ဘတ်စ်ကားက တရွေ့ရွေ့သွားနေခဲ့ပြီး တတိယမှတ်တိုင်သို့ ရောက်ရှိလာချိန်တွင်တော် ထိုချောမောသည့် ကောင်လေးက မထိန်းနိုင်တော့ဘဲ စကားစပြောလာခဲ့သည်။
“ဟဲလို ရဲဘော်.. ကိုယ် မင်းကို တစ်ခုလောက်မေးချင်လို့.. မင်းလည်း ဆေးဝါးစက်ရုံရဲ့ စာမေးပွဲကို ဖြေဖို့ စီစဉ်ထားတာလား”
ဟင်?
လီရှန်းတစ်ယောက် မတ်မတ် ထိုင်လိုက်ပြီး တစ်ဖက်လူမှ မှတ်တိုင်သုံးခုလောက် သူမ၏နောက်သို့ လိုက်လာသည်မှာ ဆေးဝါးစက်ရုံ၏သတင်းအချက်အလက်များကို မေးမြန်းလို၍ဖြစ်နိုင်လောက်သည်လားဟု တွေးလိုက်မိသည်။
“ဟုတ်တယ်၊ ရှင်လည်း ဆေးဝါးစက်ရုံရဲ့ စာမေးပွဲကို ဝင်ဖြေဖို့ စီစဉ်ထားတာလား”
လီရှန်း ဖော်ရွေစွာ ပြန်ဖြေလိုက်လေသည်။ သူမ၏ မျက်လုံးက ချောမောသော လူငယ်လေး၏ မျက်နှာပေါ်သို့ ခဏလောက် ဝေ့ကြည့်လိုက်ပြီးနောက် တစ်ဖက်လူက မေးခွန်းတစ်ခုလောက် မေးရုံဖြင့်မျက်နှာတစ်ခုလုံး နီရဲသွားသည်ကို တွေ့လိုက်ရလေ၏။
ထိုချောမောသည့် လူငယ်လေးက သူမကို ကြည့်ရဲပုံ မရဘဲ ခေါင်းညိတ်ကာ ရှင်းပြလာခဲ့သည်။
“မင်းနဲ့ မင်းရဲ့သူငယ်ချင်းတို့တွေက အလုပ်ဝတ်စုံ မဝတ်ထားဘဲ ဆေးဝါးစက်ရုံက ထွက်လာတာကို မြင်လိုက်ရလို့လေ.. ဒါကြောင့် စာမေးပွဲအတွကာ စာရင်းသွင်းဖို့ သွားတာ ဖြစ်နိုင်တယ်လို့တွေးမိတာ.. အဲဒါကြောင့် ကားနောက်ကိုလိုက်ပြီး မေးချင်ခဲ့တာ”
လီရှန်း စိတ်ထဲမှ တွေးလိုက်မိသည်။
‘စက်ရုံထဲကို ဝင်သွားပြီး တာဝန်ရှိသူတွေဆီမှာ စုံစမ်းတာက ငါ့နောက်ကနေ ကားလိုက်စီးပြီးမေးတာထက် ပိုမကောင်းဘူးလား’
သို့သော် တစ်ဖက်လူ၏ နီရဲနေသော မျက်နှာကို နောက်တစ်ကြိမ်ကြည့်လိုက်မိပြီးနောက် အနည်းငယ် နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤချောမောသော လူငယ်လေးသည်က လူမှုဆက်ဆံရေးကို ကြောက်ရွံ့သည့်ရောဂါရှိပုံရသည်။
သူမနှင့် စကားပြောရန်အတွက် လိုက်လာသည့်အချိန်ကတည်းက စိုးရိမ်လွန်းပြီး အသက်ရှူကျပ်လုနီးပါး ဖြစ်နေချေပြီ။
စက်ရုံထဲသို့ ဝင်ပြီး တာဝန်ရှိသူများကို စုံစမ်းမေးမြန်းရပါက စိုးရိမ်လွန်း၍ သတိလစ်သွားနိုင်လောက်ပေသည်။
လီရှန်း ခဏတာမျှ ထိုချောမောသည့် လူငယ်လေးကို စာနာမှုအပြည့်ဖြင့် ကြည့်လိုက်မိ၏။
လူမှုဆက်ဆံရေးပေါကြွယ်ဝမှုဖြင့် ဘက်စုံတိုးတက်ရန် မြှင့်တင်နိုင်သည့် ဤခေတ်ကာလတွင် လူမှုဆက်ဆံရေးကို ကြောက်ရွံ့သည့်ရောဂါရှိသည်် လူများအတွက် ဘဝက အလွန်ပင် ခက်ခဲနေပေလိမ့်မည်။
လီရှန်းတစ်ယောက် တစ်ဖက်လူကို ကြီးမားသည့်စာနာတို့မှုနှင့်၊ ဤခေတ်၏ ထူးခြားလှသော ကောင်းမွန်သည့် စိတ်ထားတို့ဖြင့် စာရင်းပေးသွင်းသည့် လုပ်ငန်းစဉ်တစ်ခုလုံးအား ထိုချောမောခန့်ညားသော လူငယ်လေးဆီသို့ ရှင်းပြလိုက်သည်၏။
နောက်ဆုံးတွင် သူမက သတိပေးလိုက်လေသည်။
“အခု ကြိုတင်ပြီး စာရင်းပေးသွင်းလို့ ရပြီ၊ ဒါပေမဲ့ ဆေးဝါးစက်ရုံရဲ့ စာမေးပွဲက အမြဲတမ်းခက်ခဲလေ့ရှိတယ်၊ ဒါကြောင့် ရှင်သာ စာမေးပွဲဖြေမယ်ဆိုရင် သေသေချာချာ လေ့လာထားရလိမ့်မယ်”
ထိုချောမောခန့်ညားသည့် လူငယ်လေးသည်လည် ချက်ချင်းပင် လီရှန်းဆီသို့ လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလာခဲ့သည်။
“ကိုယ်သေချာပေါက် လုပ်ပါ့မယ်!”
ထိုသို့ပြောပြီးနောက် သူ၏ ပါးပြင်တို့က နောက်တစ်ကြိမ် ထပ်မံ၍ နီရဲလာခဲ့ပြန်သည်။
သူ၏ မျက်လုံးတို့ကလည်း ဝေ့ဝိုက်သွားပြီး အသံမှာလည်း အားနည်းသွားခဲ့သည်။
“ဟုတ်သားပဲ.. ကိုယ် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးဖို့တောင် မေ့နေတယ်.. ကိုယ့်နာမည်က စုဝေ့ချင်းပါ.. အခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
“ရပါတယ်”
လီရှန်း ပြုံးပြလိုက်သော်လည်းသူမ၏နာမည်ကို မိတ်ဆက်မပေးခဲ့ပါချေ။ ဤသည်က မတော်တဆ တွေ့ဆုံခြင်းတစ်ခုသာ ဖြစ်သည်။
သူမနှင့် စုဝေ့ချင်းတို့ နှစ်ယောက်ထဲတွင် နှစ်ယောက်လုံး ဆေးဝါးစက်ရုံကို အတူ ဝင်ခွင့်မရခဲ့ပါက ပြန်လည်တွေ့ဆုံစရာအကြောင်းရှိတော့မည် မဟုတ်ပေ။
ဘတ်စ်ကားက မှတ်တိုင်သို့ ရောက်ရှိလာချိန်တွင် လီရှန်း ထရပ်လိုက်ပြီး ပြောခဲ့သည်။
“တဆိတ်လောက်ပါ .. ကျေးဇူးတင်ပါတယ်”
ထို့နောက် စုဝေ့ချင်း၏ ဒူးရှေ့မှဖြတ်ကာ ထိုင်ခုံမှ ထွက်ခွာလိုက်ပြီး ကားပေါ်မှ အလျင်အမြန် ဆင်းသွားခဲ့လေ၏။
ပြီးနောက်တွင်တော့ နောက်သို့ ပြန်လှည့်မကြည့်ဘဲ စက်ယန္တရားစက်ရုံဝင်းဘက်သို့ လျှောက်သွားခဲ့သည်။
ဘတ်စ်ကားပေါ်တွင် ထိုင်နေသော စုဝေ့ချင်းကတော့ သူမ ထွက်ခွာသွားသည့် ပုံရိပ်နောက်သို့ လိုက်ကြည့်နေခဲ့သည်။ ဘတ်စ်ကားက ဖြည်းဖြည်းချင်း စတင်မောင်းနှင်သွားခဲ့ပြီး သူမ၏ ပုံရိပ်လေးကို မမြင်နိုင်တော့သည့်အထိ သူ ခေါင်းကို ပြန်မလှည့်ခဲ့ပါချေ။
နောက်မှတ်တိုင်ကိုရောက်ချိန်တွင်တော့ စုဝေ့ချင်းက ကားပေါ်မှ ဆင်းကာ လမ်းတစ်ဖက်သို့ ပြန်လျှောက်သွားခဲ့ပြီး ဆေးဝါးစက်ရုံဆီသို့ အပြန်ကားပေါ်သို့ တက်လိုက်လေ၏။
ဤအသွားအပြန်အတွက် တစ်နာရီခန့် ကြာမြင့်သွားခဲ့သည်။
ဆေးဝါးစက်ရုံ၏ ဝင်ပေါက်တွင် ကားရပ်တန့်သွားကာ ကားပေါ်မှ ပြန်ဆင်းလာချိန်အထိ စုဝေ့ချင်း၏ စိတ်ထဲတွင် မတိုင်ခင်က တွေ့ခဲ့ရသည့် လှပသည့် ပုံရိပ်လေး၏အကြောင်းများနှင့်သာ ပြည့်နှက်နေခဲ့သည်။
ယနေ့သည်ကား သူ၏ အကြီးဆုံးအစ်ကိုဖြစ်သူ စုဝေ့ဟိုင်၏ ဒုတိယ အိမ်ထောင်ပြုသည့်နေ့ပင်ဖြစ်ပေသည်။
သူ၏မိခင်အရင်းဖြစ်သော ရဲဘော် လော်ယွီရှို့က သူ့အတွက် အရေးကြီးသည့် တာဝန်တစ်ခု ပေးအပ်ခဲ့သည်၏။
ထိုတာဝန်မှာ သူ၏ တူလေးနှစ်ဦးမှ မင်္ဂလာပွဲ၌ ပြဿနာ မရှာစေရန်အတွက် စောင့်ကြည့်ရန် ဖြစ်ပေသည်။
သူ၏ အစ်ကိုကြီးက မရီးအသစ်ကို ပြန်ခေါ်လာသည်အထိ သူ အချိန်အတော်ကြာအောင် အလုပ်များခဲ့သည်။ သူတို့ရောက်လာသည့်အချိန်မှသာ ရဲဘော်တစ်ယောက်က သူ၏ တူလေးနှစ်ဦးကို လွှဲယူကြည့်ပေးခဲ့သောကြောင့် သူ့ကို အသက်ရှူချောင်စေခဲ့သည်။
သူ့အနေဖြင့် အိမ်က အလွန်ပင် ရှုပ်ထွေးနေပြီး ဆူညံလွန်းသည်ဟု ခံစားရသောကြောင့် ခဏတာမျှ ပုန်းရှောင်ရန် ထွက်လာခဲ့ခြင်းဖြစ်ပေ၏။
သို့သော်လည်း သူ အပြင်သို့ ထွက်လိုက်သည်နှင့် စာရင်းသွင်းသည့်နေရာတွင် မိန်းကလေးနှစ်ယောက် စာရင်းပေးသွင်းနေသည်ကို မြင်လိုက်ရလေသည်။
အနောက်မှ လျှောက်လာသည့်မိန်းကလေးကိုတော့ မည်သည့်ပုံစံ ရှိကြောင်းကို သူ မေ့လျော့သွားခဲ့ပေပြီ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူ၏မြင်ကွင်းထဲတွင် မြင်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ အရှေ့မှ မိန်းကလေးသာ ဖြစ်ပေ၏။
စုဝေ့ချင်းတစ်ယောက် ပြင်းထန်စွာ ခုန်ပေါက်နေသည့် ရင်ဘတ်ကို ထိကိုင်ရန်အတွက် လက်ကို မြှောက်လိုက်မိပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ ပြည့်လျှံနေသည်ဟု ခံစားလိုက်ရသည်။
စုဝေ့ချင်း ပို၍လျှင်မြန်စွာ လျှောက်လာခဲ့ပြီး ဆေးဝါးစက်ရုံ ဝန်ထမ်းအိမ်ရာဘက်သို့ တန်းတန်းမတ်မတ် ပြန်ခဲ့သွားသည်။ လမ်းတစ်လျှောက်တွင် သူ့ကို လှမ်းခေါ် နှုတ်ဆက်သူများကိုပင် ဂရုမစိုက်တော့ဘဲ အပြေးတစ်ပိုင်းပြန်လာခဲ့သည်။
ယနေ့ခေတ်ကာလ မင်္ဂလာပွဲတို့က အလွန်ပင်ရိုးရှင်းလွန်းသည်။
မိသားစုဝင်များက မနက်ပိုင်းတွင် သတို့သမီးကို လိုက်လံ ကြည့်ရှုခြင်းကပင် ကျေးဇူးတင်စရာာကောင်းသည်ဟု သတ်မှတ်နိုင်သည်။
နေ့လယ်စာ စားပြီးနောက်တွင်တော့ လူတိုင်းက နေ့လယ်ပိုင်းအလုပ်သို့ အလျင်အမြန် ပြန်သွားခဲ့ကြပေပြီ။
လူအများက ဝင်လိုက်၊ ထွက်လိုက်ပြုလုပာခဲ့သော မိသားစုအိမ်သာ ရှုပ်ပွစွာ ကျန်ရစ်နေခဲ့သည်။
စုဝေ့ချင်း အိမ်သို့ပြန်ရောက်ချိန်တွင် လော်ယွီရှို့တစ်ယောက် မှောင်မည်းနေသောမျက်နှာအမူအရာဖြင့် ကြမ်းပြင်ကို လှည်းကျင်းနေသည်ကို မြင်လိုက်ရလေ၏။
သူမ၏နောက်ဘက်မှ ထောင့်တွင်တော့ အသက်နှစ်နှစ်ခွဲအရွယ် ကလေးနှစ်ဦးဖြစ်သော ရှောင်ချန်နှင့် ရှောင်ကျွင့်တို့က မျက်ရည်များဖြင့် နံရံကို ကျောမှီကာ သနားစရာကောင်းစွာ ရပ်နေခဲ့ကြသည်။
သူတို့က စုဝေ့ချင်း၏ ပုံရိပ်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် တောင်းပန်သည့် မျက်လုံးများဖြင့် သူ့ကို ကြည့်လာခဲ့ကြသည်။
စုဝေ့ချင်း: “...”
ဤကလေးနှစ်ဦးက ရဲဘော်လော်ကို ဒေါသထွက်အောင် လုပ်ခဲ့ကြောင်းကို ခွဲခြမ်းစိတ်ဖြာကြည့်ရန်ပင် မလိုတော့ပါချေ။
“အိုး မင်း ပြန်လာတတ်သေးတယ်ပေါ့”
လော်ယွီရှို့က အနည်းငယ် ရွဲ့စောင်းနေသည့် လေသံဖြင့် ပြောလိုက်ပြီး သူမ၏လက်ထဲမှ တံမြက်စည်းကို ပို၍ အားပြင်းပြင်းနှင့် ခတ်လိုက်သည်ပေ။
စုဝေ့ချင်းတစ်ယောက် သူ၏ အပြစ်ရှိသည့်စိတ်ကို ဖုံးကွယ်ရန် အသာအယာ ချောင်းဟန့်လိုက်ပြီး မေးလိုက်လေ၏။
“ရှောင်ချန်နဲ့ ရှောင်ကျွင့်က ဘာဖြစ်ကြတာလဲ? သူတို့ အမှားတစ်ခုလုလုပ်မိထားတာလား”
လော်ယွီရှို့က ဤစကားကို ကြားလျှင် ချက်ချင်းပင် ဒေါသများပွင့်ထွက်လာပြီး သူမ၏သားကို လက်ညှိုးထိုးကာ ဆူပူလာခဲ့သည်။
“ဒီနေ့က ဘယ်လိုနေ့မျိုးလဲဆိုတာ မင်း သိလား? ငါက မင်းကို အိမ်မှာ နေပြီး မင်းရဲ့ တူလေးတွေကို ခဏလောက် စောင့်ကြည့်ခိုင်းတာ၊ ဒါပေမဲ့ မင်းက တင်ပါးပုတ်ပြီး ပျောက်ကွယ်သွားတယ်!”
သူမက ပြောရင်း ရင်ဘတ်ကို ပွတ်သပ်လိုက်လေ၏။ အလွန် ဒေါသထွက်နေခဲ့သည့်ပုံပင်။
သူမ၏ အကြီးဆုံးသားဖြစ်သူ စုဝေ့ဟိုင်က ယနေ့တွင် လက်ထပ်ခဲ့သည်။
ချွေးမအသစ်က အိမ်သို့ ဝင်လာသည်အထိ အဆင်ပြေနေဆဲဖြစ်သော်လည်း ကလေးနှစ်ယောက်က ရုတ်တရက် ချွေးမအသစ်၏ရှေ့သို့ ပြေးထွက်လာပြီး စုဝေ့ဟိုင်၏ ခြေထောက်တို့ကို ပွေ့ဖက်ကာ ‘အဖေ’ ဟု ခေါ်လိုက်ကြသည်။
ချွေးမအသစ်မှာ ထိုအချိန်တွင် ဆူညံအော်ဟစ်လာခဲ့ပြီး သူတို့မိသားစုက လျှို့ဝှက်ချက်များ ဖုံးကွယ်ထားသည်ဟု ပြောခဲ့သည်။
သူမက မည်သူမှ စကားမပြောခင်ပင် အော်ဟစ်ငိုကြွေးကာ ထွက်ပြေးသွားခဲ့လေသည်။ လော်ယွီရှို့တစ်ယောက် တားဆီး၍ပင်မရနိုင်ခဲ့ပါချေ။
ယခုအချိန်တွင် စုဝေ့ဟိုင်က သူမနောက်သို့ လိုက်သွားခြင်း ဖြစ်နိုင်သည်။
လော်ယွီရှို့အနေဖြင့် သူမ၏ ချွေးမအသစ်ကို ယခင်ကတည်းက သိပ်ပြီးမကျေနပ်ခဲ့ပေ။ ယခုအချိန်တွင်လည်း ထပ်မံ၍ ပြဿနာရှာလာခဲ့သောကြောင့် ပို၍ပင် မပျော်မရွှင် ဖြစ်လာခဲ့ရသည်။
သူမ၏ အချစ်ဆုံးသော သားငယ်ကို ကြည့်သည့်အချိန်တွင်ပင် နှာခေါင်းက နှာခေါင်းမဟုတ်၊ မျက်လုံးသည်လည်း မျက်လုံး မဟုတ်ဖြစ်လာခဲ့သည်။
စုဝေ့ချင်းသည်လည်း အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ ယခုအချိန်တွင် သူ၏ တူလေးနှစ်ဦးမှ ပြသနာရှာခဲ့သည်ကို ကြားလျှင် လော်ယွီရှို့ဆီသို့ အလျင်အမြန်သွားပြီး ပခုံးကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။
“အမေ .. ဒေါသ မထွက်ပါနဲ့၊ ဒေါသ မထွက်ပါနဲ့၊ ကျွန်တော် အပြင်ကိုထွက်သွားခဲ့မိတာက ကျွန်တော့်ရဲ့အမှားပါ”
သူသည်က ကိုယ့်ကိုယ်ကိုယ် ဦးစွာ ဆင်ခြင်ခဲ့သည်။
“ဒါပေမဲ့ ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့က အမှားလုပ်ထားတာ မဟုတ်ပါဘူး.. သူတို့တွေ ဒီမနက် အကြာကြီး ပုန်းနေစရာ မလိုဘူးလေ.. ကျွန်တော့်ရေ့် အစ်ကိုကြီးက ဒုတိယ အိမ်ထောင်ပြုရင်တောင် သူ့ဆီမှာကလေးနှစ်ယောက်ရှိနေတုန်းပဲ..
တခြားသူတွေဆီကနေ ကလေးတွေကို ဝှက်ထားမယ်လို့ အမေ ထင်နေတာလား? နောက်ပြီး ဧည့်သည်တွေ အားလုံး ထွက်သွားပြီဆိုတာ အမေမသိဘူးလား..
သူတို့တွေက အစ်ကိုကြီးကို တစ်မနက်လုံး မတွေ့ရသေးဘူးလေ.. တွေ့ရတဲ့အချိန်မှာ ‘အဖေ’ လို့တောင် မခေါ်ခိုင်းဘူးဆိုရင် ဒါက အရမ်းများလွန်းနေပြီ မဟုတ်ဘူးလား”
လော်ယွီရှို့: “...”
သူမက မသိဘဲ နေပါ့မလား။
သူမက သူမ၏ အကြီးဆုံးသား၏ မင်္ဂလာပွဲနေ့၌ တခြားသူများ၏ လှောင်ပြောင်မှုကို မခံချင်ရုံသာ ဖြစ်ပေ၏။
သို့သော် သားငယ်ဖြစ်သူပြောသည်မှာလည်း မှန်သည်ပင်။
တစ်ဖက်မှ မိန်းကလေးမှ စုဝေ့ဟိုင်ထံတွင် သားနှစ်ဦး ရှိသည်ကို သိလျက်နှင့် လက်ထပ်ရန်အတွက် ဆန္ဒရှိခဲ့သည်ဆိုပါက ဤကဲ့သို့အရာအားလုံးကိုလည့် ခံနိုင်ရည်ရှိရမည်မဟုတ်ပါလား။
သူတို့မိသားစုက မင်္ဂလာအချိန်အတွင်း ကလေးနှစ်ဦးကို ဤမျှကြာရှည် ဖုံးကွယ်ထားပေးခြင်းသည်ပင် သူမကို မျက်နှာပေးထားခြင်း ဖြစ်နေပေပြီ!
*
***