အဆင့်ကိုး စီရင်သူလေးတစ်ယောက်သည် အောက်ခြေလူတန်းစားမှ မွေးဖွားလာသော်လည်း ထိပ်တန်းပါရမီ ပိုင်ဆိုင်ထားပြီး မိုးကြိုးဌာန အဆင့်မြင့်အရာရှိများ ရှေ့မှောက်တွင် ဤမျှ အေးအေးဆေးဆေး ဖြစ်နေသော အကြောင်းအရင်းကို ချောင်ရှန်း နားမလည်နိုင်ပေ။ သူက တစ်ဖက်လူကို သတ်ပစ်ရန် အကြိမ်ကြိမ် စဥ်းစားနေသော်လည်း အနားတွင် လမင်းဓားနတ်ဘုရား ရှိနေသဖြင့် ဓားသမားများ၏ လျင်မြန်မှုကို ကြောက်သောကြောင့် ငြိမ်နေလိုက်ရသည်။ ကောင်းကင်ရုံးတော် အဆင့်နှစ် အရာရှိတစ်ယောက်၏ တိုက်ရိုက်တပည့်ကို အဆင့်သုံးအရာရှိ တစ်ယောက်က ကိုယ်ထိလက်ရောက် အနိုင်ကျင့်မရသကဲ့သို့ ဖမ်းဆီးချုပ်နှောင်ရန် သက်သေများ အမှန်တကယ် မရှိချေ။ မဟာစစ်သူကြီးက အတင်းအကြပ် လုပ်နိုင်သော်လည်း အဆင့်တူ အရာရှိများ အချင်းချင်း တိုက်ခိုက်ရလောက်သည်အထိ ဖြစ်သွားလျှင် အကျိုးဆက်က ပြင်းထန်၏။ ထို့အပြင် မိုးကြိုးဌာန အရာရှိအများစုသည် ယွမ်ရှောင်က ကောင်းကင်ပျံသန်းမြို့တော် အစုလိုက်အပြုံလိုက် လူသတ်မှုနှင့် မသက်ဆိုင်ကြောင်း တွေးနေကြသည် မဟုတ်ပါလော။
ချောင်ရှန်းက သူ့ကို လွှတ်ပေးကာနီးဆဲဆဲတွင် အတွေးတစ်ခု ပေါ်လာပြီး စူးစူးဝါးဝါး စိုက်ကြည့်လိုက်မိသည်။
"နေစမ်းပါဦး။ လမင်းဓားနတ်ဘုရား ပေါ်လာတာ အချိန်ကိုက် ဖြစ်လွန်းတယ်။ ဒါဆိုရင် သူက အပြစ်လုပ်ထားတာ ရှိလို့ အကာအကွယ် ယူဖို့ ချောင်ရူဆီ တောင်းဆိုထားတာပဲ"
ဤအချက်ကြောင့် ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုနှင့် ထိုလူငယ်လေးက အမှန်တကယ် သက်ဆိုင်ကြောင်း ဖြစ်နိုင်သော်လည်း မိုးကြိုးဌာန၏ အရာရှိကြီးများအကြား ပေါ်တင် ဝင်ဆန့်သွားလာနေသောကြောင့် အင်မတန် အဓိပ္ပါယ်မရှိသော ဖြစ်ရပ်ပင်။ သူ့ကို ပြန်ပြုံးပြနေသော ယွမ်ရှောင်၏ မျက်နှာအထက်တွင် လှောင်ပြောင်ရိပ်များ အထင်းသားပေါ်နေသဖြင့် သတ်ပစ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရ၏။ နောက်ခံမရှိသော်လည်း ရဲတင်းလွန်းသော ရာဇဝတ်ကောင်ကို အပြစ်ပေးချင်သော်လည်း သူ မလုပ်နိုင်သောကြောင့် ဒေါသများ မြိုသိပ်ကာ အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိသော မဟာစစ်သူကြီးထံ လှည့်ကြည့်လိုက်သည်။
"မဟာစစ်သူကြီး"
ကူကျန်းရှောင်သည် ယွမ်ရှောင်ကို အကာအကွယ်ပေးနေသော မိန်းမလှများကို တစ်လှည့်၊ သူ့ကို တစ်လှည့် ကြည့်နေရင်း ရုတ်တရက် ပြုံးလိုက်၏။
"ဓားပါရမီက ပြိုင်ဘက်ကင်းနေမှတော့ လမင်းဓားနတ်ဘုရားရဲ့ တပည့် ဖြစ်သင့်ပါတယ်။ သူ့ကို လွှတ်ပေးလိုက်"
သူက ချောင်ရှန်းကို လက်ဟန်ပြ၍ အမိန့်ပေးလိုက်သောအခါ ဌာနချင်း အားပြိုင်မှုတွင် အောက်စည်းရောက်သွားသဖြင့် အရာရှိများ မှုန်ကုပ်ကုပ် ဖြစ်ကုန်သည်။ ကောင်းကင်ရုံးတော်တွင် ဓားအင်မော်တယ်များဖြင့် ဖွဲ့စည်းထားသော ဓားဌာနသည်လည်း ဥပဒေရေးရာ ကိစ္စများ ဆောင်ရွက်လေ့ရှိသောကြောင့် အကျိုးစီးပွားအတွက် မိုးကြိုးဌာနနှင့် မကြာခဏ ပွတ်တိုက်လေ့ရှိ၏။ မဟာစစ်သူကြီးက အလျှော့ပေးလိုက်သောအခါ ချောင်ရူတစ်ယောက် ပြဿနာတက်ပြီဖြစ်ကြောင်း ချောင်ရှန်း နားလည်သွားသည်။ အဆင့်လေး မိုးကြိုးတမန်တော် တစ်ယောက်သည် ဓားဌာနကို ဖိတ်ခေါ်၍ မိုးကြိုးဌာနအတွင်း ဝင်ရောက်စွက်ဖက်ရန် အကူအညီတောင်းခဲ့သည့်အတွက် ဤနေရာတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ပေ။
ချောင်ရှန်းက အေးစက်စက် မျက်နှာထားဖြင့် လျှပ်စီးပိုက်ကွန်ကို ရုတ်သိမ်းလိုက်သောအခါ ယွမ်ရှောင် ထရပ်လာပြီး အကြောများဆန့်၍ အညောင်းဖြေနေရင်း သရော်သည့် လေသံနှင့် ပြောလိုက်၏။
"ကျုပ် အပြစ်ကင်းစင်တာကို သက်သေခံပေးလို့ ကျေးဇူးတင်ပါတယ် မွေးစားအဖေ"
"တော်လောက်ပြီ။ လူတစ်ယောက်တည်းက ဌာနနှစ်ခုမှာ တာဝန်မထမ်းဆောင်သင့်ဘူး။ မင်းက ဓားဌာနကို ရွေးလိုက်ပြီဆိုတော့ အခုကစပြီး ငါတို့ ဆက်ဆံရေး ရပ်သွားပြီ။ နောက်တစ်ခါ ချောင်မိသားစုရဲ့နာမည်ကို မသုံးနဲ့။ အနာဂတ်မှာ ကံကောင်းပါစေ"
"ဒီလိုဆိုလည်း သိပ်မဆိုးပါဘူး စစ်သူကြီးချောင်"
အထက်တစ်နေရာသို့ မြင့်တက်သွားပြီး သူ့ကို ကန်ထုတ်ပစ်လိုက်သကဲ့သို့ လေယူလေသိမ်းက ရိုက်ပေါက် ဖြစ်နေသောကြောင့် ချောင်ရှန်းကို ရှူးရှူးရှားရှား ဒေါသထွက်သွားစေကာ ထသတ်လုမတတ် ဖြစ်သွားခဲ့သည်။
ချောင်ရူသည်လည်း အခြေအနေကို လောင်စာထပ်ထည့်ရန် ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ဒါဆိုရင် ငါလည်း သူ့အဒေါ် မဟုတ်တော့ဘူးဆိုမှတော့ လွတ်လွတ်လပ်လပ် ပေါင်းဖက်နိုင်ပြီ"
"ချောင်ရူ မင်းကိုလည်း ပြောလိုက်မယ်။ ဒီနေ့ကစပြီး ငါက မင်းနဲ့ မောင်နှမ ဆက်ဆံရေး ဖြတ်ပြီ။ မင်းဘာသာ အနာဂတ်မှာ ဘာဖြစ်ဖြစ် ငါနဲ့ မသက်ဆိုင်ဘူး"
ဤအခွင့်အရေးကို အသုံးချ၍ သူက အန္တရာယ်များလွန်းသော လူနှစ်ယောက်နှင့် ဆက်ဆံရေး ဖြတ်ပစ်လိုက်သည်။ သူ၏ အမြင်တွင် ယွမ်ရှောင်က ထူးချွန်သော်လည်း မိုက်ရူးရဲဆန်လှပြီး နောက်ခံလုပ်ပေးမိလျှင် သေသည်အထိ ဒုက္ခရောက်သွားနိုင်သည်။ ပါးနပ်ကျင်လည်သော ချောင်ရူက မိုးကြိုးဌာနမှ ကန်ထုတ်ခံရသည်အထိ ကိုယ့်ကိုကိုယ် တွန်းပို့လိုက်သည့်အချက်ကိုမူ သူ နားမလည်နိုင် ဖြစ်၏။ ထိုလုပ်ရပ်သည် အကျိုးအမြတ် မရှိသည့်အပြင် မဟာစစ်သူကြီးနှင့်ပါ ရန်သူ ဖြစ်သွားသောကြောင့် ညီမဖြစ်သူ၏ ပြဿနာများကို စိုးရိမ်နေရသည့်အဖြစ်အား သူ စိတ်ကုန်နေသည်။ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ဖြတ်တောက်လိုက်သည့်အတွက် သူ၏ လမ်းကြောင်းတွင် ညီမဖြစ်သူက အနှောင့်အယှက် မဟုတ်တော့ချေ။
ကူကျန်းရှောင် အလျှော့ပေးလိုက်ခြင်းသည် ထိုးမည့်ဆင် နောက်တစ်လှမ်းဆုတ်ခြင်း ဖြစ်ကာ ထွက်မသွားခင် လမင်းဓားနတ်ဘုရားကို အေးစက်စက် မေးခွန်းထုတ်လိုက်၏။
"မင်းက ဒီလူငယ်လေးကို ကာကွယ်ပေးတာက အနောက်နန်းဆောင်ရဲ့ ကိုယ်စားလား ဒါမှမဟုတ် ဓားဌာနရဲ့ အကျိုးအတွက်လား"
"နင်နဲ့ ဘာဆိုင်လဲ"
"ဒီနေရာက မင်းရဲ့ လုပ်ရပ်ကို သဘောတူပါ့မလား တွေးမိလို့ပါ။ မိဖုရားခေါင်ကြီးရဲ့ လက်အောက်မှာ မိန်းမတွေက ယောကျ်ားတွေထက် မသာရင်တောင် တန်းတူ ယှဥ်ရဲလာကြပြီပဲ"
ကူကျန်းရှောင်က ခြောက်ကပ်ကပ် ရယ်မော၍ မျက်နှာတစ်ခုလုံး တောက်ပ၍ ပျော်ရွှင်နေပုံရသော ချောင်ရူထံ အကြည့်ရောက်သွား၏။
သူမက ယွမ်ရှောင်၏ လက်ကို ချက်ချင်း ချိတ်ကာ ခပ်ထေ့ထေ့ လေသံဖြင့် ပြောလိုက်သည်။
"ဒီလိုချီးကျုးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါက မိုးကြိုးဌာနမှာ ရာထူး ယူထားသေးတဲ့အတွက် မဟာစစ်သူကြီးက စောင့်ရှောက်ပေးပါဦး"
ထိုအချိန်တွင် ချောင်ရှန်းသည် အမှန်တကယ် နောင်တရနေပြီး သူမကို အနောက်နန်းဆောင်သို့ သွားခွင့်ပေးလိုက်မိခြင်းအပေါ် ခေါင်းကိုက်နေသည်။ ထိုနေရာမှ ပြန်လာပြီးနောက် ချောင်ရူ ဤမျှ မာနထောင်လွှားလာမည်ဟု ကြိုသိခဲ့လျှင် တားဆီးခဲ့ပေလိမ့်မည်။
"ကြက်မတွေက ကြက်ဖတွေ အရှေ့မှာ လာတွန်ပြနေတယ်။ ဒီအတိုင်း ဆက်သွားရင် ကောင်းကင်ရုံးတော် ပျက်စီးသွားမှာပဲ"
ဤစကားများကို စိတ်ထဲတွင်သာ ပြောရဲခြင်း ဖြစ်ပြီး အသံထွက်လိုက်လျှင် မိဖုရားကြီးကို စော်ကားမိသည့်အတွက် သေဒဏ်ထိုက်၏။ ကူကျန်းရှောင် နောက်ဆုတ်သွားသော အကြောင်းအရင်းသည်လည်း လမင်းဓားနတ်ဘုရားက ဓားဌာန၏ အရာရှိတစ်ယောက်အပြင် အနောက်နန်းဆောင်၏ မျက်နှာသာပေးခြင်းကို ရထားသောကြောင့်ပင်။ သူက မိုးကြိုးဌာနတွင် မည်မျှ အင်အားကြီးမားပါစေ၊ အနောက်နန်းဆောင်၏ ဒေါသကိုမူ သွားမဆွရဲချေ။ ထို့ကြောင့် သူက ကောင်းကင်သို့ ပျံတက် ထွက်ခွာသွားသောအခါ နောက်လိုက်အရာရှိများလည်း မျက်နှာပျက်ပျက်နှင့် လိုက်ပါသွားကြရ၏။
"မဟာစစ်သူကြီး..."
ဒေါသပုံချခံရမည်ကို ကြောက်လန့်နေသော ချောင်ရှန်းက ထပ်ကြပ်မကွာ လိုက်သွား၍ အမြန်ခစားလိုက်သည်။
"တကယ်တော့ ဒါက ငါတို့အတွက် ကောင်းတယ်။ ဒီကောင်လေးရဲ့ ပါရမီက လက်ခံချင်စရာကောင်းပေမယ့် စရိုက်က ပြင်းထန်လွန်းတယ်။ အကြမ်းဖက်တတ်ပြီး ပြဿနာရှာတယ်။ သူ့ကို မွေးစားသားအဖြစ် လက်ခံလိုက်ကတည်းက မင်းလည်း ပြဿနာကို အဆုံးမရှိ ဖြေရှင်းနေရတယ်။ လမင်းဓားနတ်ဘုရားလည်း ဒီဒုက္ခကို ခံရတော့မှာပါ ဟား ဟား"
သို့သော် ကူကျန်းရှောင်သည် သူ့ကို အပြစ်မတင်ဘဲ ရုတ်တရက် လှောင်ပြောင်ရယ်မောနေ၏။
"ဒီကောင်က မွေးရာပါ လူဆိုးလူမိုက် ဖြစ်နေတယ်။ ပါရမီရှိပေမယ့် ကောက်ကျစ်ပြီး သောင်းကျန်းလွန်းတာပဲ။ ကိုယ့်ကိုကိုယ် နှိမ့်ချနေထိုင်ဖို့ နားမလည်ဘူး။ သူ့နောက်ခံ ဖြစ်ပေးတဲ့ ဘယ်သူမဆို သေကိန်းဆိုက်လိမ့်မယ်"
ချောင်ရှန်းက ခေါင်းညိတ်၍ ထောက်ခံသည့်အနေဖြင့် မှတ်ချက်ချသည်။
"ကံကောင်းတာက မင်း ဉာဏ်ကောင်းပြီး မြန်မြန် ဆက်ဆံရေး ဖြတ်လိုက်တာပဲ။ သူ့ကြောင့် ဆူပူအုံကြွတာတွေ ဖြစ်လာရင် ငါတို့နဲ့ မဆိုင်တော့ဘူး။ လမင်းဓားနတ်ဘုရားသာ မပေါ်လာရင် သူနဲ့ ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုက ဘာမှမဆိုင်ဘူးဆိုတာ သေချာတယ်။ ဒါပေမယ့် အကူအညီ တောင်းလိုက်တဲ့အတွက် တစ်ခုခု ပတ်သက်နေတယ်ဆိုတာ ထင်ရှားသွားပြီ"
"ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ မိုးကြိုးဧကရာဇ်က အမှုကို တစ်ရက်အတွင်း ဖြေရှင်းခိုင်းထားတယ်"
ချောင်ရှန်းက မျက်မှောင်ကြုတ်၍ စဥ်းစားမရဟန်ဖြင့် အကြံတောင်းလိုက်သောအခါ ကူကျန်းရှောင်သည် ယွမ်ရှောင်အပေါ် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှင်းပြရင်း မျက်လုံး၌ မီးဝင်းဝင်းတောက်နေခဲ့သည်။
"အရင်ဆုံး ဒီကောင်နဲ့ ကျန်းထိုက်ပင်းအကြား ပြဿနာရှိတယ်ဆိုတဲ့ သက်သေရှာရမယ်။ သက်သေနဲ့ လက်ပူးလက်ကြပ်မိရင် လမင်းဓားနတ်ဘုရားလည်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီကောင်က ကပ်ဘေးတွေချည်း သယ်လာတတ်တယ်ဆိုတာ သိတဲ့အချိန်ရောက်ရင် နောက်ဆုတ်ဖို့အတွက် နောက်ကျသွားလိမ့်မယ်။ တကယ်တမ်း ပြဿနာတက်ရင် အသက်ပေါင်းတစ်ရာ ရှိနေတာတောင်မှ ဒီကောင်မလည်း မလွတ်မြောက်နိုင်ဘူး"
"အချိန်ကျရင် ဓားအရိုးကလည်း မဟာစစ်သူကြီး အတွက် ဖြစ်လာလိမ့်မယ်"
ချောင်ရှန်းက လေးနက်စွာ ပြောလိုက်ပြီး ကူကျန်းရှောင်သည်လည်း အချိန်တစ်ခုသာ စောင့်ဆိုင်းရမည်ဖြစ်၍ သည်းခံနိုင်လေသည်။
***