မြင့်မားလှသော ကောင်းကင်မဏ္ဍိုင်ကြီး၏ အပြင်ဘက်တွင် ပန်ရှန်းဂိုဏ်းချုပ်သည် ယန်ချုံကျန်း နှင့် အကြီးအကဲတစ်စုတို့ ခြံရံလျက် ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပို့ဆောင်ပေးလေသည်။ (ကောင်းကင်မဏ္ဍိုင်ဆိုတာ ဧရာမတောင်ကြီးတစ်လုံးက မြင့်လွန်းလို့ တင်စားထားတဲ့သဘောပါနော်)
"အမှန်အတိုင်းပြောရရင်၊ အရင်က သူတို့နှစ်ယောက် တော်တော်လေးတူတယ်လို့ ကျွန်တော် ထင်ခဲ့မိတယ်။ ဒါပေမဲ့ အခုတော့ အဲဒီလို မထင်တော့ဘူး" ဟု လော့ချန်ချွင်းက ရတနာသင်္ဘောပေါ်ရှိ ကျက်သရေရှိကာလှပသော လင်းယောင် ထံသို့ တိုးညှင်းစွာပြောလိုက်ပြီး၊ ရှေ့ဆုံးမှ လေနှင်ရာ လွင့်ခါနေသော အနက်ရောင်ဝတ်ရုံရှည်ကို စိုက်ကြည့်နေမိသည်။
လက်ရှိ ဂိုဏ်းချုပ်ရှန်း သည် နဂါးကြင်ယာတော်၏ မွေးနေ့ပွဲတွင် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူလူငယ်လေးနှင့် အသွင်အပြင်များစွာ ဆင်တူသော်ငြားလည်း၊ သူတို့၏ စရိုက်လက္ခဏာများမှာမူ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှပေသည်။
ပွဲသဘင်မှ လူသည် သဘာဝအလျောက် ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါ်ပြီး၊ ကျက်သရေရှိကာ နှိမ့်ချတတ်သောလူကြီးလူကောင်းတစ်ဦး၏ အငွေ့အသက်မျိုးရှိသည့် ဤဂိုဏ်းချုပ်လူငယ်လေးကဲ့သို့ ချုပ်တည်းနိုင်စွမ်းရှိကာ သိမ်မွေ့ညင်သာခြင်း အလျင်းမရှိပေ။
ဤ တာအိုကလေးငယ်များအားလုံးက သူ့ကို အလွန်သဘောကျနေကြခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
"တကယ်လို့ ပန်ရှန်းဂိုဏ်းက ကူညီပေးနိုင်တာ တစ်ခုခုရှိမယ်ဆိုရင်၊ သတင်းစကား တစ်ခွန်းပါးလိုက်ရုံနဲ့ လုံလောက်ပါတယ်" ဟု ဂိုဏ်းချုပ်ဟွမ်က လက်ကိုယှက်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။
သူ၏ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာအောက်တွင် အခြားသူများသတိမပြုမိသော ရှုပ်ထွေးမှုများကို ဖုံးကွယ်ထားလေ၏။
ဂိုဏ်းကို စတင်တည်ထောင်ခဲ့သော ဘိုးဘေးကြီးပင်လျှင် တစ်နေ့တွင် သူတို့ဂိုဏ်းသည် အနန္တတာအိုအင်ပါယာဂိုဏ်း နှင့် ရင်ဆိုင်ရလိမ့်မည်ဟု တွေးတောမိခဲ့မည် မဟုတ်ချေ။
မည်မျှပင် အထင်ကြီးဖွယ် ကောင်းလိုက်သနည်း။
ယခုအခါတွင် ဂိုဏ်းချုပ်ရှန်းအပေါ် မျှော်လင့်ချက်ထားရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
"နှုတ်ဆက်ခဲ့ပါတယ်"
ရှန်းယီ က ခေါင်းညိတ်ပြလိုက်ပြီး၊ လက်တစ်ချက် ဝှေ့ယမ်းကာ ချင်းယွဲ့ ရတနာသင်္ဘောကို သဘောတူညီထားသော ဦးတည်ရာဆီသို့ မောင်းနှင်သွားလေသည်။
အပြန်ခရီးတွင် တာအိုကလေးငယ် အများစုမှာ တိတ်ဆိတ်လျက်ရှိကြပြီး သူတို့၏ အတွေ့အကြုံများကို တွေးတောဆင်ခြင်နေကြသည်။ အနောက်ပိုင်းဟုန်သို့ လာရောက်လည်ပတ်ခြင်းက သူတို့၏ အမြင်အာရုံများကို အမှန်တကယ် ကျယ်ပြန့်စေခဲ့သည်။
ထူးခြားသော ဝိသေသလက္ခဏာများရှိသည့် အင်အားစုအသီးသီးဖြစ်စေ၊ တာအိုလက်နက် မှတ်တမ်းဟုခေါ်ဆိုသော အရာဖြစ်စေ၊ ဤအရာများသည် တောင်ပိုင်းဟုန်မှ ကျင့်ကြံသူများ တစ်ခါမျှ မထိတွေ့ဖူးခဲ့သော အရာများပင်။
သို့သော်လည်း၊ ဤမျှတိုတောင်းသော အချိန်အတွင်း၊ သူတို့သည် တိုက်ရိုက် ပါဝင်ပတ်သက်ခွင့်မရဘဲလေ့လာကြည့်ရှုရုံသာ ပြုလုပ်နိုင်ခဲ့သဖြင့် အနည်းငယ်တော့ နှမြောတသဖွယ် ကောင်းလှသည်။
ယွင်ဟယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ရှေ့သို့ ကြည့်ရှုရင်း အတော်လေး စပ်စုချင်စိတ်ဖြစ်ပေါ်နေကြ၏။
သူတို့အတွက် တောင်ပိုင်းဟုန် သည် ကောလာဟလများထဲတွင်သာ တည်ရှိနေသော နေရာတစ်ခုနှင့် တူလေသည်။ လူတိုင်းက ထိုအကြောင်းကိုပြောဆိုကြသော်လည်း အမှန်တကယ်ရောက်ဖူးသူမှာ လက်ချိုးရေတွက်၍ ရနိုင်လောက်ပေသည်။
မိမိ၏ ကိုယ်ပိုင်အင်အားကိုသာ အားကိုး၍ မသေမျိုးဂိုဏ်းတစ်ခုက နဂါးနန်းတော် တစ်ခုနှင့် ရင်ပေါင်တန်းနိုင်ပြီး၊ တောင်ပိုင်းနဂါးနန်းတော်သည် ဟုန်သားတော်ခုနစ်ပါးကို ဖိနှိပ်ရန်အတွက် အနောက်ပိုင်းနဂါးနန်းတော်ထံမှ အကူအညီတောင်းခံရသည်အထိ ဖြစ်လာလိမ့်မည်ကို သူတို့ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
လူတိုင်း၏ အတွေးများ လွင့်မျှောနေစဉ်၊ ချင်းယွဲ့ ရတနာသင်္ဘောသည် ကောင်းကင်ယံတွင် ပျံသန်းနေပြီး ဟုန်နယ်မြေနှစ်ခုကြားရှိ နယ်စပ်ဆီသို့ တည်ငြိမ်စွာ ဦးတည်သွားနေလေသည်။
ကီး...
ရုတ်တရက်ဆိုသလို ဖီးနစ်ငှက်၏ ရှည်လျားသော အော်သံနှစ်သံက ထိုနေရာတစ်ဝိုက်တွင် ပြည့်နှံ့သွားပြီး အလျင်အမြန်ပင်ပျောက်ကွယ်သွားလေ၏။
တောင်ပိုင်းဟုန် တာအိုကလေးငယ်အချို့က ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသော်လည်း လော့ချန်ချွင်း နှင့် အခြားသူများမှာမူ မျက်နှာအရောင်များ ပြောင်းလဲသွားကြပြီး "အစိမ်းရောင်ဖီးနစ် လား။ သူတို့ ဒီမှာ ဘာလုပ်နေကြတာလဲ" ဟု ရေရွတ်လိုက်ကြသည်။
အမှန်စင်စစ် အစိမ်းရောင်ဖီးနစ်ငှက်မျိုးနွယ်စု သည် တန်ခိုးစွမ်းအားကြီးမားသော်ငြားလည်း၊ အနောက်ပိုင်းနဂါးနန်းတော်၏ မနှစ်မြို့မှုကို ခံရသောကြောင့် ရေပြင်နှင့်ဝေးကွာသော အထီးကျန် တောင်ထွတ်များပေါ်တွင် နေထိုင်ကြပြီး အနောက်ပိုင်းဟုန် ၏ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခဲလှသည်။
"တောင်ပိုင်းနဂါးနန်းတော်က သူတို့ရဲ့ အကူအညီကိုပါ တောင်းခံထားတာများလား"
ယွင်ဟယ်ဂိုဏ်းမှ အကြီးအကဲအနည်းငယ်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ဤသည်မှာ သူတို့ အကြောက်ရဆုံး အရာပင်။
မူလက တောင်ပိုင်း၏ အဓိက အင်အားစုကြီးနှစ်ခုအကြား ယှဉ်ပြိုင်မှုတစ်ခုသာဖြစ်ပြီး၊ တစ်ဖက်စီက မိမိတို့၏ အင်အားကို ထုတ်ဖော်ယှဉ်ပြိုင်ကြခြင်းဖြင့် လုံလောက်သင့်ပေသည်။
သို့သော် အင်အားစုများ ပိုမို ပါဝင်ပတ်သက်လာလေလေ၊ အချို့မှာ နက်ရှိုင်းသော ရန်ငြိုးရန်စများ ရှိနေကြသဖြင့်၊ အခြေအနေမှာ ပို၍ ဆိုးရွားရှုပ်ထွေးလာရန်သာ ရှိလေသည်။
အစပိုင်းတွင် တိုက်ခိုက်မည်မဟုတ်သော သူများပင် သေရေးရှင်ရေးတိုက်ပွဲတစ်ခုအတွင်းသို့ အတင်းအကျပ် ဆွဲသွင်းခံရနိုင်ပြီး၊ တောင်ပိုင်းနှင့် အနောက်ပိုင်းဟုန် နယ်မြေနှစ်ခုလုံးကို ထိခိုက်စေမည့် သတ်ဖြတ်မှုကြီးတစ်ခုဆီသို့ ဦးတည်သွားနိုင်ချေရှိသည်။
ထို့ကြောင့်ပင် ယွင်ဟယ်ဂိုဏ်းချုပ် သည် ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူ မျိုးနွယ်စုအား ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးရန် တောင်းဆိုလိုခဲ့ခြင်း ဖြစ်သည်။
"သူတို့က ဒီအတိုင်း ဖြတ်သွားရုံသက်သက်ပဲနဲ့ တူပါတယ်" ဖီးနစ်အော်သံများ မှေးမှိန်သွားချိန်တွင် လော့ချန်ချွင်း က ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီးနောက် လင်းယောင်အား ပြုံးပြကာ "မဖြစ်နိုင်ပါဘူးလေ။ နဂါးနန်းတော်တွေက သဘာဝအရ အစိမ်းရောင်ဖီးနစ်ငှက် တွေကို မနှစ်မြို့ကြဘူး။ အကူအညီတောင်းဖို့ နေနေသာသာ၊ သူတို့နဲ့ ပြဿနာမတက်ရင်ပဲ ကံကောင်းနေပြီ" ဟု ပြောလိုက်သည်။
လင်းယောင်က အားတင်းပြုံးပြလိုက်သော်လည်း၊ သူမ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းပို၍ လေးနက်တည်ကြည်လာခဲ့သည်။
ထူးခြားသော အငွေ့အသက်တစ်စုံတစ်ရာကို သူမ ခံစားမိလိုက်ခြင်းမျိုးတော့ မဟုတ်ပေ။
သူမသည် ယခင် မွေးနေ့ပွဲတွင် တွေ့ခဲ့ရသော အမျိုးသားနှင့် သူမ၏ စိတ်ထဲတွင် နှိုင်းယှဉ်တွေးတောရင်း ဂိုဏ်းချုပ်ရှန်းယီ၏ ကျောပြင်ကို ငေးမောကြည့်နေခဲ့ခြင်း ဖြစ်သည်။
ဖီးနစ်အော်သံများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်၊ အနက်ရောင်ဝတ်ရုံရှည်၏ လက်စအတွင်းမှ ထွက်ပေါ်နေသော ဖြူဖျော့ဖျော့လက်တစ်ဖက်က ဖြည်းညှင်းစွာလက်သီးဆုပ်လိုက်သည်ကို သူမ သတိပြုမိလိုက်သည်။
နောက်တစ်ခဏ၌ ရတနာသင်္ဘောကြီး တစ်စီးလုံးသည် မမြင်ရသောနွံအိုင်တစ်ခုထဲတွင် ပိတ်မိသွားသကဲ့သို့ ကောင်းကင်ယံ၌ ရပ်တန့်သွားကာ တစ်လက်မမျှပင် ရွေ့လျား၍ မရနိုင်တော့ပေ။
လေထုထဲတွင် သွေးနံ့သင်းသင်းလေးပျံ့နှံ့လာပြီး ပတ်ဝန်းကျင်ရှိ တိမ်တိုက်များကို အနီရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားစေ၏။
မွန်းတည့်ချိန်ဖြစ်သော်လည်း၊ စူးရှသော နေရောင်ခြည်သည် စုဝေးလာသောတိမ်နီကြီးများ၏ ဖုံးကွယ်ခြင်းကို ခံလိုက်ရပြီး၊ နေရာလပ်များကြားမှ လရောင်အချို့သာ ကျဆင်းလာကာ အောက်ဘက်ရှိ လှိုင်းထနေသော ရေပြင်မည်းမည်းပေါ်တွင် တောက်ပသော ငွေရောင်အစအနများကဲ့သို့ ပြန့်ကျဲသွားလေသည်။
"..."
အောက်ဘက်ရှိ ရေပေါ်ကျွန်းတစ်ခုဆီသို့ ရှန်းယီက မျက်လွှာချကာကြည့်လိုက်၏။ ပြောင်းလဲမှုအားလုံးမှာ ကျွန်းပေါ်တွင် ရုတ်တရက်ပေါ်ထွက်လာသော ကြီးမားလှသည့် ပျင်းရိပျင်းတွဲပုံရိပ်ကြီးတစ်ခုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
၎င်း၏ နှင်းကဲ့သို့ ဖြူဆွတ်နေသော အမွေးအမျှင်များက ချောမွေ့တောက်ပနေပြီး၊ မည်းနက်သော အစင်းကြောင်းများက ကြွက်သားများ၏ လှုပ်ရှားမှုနှင့်အတူ တွန့်လိမ်လျက်ရှိသည်။
အကောင်းဆုံး အရွယ်ရောက်နေသော အလွန်သန်မာသည့် ကျားရိုင်းကြီး တစ်ကောင်သည် ၎င်း၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး၊ ဒေါင်လိုက် သူငယ်အိမ်များက ကောင်းကင်ယံကို လှည့်လည်ကြည့်ရှုနေသည်။
ချက်ချင်းပင်၊ သင်္ဘောပေါ်ရှိ ကျင့်ကြံသူများစွာမှာ နေရာအနှံ့ ပိတ်လှောင်နေသည့် အသက်ရှူကျပ်မှုကို ခံစားလိုက်ကြရ၏။
"အန်း... အန်းထင်ဖုန်း ပါလား"
အစိမ်းရောင်ဖီးနစ်ငှက် မျိုးနွယ်စု နှင့် ယှဉ်လျှင်၊ ထိုကျားများသည် ယွင်ဟယ်ဂိုဏ်းသားများ၏ ရင်ထဲသို့ ပို၍ ကြီးမားသော အကြောက်တရားများကို ရိုက်သွင်းနိုင်စွမ်း ရှိကြသည်။
နှင်းကျားများ က ပို၍ အင်အားကြီးမားသောကြောင့် မဟုတ်ဘဲ၊ သူတို့က ပို၍ ရန်လိုတတ်ကာ နဂါးနန်းတော် များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရှိသောကြောင့်ပင်။
ယင်းထက် ပိုအရေးကြီးသည်မှာ လွန်ခဲ့သော ပွဲသဘင်တွင် ဤမဟာနတ်ဆိုး၏ မျိုးနွယ်စုကို သူတို့ ရန်စမိခဲ့ကြခြင်းပင်။
တကယ်ကြီး ဖြစ်နိုင်ပါ့မလား။ စကားလေးများရုံလေးတစ်ခုအတွက် နာမည်ကျော်မျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက်စွက်ဖက်ရလောက်သည်အထိ ထိုက်တန်လို့လား။
"အကြီးအကဲအန်း..."
ယွင်ဟယ်ဂိုဏ်းမှ အကြီးအကဲများသည် သူတို့၏ နှာခေါင်းဝတွင် သွေးနံ့များကို ခံစားလိုက်ရ၏။
ဤကျားရိုင်းကြီးတွင် မကောင်းသော ရည်ရွယ်ချက်အချို့ ရှိနေသည်မှာ ထင်ရှားလှပေသည်။
အန်းထင်ဖုန်း ဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် တောင်ပိုင်းဟုန်၏ တာအိုကလေးငယ်များစွာသည်လည်း ချက်ချင်းတုံ့ပြန်လာကြ၏။
သူတို့ နေထိုင်ခဲ့ရသော အချိန်ကာလမှာ တိုတောင်းလှသော်လည်း၊ နှင်းကျား မျိုးနွယ်စုအကြောင်းကို မလွှဲမရှောင်သာ သိရှိထားခဲ့ကြပြီး ဖြစ်သည်။
ဤသည်ကား မြေကမ္ဘာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော မဟာနတ်ဆိုးကြီးတစ်ပါး ဖြစ်ပေသည်။
သို့သော် အားလုံးကို ကြိုတင်ကြံစည်ထားသကဲ့သို့၊ အဘယ်ကြောင့် သူတို့၏ ခရီးစဉ်လမ်းကြောင်းတွင် ရုတ်တရက်ပေါ်လာကာတားဆီးရသနည်း။
***