ချောင်ရူသည် အနောက်နန်းဆောင်နှင့် ဓားဌာန၏ အမည်ကို သူ့အား ကာကွယ်ပေးရန်အတွက် အလွဲသုံးစားလုပ်ကာ အနာဂတ်နှင့် ကံတရားကို လောင်းကြေးထပ်ခဲ့ကြောင်း ယွမ်ရှောင် ချက်ချင်း သဘောပေါက်သွား၏။ ကောင်းကင်ရုံးတော်တွင် ထိုကဲ့သို့ အစစ်အမှန် မိတ်ဆွေမျိုး ရှာပါးလှပြီး အချိန်ကြာကြာ ဖုံးကွယ်မထားနိုင်ရာ ပေါ်သွားသည်နှင့်တပြိုင်နက် အားလုံး၏ ရန်သူ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူက ဆွဲဆောင်အားပြင်းသော်လည်း ရိုးသားစစ်မှန်သော ဤအမျိုးသမီးကို လေးနက်စွာ မေးခွန်းထုတ်ခဲ့သည်။
"ဘာကြောင့် ကိုယ့်ကိုကိုယ် အန္တရာယ်တောထဲ မဆင်မခြင် ဝင်လိုက်ရတာလဲ"
"ထွေထွေထူးထူး မရှိပါဘူး။ မှန်တယ်လို့ ငါ ခံစားရတဲ့ ဘက်ကို ရွေးချယ်လိုက်တာပဲ"
ချောင်ရူသည် သူ့အပေါ် အနိုင်ကျင့်ရသည်ကို စွဲလန်းနေသည်ဟု အထင်မှားခဲ့သော်လည်း အမှန်တကယ် ချစ်မြတ်နိုးနေခြင်း ဖြစ်ကာ ချစ်သူအတွက် မီးတွင်းထဲ ခုန်ချရန်ပင် ဝန်မလေးချေ။ သူ့အမြင်တွင် ကောက်ကျစ်သော မြွေတစ်ကောင် ဖြစ်ခဲ့သော်လည်း အမှန်တရားသည် ရဲရင့်လှသော နဂါးတစ်ကောင် ဖြစ်နေသောအခါ ယွမ်ရှောင်အနေဖြင့် သူမကို သဘောကျစပြုလာသည်။
"ဒီလိုတွန့်ဆုတ်မနေနဲ့။ အချိန်ရှိတုန်း မိုးကြိုးဌာနကနေ ထွက်ပြေးပါ"
"ငါ မပြေးတော့ဘူး"
ချောင်ရူက စိုးရိမ်တကြီး တိုက်တွန်းလိုက်သော်လည်း သူသည် ခေါင်းယမ်း၍ ပြတ်ပြတ်သားသား ပြောလိုက်၏။
"သိပ်မကြာခင် ငါ လိမ်ထားတာ ပေါ်သွားတော့မယ်နော်။ ထွက်ပြေးပါဆို"
"ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး ငါက မိုးကြိုးဌာန၊ ရွေးချယ်ပွဲမှာ အနိုင်ယူပစ်လို့ အဆင့်ခြောက်အထိ ရာထူးတက်လိုက်မယ်။ နတ်ဘုရားဂိတ်ကို သွားခွင့်ရရင် ဒီကောင်တွေ လူမြင်ကွင်းမှာ မထိရဲတော့ဘူးမလား"
ကူကျန်းရှောင်သည် သူ့ကို ဖမ်းဆီး၍ ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှု တရားခံအဖြစ် စွပ်စွဲနိုင်သော အကြောင်းအရင်းမှာ အဆင့်အတန်း မရှိသောကြောင့်ပင်။ အဆင့် ခြောက် အရာရှိ ဖြစ်လာလျှင် အကာအကွယ် တစ်ခု ရနိုင်မည် ဆိုသော်လည်း နောက်ထပ် ပွဲစဥ်နှစ်ခုအတွင်း အလိမ်ပေါ်သွားလျှင် အန္တရာယ်ကြီးလွန်းပေသည်။
"စိတ်မပူနဲ့။ ငါ့မှာ အဖွဲ့အစည်းနောက်ခံ ရှိတယ်။ ကောင်းကင်ရုံးတော်အတွင်းပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ ဒီရာထူး လိုအပ်တယ်"
ယွမ်ရှောင်က အဖြူရောင်မုသားကို ဆက်လက် အသုံးပြုကာ ချောင်ရူအား နှစ်သိမ့်ပေးနေရ၏။
"ဒီအဖွဲ့အစည်းက ဘယ်လောက်အစွမ်းထက်လဲ"
"လျှို့ဝှက်ထားရတယ်။ ဒါပေမယ့် မင်းဆိုရင်တောင် အဖွဲ့အစည်းထဲမှာ အလယ်အလတ်လောက်ပါပဲ"
"ဒီလောက်တောင်ဆိုရင် မိုးကြိုးဌာနလောက်ကို ကြီးမားတာပေါ့။ ကောင်းကင်ရုံးတော်မှာ ငါ့လိုလူတွေ မနည်းဘူး ထင်တယ်။ အကုန်လုံးက မကြိုက်ပေမယ့် သည်းခံနေနေရတာပဲ"
ချောင်ရူက အံ့သြတကြီးဖြစ်သွားကာ ခပ်တိုးတိုး ရေရွတ်ရင်း ချီးကျူးသည်။
"ငါက မတရားမှုတွေကို ပေါ်တင်ရင်ဆိုင်ဖို့ အဖွဲ့အစည်းရဲ့ ဓားတစ်လက် ဖြစ်တယ်။ စိတ်အေးအေးထားပါ။ ငါ့ကို ကာကွယ်ပေးမယ့် လူတွေ အများကြီး ရှိတယ်"
"ဒါဆိုရင် မနေ့ညက ဘာလို့ ငါ့ကို ဖိအားပေးပြီး ဓားဌာနနဲ့ ဆက်သွယ်ခိုင်းရတာလဲ"
သူမက သံသယဖြင့် ချက်ချင်း ထောက်ပြလိုက်သောအခါ သူသည် မျက်နှာပြောင်တိုက်၍ ဆက်လိမ်နေရ၏။ ထို့နောက် သူမကို မိုးကြိုးဌာနအတွင်း ပုန်းအောင်းနေရန် မှာကြားကာ မိုးကြိုးကိုးသွယ် ရင်ပြင်၌ ရွေးချယ်ပွဲ ပြီးဆုံးလျှင် ပြန်တွေ့မည်ဟု သူက ဆုံးဖြတ်သည်။ သူမက စိုးရိမ်လွန်းသဖြင့် မျက်ရည်များဝဲလာကာ ကျန်ရစ်သော တိုက်ပွဲနှစ်ချီ၌ ဂရုတစိုက် ကိုင်တွယ်ရန် အထပ်ထပ် မှာနေမိသည်။
"သိပ်ပေါ့ဆမနေနဲ့။ ပိုင်လင်းအာက မိုးကြိုးဌာနရဲ့ ထိပ်တန်းစီရင်သူ ငါးယောက်ထဲက ဖုန်းချီနဲ့ စေ့စပ်ထားတယ်။ သူက ပိုင်လင်းအာထက် အများကြီး ပိုသန်မာပြီး ဝိညာဥ်ရေးရာ ကျွမ်းကျင်လို့ တိုက်ကွက်တွေဟာ ထူးဆန်းပြီး ကာကွယ်ရခက်တယ်"
"ငါ သတိထားပါမယ်။ ဒါပေမယ့် ဒီလိုတွေ့ဖို့ဆိုတာ ဖြစ်နိုင်ချေ နည်းမှာပါ"
ယွမ်ရှောင်က အပြင်ပန်းတွင် ဤသို့ ပြောလိုက်သော်လည်း ဝိညာဥ်နှင့် ပတ်သက်သော ဖန်ဆင်းရှင်မျိုးစေ့မှာ အလွန်ရှားပါးသောကြောင့် ရင်ဆိုင်တွေ့ရန် စိတ်ထဲမှ ဆုတောင်းနေ၏။
"သိပ်ပြီး ယုံကြည်လွန်းမနေနဲ့။ ဖုန်းချီက သူမအတွက် လက်စားချေချင်လို့ ချောင်ရှန်းဆီမှာ တောင်းဆိုလိုက်ရင် ဘယ်လိုလုပ်မလဲ။ ပေါ့ပေါ့ဆဆ မဖြစ်စေနဲ့။ အရေးကြီးတာ တစ်ခုက သူ့ကို သတ်လို့မရဘူး"
"ဘာကြောင့်လဲ"
ချောင်ရူ၏ လေးနက်သော အမှာစကားကြောင့် သူ နားမလည်နိုင် ဖြစ်သွားရသည်။ ဖုန်းချီ၏ ဖခင်က အဆင့်နှစ် ကောင်းကင်အရာရှိ တစ်ယောက် ဖြစ်ကာ ကောင်းကင်ရုံးတော်၌ သြဇာတိက္ကမကြီးမား၍ မျိုးနွယ်တစ်ခု၏ ဦးဆောင်သူ ဖြစ်သည့်အပြင် မိုးကြိုးဌာနထက်ပင် ပို၍ ကြီးမားသော အင်အားတစ်ခု နောက်ခံ ရှိ၏။ ထိုအချက်ကို သိလိုက်ရသောအခါ ယွမ်ရှောင်က အရှုပ်အထွေးများ ဖြစ်မလာစေရန် ဖုန်းချီကို မသတ်ပါဟု ကတိပေးလိုက်သဖြင့် သူမ စိတ်အေးသွားပုံရသည်။
"အချိန် မရှိတော့ဘူး။ ငါ သွားရတော့မယ်"
သူမက ရင်ခွင်အတွင်း ခန္ဓာကိုယ်ချင်း ထိကပ်အောင် တိုးဝင်ရင်း လက်ချောင်းလေးများဖြင့် ရင်ဘတ်ကို ထိတွေ့ကစားလာသောအခါ ယွမ်ရှောင် တားဆီးလိုက်ရသည်။
"ရွေးချယ်ပွဲ ပြီးရင် လာရှာနော်"
ချောင်ရူက ဆွဲဆောင်အား ပြင်းပြင်းဖြင့် ကြာကြည့်တစ်ချက်ပစ်၍ ဆွဲဆောင်နေစဥ်မှာပင် ယွမ်ရှောင်သည် မိုးကြိုးကိုးသွယ် ရင်ပြင်သို့ လှည့်ထွက်လာခဲ့သည်။ ယောကျ်ားပီသသော ကျောပြင်ကို ကြည့်နေရင်း မိုးကြိုးဌာန၏ သင်းကွဲ ဖြစ်နေသော ဘဝတွင် သူမ၏ အသက်ကို စွန့်စားရန် ထိုက်တန်သော သူရဲကောင်းအဖြစ် သတ်မှတ်လိုက်သည်။ ကောင်းကင်ရုံးတော်ကဲ့သို့ အင်အားစုကြီး၏ အမှောင်ဘက်ခြမ်းကို တစ်ကိုယ်တော် ရင်ဆိုင်ရဲသည့် လူငယ်လေးတစ်ယောက်၏ ဘဝမှာ အံ့မခန်း ဖြစ်နေပေလိမ့်မည်။
ကျောက်စိမ်းဖြူ စင်မြင့်အထက်တွင် အရာရှိတိုင်း မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ရှိနေကြစဥ် ယွမ်ရင်က စကားစလာသည်။
"တစ်ခုခုတော့ မှားနေတယ်"
"မင်း ဘာပြောချင်တာလဲ"
ပုံမှန်အားဖြင့် သဘောထားချင်း တိုက်ဆိုင်လေ့မရှိသော မဟာစစ်သူကြီးနှစ်ယောက်သည် ညီညွတ်နေကြပြီး ပြင်ပရန်သူနှင့် ရင်ဆိုင်ရသောအခါ ပြောနေစရာမလိုအပ်သည့် မိုးကြိုးဌာန၏ စည်းမျဥ်းပင် ဖြစ်ပုံရသည်။ ယွမ်ရင်က လမင်းဓားနတ်ဘုရားထံ အကျိုးအကြောင်း မေးရန် သတင်းပို့ အဆောင် ပို့လိုက်သည်နှင့်တပြိုင်နက် ကူကျန်းရှောင်သည် မိုးကြိုးဌာနတစ်ခုလုံးကို ပိတ်ဆို့ထားရန် အမိန့်ပေးလိုက်၏။
"မဟာစစ်သူကြီးတို့ ရွေးချယ်ပွဲမှာ ကျုပ်တကယ် မစွက်ဖက်ခဲ့ပါဘူး။ ပိုင်မောင်နှမနဲ့ လုယောင် ထိပ်တိုက်တွေ့တာက တကယ်ကို တိုက်ဆိုင်မှုသက်သက်ပါ"
ချောင်ရှန်းသည် အမိန့်ကို ဖော်ဆောင်ရန် ထွက်မသွားခင် ဦးညွှတ်၍ အလေးအနက် ရှင်းပြခဲ့သောအခါ ယွမ်ရင်က ခေါင်းညိတ်ပြသည်။
"ပိုင်တောက်က ကာကွယ်ဖို့ အစွမ်း မရှိတာပါ။ မင်းနဲ့ မဆိုင်ဘူး"
ထိုစကားသည် ချောင်ရှန်း အပြစ်ကင်းသည်ဟု မဆိုလိုဘဲ ဤပြဿနာအကြား ဝင်မပါလိုကြောင်းသာ ဖော်ပြခဲ့သည်။
"နယ်စားဖုန်း"
ထိုအခိုက်တွင် အပြာရောင် ဝတ်ရုံကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားကာ တာအိုရသေ့တစ်ပါးကဲ့သို့ မျက်ခုံးမွေး အရှည်ကြီးများဖြင့် လူတစ်ယောက် ရောက်လာသောအခါ မိုးကြိုးဌာန၏ အရာရှိအားလုံး မတ်တပ်ရပ်ကာ ခရီးဦးကြို ပြုလိုက်ရသည်။ သူ၏ ရုပ်ဆင်းသွင်ပြင်အရ ခွန်အားသန်မာပုံ မရသော်လည်း ထူးဆန်းသည်မှာ မျက်လုံးအိမ်အတွင်း မျက်ဆံများ ရှိနေရမည့်အစား ရေဝဲများသာ လှည့်ပတ်နေကြပြီး အကြည့်တစ်ချက်ဖြင့် ဝိညာဥ်ကို ပြန့်ကြဲသွားစေနိုင်သဖြင့် ကြက်သီးမွေးညှင်း ထသွားပေလိမ့်မည်။
***