လမင်းဓားနတ်ဘုရား၏ ငွေရောင်ဆံကေသာက ခါးအထိ ရေတံခွန်ပမာ ဖြာဆင်းနေပြီး ဝတ်ရုံအထက်၌ ရှုခင်းများ ပန်းထိုးထားပြီး မြင့်မြတ် အေးစက်သော အရှိန်အဝါ ထုတ်ဖော်နေသဖြင့် မည်သူမျှ ကျူးလွန် စော်ကားမရနိုင်မည့် သန့်စင်မှုမျိုး ထွက်ပေါ်နေသည်။ အရာရှိများ ထွက်သွားသောအခါ ယွမ်ရှောင်၏ ခပ်ထေ့ထေ့ အမူအရာသည် တည်ငြိမ် လေးနက်သော မျက်နှာထားအဖြစ် ပြောင်းလဲလာ၏။ သူမ၏ မျက်နှာအထက်တွင် ငွေရောင်မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသော်လည်း လရောင်ကဲ့သို့ အေးစက်တောက်ပသော မျက်ဝန်းများကို မြင်နိုင်သည်။ သူမ၏ အလှက ချောင်ရူနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး အစွန်းနှစ်ဖက်၌ ရှိကာ တစ်ယောက်သည် ထိတွေ့ကိုင်တွယ်မရလောက်အောင် မြင့်မြတ်၍ ကျန်တစ်ယောက်မှာ ဆွဲဆောင်အားပြင်းပြင်းနှင့် ရဲတင်းလွန်း၏။
ချောင်ရူက ဓားဌာန၏ မည်သည့်အရာရှိကို ခေါ်နိုင်မည်ကို မသိသော်လည်း ယွမ်ရှောင်သည် ကံစမ်းခဲ့သည်။ ယေဘူယျအားဖြင့် ဓားဖိနှိပ်မှု တံခါးကို ပျက်စီးစေနိုင်သော အလင်းကွင်းခုနစ်ခု ပိုင်ရှင်တစ်ယောက်အတွက် ထွက်ပေါ်လာသူမှာ သေချာပေါက် အဆင့်အတန်း မြင့်ပေလိမ့်မည် မဟုတ်ပါလော။ သူက ရိုင်းရိုင်းပြပြ ပြုမူမနေဘဲ လေးနက်စွာ ဦးညွှတ်၍ ဆရာအဖြစ် အသိအမှတ်ပြုလိုက်၏။
"တပည့် လုယောင်က ဆရာ့ကို ဂါရဝပြုပါတယ်"
"ငါနဲ့ အတူ ဓားဌာနကို လိုက်လာခဲ့"
လမင်းဓားနတ်ဘုရားက အေးစက်စက် အမိန့်ပေးလိုက်သောအခါ ချောင်ရူမှ တစ်စခန်း ထလာပြန်သည်။
"အစ်မက ဘာတွေလောနေတာလဲ။ ငါတို့က အခုမှ လွတ်လွတ်လပ်လပ် တွဲရတာကို၊ ဘာလဲ ငါ့အချစ်လေးကို လုချင်နေတာလား"
"သူက ငါ့တပည့်"
တစ်ဖက်လူက သူမကို တစ်ချက်စိုက်ကြည့်၍ ခပ်ပြတ်ပြတ် ပြောလိုက်၏။ ယွမ်ရှောင်က အလေးအနက် စဥ်းစား၍ တစ်ခု တောင်းဆိုလိုက်သည်။
"ဆရာ မိုးကြိုးဌာန၊ ရွေးချယ်ပွဲက နောက်ထပ် လေးချီ ကျန်ပါသေးတယ်။ ဒီနေ့ အပြီးသတ်မှာဆိုတော့ စခဲ့တဲ့အလုပ်ကို အဆုံးသတ်ချင်ပါတယ်။ မိုးကြိုးဌာနနဲ့ တစ်ခါတည်း ပြတ်ပြတ်သားသား လုပ်ချင်လို့ပါ"
"ကောင်းပြီ။ မင်းကိစ္စ ပြီးရင် ငါ့ကို အဆောင်နဲ့ သတင်းပို့လိုက်"
လမင်းဓားနတ်ဘုရားကလည်း ငြင်းဆန်မနေဘဲ သတင်းပို့ အဆောင်များ ကမ်းပေးကာ ခွင့်ပြုလိုက်သည်။ အကယ်၍ သူသာ နောက်ထပ် လေးချီကို အနိုင်ရပြီး မိုးကြိုးဌာန ရွေးချယ်ခံ ကိုးယောက်အနက် တစ်ယောက် ဖြစ်လာလျှင် အဆင့်ကိုး စီရင်သူ အဖြစ်မှ အဆင့်ခြောက် အရာရှိ ချက်ချင်း ဖြစ်သွားပေလိမ့်မည်။ ချောင်ရူ၏ အမြင်တွင် အခွင့်အရေး နည်းပါးသော်လည်း ဖြစ်နိုင်ချေ ရှိပြီး ဤမျှမြန်မြန် ရာထူးတက်သော အဖြစ်မျိုးကို တစ်သက်လုံး ကြားပင် မကြားဖူးချေ။
"တကယ်တမ်းပြောရရင် မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက နိမ့်နေသေးတယ်။ တချို့ပါရမီရှင်တွေဆိုရင် ကျန်းထိုက်ပင်းကိုတောင် အနိုင်ယူနိုင်တယ်။ တကယ့်ပြိုင်ဘက်စစ်စစ်တွေက အခုမှ လာမှာ"
မိုးကြိုးကိုးပါး ရင်ပြင်၌ ယွမ်ရှောင် ရင်ဆိုင်ဖူးသမျှ ပြိုင်ဘက်များတွင် အသန်မာဆုံးသည် အတ္တနတ်ဘုရား နယ်ပယ် ပြည့်စုံအဆင့်သာ ဖြစ်ပြီး မိုးကြိုးဌာန၏ အထက်တန်းစား ပါရမီရှင်များအကြား အပေါ်ယံဟု ဆိုနိုင်သည်။ မဟာကောင်းကင်ကျောင်းတော်၏ ညစာစားပွဲတွင် ပိုင်လင်းအာကဲ့သို့ ထိပ်တန်း ပါရမီရှင်များကို တွေ့ခဲ့ရပြီး အားလုံး၏ ရည်ရွယ်ချင်သည် နတ်ဘုရားဂိတ်သို့ သွားရောက်လိုခြင်းပင်။ လာမည့် အချီက ပြင်းထန်နိုင်ပြီး ဓားမိစ္ဆာအသွင်ကို ဖုံးကွယ်ထားရလျှင် ယွမ်ရှောင်ကိုယ်တိုင်လည်း ရာနှုန်းပြည့် ယုံကြည်ချက် မရှိသဖြင့် အသေအချာ တွက်ချက် လှုပ်ရှားရပေလိမ့်မည်။
"မင်းရဲ့ စိတ်ဓာတ် ခိုင်မာတာနဲ့တင် လုံလောက်ပါပြီ"
လမင်းဓားနတ်ဘုရားက ချီးကျူး၍ ချက်ချင်း လှည့်ထွက်သွားကာ အလာကဲ့သို့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။ ထို့နောက် ချောင်ရူသည် ယွမ်ရှောင်၏ ရင်ခွင်အတွင်း တိုးဝင်ကာ မျက်စိတစ်ချက် မှိတ်ပြ၍ မေးခွန်းထုတ်၏။
"ဘယ်လိုလဲ။ ငါကိုင်တွယ်လိုက်တာ တော်တော် ကောင်းတယ်မလား"
"မဆိုးပါဘူး"
"ဟွန့် မဆိုးဘူး ဟုတ်လား။ ငါသာ လမင်းဓားနတ်ဘုရားလို အဆင့်မျိုးကို ခေါ်မလာရင် ဒီနေ့ မင်း အဆုံးသတ်ပြီပဲ"
"ပြီးသွားစရာ အကြောင်းကို မရှိဘူး။ အခြေအနေ တကယ်ဆိုးရင် မဟာအစီအရင်ကို ထိန်းချုပ်ပြီး အကုန် အမှုန့်ချေပစ်လိုက်မှာပေါ့"
သူမက အနိုင်ရအောင် မပြောနိုင်တော့ဟန်ဖြင့် လက်မြှောက်ပြကာ သူ၏ ပါးကို ချစ်စနိုး လိမ်ဆွဲလိုက်၏။
"အမြဲတမ်း ငကြွား လုပ်နေတယ်။ ဒါပေမယ့် ပြဿနာတွေကို ပိုပိုကြီးအောင် မီးမွှေးတတ်တယ်။ အခု မင်းက မိုးကြိုးဌာနရဲ့ အရာရှိတွေကို စော်ကားလိုက်ပြီး ငါလည်း ကြံရာပါ ဖြစ်သွားပြီ။ ဘယ်လို လျော်ကြေးပေးမလဲ"
သို့သော် ယွမ်ရှောင်က အဖြေ တိုက်ရိုက်မပေးဘဲ အလေးအနက် စဥ်းစားကာ မေးခွန်းပြန်မေးလိုက်သည်။
"ကျုပ် စဥ်းစားမရတာ တစ်ခု ရှိတယ်။ မိုးကြိုးတမန်တော် ချောင်၊ ခင်ဗျားက ကိုယ့်ကိုကိုယ် ဒုက္ခအဖြစ်ခံပြီး ဘာကြောင့် ကျုပ်ကို ကူညီတာလဲ။ ဘာအကျိုးအမြတ် ရမှာမို့လို့လဲ"
"ဘာမှ မရှိဘူး။ ရွေးချယ်ရမယ်ဆိုရင်တော့ သေကာနီး အဘိုးကြီးတစ်ယောက်ထက် လူငယ်လေးတစ်ယောက်ဆီမှာ ခစားမယ်လေ။ အဲ့ဒီခံစားချက်ကြောင့် ငါ အခု သေရမယ်ဆိုရင်တောင် တန်ပါတယ်"
သူမ၏ ဆွဲဆောင်အားပြင်းထန်သော အကြည့်စူးစူးကြောင့် သူ ဆွံ့အသွားသော်လည်း အိပ်ရာခင်းအထက်မှ အနီရောင် သွေးစများအကြောင်း သတိရသောအခါ တစ်ဖက်လူမှာ မဆင်မခြင် ကမြင်းတတ်သူ မဟုတ်ကြောင်း သိနိုင်သည်။ ချောင်ရူက မျက်နှာထားပြင်၍ ရုတ်တရက် လေးနက်စွာ မေးလာ၏။
"ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုက မင်းနဲ့ တကယ်ပဲ သက်ဆိုင်နေတာလား"
"ဟုတ်တယ်။ ဒါကြောင့် ခင်ဗျားကို လာရှာပြီး အကူအညီတောင်းတာလေ"
"လာကြွားနေပြန်ပြီ။ မဖြစ်နိုင်တာဟယ်"
သူမက မယုံကြည်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်ချိန်တွင် ယွမ်ရှောင်သည် နောက်တစ်ကြိမ် စကားလမ်းကြောင်း ပေးလိုက်သည်။
"ရွေးချယ်ပွဲ စဖို့ လိုပါသေးတယ်။ နောက်တစ်ခါလောက် လျော်ကြေးပေးရင် ဘယ်လိုလဲ"
"တော်ပြီ၊ တော်ပြီ။ ငါက အသက်ကြီးတယ်။ မင်းလို သားရဲကောင်လေးအတွက် ခဏခဏ ပြုစုပေးဖို့ ခန္ဓာကိုယ်က မလိုက်နိုင်ဘူး"
သူမက ခြေထောက်နှစ်ချောင်း စုစည်းကာ နှုတ်ခမ်းကိုက်၍ နောက်ဆုတ်သွား၏။
"ဟား ဟား"
သူက ကျေနပ်စွာ ရယ်မော၍ ရွေးချယ်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် မိုးကြိုးကိုးပါး ရင်ပြင်ထံ ခြေဦးလှည့်လိုက်သောအခါ အနောက်မှ စကားသံ ထွက်ပေါ်လာပြန်သည်။
"ရွေးချယ်ပွဲ ပြီးရင် မင်းက ဓားဌာနကို တကယ် သွားဖို့ ဆုံးဖြတ်လိုက်ပြီလား"
"ကျုပ်မှာ ဘာများ ရွေးချယ်စရာ ရှိသေးလို့လဲ"
"ငါတို့ ခိုးပြေးလိုက်ကြမလား"
"ခင်ဗျားစိတ်ကူးယဥ်လွန်းနေပြီ။ ကျုပ်က ခင်ဗျားအပေါ် အဲ့လောက် ခံစားချက် မရှိဘူး"
"နှလုံးသားမဲ့တဲ့ ကောင်"
ယွမ်ရှောင်အတွက် မိုးကြိုးဌာနက အိမ်ကွင်းဖြစ်သော်လည်း အပြည့်အဝ မသောင်းကျန်းရသေးသဖြင့် ထွက်မသွားချင်သော်လည်း ရွေးချယ်စရာ မရှိချေ။ အခြားဌာနများတွင် သူ ထိန်းချုပ်နိုင်သော မိုးကြိုး မဟာအစီအရင် ရှိချင်မှ ရှိမည် မဟုတ်ပါလော။
မိုးကြိုးဌာနတွင် အရုဏ်တက်ချိန်ရောက်သောအခါ နယ်မြေဓာတ်လုံး၏ အလင်းရောင် လွှမ်းခြုံလာ၍ မဟာအစီအရင် တဝုန်းဝုန်း မြည်ဟီးကာ မိုးကြိုးများ တရစပ် ကျဆင်းလာနေသည်။.ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုသည် အရာရှိတိုင်းကို စိတ်ဖိစီးစေသဖြင့် စီရင်သူများကိုလည်း ခေါင်းလေးနေကြ၏။
"လုယောင်နဲ့ လျူမူက ဆရာတပည့် မဟုတ်လား"
"ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုက သူနဲ့ ပတ်သက်နေလောက်တယ်"
"ဘာလို့ မဖမ်းရသေးတာလဲ"
"မပြောတတ်ဘူး။ စစ်သူကြီးချောင်ကတော့ ဆက်ဆံရေး ဖြတ်ပစ်လိုက်ပြီလို့ ကြားတယ်"
တီးတိုးစကားသံများသည် မိုးကြိုးကိုးပါး ရင်ပြင်တစ်ခုလုံး ပျံ့နှံ့နေပြီး ပါရမီရှင်များလည်း စုဝေးရောက်ရှိလာကြ၏။ အထက်ရှိ အဖြူရောင် ကျောက်စိမ်းစင်မြင့်တွင် အဆင့်မြင့် အရာရှိများ ရောက်နေသော်လည်း ဟိုတစ်စု ဒီတစ်စု ကွဲပြားနေ၍ များများစားစား ရောက်မလာကြသေးဘဲ ပိုဟုန်နှင့် ပိုင်တောက်တို့ ရှိနေကြသည်။
"အစ်ကိုပိုင် လမင်းဓားနတ်ဘုရား ရောက်လာတဲ့အကြောင်း သိပြီးပြီလား"
လျှပ်စီးသခင်ပိုဟုန်က ခပ်တိုးတိုး မေးသောအခါ ပိုင်တောက်မှ ခေါင်းညိတ်ပြလိုက်သဖြင့် ကျေနပ်စွာ ရယ်မောလိုက်လေသည်။
"စိတ်ဝင်စားစရာ ကောင်းလာပြီ။ တစ်ယောက်ယောက်က သူမကို လုယောင်၊ သတ္တမမင်းသမီးနဲ့ နားခိုရာဂိုဏ်း ပတ်သက်နေတဲ့အကြောင်း ပြောလိုက်ရင် ဘယ်လိုဖြစ်သွားလောက်မလဲ။ ဒီကောင်မက အလန့်တကြားနဲ့ လုယောင်ကို အဆက်အသွယ် ဖြတ်ပစ်လိမ့်မယ်လို့ ထင်လား"
***