေသည်။
နှစ်စဉ်နှစ်တိုင်း သန့်စင်မြေမြတ် တပည့် အများအပြားသည် မိစ္ဆာ ကျင့်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးနေကြရသည်။ နှစ်ဖက်စလုံးမှာ ရေနှင့် မီးကဲ့သို့ ပြင်းထန်စွာ ဆန့်ကျင်နေခဲ့ကြသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
"ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေထဲမှာ အခွင့်အရေး ရှိတဲ့ နေရာတွေ အများကြီးပဲ။"
"ဒါပေမယ့် ငါတို့ရဲ့ အချိန်က ကန့်သတ်ချက် ရှိတယ်၊ ဒီမှာ ဆယ့်ငါးရက်ပဲ နေလို့ ရမှာ။"
"ဆယ့်ငါးရက် ကုန်သွားတာနဲ့ တစ်ပြိုင်နက်၊ ငါတို့ အတင်းအကျပ် နေရာရွှေ့ပြောင်း ခံရပြီး အပြင်ကို ရောက်သွားလိမ့်မယ်၊ ဆက်နေလို့ မရတော့ဘူး။"
"ရှေ့ဆောင်ကြီးတွေက ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေကို နှစ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့ပြီးတဲ့နောက်၊ သတင်းအချက်အလက် အမြောက်အမြားကို ကံကောင်းထောက်မစွာ ရရှိထားခဲ့တယ်။"
"မင်းတို့ လငို စမ်းပေါက်၊ လမင်း ရတနာ တောင်ထွတ် နဲ့ ဆေးဝါးတစ်သောင်း ဥယျာဉ်လို နေရာတွေကို သွားကြည့်လို့ ရတယ်။"
"ဒါပေမယ့် ကောင်းကင်မိုးကြိုး တောင်ကြားကိုတော့ မသွားကြနဲ့။ အဲဒီနေရာက အမြဲတမ်း ကောင်းကင်မိုးကြိုးတွေနဲ့ ဖုံးလွှမ်းနေပြီး၊ မိုးကြိုးပစ်တာတွေ မကြာခဏ ဖြစ်လေ့ရှိတယ်။ အနည်းငယ် ပေါ့ဆသွားတာနဲ့ ကောင်းကင်မိုးကြိုး ပစ်သတ်တာ ခံရပြီး အရိပ်အယောင်တောင် မကျန်တော့ဘဲ သေဆုံးသွားနိုင်တယ်။"
"အရင်တုန်းက ထိုက်ရိ ဂိုဏ်းက ရှေ့ဆောင်ကြီး တချို့က သတိပေးချက်တွေကို မယုံကြည်ဘဲ အဲဒီနေရာက ထူးခြားတယ်၊ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိလောက်တယ်လို့ ထင်ခဲ့ကြပေမယ့်၊ သူတို့ အားလုံး ကောင်းကင်မိုးကြိုး တောင်ကြားထဲမှာပဲ သေဆုံးသွားခဲ့ကြတယ်။"
"သေချာတာပေါ့၊ တကယ်လို့ မင်းတို့ မယုံဘူးဆိုရင်လည်း ကိုယ်တိုင် သွားကြည့်လို့ ရပါတယ်။"
"ဘာပဲဖြစ်ဖြစ် မင်းတို့ ဒီမှာ ဆယ့်ငါးရက် နေလို့ရတယ်။ လျှို့ဝှက်နယ်မြေထဲက အခွင့်အရေးတွေကို ရဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အားကိုးကြပေါ့။"
အဖြူရောင် ဝတ်ရုံဝတ် အမျိုးသားက ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေ အကြောင်းကို မိတ်ဆက်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ စီနီယာအစ်ကို။"
လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေ အကြောင်းကို အတိုင်းအတာ တစ်ခုအထိ နားလည်ထားကြပြီး သတင်းအချက်အလက် အများအပြားကို ရရှိထား၏။ သူတို့ သွားချင်သော နေရာများလည်း ရှိနေကြပြီ ဖြစ်သည်။
…
အခြား တစ်နေရာ၌။
မိစ္ဆာ ကျင့်ကြံသူ အများအပြားသည်လည်း ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေတွင် ပေါ်လာခဲ့ကြ၏။
သူတို့၏ ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီများဖြင့် ပြည့်နှက်နေပြီး၊ ကြက်သီးမွေးညင်းများပင် ထသွားစေလောက်ပေသည်။
ထင်ရှားသည်မှာ သူတို့၏ လက်များသည် မရေမတွက်နိုင်သော လူများ၏ လတ်လတ်ဆတ်ဆတ် သွေးများဖြင့် စွန်းထင်းနေပြီး၊ ခွဲခြားမှုမရှိဘဲ မြင်သမျှ တွေ့သမျှကို သတ်ဖြတ်ကာ ရွံရှာဖွယ်ကောင်းသော ရာဇဝတ်မှုများကို ကျူးလွန်ထားကြခြင်းပင်။
အရှေ့ပိုင်း တိုက်ကြီး၏ ဖြောင့်မတ်သော တာအိုမှာ ထွန်းကားနေသော်ငြားလည်း၊ မိစ္ဆာ ကျင့်ကြံသူများ၏ စွမ်းအားမှာလည်း သိပ်ပြီး နောက်ကောက်ကျမနေချေ။
နေမင်းကြီး တောက်ပလေလေ၊ အောက်ခြေရှိ အမှောင်ထုက ပိုမို နက်ရှိုင်းလေလေ ဖြစ်သည်။
"ဝိညာဉ်လမင်း လျှို့ဝှက်နယ်မြေ... ဟွာရှန် သန့်စင်မြေမြတ် လေးခုက ထိန်းချုပ်ထားပြီး၊ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေ ပါဝင်ကာ မျိုးဆက်ပေါင်းများစွာသော ပါရမီရှင်တွေကို ပျိုးထောင်ပေးခဲ့တဲ့ ဒဏ္ဍာရီလာ ရှေးဟောင်း လျှို့ဝှက်နယ်မြေ။ ဒါပေမယ့် အခုတော့ ဒီလျှို့ဝှက်နယ်မြေထဲကို ငါတို့ ဝင်လို့ရနေပြီ။ မှတ်ထားကြ၊ ငါတို့ ဒီကို ရောက်လာတာ အခွင့်အရေးတွေ ရှာဖို့ မဟုတ်ဘူး၊ သတ်ဖြတ်ဖို့... ဒီသန့်စင်မြေမြတ်က ပါရမီရှင်တွေကို အမဲလိုက်ဖို့ပဲ။"
"အရှေ့ပိုင်း တိုက်ကြီးရဲ့ ဟွာရှန် သန့်စင်မြေမြတ် လေးခုက တိုက်ကြီး တစ်ခုလုံးရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ် ထားကြတယ်။ ဒီခွေးကောင်တွေက ထူးချွန်မှုကို ဝိညာဉ်အမြစ်နဲ့ပဲ တိုင်းတာကြတာ၊ အကယ်၍ အဆင့်နိမ့် ဝိညာဉ်အမြစ် ကျင့်ကြံသူ တစ်ယောက်သာ ဆိုရင်၊ အမှိုက်လို သဘောထားကြပြီး ပါရမီ နိမ့်တဲ့သူတွေကို ဘာအခွင့်အရေးမှ မပေးကြဘူး။ ဘယ်လောက်ပဲ ကြိုးစား ကျင့်ကြံပါစေ သူတို့ရဲ့ မျက်နှာသာပေးမှုကို ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ ဒီတစ်ကြိမ်မှာတော့ ပါရမီ နိမ့်နေရင်တောင်မှ သူတို့ကို ငါတို့ ရှုံးမှာ မဟုတ်ဘူးဆိုတာ ပြသချင်တယ်။"
…….
***