လီရှန်း အတန်းထဲသို့ ရောက်သွားချိန်တွင် အတန်းထဲမှ နောက်ထပ် အမျိုးသမီး အတန်းဖော်နှစ်ဦး ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
လီလင်းကတော့ အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။ သူမက မနေ့ညကလည်း ကောင်းကောင်း မအိပ်ခဲ့သည်မှာ ထင်ရှားပေသည်။
လီရှန်း ရောက်လာသည်ကို မြင်သော် သူမက စိတ်အားတက်ကြွလာပြီး ကွေ့ဝိုက်မနေဘဲ တိုက်ရိုက် ပြောလာခဲ့သည်။
“ဝမ်ဖန်နဲ့ ဝမ်လီတို့ လက်ထပ်သွားပြီ”
ဝမ်ဖန်နှင့် ဝမ်လီတို့မှာ ဝမ်းကွဲညီအစ်မများ ဖြစ်ပေသည်။
“ညီအစ်ကို နှစ်ယောက်ကို လက်ထပ်တာတဲ့”
လီလင်းက အတင်းအဖျင်း ပြောနေရလျှင်တော့ အိပ်ချင်စိတ်များ လုံးဝ မရှိနေခဲ့ပါချေ။
သူ့၏တစ်ကိုယ်လုံးက စွမ်းအင်များ ပြည့်နေခဲ့သည်။
“အဲဒီ ညီအစ်ကို နှစ်ယောက်လုံးကလည်း စစ်သားတွေလို့ ကြားတယ်”
“ဒါဆို သူတို့ လက်ထပ်ပြီး တပ်ထဲကို ဝင်သွားတာလား”
လီရှန်း၏ ဒုတိယဦးလေးသည်လည်း စစ်သားတစ်ဦးဖြစ်ပြီး သူမ၏ ဒုတိယအဒေါ်က ဦးလေးဖြစ်သူနဲ့လိုက်၍ တပ်တွင် နှစ်ပေါင်းများစွာ နေခဲ့သည်။
လီလင်းက ခေါင်းခါရမ်းလာသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. လက်ထပ်တဲ့လူက အရာရှိ မဟုတ်ရင် တပ်ထဲကို ဝင်လို့မရဘူးလေ.. သူတို့က လက်ထပ်ပြီး ယောက္ခမတွေရဲ့ အိမ်မှာနေရင်း ယောက္ခမတွေကို ပြုစုလုပ်ကျွေးရမယ်လို့ ပြောကြတယ်
ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီအတွက် အလုပ်တစ်ခု ဝယ်ပေးခဲ့တယ်လို့ ပြောတယ်”
၎င်းအခြေအနေက သူတို့အား လက်ထပ်ရန် ဆန္ဒရှိလာခြင်း၏ အကြောင်းရင်းသာ ဖြစ်ပေသည်။
အိမ်တွင် ညီအစ်ကို မောင်နှမများစွာ ရှိသည်။ သူတို့သာ မလက်ထပ်ပါက ကျေးလက်ဒေသကို သွားရလိမ့်မည်။
အလုပ်သမား စာမေးပွဲ ဖြေဆိုရန်အတွက်မူ လက်ရှိအခြေအနေက ခေါ်ဆိုမည့်အခြေအနေမျိုးရှိမနေပါချေ။
ဆေးဝါးကုမ္ပဏီများအတွက် ခေါ်ယူသည့် စာမေးပွဲသည်လည်း အလွန် ခက်ခဲလွန်းသည်ဟု ဆိုကြသည်။
အတင်းအဖျင်းများ ပြောပြီးနောက်တွင် သူတို့နှစ်ယောက်က စာမေးပွဲအတွက် ဆက်လက်၍ ကြိုးစားလေ့လာနေခဲ့ကြသည်။
ခဏအကြာတွင် ကျန်းယွဲ့ ရောက်လာပြီး လီရှန်း၏ ရှေ့တွင် အချိန်အတော်ကြာအောင် ရပ်နေခဲ့သည်။ သူမ၏ အမူအရာပ အလွန် ရှုပ်ထွေးနေလေသည်။
လီရှန်းတစ်ယောက် တစ်ဖက်လူက သူမကို ကျေးလက်ဒေသသို့ သွားရန် ဆွဲဆောင်တော့မည်ဟု တွေးမိကာ သူမကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေခဲ့သော်လည်း ထိုအခိုက်တွင်ပင် ကျန်းယွဲ့က မည်သည်ကိုမှ မပြောဘဲ လှည့်ထွက်သွားခဲ့သည်။
လီလင်း- “... သူမ အရွယ်ရောက်ကာလအပိုင်းအခြားကို ရောက်နေတာလား”
“ဘယ်သူသိမှာလဲ”
လီရှန်းကတော့ သူမကို လှည့်ကြည့်ချင်စိတ်ပင် မရှိပေ။
တစ်နေ့တာ ကုန်ဆုံးချိန်တွင် ဆရာမှ သင်ညွှန်းများကိုပြန်လည် သုံးသပ်ခိုင်းခြင်းအပြင် သူတို့ ကိုယ်တိုင်လညာ့ ပြန်လည် သုံးသပ်ရန် ပို၍ပင် စိတ်အားထက်သန်လာကြသည်။
ကျောင်းဆင်းချိန်သို့ရောက်ပြီးနောက် လီရှန်းက ပစ္စည်းများကို ထုပ်ပိုးကာ အိမ်ပြန်ရန် ပြင်ဆင်ခဲ့ပြီး လီလင်းကတေား ညစာ စားပြီးနောက် ဆက်လက် လေ့လာရန် စီစဉ်ခဲ့သည်။
လီရှန်း လစဉ်လက်မှတ်ဖြင့် ဘတ်စ်ကားပေါ်သို့တက်ကာ အိမ်သို့ ပြန်ခဲ့သည်။
ဆောင်းရာသီတွင် ညဘက်အချိန်က စောစီးစွာ ရောက်လာတတ်ပြီး လီရှန်း ကားထဲသို့ ဝင်ချိန်တွင် နေဝင်လုနီးနီးဖြစ်နေပေပြီ။
သူမက လက်ဖဝါးအရွယ် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး လေ့လာသင့်သည့် အချက်များကို တိတ်တဆိတ် အလွတ်ကျက်နေသည်။
သူမအနေဖြင့် ဆေးဝါးစက်ရုံ၏ စာမေးပွဲအခြေအနေကို မသိခဲ့သဖြင့် ယခုအချိန်းတွင် သက်ဆိုင်ရာ အချက်အလက်မှန်သမျှကို အလွတ်ကျက်ရုံသာ တတ်နိုင်ခဲ့သည်။
မလိုအပ်သော အရာများကို အလွတ်ကျက်မိလျှင်ပင် မည်သညာကိုမှ အလွတ်မကျက်သည်ထက် ပိုကောင်းပေသည်။
သူမ ဆက်လက်ကျက်မှတ်နေစဥ် နောက်ထပ် လူတစ်ဦးက သူမ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
လီရှန်းအနေဖြင်် ဘတ်စ်ကားပေါ်သို့ ရောက်လာကတည်းက သူမ၏ စိတ်ထဲတွင် တိတ်တဆိတ် ကျက်မှတ်နေပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကိုပင် မကြည့်ခဲ့ပေ။
ထိုအစား တစ်ဖက်လူက အရင် စကားပြောလာခဲ့သည်။
“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ? ရဲဘော်.. မင်းလည်း ဒီဘတ်စ်ကားကို စီးတာလား”
လီရှန်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်မိသည်။
ထို့နောက်တွင် သူမ နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့သော ချောမောသည့် ကောင်လေးက သူမကို အံ့သြနေသည့် မျက်နှာထားဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ရှင်က ... ရဲဘော် စုလား”
လီရှန်း၏ လေသံက အနည်းငယ် မသေချာသကဲ့သို့ဖြစ်နေသည်။
ထိုချောမောသော ကောင်လေးက နီရဲသောနှုတ်ခမ်းများနှင့် ဖြူဖွေးသောသွားများ ရှိပြီး လူငယ်တစ်ယောက်၏စွမ်းအားများ ပြည့်နေပုံရသည်။
ထို့အပြင် သူက အလွယ်တကူ မျက်နှာနီမြန်းတတ်သည့် သဘာဝရှိသဖြင့် လီရှန်းသည် သူ့ကို အတော်လေး သတိထားမိခဲ့သော်လည်း ထိုသူသာ ဆေးဝါးကုမ္ပဏီသို့ ဝင်ရောက်နိုင်ခြင်းမရှိပါက သူ့ကို သိကျွမ်းရန်မလိုအပ်ဟုသာ တွေးထားခဲ့သည်။
ယနေ့ သူတို့ ထပ်မံ တွေ့ဆုံခဲ့ချိန်တွင် လီရှန်းဘက်မှ သူ၏ နာမည်ကိုပင် လုံးဝ မမှတ်မိတော့ပေ။
“ဟုတ်တယ်.. မင်းကို ကိုယ့်ကိုမှတ်မိသေးတာလား”
စုဝေချင်းပ အလွန်ပျော်ရွှင်နေပုံရပြီး သူ၏ တောက်ပသော မျက်လုံးများက သူမကို ကြည့်နေချိန်တွင် စစ်မှန်သော ပျော်ရွှင်မှုများကို ပြသသည်။
လီရှန်း အပြစ်ရှိစွာ ပြုံးလိုက်မိသည်။သူမ မမှတ်မိဘူးလို့ ပြောနိုင်ပါ့မလား။
ဒီချောမောတဲ့ ကောင်လေးကသာ အရမ်းကြီး ချောမောခန့်ညားမနေခဲ့ဘူးဆိုရင် သူမ သူ့ကို နည်းနည်းလေးတောင် သတိပြုမိမှာမဟုတ်ဘူး။
“မင်းက ခရိုင် အထက်တန်းကျောင်းက ကျောင်းသူလား”
စုဝေချင်းက လီရှန်း ဘတ်စ်ကားပေါ်သို့ တက်လာသည့် မှတ်တိုင်ကို ချက်ချင်း ခန့်မှန်းလိုက်သည်။
သူသည်လည်း ခရိုင် အထက်တန်းကျောင်းတွင် ကျောင်းတက်ခဲ့သည်။ ဆေးဝါးစက်ရုံတွင် ဝန်ထမ်း မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းသာ ရှိပြီး အထက်တန်းကျောင်း မရှိပေ။
ထို့ကြောင့် ဆေးဝါးစက်ရုံရှိ ကလေး အများစုသည်က အထက်တန်းကျောင်း တက်ရန်အတွက် ပြည်နယ်မြို့တော်သို့ ပြန်သွားကြသည်။
စုဝေချင်းကတော့ ငယ်စဉ်ကတည်းက ရဲဘော်လော်ယွီရှိုး၏ အချစ်ဆုံးကလေး ဖြစ်ခဲ့သဖြင့် သူ့ကို တခြားသူ၏ ဂရုစိုက်မှုအောက်တွင် နေထိုင်ခွင့်ပြုရန်ဖို့အတွက် လုံးဝ ခွင့်မပြုပေးနိုင်ခဲ့ပါချေ။
ထို့ကြောင့် သူက သူ၏ဦးလေးနှင့်အတူ နေထိုင်ပြီး အထက်တန်းကျောင်း တက်ရန်အတွက် ခရိုင် အထက်တန်းကျောင်းသို့ နှစ်နှစ် သွားခဲ့သည်။
သူလည်း ဤဘတ်စ်ကားကို နှစ်နှစ်ကြာအောင် အသွားအပြန် စီးခဲ့ဖူးသည့်အတွက် လမ်းကြောင်းကို ကောင်းစွာ သိသည်။
“အင်း”
တစ်ဖက်လူက သူမနှင့် စကားပြောချင်စိတ် ရှိနေသည်ကို မြင်လျှင် လီရှန်းလည်း မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး မေးခဲ့သည်။
“နောက်ဆုံးတစ်ခေါက်တုန်းက ရှင် ဆေးဝါးစက်ရုံရဲ့ စာမေးပွဲ ဖြေချင်တယ်လို့ ပြောခဲ့တာမလား.. လျှောက်လွှာ တင်ပြီးပြီလား”
စုဝေချင်းတစ်ယောက် သူ၏နတ်ဘုရားမက သူ့ကို လျစ်လျူမရှုခဲ့သည်ကို မြင်လျှင် ရုတ်တရက် ပို၍ စိတ်လှုပ်ရှားလာပြီး သူ၏ နားရွက်များသည်လည်း ထပ်မံ နီရဲလာသည်။
သို့သော် သူ၏ လေသံ ယခင်ကထက်ပင် ပို၍ စိတ်လှုပ်ရှားမှုများရောယှက်နေခဲ့သည်။
“ကိုယ် လျှောက်လွှာ တင်ထားခဲ့တယ်.. ဒီရက်တွေမှာ အိမ်မှာလည်း ကြိုးစားပြီး လေ့လာနေခဲ့တာ”
ထိုသို့ ပြောရင်း သူက သူ၏ အသံကို ရည်ရွယ်ချက်ရှိရှိလျှော့ကာ အသံတိုးတိုးဖြင့် ပြောလာသည်။
“ကိုယ် ဆေးဝါးကုမ္ပဏီကနေ စာမေးပွဲမေးခွန်းဟောင်းတွေကို ရှာဖို့အတွက် တစ်ယောက်ယောက်ကို တောင်းဆိုခဲ့တယ်.. မင်း ကြည့်ချင်လား”
လီရှန်း: “…”
ဒါမျိုးကို ‘မရဘူး’ လို့ ပြောလို့ရမလား!
သို့သော်လည်း ဤချောမောသော ကောင်လေးက အလွန်အကျွံရိုးအလွန်းနေသည် မဟုတ်ပေလား။
နောက်ဆုံးတစ်ကြိမ် သူမဘက်က လျှောက်လွှာတင်ရမည့် နေရာကို သတိပေးခဲ့ရုံမျှဖြင့် ဤသို့ ကျေးဇူး တုံ့ပြန်လာသည်လား။
လီရှန်း: “ကျွန်မ အဲဒါတွေကို လေ့လာပြီး ရှင့်ရဲ့နေရာကိုလုမှာကို မကြောက်ဘူးလား”
စုဝေချင်းက တိုက်ရိုက်ပင် အမှန်တရားကို ပြောလာခဲ့သည်။
“လူရာပေါင်းများစွာက စာမေးပွဲ ဖြေနေကြပြီး ခေါ်ယူခွင့် ကန့်သတ်ချက်က ဒါဇင်ကျော် ရှိတယ်.. အဆင်ပြေရင် ကိုယ်တို့ နှစ်ယောက်လုံး စာမေးပွဲ အောင်လိမ့်မယ်”
သူတို့ နှစ်ယောင်လုံးကျရှုံးနိုင်သည်လည်း ဖြစ်နိုင်သည်။
ဒါကြောင့် ပြိုင်ဆိုင်မှုဆိုတာ မရှိဘူး။
လီရှန်း ထိုချောမောသော ကောင်လေး၏ ဆိုလိုရင်းကို နားလည်ပေသည်။
ထိုချောမောသော ကောင်လေး၏ လက်ထဲရှိ စာမေးပွဲမေးခွန်းဟောင်းများသည်လည်း အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသည်။
ခဏတာ စဉ်းစားပြီးနောက် သူမ ခေါင်းညိတ်လိုက်သည်။
“ရှင် ကျွန်မကို ခဏလောက်ငှားလို့ရမလား.. ကျွန်မ ပြန်လည် သုံးသပ်ဖို့အတွက် ကူးယူချင်တယ်”
“ရတာပေါ့”
စုဝေချင်း ခေါင်းညိတ်သော်လည်း ယခုအချိန်တွင် သူက ပို၍ ဉာဏ်ကောင်းလာပြီဖြစ်၍ ပြန်ပြောလိုက်လေ၏။
“ဒါပေမဲ့ ကိုယ် စာမေးပွဲမေးခွန်းဟောင်းတွေကို အိမ်မှာ ထားခဲ့တယ်.. မင်းကို ဘယ်လို ပေးရမလဲ”
လီရှန်း: “ကျွန်မ မနက်ဖြန် ကျောင်းဆင်းပြီးရင် ဒီဘတ်စ်ကားကိုပဲ စီးဦးမှာ၊ ရှင် ကျွန်မကို အဲဒီအချိန်ပေးလို့ရတယ်လေ”
ထို့နောက် သူမက တစ်စုံတစ်ဦးကို အကြွေးတင်သွားပြီဟု ခံစားရသဖြင့် အမြန် ပြောလိုက်သည်။
“ကျွန်မ ဖတ်ဖူးတဲ့ ပြန်လည်သုံးသပ်နိုင်တဲ့ စာတွေကိုလည်း ရှင့်ကို တစ်စောင် ပေးပါ့မယ်၊ ဒါမှ ကျွန်မတို့တွေ ပြန်လည် သုံးသပ်ခြင်းကို အချင်းချင်းလဲလှယ်နိုင်မှာ”
“ဒါဆို ကိုယ် ပြန်လည် သုံးသပ်ဖို့မှတ်စုအသစ်တွေ ရှာတွေ့ရင် မင်းနဲ့ ထပ်ပြီး ဝေမျှလို့ရမလား.. တစ်ယောက်တည်း ပြန်လည် သုံးသပ်တာထက် ပိုကောင်းတာပေါ့”
“ကောင်းပြီ”
လီရှန်း အချိန်ကို တွက်ချက်ကြည့်လိုက်သည်။
ဝန်ထမ်းခေါ်ယူရန် စာမေးပွဲက အနည်းဆုံး ရက်နှစ်ဆယ်သာ ကြာတော့ပေမည်။ တစ်ဖက်လူက ပြန်လည် သုံးသပ်ရန်မှတ်စုအသစ်များကို ရှာတွေ့လျှင်ပင် သူကိုယ်တိုင်လည် ဖတ်ရဦးမည်ဖြစ်သောကြောင့် ဒုတိယ အကြိမ် လဲလှယ်မှု ရှိနေလိမ့်မည်ဟု လီရှန်း မထင်ပေ။
သို့သော် သူမက သဘောတူလိုက်ဆဲသာဖြစ်သည်။
ဒီချောမောတဲ့ကောင်လေးမှာ တခြား မှတ်စုတွေ ရှိနေဦးမယ်ဆိုရင်ရော။
လီရှန်းက ထိုသို့သော သွေးဆောင်မှုကို သည်းမခံနိုင်ပေ။
စုဝေချင်းလည်း ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။
လီရှန်းက သူ၏ နာမည်ကို မမှတ်မိကြောင်း မြင်နိုင်ခဲ့သဖြင့် သူ ကိုယ့်ကိုယ်ကိုယ် ထပ်မံ မိတ်ဆက်လိုက်သည်
“ကိုယ့်ရဲ့နာမည်က စုဝေချင်းပါ.. မင်းရဲ့ နာမည်ကရော”
“ကျွန်မ နာမည်က လီရှန်းပါ၊ လီမျိုးနွယ်စုက လီ၊ ကြင်နာတတ်တယ်ဆိုတဲ့ ရှန်း ”
လီရှန်း...
ဒီနာမည်က တကယ်ကို ကောင်းလွန်းတယ်။စုဝေချင်း သူ၏ နှလုံးသားထဲတွင် နှစ်ကြိမ်တိုင်တိုင် ရေရွတ်လိုက်သော်လည်း သူ၏ မျက်နှာကတော့ လေးနက်နေဆဲပင်။
“ရဲဘော် လီရှန်း၊ ဒါဆို ကိုယ် မနက်ဖြန် မင်းကို ဒီမှာ စောင့်နေပါ့မယ်”
လီရှန်း ခေါင်းညိတ်လိုက်သည်။
စက်မှုယန္တရားစက်ရုံမှာ အထက်တန်းကျောင်းနှင့် ပို၍ နီးသည်။
ထို့ကြောင့် လီရှန်းက စုဝေချင်းကို နှုတ်ဆက်ပြီး ကားပေါ်မှ လျှင်မြန်စွာ ဆင်းသွားခဲ့သည်။ သူမ ထွက်သွားသည်နှင့် စုဝေချင်း၏ မျက်နှာက ပို၍ပင် နီရဲလာသည်ကိုတော့ သူမ သတိမထားမိပေ။
သူ ခေါင်းကို အသာငုံ့ကာ သူ၏ ဒူးပေါ်ရှိ အိတ်ကို လက်ဖြင့် ထိလိုက်သည်။
အိတ်ထဲတွင် ရှိနေသည်မှာ သူ မနက်ပိုင်းတွင် ထုတ်ယူလာခဲ့သော စာမေးပွဲမေးခွန်းဟောင်းများသာ ဖြစ်ပေသည်။
စာရေးသူမှာ ပြောစရာရှိပါတယ် :
ရိုးသားတဲ့သူတွေကလည်း လှည့်ကွက်တွေကို အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် တကယ်ကြီး ရိုးသားတာလည်း မဟုတ်ပါဘူး...
***