လီရှန်းတစ်ယောက်သူမ ကုန်တိုက်မှ ထွက်ခွာသွားမှသာ သက်ပြင်းချနိုင်ခဲ့သည်။
လီလင်းက သူမကို လှောင်ပြောင်လာသည်။
“နင်ကတော့ ကြောင်ကို မြင်တဲ့ ကြွက်နဲ့တောင်တူနေပြီ.. ကျန်းယွဲ့နဲ့ တွေ့ရမှာကို ဒီလောက်တောင် ကြောက်နေတာလား”
“ငါ ကျန်းယွဲ့နဲ့ တွေ့ရမှာကို မကြောက်ပဘူး.. ဟဲထန်ကိုလည်း တကယ် မကြိုက်ဘူး .. အဲဒီကျန်းယွဲ့က စိတ်မမှန်ဘူး ထင်တယ်.. ကျေးလက်ကို သူတို့နဲ့အတူ လိုက်သွားဖို့ ငါ့ကိုအတင်းအကျပ် ပြောနေတာ”
လီရှန်း သူမ၏ မျက်နှာပေါ်ရှိ ရွံရှာမှုကို မဖုံးကွယ်ထားခဲ့ပေ။
လီလင်းသည်လည်း ဒေါသထွက်နေခဲ့သည်။
“သူမကို လျစ်လျူရှုလိုက်တော့.. နင် စာမေးပွဲအတွက် ကောင်းကောင်း ပြင်ဆင်လိုက်လေ.. ဆေးဝါးစက်ရုံကို ဝင်ရောက်နိုင်တာနဲ့ ကျန်းယွဲ့က ဘယ်သူလဲဆိုတာကို ဘယ်သူက ဂရုစိုက်နေဦးမှာလဲ”
“တတ်နိုင်ရင် သူမနဲ့ မတွေ့ချင်ဘူး”
လီရှန်း သက်ပြင်းချသည်။
လီလင်းက သူမ အမှန်တကယ် သဘောမကျဖြစ်နေသည်ကို မြင်လျှင် သူမကို ဆွဲခေါ်ကာ မှတ်တိုင်ဘက်သို့ လျှောက်သွားခဲ့သည်။
လီလင်း၏ ဘတ်စ်ကားက အရင် ရောက်ရှိလာခဲ့သည်။ လီရှန်းက သူမ ကားပေါ်သို့ တက်သွားသည်ကို ကြည့်ကာ လက်ဝှေ့ရမ်းမပြနိုင်ခင်တွင် သူမ၏ ကိုယ်ပိုင် ဘတ်စ်ကားလည်း ရောက်လာသည်ကို မြင်လိုက်ရလေ၏။
သူမ အလျင်အမြန်ပင် နှစ်ကြိမ်လောက် လက်ဝှေ့ရမ်းလိုက်ပြီး ကားပေါ်သို့ တက်သွားခဲ့သည်။
လီရှန်း၏ကား စတင်မောင်းနှင်တော့မည့်အချိန်တွင် ဟဲထန်နှင့် ကျန်းယွဲ့တို့ ကုန်တိုက်မှ ပြန်ထွက်လာကြသည်။
လီရှန်း သာမန်ကာလျှံကာ လှမ်းကြည့်လိုက်ကာ သူတို့ကို မြင်တွေ့လိုက်ရသည်။
အမ်..?
ဟဲထန်ရဲ့ မျက်နှာက တော်တော်လေး မည်းမှောင်တဲ့ အခိုးအငွေ့တွေနဲ့ ဖုံးလွှမ်းနေတယ်လို့ သူမ ဘာလို့ ခံစားရတာလဲ။
လီရှန်း ပို၍အနီးကပ် ကြည့်ချင်ခဲ့သော်လည်း ကားက စတင်ရွေ့လျားနေခဲ့ပေပြီ။
ထို့ကြောင့် ဟဲထန်အပေါ်တွင် မည်းမှောင်သော အခိုးအငွေ့များက အမှန်တကယ် ဖုံးလွှမ်းနေခြင်း ရှိမရှိဆိုသည်မှာ အဖြေမရှိသော မေးခွန်းတစ်ခု ဖြစ်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် ဟဲထန်သည်က ကျေးလက်ဒေသသို့ သွားတော့မည်ဖြစ်ပြီး နှစ်သစ်ကူးပြီးနောက်တွင်ပင် ပင်းချန်သို့ ထွက်ခွာတော့မည် ဖြစ်လေသည်။
အနာဂတ်တွင် သူတို့ပြန်လည် ဆုံတွေ့ရန် အခွင့်အရေး ရှိမရှိကို မသိရတော့ပေ။ ထို့ကြောင့် သူမထံတွင် စစ်ဆေးရန် နည်းလမ်း မရှိတော့ပေ။
သို့သော် လီရှန်းအနေဖြင့် ၎င်းက အမှန်ဖြစ်စေရန် မျှော်လင့်ခဲ့သည်။
ဟဲထန်ကဲ့သို့သော လျို့ဝှက်စွာ ကောက်ကျစ်စဥ်းလဲတတ်သောလူက ကံဆိုးခြင်းနှင့် ထိုက်တန်ပေသည်။
လီရှန်း ကားပေါ်မှ ဆင်းပြီးနောက်တွင် ထိုစုံတွဲအကြောင်းကို လျင်မြန်စွာ မေ့သွားခဲ့သည်။
သူမ ဂိုထောင်ဆီသို့ လှမ်းကြည့်လိုက်လျှင် သူမ၏ ဦးလေး၏ စက်ဘီးကို မြင်လိုက်ရသည်။ သူမ ချက်ချင်းအိမ်သို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။
သူမ ခြံထဲသို့ ဝင်သွားသည်နှင့် ကျန်းကျူးရိက မြေကြီးကို အားကုန်တူးနေသည်ကို မြင်လိုက်ရသည်။ သူ၏ ဘေးတွင်တော့ ကျောင်းမှ ပြန်ရောက်ခါစဖြစ်ပုံဝသော ကျန်းချောင်က ကူညီနေခဲ့သည်။
“ဦးလေး? ဘာလုပ်နေတာလဲ”
လီရှန်းအနေဖြင့် မူလက ပစ္စည်းပို့ဆောင်သည့်အကြောင်းကို မေးမြန်းချင်ခဲ့သော်လည်း ကျန်းချောင် ရှိနေသဖြင့် သူမ၏ စကားလုံးများကို မြိုချလိုက်သည်။
“ဦးလေးက ငါ့တို့အတွက် ကြက်သွန်ဖြူနဲ့ ဂျင်းတွေ အများကြီး ပေးလိုက်တယ်.. ငါတို့ မြေကြီးကိုတူးပြီး ထားမှဖြစ်မယ်..မဟုတ်ရင် အလွယ်ကူ ပျက်စီးသွားလိမ့်မယ်”
ကျန်းကျူးရိက ဂေါ်ပြားဖြင့် ထပ်မံ တူးထုတ်ရင်း ပြောနေခဲ့သည်။ သူ၏ ဘေးရှိ မြွေအရေခွံ အိတ်ထဲတွင် အဝါရောင် သဲအိတ်တစ်အိတ် ရှိနေပြီး ၎င်းကို မြေကြီးထဲတွင် တူးထည့်ရန် ရည်ရွယ်ထားပုံရသည်။
ကြက်သွန်ဖြူနှင့် ဂျင်းများကို ၎င်းအိတ်ထဲတွင် ထည့်ပြီး သဲဖြင့် ဖုံးအုပ်ထားရမည်။ သို့မှသာ ခြောက်သွေ့ကာ လေဝင်လေထွက် ကောင်းမည်ဖြစ်ပြီး အရေးအကြီးဆုံးက နွေးထွေးစေလိမ့်မည်။
လီရှန်းသည် မြေပေါက်နေသည့်နေရာဆီသို့ လျှောက်သွားခဲ့ကာ ခြင်းတောင်းပေါ်ရှိ အဖုံးကို မလိုက်သည်။ ထို့နောက်တွင် အထဲတွင် စည်းထားသော ကြက်သွန်ဖြူ အကြီးတစ်စည်းကို မြင်လိုက်ရသည်။
ပမာဏကို ကြည့်ခြင်းဖြင့် နွေဦးရာသီ အစောပိုင်းလောက်အထိ စားနိုင်မည် ဖြစ်သည်။
ဂျင်းကတော့ များသည်ဖြစ်စေ ၊နည်းသည်ဖြစ်စေ အရေးမကြီးပေ။
ယခုအချိန်က ဆောင်းရာသီ ဖြစ်သောကြောင့် ဂျင်းလက်ဖက်ရည်ကအဖြစ် ပြုတ်၍ သောက်ပါက လျင်မြန်စွာ ကုန်ဆုံးသွားလိမ့်မည်။
သူမလည်း ကူညီသင့်ပေသည်။
သူမ၏ပုံပန်းသဏ္ဍာန်အရ အနည်းငယ် အားနည်းသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင် မစ်ရှင်ကမ္ဘာ၌ သူမ၏ မိသားစုကို ထောက်ပံ့ရန်ကြိုးစားခဲ့ရသောကြောင့် လယ်ယာစိုက်ပျိုးမှု စွမ်းရည်များက မနိမ့်ပါးခဲ့ပေ။
သူမအနေဖြင့် ကြိုးစား၍ အလုပ်လုပ်သရွေ့ လုပ်ကိုင်နိုင်စွမ်းရှိသောမိန်းကလေးတစ်ဦးသာ ဖြစ်ပြီး အလွန် လျင်မြန်စွာ အလုပ်လုပ်နိုင်ခဲ့သည်။
သူမက ကျန်းချောင်၏ လက်ထဲမှ ပေါက်ချွန်းကို ယူပြီး အကြိမ်အနည်းငယ်လောက်ဖြင့် မြေကြီးတွင် တွင်းကြီးတစ်ခု တူးထုတ်လိုက်သည်။
သူမ၏ ပုံစံအရ ဤအလုပ်ကို ပထမဆုံး လုပ်ဖူးခြင်းဖြစ်ကြောင်းကို မည်သူမျှ မယုံကြည်နိုင်လောက်ပါချေ။ကျန်းကျူးရိနှင့် ကျန်းချောင်တို့နှစ်ယောက် နှလုံးသားထဲတွင် စိတ်မသက်မသာ ခံစားလိုက်ရသည်။
သူမက တရုတ်နှစ်သစ်ကူး ပွဲတော်များအတွင်း လီဟုန်ကျွင်း၏ ဇာတိသို့ လိုက်သွားရချိန်တွင် သင်ကြားခြင်းကို ခံခဲ့ရသည်မှာ သေချာလောက်သည်။
ထို အဘွားကြီးလီက အကျင့် ကောင်းမွန်သောလူ မဟုတ်ပေ။
သူမက သူမ၏ မြေးမကို အမှိုက်တစ်ခုအဖြစ်ဆက်ဆံသော သားယောကျာ်းကသာ ကံကောင်းစေသည်ဟု အယူသည်းသော အမျိုးသမီးကြီးသာ ဖြစ်သည်။
သူ ဘာလို့ ဒါတွေကို အရင်က မတွေ့ခဲ့ရတာလဲ။
ဒါက ကျန်းမိသားစုက သူတို့ရဲ့ ကလေးတွေကို ကောင်းကောင်း ဆက်ဆံပြီး သူတို့ကို အလုပ် မလုပ်စေချင်လို့ပဲဖြ၀်လိမ့်မယ်!
ဒါကြောင့် သူတို့က ကျန်းမိသားစုရှေ့မှ် ဟန်ဆောင်နေကြတာပဲ!
လီရှန်းတစ်ယောက် သူမ၏ လုပ်ရပ်က သူမ၏ ဦးလေးနှင့် ဝမ်းကွဲကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်ကို မသိခဲ့ပေ။
သူမက မစ်ရှင်ကမ္ဘာတွင် ရှိနေစဦ်ကသူမ၏ မိသားစုကို ထောက်ပံ့ရန် လုပ်ဆောင်ခဲ့ရသည့် သူမ၏ လယ်ယာစိုက်ပျိုးမှု စွမ်းရည်များကို မဆုံးရှုံးသေးသည့်အတွက် နှလုံးသားထဲတွင် ပျော်ရွှင်နေခဲ့သည်။
သူမက အနာဂတ်တွင် ဆေးဝါးစက်ရုံသို့ ဝင်ရောက်လိမ့်မည်ဟု ထင်ရသည်။ သို့ဆိုပါက သူမ၏ ကိုယ်ပိုင် ‘ဆေးပညာအတွေ့အကြုံ’ က သူမ၏ နောက်ခံ ဖြစ်လာနိုင်သည်မှာ သေချာသည်။
ကြက်သွန်ဖြူနှင့် ဂျင်း မြှပ်နှံခဲ့ပြီးနောက် ကျန်းချောင်က လီရှန်းအား ညစာ ချက်ပြုတ်ပေးရန် တောင်းဆိုခဲ့သည်။
လီရှန်း၏ အားလပ်ရက်များတွင် အိမ်၌ ရှိနေပါက ကျန်းချောင်အတွက် အဆွဲဆောင်နိုင်ဆုံး အရာမှာ ဤအစားအသောက်များသာ ဖြစ်သည်။
သူက လီရှန်းအတွက် မီးဖိုရန် ကူညီနေရင်း ညည်းညူလာခဲ့သည်။
“အမေ ချက်ထားတဲ့ ထမင်းကို ဆယ်စုနှစ်တွေကြာအောင် စားခဲ့ရတဲ့ အဖေက တကယ်ကို ခက်ခဲခဲ့ရှာမှာပဲ...”
လီရှန်းတစ်ယောက် သူမသည်လည်း ကလေးဘဝကတည်းက သူမ၏ အဒေါ် ချက်ပြုတ်သော အစားအစာများကို စားသုံး၍ ကြီးပြင်းလာခဲ့ကြောင်း ပြောချင်ခဲ့သည်။
သူမ၏ အစားအသောက်သည်က တကယ်တမ်းတွင် ပုံမှန်သာ ဖြစ်ကာ အလွန်အမင်း အရသာမရှိခြင်းမျိုး မဟုတ်ပေ။
သို့သော်လည်း သူမမပြောရသေးခင် နောက်တစ်စက္ကန့်တွင်ပင် ကျန်းချောင်တစ်ယောက် အပြစ်ပေးခြင်း ခံရဖို့ ဖြစ်လာခဲ့သည်။
“ကောင်းပြီ၊ မင်း.. ကျန်းချောင်.. မင်းက အရမ်းတော်ပြီး ငါချက့တာက ညံ့လွန်းတယ် ထင်ရင်.. မင်းမှာ စွမ်းရည်ရှိရင် ကိုယ်တိုင် ချက်လိုက်”
ကျန်းချောင်: “…”
သွားပြီ!
သူ အခု သူ့အမေ အလုပ်ဆင်းပြီဆိုတဲ့အကြောင်းကို မေ့သွားတာပဲ။
ဖန်ချင်းက တံခါးဝမှ ဝင်လာပြီး သူမ၏ လက်ထဲတွင်တော့ ခြင်းတောင်းငယ်လေးကို ကိုင်ထားသည်
“အချိန်ကိုက်ပဲ၊ လောင်ဖန်က ငါ့ကို ငန်းဥတချို့ ယူလာပေးတယ်.. ရှန်းရှန်း၊ ဒါကို ဘယ်လို ကြော်ရင်ကောင်းမယ် ထင်လဲ”
“ကြက်သွန်ဖြူနဲ့ ကြော်ရအောင်!”
ကျန်းချောင်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
ထိုသို့အော်ဟစ်ပြီးနောက်တွင်ပင် သူက ခိုင်မာစွာ ပြောလာခဲ့သည်။
“ကျဲ.. ကျဲပဲ လာပြီး ကြော်လိုက်ပါလား.. ကျဲလည်း အမေ ကြော်ထားတာကို မစားချင်ဘူးမလား”
လီရှန်းလည်း သူမ မတိုင်ခင်က ယူလာသော ကြက်သွန်ဖြူဖြင့် ငန်းဥကို ကြော်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
အကယ်၍ လူတစ်ဦးက ကြက်သွန်ဖြူကို အမှန်တကယ်နှစ်သက်ပါက ၎င်းကို ဟင်းပွဲအဖြစ်ပင့ စားနိုင်ပြီး မနှစ်သက်ပါက လုံးဝ မထိနိုင်ပေ။
ကံကောင်းထောက်မစွာ ကျန်းမိသားစုက အစားရွေးသူများ မဟုတ်ကြဘဲ ကြက်သွန်ဖြူကိုပင် အရသာရှိစွာစားသည်။
စားသောက်ပြီးနောက် ကျန်းချောင်တစ်ယောက် ငန်းဥ၏ နောက်ဆုံးတစ်ကိုက်ကို ယူကာ တွန့်ဆုတ်စာ စားလိုက်သည်။
ထို့နောက် လီရှန်း၏စကားကိုနားထောင်ကာ ပန်းကန်များ ဆေးရန် အပြင်သို့ ထွက်သွားခဲ့သည်။ သူသည်က အလွန်ပင် ဂရုတစိုက်ရှိနေပြီး အစောပိုင်းကာလများကဲ့သို့ အလုပ်လုပ်ရန် မလိုလားသော လက္ခဏာကိုမပြပေ။ ၎င်းက ဖန်ချင်းကို အံ့အားသင့်စေခဲ့သည်။
သူမ၏ သားငယ်က လီရှန်း၏ စကားကို ဤမျှနားထောင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ကျန်းချောင် အပြင်သို့ထွက်သွားပြီး လီရှန်းက ကျန်းးကျူးရိကို လျင်မြန်စွာ မေးလိုက်သည်။
“အကြီးဆုံးဦးလေး၊ ဒုတိယဦးလေးရဲ့ ပစ္စည်းတွေကို ပို့လိုက်ပြီလား။”
ကျန်းကျူးရိ ခေါင်းညိတ်သည်။
“အရေးပေါ်ပစ္စည်းအဖြစ် ပို့လိုက်တာ”
လီရှန်း စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်မိသည်။
ယခု သူမဘက်မှ သတိပေးပြီးပြီဖြစ်၍ ကျန်းကျူပင်းတစ်ယောက် သေဆုံးသည့်နေ့မှ လွတ်မြောက်နိုင်မလားဆိုသည်က ကံကြမ္မာပေါ်တွင်သာ မူတည်တော့သည်။
လီရှန်း စိုးရိမ်ပူပန်နေသော်လည်း သူမ လုပ်နိုင်သည့်အရာဟူ၍ မရှိတော့ပေ။
လီရှန်းသည် ထိုညတွင် ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း လစဉ် အားလပ်ရက် ပြီးဆုံးသွားခဲ့လေသည်။ လီရှန်းက မနက်တွင် စောစောထကာ ကျောင်းသို့ သွားခဲ့သည်။
ကျမ်းကျူးရိသည် လီရှန်းအတွက် လစဉ် ဘတ်စာကားလက်မှတ်ကို အထူးတလည် ဝယ်ပေးခဲ့သည်။
ရက်စွဲကို မိတ္တူကူးထားသော စာမျက်နှာပေါ်တွင် လက်ရေးဖြင့် ရေးထားပြီး အပြင်ဘက်တွင်တော့ အထူးတံဆိပ်ကို ခတ်ထားသည်။
ဤ လစဉ် လက်မှတ်ဖြင့်ဆိုပါက လီရှန်းအနေဖြင့် ဤလတွင် ကြိုက်သလောက် ဘတ်စ်ကားကို စီးနိုင်ပေလိမ့်မည်။
***