ယွမ်ရှောင်နှင့် ချောင်ရူတို့ သုံးချီမြောက်တွင် အရာရှိများသည် ကောင်းကင်မှ အလင်းတန်း ကိုယ်စီဖြင့် ဆင်းသက်လာကာ နန်းဆောင်အထက် ရောက်ရှိလာကြ၏။
"တောက် ရှက်စရာကောင်းလိုက်တာကွာ"
ကြားနေရသော အသံများကြောင့် ချောင်ရှန်း ဒေါသထွက်သွားကာ လက်ဝါးတစ်ချက် ရိုက်ချ၍ နန်းဆောင်ကြီးကို အပျက်အစီးပုံကြီး ဖြစ်သွားစေသည်။
"မဟာစစ်သူကြီး ရောက်နေတယ်။ ဘာလုပ်နေနေ ရပ်လိုက်ကြစမ်း"
သူ၏ ဟိန်းဟောက်သံက ဖုန်မှုန့်များကို လွင့်စင်သွားသောအခါ မြင်ကွင်း ထင်ရှာနေပြီး လူနှစ်ယောက် ရစ်ပတ်လုံးထွေးနေကာ ကြမ်းတမ်းလှသောကြောင့် ကြမ်းပြင်၌ အက်ကြောင်းများ ပြည့်နှက်နေ၏။ သူတို့က လောကကြီးကို မေ့လျောနေသောအခါ ချောင်ရှန်း၏ ငယ်ထိပ်အထိ သွေးများ ဆောင့်တက်လာကာ ပါးစပ်ထဲမှ အန်ထွက်မတတ် ဖြစ်သွား၏။ ကူကျန်းရှောင်၏ မျက်နှာသည် နှစ်ပေါင်းများစွာ ချက်ချင်း အိုမင်းသွားသကဲ့သို့ ထင်ရပြီး ပါးစပ်အဟောင်းသားဖြစ်၍ လျှာပင် ထိန်းမရအောင် တုန်ယင်နေသည်။
ဘုန်း
သူ၏ ဒေါသကြောင့် ကောင်းကင်အထက်တွင် မိုးတိမ်များ စုဝေးလာပြီး အကြောင်းသိသူများသာ ၎င်းကို နားလည်နိုင်ပေသည်။
"ရပ်ကြစမ်း။ မင်းတို့နှစ်ယောက် အရှက်မရှိကြဘူးလား"
အိပ်ရာအထက်မှ တိုက်ပွဲက ဆက်လက်ပြင်းထန်နေသောကြောင့် ချောင်ရှန်းသည် မနေနိုင်တော့ဘဲ အော်ဟစ် တားမြစ်လိုက်၏။ စိတ်ခံစားချက်များတွင် နစ်မြုပ်နေသော ယွမ်ရှောင်က ထိုလူများ ရောက်လာပြီဖြစ်ကြောင်း သိသောအခါ စီရင်သူချပ်ဝတ်ကို အလျင်အမြန် ဝတ်ဆင်လိုက်သည်။ ချောင်ရူက ပို၍ မြန်ဆန်နေပြီး အောက်သို့ ရောက်နေသော်လည်း ခရမ်းရောင် မိုးကြိုးများ ရစ်ပတ်ထားသဖြင့် ဖုံးကွယ်အပ်သော အစိတ်အပိုင်းများ လူမမြင်သွားခဲ့ပေ။ သူမက အဝတ်အစားများ ပြန်လည် ဝတ်ဆင်၍ အားအင်ကုန်ခမ်းနေသည့်အလား မျက်နှာနီမြန်းကာ အသက်ပြင်းပြင်း ရှူနေရင်းဖြင့် မေးခွန်းထုတ်လိုက်မိသည်။
"နင်တို့အားလုံး ဘာလို့ ရောက်လာကြတာလဲ"
"လုယောင်က အရာရှိတို့ကို ဂါရဝပြုပါတယ်"
ယွမ်ရှောင်က ခေါင်းကုတ်၍ တည်ငြိမ်ချင်ယောင်ဆောင်ကာ အရိုအသေပေးလိုက်သည့်တိုင်အောင် အခြေအနေမှာ ဆက်လက် တိတ်ဆိတ်နေဆဲပင်။ ဓားဖိနှိပ်မှု ခန်းမရှိ သတင်းကို လူတိုင်း ကြားထားသော်လည်း မျက်မြင်တွေ့လိုက်ရသောအခါ သူတို့လည်း မင်သက်နေကြပြီး မဟာစစ်သူကြီး ချောင်ရူကို သဘောကျနေသည့်အကြောင်း သိထားသူများဆိုလျှင် မျက်နှာပင် မထားတတ်အောင် ဖြစ်နေကြသည်။ ဤလူငယ်လေးသည် ကူကျန်းရှောင်ကို စော်ကားမိသွားပြီဖြစ်ကာ အောက်ခြေဘဝမှ မဟာစစ်သူကြီးအထိ တက်လှမ်းလာသော ဘဝတလျှောက် သူ လူပေါင်းမည်မျှ သတ်ဖြတ်ခဲ့ကြောင်း ချောင်ရှန်းက လူတိုင်းထက် ပိုသိသောကြောင့် တုန်လှုပ်လာ၏။
သို့ရာတွင် ခဏအကြာတွင် မဟာစစ်သူကြီးက ပြန်လည် တည်ငြိမ်သွားကာ အေးစက်စက်ဖြင့် အမိန့်ချလိုက်သည်။
"လုယောင်၊ မင်းကို ကောင်းကင်ပျံသန်းမြို့တော်မှာ ကျန်းထိုက်ပင်း၊ အဆင့်ခြောက် အရာရှိတွေနဲ့ စီရင်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ဖမ်းဆီးလိုက်ပြီ။ မိုးကြိုးဌာနရဲ့ လုပ်ပိုင်ခွင့်အတိုင်း ထောင်ထဲမှာ အကျဥ်းချပြီး စစ်ဆေးပြီးရင် ဥပဒေအတိုင်း အရေးယူမယ်။ ချောင်ရှန်း၊ မင်းဘက်က ဆုံးမဖို့ ပျက်ကွယ်ခဲ့လို့ ဒီကောင့်ကို ကိုယ်တိုင်ဖမ်းစမ်း"
သူက မျက်ရိပ်ပြလိုက်သောအခါ ချောင်ရှန်းသည် ချက်ချင်း ခေါင်းညိတ်၍ အရှိန်အဝါကြီးကြီးမားမား ထုတ်ဖော်ပြီး ရှေ့တက်လာကာ ယွမ်ရှောင်ကို အင်အားသုံး ဖိနှိပ်လိုက်သည်။
"လုယောင်၊ မင်းရဲ့ ပြစ်မှုအတွက် နိဂုံးချုပ်ရမယ့် အချိန် ရောက်လာပြီ"
သူ့အမြင်တွင် တစ်ဖက်လူက အပြစ်ကင်းနေလျှင်တောင် မဟာစစ်သူကြီးနှင့် ရန်ငြှိုးဖွဲ့မိလိုက်သောကြောင့် သေချာပေါက် သေလူပင်။
ယွမ်ရှောင်ကမူ မည်သည်မှ နားမလည်သော မျက်နှာထားမျိုးဖြင့် စောဒကတက်နေသည်။
"မွေးစားအဖေ ခင်ဗျား အထင်လွဲနေတာပါ။ ကျုပ် ညစာစားပွဲကနေ ပြန်ရောက်ကတည်းက မိုးကြိုးတမန်တော် ချောင်ကို တစ်ညလုံး အဖော်ပြုပေးနေတာပါ။ ဘယ်မှ မသွားခဲ့ဘူး။ ပြီးတော့ ကျုပ်လို အဆင့်ကိုး အရာရှိလေးတစ်ယောက်က ကျန်းထိုက်ပင်းတို့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
"ချောင်ရူကလည်း မင်းနဲ့ ပူးပေါင်းထားတယ်လို့ သံသယရှိတယ်။ သက်သေလုပ်ဖို့ အခွင့်အရေး မရှိဘူး"
ချောင်ရှန်းက လှောင်ရယ်၍ နောက်ထပ် စကားပြောခွင့်မပေးတော့ဘဲ လျှပ်စီးများဖြင့် ပိုက်ကွန်ဖွဲ့ကာ သူ့ကို ဖမ်းဆီးပစ်လိုက်သည်။ ပြင်းထန်သော အိပ်ရာအထက်မှ တိုက်ပွဲကြောင့် ပင်ပန်းနေသည်လား သို့မဟုတ် ဝှက်ဖဲတစ်ခုခုကို စောင့်ဆိုင်းနေသည်လား မသိ၊ သူက တစ်ချက်ကလေးပင် မခုခံခဲ့ပေ။
အမောဖြေပြီးနောက် ပြန်လည် သတိဝင်လာသော ချောင်ရူက မေးခွန်းထုတ်လာခဲ့သည်။
"ချောင်ရှန်း၊ နင် ဘာတွေ ကစားချင်နေတာလဲ။ ငါက အဆင့်လေးအရာရှိတစ်ယောက်ပဲ။ သက်သေအတိအကျမရှိဘဲ စွပ်စွဲနေတာလား။ ငါ့အိမ်မှာ ငါ ဘာလုပ်လုပ် နင့်အပူတစ်ပြားသားမှ မပါဘူး"
"ပါးစပ်ပိတ်ထားစမ်း။ ထောင်ထဲရောက်မှ ဆက်ပြော"
ဤညီမဖြစ်သူနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ချောင်ရှန်းက အသည်းအသန် ကြိုးစားနေပြီး ယွမ်ရှောင်ကို ဖမ်းဆီးပြီးနောက် သူမကို ထပ်မံ ချုပ်နှောင်ရန် ချဥ်းကပ်လိုက်သည်။
"ငါ မေးမယ်။ ကူကျန်းရှောင်က လုယောင်ရဲ့ ဓားပါရမီကို လောဘတက်နေလို့ ဓားအရိုးချင်း လဲလှယ်ဖို့ အကြောင်းပြချက် ရှာနေတာမလား ဟား ဟား"
လူပုံအလယ်တွင် အမှန်တရားကို သူမက ထုတ်ပြောလိုက်သောအခါ ချောင်ရှန်း၏ ခြေလှမ်းများ ရပ်တန့်သွားကာ တစ်ဖက်လူသည် အဆင်အခြင်မဲ့စွာ မိုက်ရူးရဲဆန်လွန်းနေသည့်အတွက် အကြောင်းအရင်းအား နားမလည်နိုင်တော့ပေ။
"နင် စကားပြောတာ သတိထားနေပါ။ ဘာပြောပြော အစ်မကြီးက ကြားနိုင်တယ်။ နင့်ကို အခွင့်အရေး ပေးနေတယ်နော်။ လုယောင်ကို လွှတ်လိုက်စမ်း"
"လမင်းဓားနတ်ဘုရားက မိုးကြိုးဌာနမှာ ဘာလုပ်နိုင်မှာမို့လို့လဲ"
"ဟုတ်လား"
ချောင်ရှန်း၏ စကားအဆုံးတွင် အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်မှ ငွေရောင်ဓားအလင်းတစ်ခု ကျဆင်းလာ၍ အင်မတန် ကြောက်စရာကောင်းသော ဓားအရှိန်အဝါနှင့် အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမ၏ ငွေရောင်ဆံပင်များက ဖြာကျနေပြီး တစ်ကိုယ်လုံး ငွေရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားကာ အသားအရေအထက်တွင် ဓားအလင်းများ ဖြာထွက်နေ၏။ သူမသည်လည်း အဆင့်နှစ် ကောင်းကင်အရာရှိတစ်ယောက် ဖြစ်ကာ ဓားဌာနတွင် လမင်းဓားနတ်ဘုရား ဟူ၍ ကျော်ကြားသည်။ ၎င်းကား ယွမ်ရှောင်၏ ဝှက်ဖဲ ဖြစ်ကာ အိပ်ရာအထက်မှ တိုက်ပွဲတွင် ချောင်ရူကို ဓားဌာနမှ လူကို ခေါ်ပေးရန် အတင်းအကြပ် တောင်းဆိုခဲ့ပြီး ခံစားချက်များ လှိုင်းထန်နေသည့်အတွက် သူမလည်း မငြင်းနိုင်ခဲ့ပေ။
ငွေရောင်ဆံပင် မိန်းမသည် ယွမ်ရှောင်ကို တစ်ချက် လှမ်းကြည့်ပြီး အလင်းကွင်း ခုနစ်ခု ဖြစ်ပေါ်၍ ဓားဖိနှိပ်မှု တံခါး ပျက်စီးသွားသော ပါရမီအား သိထားပုံပေါ်သည်။ လူချင်းတွေ့သောအခါ အင်မတန် ချောမောပြေပြစ်၍ စီရင်သူတစ်ယောက်ထက် ဓားအင်မော်တယ် နတ်ဘုရားတစ်ပါးနှင့် တူညီသော ရုပ်ရည်ကို သူမ ချက်ချင်း သတိပြုမိခဲ့သည်။
"ဓားအင်မော်တယ် ရှိနေရင်တောင် မိုးကြိုးဌာနကို စွက်ဖက်လို့ မရဘူး။ ချက်ချင်း ဖမ်းလိုက်စမ်း"
ကူကျန်းရှောင်က အလောတကြီး အမိန့်ပေးလိုက်သော်လည်း သူမသည် ဝင်ရောက်ကန့်ကွက်ကာ ကောင်းကင်ရုံးတော်တွင် ဌာနများအကြား ပါရမီရှင်ကို လုယူသည်မှာ ပုံမှန်ပင် ဖြစ်၏။
"ငါ့တပည့်ကို သက်သေမရှိဘဲနဲ့ မိုးကြိုးဌာနက ဖမ်းချင်တာလား။ စိတ်တောင်မကူးနဲ့"
ဤကြေညာချက်သည် ကူကျန်းရှောင်ကို တိုက်ပွဲစိန်ခေါ်သံ ပေးလိုက်ခြင်း ဖြစ်သောကြောင့် မိုးကြိုးဌာန အရာရှိများ ဆွံ့အကုန်၏။
"ဒီလိုပါရမီနဲ့ ဓားသမားတစ်ယောက်ကို မိုးကြိုးဌာနက တန်ဖိုးမထားဘူးဆိုရင် ငါ လိုချင်တယ်"
ထို့နောက် လမင်းဓားနတ်ဘုရားက တည်ငြိမ်စွာ ပြောလိုက်သောအခါ မိုးကြိုးနှင့် ဓား အားပြိုင်မှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွားသော်လည်း ယွမ်ရှောင်ထံမှ ပေါ့ပေါ့ပါးပါး စကားသံ ထွက်ပေါ်လာခဲ့လေသည်။
"ခင်ဗျားရဲ့ ပိုက်ကွန်လေး ဖယ်ပေးပါဦး။ ဒီမှာ ကျုပ်က ဆရာ့ကို ဂါရဝပြုလို့ မရတော့ဘူး"
***