ချောင်ရူ၏ သီးသန့် ခြံဝန်းအတွင်း ယွမ်ရှောင်သည် တင်ပျဥ်ခွေထိုင်၍ ဉာဏ်အလင်းတွင် နစ်မြုပ်နေကာ အတ္တနတ်ဘုရား နယ်ပယ်၏ သဘောတရားကို တွေးနေမိသည်။ စိတ်နှင့် ဝိညာဥ် ပေါင်းစပ်သောအခါ ကိုယ်ကိုယ်တိုင် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်သွားပြီး တတိယမြောက် တာအိုကပ်ဘေး၏ အဆင့်များအနက် ပါဝင်ကာ ထိုအဆင့်သို့ ရောက်လျှင် ဆန္ဒနှင့် ဝိညာဥ်ပေါင်းစပ်၍ မူလဝိညာဥ် ပိုမို အစွမ်းထက်လာ၏။ ဝိညာဥ် ပုံရိပ်ဖော်နိုင်သော ကြာချိန်နှင့် စွမ်းအား သိသိသာသာ တိုးတက်လာကာ စီရင်သူတပ်မှူးများ ရောက်ရှိသော အဆင့်ဖြစ်၏။ ကောင်းကင်ပျံသန်းမြို့တော်တွင် သတ်ဖြတ်ရာမှ သိမ်းယူလာခဲ့သော အရင်းအမြစ်များတွင် အင်မော်တယ်ကျောက်စိမ်း ငါးသိန်းကျော်၊ ဆေးလုံးများ၊ ဆေးပင်များနှင့် ရတနာများ ပါဝင်၍ စုစုပေါင်းတန်ဖိုး တစ်သန်းကျော်သည်။ လက်ရှိ သူ၏ ငွေကြေး အခက်အခဲများ ပြေလည်သွားသည့်အပြင် နယ်နမိတ်သတ်မှတ်ရေး နတ်အပ်ကိုလည်း ရရှိသွားပြီး လမင်းဓားနတ်ဘုရား၏ အကူအညီဖြင့် အန္တရာယ်များသော အနေအထားမှ လွတ်မြောက်လာခဲ့သည်။
မိုးကြိုးဌာန၏ ရွေးချယ်ပွဲ မကျင်းပခင် သူက ကောင်းကင်ဆေးလုံးနှင့် မူလဆေးလုံးများ အသုံးပြု၍ အတ္တနတ်ဘုရား နယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့ပြီး ထိုမျှဖြင့် ရပ်တန့်မနေဘဲ အလယ်အဆင့်အထိ ထိုးတက်သွားသည်။ လက်ရှိတွင် တိုက်ခိုက်ရေးစွမ်းအားအရ သူက အနည်းဆုံး အဆင့် ၇ ကာကွယ်သူတစ်ယောက်နှင့် ညီမျှပြီး ရာထူးအပြောင်းအလဲ ဖြစ်စေရန် မိုးကြိုးကိုးပါး ရင်ပြင်သို့ ခပ်စူးစူး ကြည့်လိုက်၏။ လမင်းဓားနတ်ဘုရားသည် သူ့ကို ကယ်တင်ပေးခဲ့သော်လည်း ခန့်မှန်းရခက်ခဲသောကြောင့် ကောင်းကင်ရုံးတော်တွင် ကိုယ့်ကိုကိုယ် ကာကွယ်ရန် အဆင့်အတန်းတစ်ခုကသာ အရေးအကြီးဆုံး ဖြစ်သည်။
ယွမ်ရှောင်သည် တစ်ဖက်လူကို ဆရာအဖြစ် အသိအမှတ်ပြုခြင်းမှာ အခက်အခဲမှ လွတ်မြောက်စေရန်သာ ရည်ရွယ်ပြီး ရာနှုန်းပြည့် အားကိုးလိုစိတ် မရှိချေ။ မဟာတာအိုနယ်မြေတွင် ခြေလှမ်းတိုင်းသည် ကြိုးတန်း လမ်းလျှောက်နေရသကဲ့သို့ ဖြစ်၍ ဓားဌာနကို လောလောဆယ် လျစ်လျူရှုထားကာ မိုးကြိုးဌာန ရွေးချယ်ပွဲနှင့် မိုးကြိုးအဆင့်သတ်မှတ်ချက်တွင် အဆင့်တက်ရန်ဆိုသည့် အချက်များ၌သာ အာရုံစိုက်ထားလိုက်၏။ အသက်သုံးဆယ် မတိုင်ခင် အဆင့်ခြောက် အရာရှိ ဖြစ်လာလျှင် အထက်တန်းလွှာအကြား ပို၍ ဝင်ဆန့်နိုင်မည် ဖြစ်သောကြောင့် သူ ထွက်ခွာလာခဲ့သည်။ နန်းဆောင်အတွင်း၌ ချောင်ရူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး ပါးပြင်များ အနီရောင် သန်းနေဆဲ ဖြစ်ကာ နှုတ်ခမ်းများအထက် အပြုံးတစ်ခု ရှိနေသည်။
"သေမျိုးလောကရဲ့ ခံစားချက် စည်းစိမ်တွေကို အင်မော်တယ်တွေတောင် လက်မလွှတ်နိုင်ကြပါလား"
ယွမ်ရှောင်က ဤသို့ ရေရွတ်လိုက်သောအခါ ကြယ်ပြာသည် မဲ့ပြုံးတစ်ချက်ဖြင့် ဖြတ်ပြောလိုက်၏။
"မင်းလည်း အတူတူပါပဲ"
"ကောင်းကင်အထိ တက်လှမ်းရာမှာ လူချည်း သတ်နေရရင် ပျင်းစရာကောင်းတယ်လေကွာ"
အေးစက်စက် မျက်နှာအထက်တွင် ချောမောလှပသော အပြုံးတစ်ခု ဖြစ်တည်လာကာ ခါးရှိ အရက်အိုး ဆွဲဖြုတ်၍ အားပါးတရ မော့သောက်ပစ်လိုက်သည်။ ၎င်းက လည်ချောင်းတလျှောက် ပူဆင်းသွားပြီးနောက် သူသည် ကျယ်လောင်စွာ ရယ်မောကာ အတားအဆီး မှန်သမျှကို ကျော်ဖြတ်မည့် စိတ်ဆန္ဒမျိုးဖြင့် ရှေ့ဆက်သွားသည်။ သေမျိုးလူသားများ၏ ခံစားချက်ကို မပစ်ပယ်တတ်သော သူ့အတွက် ဘဝကို အပြည့်အဝ ခံစားနိုင်ရန် ပျော်ရွှင်စေမည့် အရာမှန်သမျှ ချုပ်တည်းထားစရာ မလိုအပ်ချေ။
"လက်ထဲမှာ အရက်အိုးနဲ့ ဓား ရှိရင် လိုအပ်တာ ပြည့်စုံပြီ"
ယွမ်ရှောင်သည် ဓားပျံစီးနင်း၍ ကောင်းကင်အထက် ပျံတက်သွားကာ ပေါက်ကွဲမတတ် ပြင်းထန်သော ရွေးချယ်ပွဲထံ ချဥ်းကပ်သွားခဲ့သည်။ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်တွင် ဓားပိုင်နက် လေးခု ဖြစ်ပေါ်နေကာ ညတွင်းချင်း တိုးတက်လာသည့် အကြောင်းအရင်းမှာ ကောင်းကင်ပျံသန်းမြို့တော်တွင် သူ သတ်ဖြတ်ခဲ့သော ဓားကျင့်ကြံသူများ၏ ဓားအရိုးများကို ဝါးမျိုခဲ့သောကြောင့်ပင်။ သို့ရာတွင် ကောင်းကင်ရုံးတော်ရှိ ဓားကျင့်ကြံသူများမှာမူ ဓားပိုင်နက် အသစ်ဖြစ်ပေါ်စေရန် ရှိပြီးသား ဓားပိုင်နက်ကို ထပ်ကာတလဲလဲ ဖိနှိပ်ရန် လိုအပ်၏။ သူ၏ ဓားဝိညာဥ်ကမူ ဤကိစ္စကို ဓားဖိနှိပ်မှု တံခါး အကူအညီ မပါဘဲ အလိုလို လုပ်ဆောင်နေသောအခါ အမှန်တကယ် အံ့သြစရာဖြစ်သည်။
"ဒါက အသုံးဝင်တယ်။ ဓားဖိနှိပ်မှုတံခါးလို အရာတွေ မလိုအပ်ဘူး။ ဒီလိုနဲ့ ငါ့လက်ထဲမှာ ဓားဖိနှိပ်မှု တံခါးလို ရတနာ ပိုင်ဆိုင်ထားတယ်လို့ သူများတွေ မြင်သွားရင် နောက်ခံဇာတ်လမ်းအတုတွေ အလိုလို ပေါ်လာလိမ့်မယ်။ ဒါဆိုရင် ရန်သူတွေ မဆင်မခြင် မလုပ်ရဲအောင် တန့်သွားမှာပဲ"
သူ၏ ဓားဝိညာဥ်က ဆက်လက် အားကောင်းလာနေပြီး ယခု လမ်းကြောင်းအမှန်၌ ခိုင်ခိုင်မာမာ ရှေ့ဆက်နေပြီဖြစ်၏။ အသက်တံဆိပ်အတွက်မူ ရုန်းပိုင်နက် မဖြစ်ပေါ်လာသေးသဖြင့် ရုန်းဖိနှိပ်မှုတံခါး လိုအပ်ကောင်းလိုအပ်ပေလိမ့်မည်။ မိုးကြိုးဌာနတွင် ထိုအရာမျိုး တည်ရှိသော်လည်း မည်သူမျှ သူ့ကို အသုံးပြုခွင့် ပေးလိမ့်မည် မဟုတ်ချေ။ မိုးကြိုးကိုးပါး ရင်ပြင်အနီး ရောက်လာသောအခါ မိုးချုန်းသံ တဝုန်းဝုန်း မြည်ဟီးနေကာ ကျဆင်းလာသော လျှပ်စီးကြောင်းများပင် ဒြပ်ဖြစ်တည်နေ၏။ အချီတိုင်း တိုက်ပွဲကျင်းပရာ တိမ်တိုက်များကို ပေါင်းစပ်ပစ်ခဲ့သောကြောင့် လက်ရှိတွင် ၎င်းတို့၏ အကျယ်အဝန်းမှာ အတော်လေး ကြီးမားလာခဲ့သည်။
ပါရမီရှင် အရေအတွက် နည်းသွားသဖြင့် တိုက်ပွဲများကို တစ်ခုပြီးမှ တစ်ခု ကျင်းပသဖြင့် အချိန်ကြာကြာ စောင့်ရသော်လည်း ပရိသတ် ပို၍ များပြားလာခဲ့၏။ မိုးကြိုးဌာနသည် ပါရမီရှင်များကို အားပေးနိုင်ရန် သာမန်အင်မော်တယ်များအား ဝင်ခွင့်ပေးလိုက်သောကြောင့် အရေအတွက် သန်းချီနေကာ စိတ်အားထက်သန်စွာ အော်ဟစ်နေကြသည်။
"လုယောင် ရောက်လာပြီ"
ယွမ်ရှောင်ကို မြင်လိုက်ရသည်နှင့်တပြိုင်နက် လူအုပ်အကြား အုတ်အော်သောင်းတင်း ဖြစ်သွားကာ မိုးကြိုးဌာန၏ အရာရှိများ ထူးဆန်းသော မျက်နှာထားဖြင့် လှည့်ကြည့်လာရင်း သိသာစွာ ရန်လိုနေကြ၏။ ယမန်နေ့ညတွင် သူက ဓားပါရမီကြောင့် အင်မတန် ကျော်ကြားခဲ့သော်လည်း လက်ရှိတွင် သိုးမည်းတစ်ကောင်ပမာ အတင်းအဖျင်းမျိုးစုံ အပြောခံနေရသည်။
"ဒီကောင်က လမင်းဓားနတ်ဘုရားကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပြီ။ မိုးကြိုးဌာနရဲ့ စီရင်သူ မဟုတ်တော့ဘူး"
"ဟုတ်တယ်။ အခု သူက ဓားဌာနရဲ့ လူပဲ"
"နည်းနည်းလောက် ကျော်ကြားသွားတာနဲ့ ကိုယ့်ဌာနကို စွန့်ပစ်ရက်တယ်။ အတော်ကျေးဇူးကန်းတဲ့ ကောင်"
"ဘာကြောင့်များ မိုးကြိုးဌာနရဲ့ ပြိုင်ဘက် ဓားဌာနနဲ့ ပူးပေါင်းလိုက်ရတာလဲ။ မနေ့ညကတောင် ငါတို့ သူ့ကို ချီးကျူးပေးခဲ့ကြသေးတယ်"
"ဒီကောင်က ဓားဌာနရဲ့ လူဆိုရင် မိုးကြိုးဌာနရဲ့ ရွေးချယ်ပွဲမှာ ဘာလုပ်ချင်သေးတာလဲ"
မိုးကြိုးဌာန၏ သာမန်အင်မော်တယ်များပင် သူ့အပေါ် ရန်လိုနေကြပြီး ဌာနချင်း အားပြိုင်မှုကြောင့် ပျောက်ကွယ်သွားစေရန် လိုလားကြ၏။ သို့သော် ယွမ်ရှောင်သည် တရားဝင် ဌာန မပြောင်းရသေးသောကြောင့် ဝင်ရောက်ယှဥ်ပြိုင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်ကာ ဖိအားများစွာ ခါးစည်းခံနေရသည်။ ကောင်းကင်အထက်တွင် အဆင့်မြင့် အရာရှိ တစ်ရာကျော် ရှိ၍ ပတ်ဝန်းကျင်၌ သာမန်အင်မော်တယ် တစ်သန်းကျော် ဝိုင်းထားကာ မဟာကောင်းကင်ကျောင်းတော်မှ ပြိုင်ဘက် ရာချီ သူတစ်ယောက်တည်းကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေကြသည်။
"ဓားဌာနရဲ့လူ ဒီနေရာက ထွက်သွားစမ်း"
"အခွင့်အရေးသမား၊ မိုးကြိုးဌာနကြောင့် မင်း တိုးတက်လာတာ မဟုတ်ဘူးလား။ စီရင်သူတစ်ယောက် ဖြစ်ပြီး ဂုဏ်သိက္ခာ ကင်းမဲ့လှချည်လားကွ"
ဒေါသတကြီး မောင်းထုတ်သံများ လေထဲတွင် ကျယ်လောင်စွာ မြည်ဟီးလာကာ ဝင်ရောက်ဟန့်တားသူ မရှိသောကြောင့် ပိုမို ရိုင်းစိုင်းလာခဲ့လေသည်။
***