ခန်းမခွဲသခင် အနည်းငယ်သည် အချင်းချင်း စကားစမြည် ပြောဆိုနေကြလေ၏။
ရှန်းယီ သည် အန်းယီ၏ လက်ရှိအင်အားကို အကဲဖြတ်ရန် အချိန်အနည်းငယ်ယူလိုက်ပြီး၊ နတ်ဆိုးမူလကို စုစည်းရန် ပြင်ဆင်နေစဉ်၊ ထိုမိန်းကလေး မျက်တောင်ခတ်လိုက်သည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
သူသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်"မင်း ဘယ်လိုခံစားနေရလဲ။"
"နည်းနည်းတော့ နေရခက်တယ်... ဒါပေမဲ့ အဆင်ပြေပါတယ်။" အန်းယီ သည် သူမ၏ ခံစားချက်ကို ခေတ္တမျှသိရှိနိုင်ရန် မျက်လုံးများကို မှိတ်လိုက်ပြီးနောက် လေးနက်စွာပြန်လည်ဖြေကြားလိုက်၏။
"..."
ရင်းနှီးနေသော အဖြေကို ကြားလိုက်ရသဖြင့်၊ ရှန်းယီ သည် စနစ်မျက်နှာပြင်ကို တိုက်ရိုက် ပိတ်ပစ်လိုက်လေသည်။
အနောက်ခန်းမမှ ခန်းမခွဲသခင် က "နေရခက်တယ်" ဟု ပြောဆိုခြင်းမှာ အခြားသော ခန်းမသခင်များအတွက် တူညီသည့် အဓိပ္ပာယ်မျိုးမဟုတ်ကြောင်းကို သူ သဘောပေါက်သွားခဲ့သည်။
၎င်းမှာ နတ်ဆိုးဝိညာဉ်က နတ်တိုင်းကျောက်တိုင်၏ နယ်ပယ်ကို ခံနိုင်ရည်မရှိခြင်းထက်၊ သူမအနေဖြင့် ဤစိမ်းသက်နေသော စွမ်းအားကို အသားမကျသေးခြင်းကြောင့်သာ ဖြစ်တန်ရာ၏။
အရှေ့ပိုင်း နဂါးနန်းတော်သည် အကြွင်းအကျန် ဝိညာဉ် တစ်ခုကို ဤမျှလောက် အတိုင်းအတာအထိ အတင်းအကျပ်ပြုစုပျိုးထောင်ပေးခဲ့ခြင်းမှာ အလွန်ပင် ရက်ရောလွန်းလှသည်ဟု ဝန်ခံရမည် ဖြစ်သည်။
၎င်းမှာ သံသယဖြစ်ဖွယ်မရှိ အန်းထင်ဖုန်း၏ သစ္စာခံမှုကို ရယူနိုင်ရန် ကြိုးပမ်းချက်တစ်ခုလည်း ဖြစ်ပေမည်။
"သွား ဟို အစိမ်းရောင်ဖီးနစ်ငှက်တွေကို သတ်ပစ်လိုက်ပြီး၊ ဘာတွေ အတိအကျဖြစ်နေလဲဆိုတာ သွားစုံစမ်းချေ၊" ဟု သူက အမိန့်ပေးလိုက်သည်။
အန်းထင်ဖုန်း သည် သူတို့ကို မည်သို့ ရှာတွေ့ခဲ့သည်ကို ရှန်းယီ မေ့မထားခဲ့ချေ၊ ယခု သူရောက်ရှိလာပြီဖြစ်ရာ လှည့်ပြန်မသွားသင့်တော့ပေ။
"သခင် အမိန့်အတိုင်းပါပဲ။"
အန်းယီ သည် သူမ၏ ခန္ဓာကိုယ်အသစ်နှင့် အသားကျလာပြီးနောက်၊ သူမ၏ ပုံရိပ်မှာ ထိုနေရာမှ တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။
ရှန်းယီ သည် ထိုနေရာတွင် ထိုင်လျက်၊ သူ၏ အသက်ရှူနှုန်းကို စတင်ထိန်းညှင်းလိုက်ပြီး၊ ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားရန်နှင့် မသေမျိုးနိယာမ အနည်းငယ်ကို ပိုမို နားလည်သဘောပေါက်နိုင်ရန် ဤအခွင့်အရေးကို အသုံးချလိုက်လေသည်။
...
အနောက်ပိုင်းဟုန်၏ နယ်စပ်
သပ်ယပ်စွာ ဝတ်စားဆင်ယင်ထားပြီး၊ သူ၏ လက်မောင်းအင်္ကျီလက်များမှာ နှစ်ဖက်စလုံး ညီညာသေသပ်လှပစွာ ခေါက်ထားသော အမျိုးသားတစ်ဦးသည်၊ ခရီးဆုံးပန်းတိုင်ဆီသို့ တိမ်တိုက်များကို စီးနင်းကာ ထွက်ခွာလာလေ၏။
ထိုသူကား အခြားသူမဟုတ်၊ သားတော်ခုနစ်ပါး မဟာညီလာခံ ပြီးဆုံးသွားပြီးနောက် သစ်ပင်ကြီးအောက်တွင် ကျောက်တုံးများကို သေသပ်စွာစီနေခဲ့သော၊ တုနှိုင်းမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ဖြစ်လေသည်။
တန်းရှန့်ကျွင်း သည် သဘောတူထားသော နေရာဆီသို့ အလျင်အမြန် သွားနေခြင်း ဖြစ်သည်။
(Deng Xiangjun/ အရင်အပိုင်းတွေမှာ အကြီးအကဲသန်း/ဂိုဏ်းချုပ်သန်းလို့ ဘာသာပြန်ထားပါတယ်)
ရုတ်တရက်၊ သူသည် အကြည့်ကို အနည်းငယ် ပင့်လိုက်ရာ၊ သူ၏ ထက်မြက်သော အာရုံခံစားမှုက ရင်းနှီးနေသောတည်ရှိမှုတစ်ခုကို ဖမ်းဆုပ်မိသွားလေသည်။
သူ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် လေးနက်သွားခဲ့ပြီး၊ သူ၏ လက်ဖဝါးကို မြှောက်လိုက်ရာ သူ၏ ခြေအောက်ရှိ တိမ်တိုက်များသည် ပြင်းထန်စွာ လှုပ်ခတ်သွား၏။ ဝင်သက်ထွက်သက် အကြိမ်အနည်းငယ်အတွင်းမှာပင်၊ ၎င်းသည် အနည်းငယ်ပျက်စီးနေသော ရတနာသင်္ဘောတစ်စင်းပေါ်သို့ ဆင်းသက်လိုက်သည်။
"ငါ မင်းတို့ကို အနောက်ပိုင်းဟုန်မှာ စောင့်နေဖို့ ပြောထားတယ်မဟုတ်လား။ ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် ဒီကို ရောက်လာကြတာလဲ။"
တန်းရှန့်ကျွင်း သည် သင်္ဘောကိုယ်ထည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ၊ မကြာမီမှာပင် စိုးရိမ်ပူပန်နေပုံရသည့် တာအိုကလေးငယ်များကို မြင်တွေ့လိုက်ရသည်။
ဝေ့ယွမ်ကျိုး နှင့် ကျုံးရှို့တို့ပင်လျှင် ၎င်းတို့၏ ပုံမှန်တည်ငြိမ်မှုကို ဆုံးရှုံးနေပြီး၊ အသက်ရှူသံများမှာ မမှန်ဘဲ မြန်ဆန်နေကြလေသည်။
တစ်ခုခု မှားယွင်းနေကြောင်းကို သူ လျင်မြန်စွာ သဘောပေါက်သွားပြီး၊ "ရှန်းယီ ရော ဘယ်မှာလဲ။"
စုဟုန်ရှို့၏ နှုတ်ခမ်းများမှာ ဟသွားပြီး၊ နောက်ဆုံးတွင် သူမသည် ဘိုင်ဝူကို လွှတ်ပေးလိုက်သည်။ တန်းရှန့်ကျွင်းကို မြင်လိုက်ရသော်လည်း သူမ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများမှာ လျော့ပါးမသွားခဲ့ချေ။
"ဂိုဏ်းချူပ်တန်း၊ ကျွန်မတို့ လမ်းမှာ နှင်းကျား မျိုးနွယ်စုခေါင်းဆောင် အန်းထင်ဖုန်းရဲ့ ချုံခိုတိုက်ခိုက်တာကို ခံခဲ့ရတယ်။ ဂိုဏ်းချုပ်ရှန်း က ရန်သူကို တားဆီးဖို့ တစ်ယောက်တည်း နောက်မှာကျန်နေခဲ့တယ်။ ဂိုဏ်းချုပ်ကျိ ဆီကိုလည်း သတင်းပို့ထားပြီးပါပြီ၊ ကျေးဇူးပြုပြီး မြန်မြန် သွားကူညီပေးပါဦး။"
တာအိုကလေးငယ်များမှာ မည်သည့်စကားမျှ မပြောကြချေ။
သို့သော် ၎င်းတို့၏ ရင်ထဲတွင် မည်သို့ တွေးတောနေကြသည်ကို မည်သူမဆို မြင်နိုင်ပေသည်။
အချိန်အတော်ကြာမြင့်နေပြီ ဖြစ်ရာ၊ သွားရောက်ကူညီခြင်းထက်၊ အလောင်းသွားကောက်ရမည့်နှင့် ပ်ိုတူညီနေ၏။
"အချိန်မီသေးတယ်"
စုဟုန်ရှို့ သည် ဤကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လေ့ မရှိချေ။
"ကျွန်မ မထွက်လာခင်တုန်းက၊ ဂိုဏ်းချုပ်ရှန်းက အန်းထင်ဖုန်း နဲ့ လက်ရည်ယှဉ်တိုက်ခိုက်တာကို မြင်ခဲ့ရတယ်၊ သူ လုံးဝ အရေးနိမ့်မသွားဘူး"
ယုံတမ်းစကားကဲ့သို့ ထင်ရသောဤစကားကို ကြားလိုက်ရသော်လည်း၊ တန်းရှန့်ကျွင်း သည် နောက်ထပ် မေးခွန်းများ မမေးတော့ချေ။ သူသည် ရတနာသင်္ဘော၏ ထိန်းချုပ်မှုကို ချောမွေ့စွာ ပြောင်းလဲယူလိုက်ပြီး၊ တာအိုကလေးငယ်အုပ်စုနှင့် ယွင်ဟယ်ဂိုဏ်းမှ လူတိုင်းကို သင်္ဘောပေါ်မှ ဆင်းစေကာ၊ တာအိုပေါင်းစည်းခြင်းနယ်ပယ်၏ အရှိန်အဝါအပြည့်အဝကို ရတနာသင်္ဘောထဲသို့ လောင်းထည့်လိုက်လေသည်။
ရတနာသင်္ဘောသည် လျင်မြန်စွာ ထွက်ခွာသွားစဉ်၊ စုဟုန်ရှို့သည် အံကိုကြိတ်ကာ၊ လက်ထဲတွင် တစ်စုံတစ်ခုကိုကိုင်ဆောင်လျက် အမီလိုက်နိုင်ရန် ကြိုးစားလိုက်၏။
တန်းရှန့်ကျွင်း သည် သက်ပြင်းချလိုက်ပြီး တစ်ဖက်သူကို သင်္ဘောပေါ်သို့ ခေါ်ဆောင်လာကာ၊ မူလနေရာမှ ထပ်မံပျောက်ကွယ်သွားလေတော့သည်။
"ဒါက ဘိုင်ဝူက ဂိုဏ်းချုပ်ကျိကို ဆက်သွယ်ဖို့ သုံးတဲ့ မှော်ရတနာပါ၊ စွမ်းအင်တွေနဲ့ နှစ်ပေါင်းများစွာပြုစုပျိုးထောင်ထားတာမို့ တာအိုချပ်ပြားထက်တောင် ပိုအလုပ်လုပ်ပါသေးတယ်။" စုဟုန်ရှို့ သည် အလောတကြီးဖြင့် ကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။
"အဲဒီ ကျားက အဲဒီလောက်တောင် ကြောက်စရာကောင်းလောက်အောင် ယုတ်မာတာလား။"
တန်းရှန့်ကျွင်း သည် ကျောက်စိမ်းပြားကို ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်ပြီး၊ အခြားမည်သည့်အရာကိုမျှဘေးဘီသို့ အာရုံမစိုက်ဘဲ ရှေ့သို့သာ တည့်တည့်ကြည့်နေလေ၏။
စုဟုန်ရှို့၏ အသိဉာဏ်ဖြင့်ဆိုလျှင်၊ ၎င်းတို့အနည်းငယ်သည် ပုံမှန် မြေကမ္ဘာနယ်ပယ်ကျင့်ကြံသူများနှင့် အနည်းငယ်ကွာခြားနေကြောင်းကို သူမ သဘောပေါက်သင့်ပေသည်။
သို့တိုင်အောင်၊ ကျိကျင့်ရှီးက ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ပို၍ ယုံကြည်စိတ်ချရကြောင်း သူမ ခံစားနေရဆဲပင်။
"ကျွန်မရဲ့ ကြိုတင်ခံစားသိမြင်မှုတွေက... များသောအားဖြင့် အရမ်းတိကျပါတယ်။" စုဟုန်ရှို့ သည် သူမ၏ အမြင်ကို ဆုပ်ကိုင်ထားဆဲပင်။
"ငါ မှတ်မိတာ မမှားဘူးဆိုရင်၊ ဂိုဏ်းချုပ်ရှန်း က သူ့ကို လက်ဝါးရိုက်ချက်တစ်ချက်နဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့တယ်လို့ မင်း ခုနလေးတင် ပြောခဲ့တယ်မလား။" တန်းရှန့်ကျွင်းသည် သူမအား မျက်စောင်းထိုး ကြည့်လိုက်၏။
သူမ အလွန်အမင်း တုန်လှုပ်ချောက်ချားနေသောကြောင့် ဖြစ်ကောင်းဖြစ်မည်၊ ဟုန်ရှို့ သည် သူမ၏ စကားများထဲတွင် မယုံနိုင်လောက်အောင် ထိတ်လန့်ဖွယ်ကောင်းသော အမှန်တရားတစ်ခု ပုန်းကွယ်နေကြောင်းကို သဘောမပေါက်ခဲ့ချေ။
ထိုစကားကို ကြားသောအခါ၊ စုဟုန်ရှို့လည်း နေရာမှာတင် အေးခဲသွားလေ၏။
သူမ၏ ဗီဇအရ တုံ့ပြန်မှုတွင်၊ ရှန်းယီ၏ ခွန်အားသည် ဂိုဏ်းချုပ်တန်း ထက်ပင် သာလွန်နေပြီဟု သူမ ခံစားလာရသည်။
"အရင်သွားကြည့်ရအောင်။"
တန်းရှန့်ကျွင်း သည် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ရာ၊ သူ၏ သူငယ်အိမ်များတွင် ကြမ်းကြုတ်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားလေ၏။
ရှန်းယီသည်... လက်ရှိ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးအနေဖြင့် လုံးဝ အဆုံးရှုံးမခံနိုင်သော သူတစ်ဦး ဖြစ်ပေသည်။
သူ့ကြောင့်သာလျှင်၊ ၎င်းတို့သည် မြောက်ပိုင်းဟုန် မှ ယွဲ့ မိသားစုကိုပင် မဆိုင်းမတွ ပြစ်မှားခဲ့ကြခြင်း ဖြစ်သည်။
တာအိုပေါင်းစည်းခြင်းနယ်ပယ်မှ ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ဦး၏ အရှိန်အဝါ ကောင်းချီးပေးမှုအောက်တွင်၊ ရတနာသင်္ဘောသည် ယခင်က မကြုံဖူးသောအမြန်နှုန်းဖြင့် ပေါက်ကွဲထွက်လာခဲ့ရာ၊ ပျက်စီးနေပြီးသားဖြစ်သော သင်္ဘောကိုယ်ထည်သည် လုံးဝပြိုကွဲပျက်စီးသွားမည့် အနေအထားကိုပင် ပြသလာလေ၏။
သို့သော်ငြားလည်း၊ ၎င်းတို့သည် သဘောတူထားသော နေရာသို့ချဉ်းကပ်သွားသည့် အခိုက်အတန့်တွင်၊ သင်္ဘောတစ်စင်းလုံးမှာ ရုတ်တရက် ရပ်တန့်သွားလေ၏။
စုဟုန်ရှို့ သည် ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်သည်။
သို့သော် ဂိုဏ်းချုပ်တန်းသည် သင်္ဘောဦးပိုင်းတွင် မျက်မှောင်ကြုတ်လျက် အောက်သို့ ငုံ့ကြည့်နေပြီးနောက်၊သူမကို ပြန်လည်ကြည့်ရှုကာ အတော်လေး တွေဝေသွားဟန်ရှိသည်ကို သူမ မြင်တွေ့လိုက်ရသည်။
စုဟုန်ရှို့ သည် သူ၏ဘေးသို့ အလျင်အမြန် လှမ်းသွားလိုက်သော်လည်း၊ အောက်ဘက်ရှိ အခြေအနေကို မြင်တွေ့လိုက်ရသောအခါ၊ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အံ့အားသင့်ကာ မလှုပ်မယှက် ရပ်တန့်သွားလေတော့သည်။
ရေပေါ်ကျွန်း၏ အထက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ခြေခွေထိုင်နေသော အထီးကျန်ပုံရိပ်တစ်ခုသာ ရှိနေလေသည်။
သွေးများဖြင့်စွန်းထင်းနေသော သူ၏ ခန္ဓာကိုယ်နှင့် တလူလူလွင့်ခတ်နေသည့် အမည်းရောင် ဝတ်ရုံတို့မှ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ကြမ်းတမ်းသည့် အရှိန်အဝါများ ထွက်ပေါ်နေလေ၏။
ပတ်ဝန်းကျင်တွင် အသက်ရှင်နေသော သတ္တဝါတစ်ကောင်မျှ မရှိသကဲ့သို့၊ မြေကမ္ဘာနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်မှ မဟာနတ်ဆိုးကြီးလည်း မရှိတော့ချေ။
မြေပြင်ပေါ်ရှိ ခြောက်သွေ့နေသော ကြက်သွေးရောင်သွေးကွက်များကသာ မကြာမီက ဤနေရာတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သက်သေပြနေလေ၏။
"မင်းတို့ တွေ့ခဲ့တဲ့သူက အန်းထင်ဖုန်း ဆိုတာ သေချာရဲ့လား။" တန်းရှန့်ကျွင်း သည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ မျက်ခုံးများကို ပင့်လိုက်၏။
ဤနေရာမှ ယခင်က ၎င်းတို့ အခြားသူများနှင့် တွေ့ဆုံခဲ့သည့် နေရာအထိ အကွာအဝေး၊ ထို့အပြင် သွေးကွက်များ ခြောက်သွေ့နေသည့် အတိုင်းအတာတို့ကို ထည့်သွင်းစဉ်းစားကြည့်လျှင်၊ တိုက်ပွဲသည် အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ထက်ပင် ပိုမို ကြာမြင့်ခဲ့ခြင်း မရှိချေ။
၎င်းကို တစ်ဖက်သတ် သတ်ဖြတ်မှုတစ်ခုဟု ခေါ်ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ ကျမည်မဟုတ်ပေ။
စုဟုန်ရှို့ သည် သင်္ဘောဦးပိုင်းတွင် မိန်းမောစွာ ရပ်နေခဲ့သည်။
ရှန်းယီကို အစောဆုံး သိကျွမ်းခဲ့သော တာအိုကလေးငယ်တော်များထဲမှ တစ်ဦးအနေဖြင့်၊ သူမသည် သူ၏ ပြောင်းလဲတိုးတက်မှုများကို အကြိမ်ကြိမ် ကိုယ်တိုင်ကိုယ်ကျမျက်မြင်တွေ့ရှိခဲ့ရသည်။
ထို့အတူ သူမ ရင်းနှီးကျွမ်းဝင်နေသောကြောင့်ပင်၊ ဤ ဂိုဏ်းချုပ်ရှန်းမှာ အလွန်တရာ စိမ်းသက်နေသည်ဟု သူမ ပို၍ပင် ခံစားလိုက်ရသည်။
ထူးဆန်းသည်ဟု ထင်ရသော်လည်း၊ ၎င်းမှာ စုဟုန်ရှို့၏ အရိုးသားဆုံးသော အတွေးပင် ဖြစ်သည်။
သူမသည် သူ့ကို တဖြည်းဖြည်းနှင့် ပို၍ နားမလည်နိုင်အောင် ဖြစ်လာခဲ့လေ၏။
"အခုတော့ အဆင်ပြေသွားပါပြီ၊ ရှန်းယီက ဘေးကင်းပါတယ်။"
တန်းရှန့်ကျွင်း သည် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး ကျိကျင့်ရှီးထံသို့ သတင်းစကားတစ်ခု ပေးပို့လိုက်၏။
၎င်းမှာ အနည်းငယ် ဝတ်ကျေတမ်းကျေ လုပ်နေသကဲ့သို့ ထင်ရလေသည်။
သို့သော် သူကိုယ်တိုင်လည်း မည်သို့ ဖြစ်ပျက်သွားသည်ကို သိပ်မသေချာသောကြောင့်၊ သဘာဝကျစွာပင် သူသည် ၎င်းကို ပို၍ရှင်းလင်းစွာမရှင်းပြနိုင်ခဲ့ချေ။
***