မိုးကြိုးကိုးပါး ရင်ပြင်အတွင်း အားပေးသံများ ဆူညံစွာ ထွက်ပေါ်နေခဲ့သော်လည်း ရုတ်တရက် တိတ်ကျသွားကာ ပိုင်ကျိကျွင်းကို ထောက်ခံနေကြသူ တစ်သန်းကျော် သွေးအန်လုမတတ် ဒေါသထွက်ကုန်သည်။ သူ၏ ပါးစပ်မှ ဖောက်ဝင်၍ လည်ပင်းအနောက်မှ ပြန်ထွက်လာသော ဓားသည် ယွမ်ရှောင်အပေါ် လှောင်ပြောင်မှုများကို အဓိပ္ပါယ်မဲ့သွားစေ၏။ ကောင်းကင်ဖြန့်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် ဓားတစ်ချက်ကိုပင် မခုခံနိုင်သောအခါ မိုးကြိုးဌာနကို ဖြောင်းခနဲ ပါးဖြတ်လိုက်သကဲ့သို့ သူတို့အားလုံး မင်သက်နေရသည်။
"အဆင့် နှစ် ကောင်းကင်အရာရှိရဲ့ တပည့် ဖြစ်သွားတာနဲ့ အဆင့်သုံး အရာရှိရဲ့ သားကိုတောင် သတ်ရဲနေပြီလား"
"လမင်းဓားနတ်ဘုရားလည်း စစ်သူကြီးချောင်လို ကံဆိုးမိုးမှောင်ကျလိမ့်မယ်"
အချိန်တစ်ခုကြာ တိတ်ဆိတ်သွားပြီးနောက် မိုးကြိုးဌာန၏ အင်မော်တယ်များသည် ယွမ်ရှောင်ထံ ပြင်းထန်စွာ စိုက်ကြည့်လာကြသည်။ ကျိန်ဆိုအပြစ်တင်သံများ နောက်တစ်ကြိမ် ပျံ့လွင့်လာပြီး ငမိုက်သားဟူ၍ အမည်တပ်လိုက်ကြ၍ ရွေးချယ်ပွဲအတွင်း ဝင်ရောက်တိုက်ခိုက်နိုင်စွမ်း မရှိသောကြောင့် ဒေါသများကို ထွက်ပေါက်ပေးလိုက်ခြင်းပင်။ ယွမ်ရှောင်သည် လူအုပ်ကြီး၏ ကျိန်ဆဲသံများအကြား တည်ငြိမ်စွာ ရပ်နေပြီး သေမျိုးလောကမှ ဘုရင်တစ်ပါး အဖြစ်မှ အင်မော်တယ်ပေါင်းသန်းချီကို အရှက်ခွဲနိုင်သည့် ကျင့်ကြံသူ ဖြစ်လာသောအခါ ကျေနပ်စရာ ကောင်းလှ၏။ လူတစ်ယောက်က ကျိန်ဆဲလျှင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပြီး ဆယ်ယောက်ဆိုလျှင် ဒေါသထွက်စေကာ ရာချီဆိုပါက အရှက်ရစရာပင်။ သို့သော် အင်မော်တယ်ပေါင်း သန်းချီ၏ ကျိန်ဆဲသံများက သူ့ကို ဒဏ္ဍာရီတစ်ပါးသဖွယ် ကျော်ကြားစေကာ အောင်ပွဲခံရမည့် အချိန် ဖြစ်ထိုက်၏။
"ရှူး တိုးတိုးနေ"
ယွမ်ရှောင်က ထိုလူအုပ်ကြီးကို ထပ်မံရန်စရန်အတွက် ကျိန်ဆဲနေသူများဘက်လှည့်ကာ နှုတ်ခမ်းအပေါ် လက်ညှိုးတင်ပြလိုက်သည်။ ထိုအခိုက်အတန့်တွင် မိုးကြိုးကိုးပါး ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားကာ ရိုင်းစိုင်းကြမ်းတမ်းသော ဆဲဆိုသံများ ပို၍ ပေါက်ကွဲထွက်ပေါ်လာပြန်၏။
"မောက်မာလှချည်လား"
"မဟာကောင်းကင်ကျောင်းတော်က ပါရမီရှင်တွေ၊ ဒီကောင့်ကို မသတ်နိုင်ကြဘူးလား"
"သတ်ကြ သတ်ကြ"
ဒေါသတကြီး အော်ဟစ်နေသော်လည်း မည်သည်မျှ လုပ်နိုင်စွမ်း မရှိသော လူအုပ်ကြီးရှေ့တွင် သူက လက်နှစ်ဖက် နောက်ပစ်၍ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်နေလိုက်သည်။ ပိုင်ကျိကျွင်းဆိုသည်မှာ လမ်းကြောင်းပေါ်ရှိ ခဲတစ်လုံးသာသာ ဖြစ်သောကြောင့် ဂရုပင်စိုက်မနေဘဲ တိမ်တိုက်အထက်မှ ဆင်းသက်ကာ သူက တင်ပျဥ်ခွေထိုင်၍ အချိန်ကို အလဟဿမဖြစ်စေရန် စတင်ကျင့်ကြံခဲ့၏။ ဖန်ဆင်းရှင် အင်မော်တယ်၏ အရည်အချင်းများကို ယနေ့ ရွေးချယ်ပွဲတွင် အထင်အရှား မြင်နိုင်ပြီး မိုးကြိုးဌာန၏ ဒေါသများအလယ်တွင် ရပ်ကာ ကျိန်ဆဲသံပေါင်းသန်းချီကို မတုန်မလှုပ် ရင်ဆိုင်ခဲ့သည်။
"မောင်လေး"
ပိုင်ကျိကျွင်း၏ အသက်မဲ့ အလောင်းကို ပိုင်လင်းအာက ပွေ့ဖက်၍ ရှိုက်ကြီးတငင် ငိုကြွေးနေပြီဖြစ်ကာ အဖြူရောင်ဝတ်ရုံအထက် သွေးများ စွန်းထင်သွားသည်။ နူးညံ့သိမ်မွေ့သော မျက်နှာလေးအထက်တွင် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းနေသဖြင့် မြင်သူတိုင်း စိတ်နှလုံး နာကျင်ရသည်။ ပတ်ပတ်လည်ရှိ မဟာကောင်းကင်ကျောင်းတော်မှ ပါရမီရှင်များသည် လမင်းဓားနတ်ဘုရားကိုပင် အရေးမစိုက်တော့ဘဲ ယွမ်ရှောင်ကို သတ်ရန် ဒေါသတကြီးဖြင့် ကြုံးဝါးနေကြ၏။ အကယ်၍ အကြီးအကဲများသာ ဟန့်တားမထားလျှင် သူတို့သည် ယွမ်ရှောင်ကို သတ်ရန် တအုပ်တမကြီး ပြေးထွက်သွားကြပေလိမ့်မည်။
"ဒီကောင်က ကျိကျွင်းလို လူငယ်လေးတစ်ယောက်ကိုပဲ အနိုင်ကျင့်ရဲတာလား။ တကယ်လို့ လင်းအာနဲ့ ငါတို့သာဆိုရင် သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်မယ်"
တပည့်ပေါင်းရာချီသည် အကန့်အသတ်မရှိသော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်၍ မျက်လုံးများ နီရဲလာကာ ဒေါသထွက်နေကြစဥ် လူငယ်တစ်ယောက် ရောက်ရှိနေသဖြင့် လမ်းဖယ်ပေးလိုက်ကြ၏။
"အစ်ကိုဖုန်း"
သူက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူငယ်အိမ် မရှိသော မျက်ဝန်းများအတွင်း၌ မုန်တိုင်းငယ်လေးများ ထူးထူးခြားခြား တိုက်ခတ်နေသည်။
"လင်းအာ"
သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပိုင်ကျိကျွင်း၏ အလောင်းကို တစ်ချက်ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်၌ လေပြင်းတိုက်ခတ်လာ၍ လူအများ နောက်ဆုတ်ပေးလိုက်ရ၏။
"အစ်ကိုဖုန်း၊ မောင်လေးက အရမ်းသနားစရာကောင်းတယ်။ ငါ့ရင်တွေ ကွဲပါပြီ"
ပိုင်လင်းအာသည် သူ၏ ရင်ခွင်အတွင်း ဝင်ရောက်၍ မျက်ရည်များ အဆက်မပြတ် ကျဆင်းနေဆဲပင်။
"အစ်ကိုဖုန်း၊ ကျိကျွင်းအတွက် လက်စားချေပေးပါ"
"ဒီရွေးချယ်ပွဲက အကောင်းဆုံးအခွင့်အရေးပဲ"
"မင်းတို့နှစ်ယောက်လုံးက ကျင့်ကြံဆင့်မြင့်မားတော့ ဒီအရူးကောင်ကို သတ်နိုင်တယ်မလား"
အနားရှိ ပါရမီရှင်များ စိတ်အားထက်သန်နေကြသော်လည်း ဖုန်းချီသည် တည်ငြိမ်စွာ ရှိနေကာ ပိုင်လင်းအာကို အားပေးနေသည်။
"မစိုးရိမ်နဲ့။ ငါ့အဖေက ဓားဌာနကို ဖိအားပေးထားတယ်။ သူ့မှာ အကာအကွယ် မရှိတော့ရင် ကြက်သတ်ရသလို လွယ်လွယ်လေးပါ"
"ကောင်းပြီ။ နယ်စားဖုန်းရွှမ် ဝင်ပါလာမယ်ဆိုရင် ဒီကောင့်ကို လမင်းဓားနတ်ဘုရားလည်း ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး"
သူမက မျက်ရည်များကို လက်ခုံဖြင့် သုတ်၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"လောလောဆယ် အခြေအနေအရ ချောင်ရှန်းက မင်းအဖေ ဒုက္ခရောက်အောင် ဒီကောင့်ကို အသုံးချနေသလိုပဲ။ နောက်ထပ်ပြိုင်ဘက်က မင်းဆိုရင် ဒါက သေချာသွားပြီ။ သူ့ကို တိုက်ပွဲကွင်းထဲမှာ ရင်ဆိုင်စရာမလိုဘူး။ အရှုံးပေးရင်ပေး၊ မဟုတ်ရင်လည်း အပြင်မှာပဲ သတ်ပစ်လိုက်။ တိမ်တိုက်အပေါ် ရောက်သွားရင် ပြဿနာ ပိုများလာနိုင်တယ်"
သို့သော် သူမက ဖုန်းချီ၏ အကြံပေးချက်ကို စောဒကတက်ချင်နေသည်။
"အစ်ကိုဖုန်း၊ ငါက ကောင်းကင်ဖြန့် နယ်ပယ် ပြည့်စုံအဆင့်မှာပါ။ အဆင့်ခြောက် အရာရှိတွေကိုတောင် လွယ်လွယ်လေး အနိုင်ယူနိုင်တယ်။ ဒါတောင် အရှုံးပေးရမှာလား"
"ဖြစ်နိုင်ချေကို လျှော့မတွက်နဲ့။ ကျိကျွင်းနဲ့ မတိုက်ခိုက်ခင်ကလည်း လူတိုင်း ဒီလိုပဲ တွေးထားကြတာမလား"
ဖုန်းချီ၏ စကားကြောင့် သူမက သက်ပြင်းချကာ မိုးကြိုးဌာနကို သရော်လှောင်ပြောင်လိုက်၏။
"နားလည်ပါပြီ။ တကယ်ရယ်စရာကောင်းလိုက်တာ။ ဥပဒေစိုးမိုးရေ ဌာနဖြစ်တဲ့ ဒီနေရာမှာ မောက်မာပြီး ရက်စက်တဲ့ ရာဇဝတ်ကောင်တစ်ယောက် သောင်းကျန်းနေတာကို ခွင့်ပြုထားရတယ်"
ကျောက်စိမ်းစင်မြင့်အထက်တွင်မူ ချောင်ရှန်းသည် ပိုင်တောက်ကို အသည်းအသန် ရှင်းပြနေသည်။
"ပိုင်တောက်၊ နားလည်မှုမလွဲပါနဲ့။ ဒီတိုက်ပွဲတွေကို ငါ တကယ် စွက်ဖက်ထားတာ မရှိဘူး"
ပိုင်တောက်ကမူ သူ့ကို လျစ်လျူရှုထားပြီး မိုးကြိုးကိုးပါး ရင်ပြင်ရှိ ယွမ်ရှောင်ကိုသာ မုန်းတီးစွာ စိုက်ကြည့်နေ၏။ ခဏအကြာတွင် ထရပ်လာပြီး ပိုဟုန်ကို ခွင့်တောင်းကာ လှည့်ထွက်သွားသဖြင့် သူ၏ လက်မောင်းကို တစ်ဖက်လူက ဆွဲထားရသည်။
"လမင်းဓားနတ်ဘုရားကို သွားရှာမလို့လား"
"ချောင်ရှန်းက ငါ့သမီးကိုလည်း ချမ်းသာပေးမှာ မဟုတ်ဘူးလို့ ခံစားနေရတယ်"
ပိုင်တောက်က အေးတိအေးစက် လေသံဖြင့် ခပ်တိုးတိုး ရှင်းပြ၏။
"လင်းအာက မင်းထင်ထားတာထက် အများကြီး ပိုသန်မာပါတယ်။ လုယောင်လို လူစားမျိုးက မယှဥ်နိုင်လောက်ပါဘူး"
"ကောင်းကင်ပျံသန်းမြို့တော်ရဲ့ မိစ္ဆာဓားသမားက ဒီကောင်ဆိုတာ သေချာနေပြီ"
"ကောင်းပြီ။ လမင်းဓားနတ်ဘုရားကို အကြောင်းစုံ ရှင်းပြလိုက်။ အနည်းဆုံးတော့ စိတ်ပျက်စရာကောင်းတဲ့ ဒီလုယောင်ကို မြန်မြန် ရှင်းပစ်နိုင်လိမ့်မယ်။ ငါလည်း ဒီအရူး လုပ်သမျှ သည်းခံနေရတာ စိတ်ကုန်လာပြီ"
သူက အလေးအနက် ပြောလိုက်သောကြောင့် ပိုဟုန်၏ မျက်နှာက မည်းနက်သွားကာ ခေါင်းညိတ်လိုက်ပြီး စင်မြင့်အထက်မှ တိတ်တဆိတ် ထွက်ခွာခွင့် ပေးလိုက်သည်။
မိုးကြိုးကိုးပါး ရင်ပြင် အထက်ကောင်းကင်တွင် မိုးကြိုးတမန်တော် ချောင်နှင့် လမင်းဓားနတ်ဘုရား မတ်တပ်ရပ်နေပြီး လေထဲတွင် ဆံနွယ်ရှည်ရှည်များ လွင့်ပျံနေကာ ငွေရောင်နှင့် ခရမ်းရောင် ကိုယ်စီ တောက်ပနေကြသည်။
"သူက တော်တော်လေး အရည်အချင်းရှိတယ်မလား"
လမင်းဓားနတ်ဘုရားသည် မိုးကြိုးဌာန၏ အင်မော်တယ်သန်းချီအား ရန်စပြီး တည်ငြိမ်စွာ ကျင့်ကြံနေသော ယွမ်ရှောင်ကို ကြည့်နေစဥ် ချောင်ရူက ဂုဏ်ယူစွာ ပြောလိုက်သည်။
"ပါရမီထူးချွန်တာကိုတော့ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အကျင့်စရိုက်က ကြမ်းတမ်းလွန်းတယ်။ သည်းခံနိုင်စွမ်း မရှိဘူး။ ဒီလိုစိတ်ထားနဲ့ဆိုရင် ကောင်းကင်ရုံးတော်ရဲ့ ကစားကွက်တွေကြားမှာ ရှင်သန်နိုင်ဖို့ မလွယ်ဘူး။ ဒီအကျင့်စရိုက်ကိုသာ မပြောင်းလဲနိုင်ရင် စောစောစီးစီး သေရလိမ့်မယ်"
"ငါ့အမြင်ကတော့ မတူဘူး။ ယောက်ျားတစ်ယောက်ဆိုတာ မောက်မာရင်လည်း အဆုံးထိ မောက်မာပစ်ရမယ်။ ဒါမှ ဆွဲဆောင်မှု ရှိတာ"
သူမ၏ ကောက်ချက်ကို ချောင်ရူက လက်မခံဘဲ ငြင်းဆန်လိုက်သောအခါ လမင်းဓားနတ်ဘုရားသည် အေးစက်စက် လှောင်ရယ်ကာ တစ်ချက် ကြည့်လိုက်လေသည်။
"ဒါကို ဆွဲဆောင်မှု ရှိတယ်လို့ မခေါ်ဘူး။ မင်းသဘောကျနေတဲ့ မောက်မာမှုက ယောကျ်ား ပီသတာ မဟုတ်ဘူး။ အသေကောင်ကြီး ဖြစ်သွားတာဟဲ့"
***