ဝိညာဥ်ကျင့်ကြံခြင်းသည် ရုန်းလမ်းစဥ်၊ သိုင်းလမ်းစဥ်နှင့် ဓားလမ်းစဥ် ကဲ့သို့ ကျင့်ကြံရေး စနစ်တစ်ခု ဖြစ်ကာ စစ်ဧကရာဇ်နှင့် နယ်စားဖုန်းတို့ နှစ်ယောက်လုံး ထိပ်တန်း ဝိညာဥ်ကျင့်ကြံသူ အဖြစ် ကျော်ကြားသည်။ ဖုန်းရွှမ်၏ အနားတွင် ဖုန်းချီလည်း လိုက်ပါလာပြီး မိုးကြိုးဌာနတွင် အသက်သုံးဆယ်အောက်၌ ပြိုင်ဘက်ကင်းသည်အထိ ထူးချွန်သော ဝိညာဥ်အင်မော်တယ် ဖြစ်၏။ လက်ရှိတွင် သူ၏ မျက်နှာထားက ခက်ထန်ကြမ်းကြုတ်ကာ လူသတ်ငွေ့များ ဖုံးလွှမ်းနေ၍ ချစ်ရသူ ပိုင်လင်းအာ အသတ်ခံလိုက်ရသောကြောင့်ပင်။ ဤသားအဖသည် ပိုင်တောက်နှင့် တွေ့ဆုံပြီးဖြစ်သည်မှာ ထင်ရှား၍ ဖုန်းချီက နှလုံးသားကြေကွဲလောက်အောင် ဝမ်းနည်း ပူဆွေးနေ၏။
မိုးကြိုးဌာန၏ အဆင့်မြင့်အရာရှိများကို မျက်စိထဲ မထည့်ထားဟန်ဖြင့် ဖုန်းရွှမ်သည် ချောင်ရှန်းကို တိုက်ရိုက် မေးခွန်းထုတ်လိုက်သည်။
"ရွေးချယ်ပွဲ ပြိုင်ဘက်တွေကို မင်း စီစဥ်နိုင်လား"
"ဟုတ်ကဲ့"
ချောင်ရှန်းက ကိုယ့်ကိုကိုယ် ကာကွယ်ပြောဆိုရန် မတတ်နိုင်ခင်မှာပင် အမိန့်ပေးခံလိုက်ရ၏။
"လုယောင်ကို နောက်တစ်ချီမှာ အားနည်းတဲ့ ပြိုင်ဘက်နဲ့ တွေ့ပေးပြီး နောက်ဆုံးကျရင် ဖုန်းအာနဲ့ စီစဥ်ပေးလိုက်စမ်း"
၎င်းသည် ပိုင်တောက်ကဲ့သို့ အမှားတစ်ခု ဖြစ်လာနိုင်ပြီး ပိုင်လင်အာ အရှုံးပေးချင်သော်လည်း ဖခင်ဖြစ်သူ၏ ယုံကြည်မှု လွန်ကဲသောကြောင့် အသက်ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလော။ ချောင်ရှန်းသည် မငြင်းပယ်ရဲသဖြင့် အကြံဉာဏ်တောင်းခံရန် မဟာစစ်သူကြီးနှစ်ယောက်ထံ ကြည့်လိုက်ရာ စကားသံ ထွက်ပေါ်လာသည်။
"အစ်ကိုဖုန်း၊ သေချာလား"
"အေး။ ငါ့သားရဲ့ အတွင်းစိတ်မှာ နတ်ဆိုးတစ်ကောင် ခြောက်လှန့်နေတယ်။ သူက ဒီတိုက်ပွဲကို ရှောင်လိုက်ရင် တစ်ဘဝလုံး စိတ်အနှောင့်အယှက် ဖြစ်နေလိမ့်မယ်"
ချစ်သူ အသတ်ခံလိုက်ရသည်ကိုပင် လက်စားမချေနိုင်လျှင် ယောက်ျားတစ်ယောက်မှာ ရှင်သန်နေစရာ အကြောင်းမရှိပေ။ အကယ်၍ ယွမ်ရှောင်သည်လည်း တူညီသော အခြေအနေတွင် ရှိလျှင် နှစ်ခါပြန် စဥ်းစားမနေဘဲ တိုက်ခိုက်ပေလိမ့်မည်။
ယွမ်ရင်သည် ဖုန်းရွှမ်ကို ခေါ်ဆောင်ကာ အခြားသူများ မသိစေလိုဟန်ဖြင့် ကောင်းကင်အထက်ရှိ တိမ်တိုက်များအတွင်း ဝင်ရောက်သွားခဲ့သည်။
"အစ်ကိုဖုန်း၊ ကျုပ် စကားနည်းနည်း ပြောချင်တယ်။ လုယောင်က ပုံမှန်အတိုင်း မဟုတ်ဘဲ စွမ်းအား မြင့်တက်လာနေတယ်။ ဖုန်းချီ လက်စားချေချင်တာကို ကျုပ် နားလည်ပေမယ့် တစ်ဖက်လူက လူဝင်စားတစ်ယောက် ဖြစ်နိုင်တယ်။ တကယ်လို့ သူက အစစ်အမှန် လုယောင် မဟုတ်ဘဲ အစွမ်းထက် အင်မော်တယ်တစ်ယောက် ပူးကပ်နေတာဆိုရင် ကောင်းကျိုးထက် ဆိုးကျိုး များလိမ့်မယ်"
"သိတယ်။ သိတယ်။ ဒါကြောင့် ငါကိုယ်တိုင် တိုက်ခိုက်မယ်"
ဖုန်းရွှမ်သည် အေးစက်စက် ရယ်မောရင်း ဝိညာဥ်ပူးကပ်ခြင်း အသုံးပြုရန် စီစဥ်ထားကြောင်း ရှင်းပြသည်။ သူကိုယ်တိုင်လည်း နားခိုရာဂိုဏ်းနှင့် ပတ်သက်သူတစ်ယောက်ကို သတ်ဖြတ်လိုစိတ် ပြင်းပြနေကာ ဓားဌာနမှ စုံစမ်းစစ်ဆေးချင်သည်ဆိုလျှင်တောင် လုယောင်၏ ဝိညာဥ်ကို ချုပ်နှောင်ထားနိုင်စွမ်း ရှိ၏။
"ဒီကိစ္စကလည်း မူမမှန်ဘူး။ လမင်းဓားနတ်ဘုရားဆီ အကျိုးအကြောင်း မေးထားတယ်။.တကယ်လို့ ချောင်ရူ လိမ်ညာနေတာဆိုရင် သူ့ကို ရိုးရိုးလေး အဆုံးသတ်လိုက်လို့ ရပါတယ်"
"ချောင်ရူက ငါတို့ကို လိမ်ရဲတယ်လား"
"ဒီကောင်မက ရူးနေတာဆိုတော့ ဖြစ်နိုင်ချေ ရှိတယ်"
ဉာဏ်ကောင်းပုံရသော ယွမ်ရင်သည် ထိုအချက်ကို ခဏအတွင်း စဥ်းစားနိုင်ခဲ့သည်။ လမင်းဓားနတ်ဘုရားထံမှ သတင်းပို့အဆောင် ပြန်ရောက်လာချိန်တွင် ရွေးချယ်ပွဲ တိုက်ပွဲများ ပြီးမပြီး မသိရသေးပေ။ ထိုအချိန်တွင် မိုးကြိုးကိုးသွယ် ရင်ပြင်၌ ဒေါသတကြီး ဆဲဆိုသံများ တခဲနက် ထွက်ပေါ်လာသောကြောင့် လုယောင် ရောက်လာကြောင်း သိနိုင်၏။ အဖြူရောင်ဝတ် လူငယ်လေးသည် ဖိအားများကို တစ်ကိုယ်တော် ရင်ဆိုင်နေရသော်လည်း တည်ငြိမ်စွာ ရပ်နေပြီး မိုးကြိုးဌာန၏ အင်မော်တယ်သန်းချီကမူ အားပါးတရ ကျိန်ဆဲနေကြသည်။
"သစ္စာဖောက်"
မိုးကြိုးဌာန၏ စီရင်သူတစ်ယောက် ဖြစ်သော်လည်း အဆင့်တက်လာသည်နှင့် တပြိုင်နက် ဓားဌာနသို့ ပြောင်းရွှေ့သွားခြင်းက သူ၏ အမည်ကို အမည်းစက်ထင်ကျန်စေရန် လုံလောက်၏။ သို့သော် အရေးမပါသူများ အာခေါင်ကွဲအောင် ဆဲဆိုနေပါစေ၊ သူက လျစ်လျူရှုထားပြီး လုပ်စရာရှိသည်များ ဆက်လုပ်ရန် ဆုံးဖြတ်ထားသည်။ ကောင်းကင်ပျံသန်းမြို့တော်တွင် သေမျိုးလောကများနှင့် ပတ်သက်သည့် အမှန်တရားကို လျူမူ ထုတ်ဖော်ခဲ့သော်လည်း ကောင်းကင်ရုံးတော်၌ သတင်းတစ်စွန်းတစ်ပင် ထွက်မလာခဲ့သဖြင့် လက်မည်းကြီးများမှ နောက်ကွယ်တွင် ချုပ်ကိုင်ထားကြောင်း သိနိုင်၏။ ကောင်းကင်အရာရှိ အဆင့်ခြောက်အောက် အင်မော်တယ်များဆိုလျှင် သေမျိုးလောက၏ ပူဇော်သက္ကာရကို လက်ခံခွင့် မရှိသောကြောင့် မျက်မြင်မတွေ့ရသဖြင့် ယုံကြည်မည် မဟုတ်ချေ။
ဤသို့ဖြင့် ရွေးချယ်ပွဲ ပြန်လည် စတင်ပြီဖြစ်ကာ လက်ရှိအချီ ရောက်သည်အထိ တောင့်ခံထားနိုင်သော ပါရမီရှင် ၃၆ယောက်သာ ကျန်ရစ်၏။ ထိုအချီ ပြီးဆုံးသွားလျှင် ၁၈ယောက်သာ ကျန်ခဲ့မည် ဖြစ်ကာ နောက်ဆုံးအချီပြီးလျှင် ပါရမီရှင် ကိုးယောက်သည် အဆင့်ခြောက် အရာရှိအဖြစ် တရားဝင် ရာထူးတိုး၍ အင်မော်တယ် ပြိုင်ပွဲ၌ မိုးကြိုးဌာန ကိုယ်စားပြုများ ဖြစ်လာကြပေလိမ့်မည်။ မိုးကြိုးအဆင့်သတ်မှတ်ချက်က တောက်ပလင်းလက်လာကာ လုယောင်နှင့် ဟယ်ပုဆိုသော အမည်များ ပထမဆုံး ထွက်ပေါ်လာသောကြောင့် ထပ်မံ၍ တိုက်ခိုက်ရပေတော့မည်။ ဤအချီတွင်လည်း ပထမဆုံး ပြိုင်ပွဲဝင်ရမည် ဖြစ်သောကြောင့် ယခင်ပွဲစဥ်များ ကြိုးကိုင်ခံရသည် ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ယခု ခြယ်လှယ်ခံထားရကြောင်း သိသာနေကာ နောက်ဆုံးအချီနှစ်ခုမှာ သေရေးရှင်ရေးတမျှ အရေးကြီးလာ၏။
ယွမ်ရှောင်သည် တိမ်တိုက်အမှတ်တစ်သို့ တက်ပြီး ပြိုင်ဘက်ကို မြင်လိုက်ရသောအခါ ဤတစ်ကြိမ်ထက် နောက်ဆုံးအချီကသာ အရေးပါကြောင်း နားလည်သွားသည်။ ရန်သူက သဘောထားကြီးစွာဖြင့် အားနည်းသူတစ်ယောက်ကို ပြိုင်ဘက်အဖြစ် စီစဥ်ပေးကာ သူ့ကို အချိန်မဖြုန်းခဲ့ပေ။ ဟယ်ပုဆိုသူမှာ ပိုင်လင်းအာထက် အားနည်းသောကြောင့် တိုက်ပွဲစစချင်း လက်နှစ်ဖက်မြှောက်ကာ အရှုံးပေးသွားခဲ့သည်။
"လုယောင် ငါ့ကို မသတ်ပါနဲ့။ အရှုံးပေးတယ်"
"ကောင်းပြီ"
အချိန်က အသက်တမျှ အရေးကြီးနေသောအခါ ယွမ်ရှောင်သည် တိမ်တိုက်အပေါ်မှ ထွက်ခွာသွားရန် ခြေလှမ်းပြင်လိုက်စဥ် ဟယ်ပုက စကားဆိုလာပြန်သည်။
"နေဦး"
"ဘာကိစ္စ ရှိသေးလဲ"
"မင်းရော မင်းအမေ မျက်ကန်းကြီးရော ငရဲမှာ ကောင်းကောင်း မနေပါရစေနဲ့"
ဟယ်ပု၏ စော်ကားမှုကြောင့် ပရိသတ်များ ပွဲကျသွားသော်လည်း ဓားအလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားကာ အသံများ တိတ်ဆိတ်သွားစေ၏။ တစ်ဖက်လူ၏ ခေါင်းက နုတ်နုတ်စင်းခံလိုက်ရပြီး နေရာတွင် မတ်တပ်ရပ်နေသည်မှာ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးသာ ဖြစ်ကာ ယွမ်ရှောင်သည် ဓားဝိညာဉ်ကို ပြန်လည် ရုတ်သိမ်း၍ ဆက်လျှောက်သွားခဲ့သည်။
"လုယောင်၊ ပြိုင်ဘက်က လက်နက်ချတာတောင် မင်းက ပေါ်တင် လူသတ်ရဲတယ်။ အင်မော်တယ်တစ်သန်းကျော် သက်သေခံနိုင်တယ်။ မင်းက ဥပဒေကို ချိုးဖောက်လိုက်ပြီ"
"ဓားဌာနတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
"အခုချက်ချင်း အရေးယူပေးပါ"
အပြစ်တင်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသော်လည်း ယွမ်ရှောင်က ခပ်ပြုံးပြုံး ရှိနေသဖြင့် ယွမ်ရင်မှာ မှတ်ချက် မပေးဘဲ မနေနိုင်တော့ပေ။
"ဒီကောင်က တိုက်ပွဲကို ကြိုးကိုင်ထားမှန်း သိလို့ ဘာမှတောင် ထိန်းချုပ်မနေတော့ပါလား"
"ထားလိုက်ပါ။ သူ့အတွက် သေလမ်းကလွဲရင် ရွေးစရာ မရှိဘူး"
ဖုန်းရွှမ်ကမူ တစ်ချက်သာ စိုက်ကြည့်၍ သတ်ဖြတ်လိုစိတ် ပြင်းထန်စွာဖြင့် အေးစက်စက် ပြောလိုက်လေသည်။
***