ရှစ်ထောင့်မျှော်စင်အတွင်း၌ အေးစက်လှသော အငွေ့အသက်အမည်းရောင်များ လိပ်တက်နေပြီး၊ ထိုဆန်းကြယ်သော သရဲရိပ်ကို အလယ်တွင် ရစ်ပတ်ဖုံးလွှမ်းထားသည်။
အရှိန်အဝါမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
အထူးသဖြင့် စောစောက ထိုသရဲရိပ်က ကြုံးဝါးလိုက်သော ရက်စက်သည့် စကားများကြောင့် ဤကောင်တွင် အစွမ်းထက်လှသော ဝှက်ဖဲတစ်ခုခု ရှိနေသည်ဟု လူတိုင်းက ထင်မှတ်သွားကြသည်။
"ငါ့ကို ဝါးမြိုချင်တယ်ပေါ့ မင်းလိုကောင်ကများ ထိုက်တန်လို့လား "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားတော့သည်။
ဝုန်းးး
သူ၏ စိတ်ဝိညာဉ်စွမ်းအားမှ ရေဆေးရောင် စွမ်းအားစုတစ်ခု ပစ်လွှတ်လိုက်ရာ ဆန်းကြယ်သော အနက်ရောင်အရိပ် ရှိနေသည့် နေရာတစ်ခုလုံးကို ရိုက်ခွဲလိုက်ချေပြီ။
မြေပြင်မှာလည်း တစ်လက်မချင်း အက်ကွဲသွားတော့သည်။
ထိုသရဲရိပ်သည် ဟင်းလင်းပြင်ထဲတွင် အရိပ်တစ်ခုအဖြစ် လွင့်ပျံသွားပြီးနောက်၊ နောက်တစ်ခဏ၌ လီယန်ချူ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
ဒိုင်းးး
သူ၏ ကိုယ်ပေါ်မှ ယင်စွမ်းအား နှင့် လီယန်ချူ၏ စိတ်ဝိညာဉ်နယ်ပယ်မှ ရေဆေးရောင် စွမ်းအားစုတို့ အပြင်းအထန် ပွတ်တိုက်မိကြသည်။
ပေါက်ကွဲသံမှာ နားကွဲလုမတတ်ပင်
ရေနှင့်မီးကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် လုံးဝ အလျှော့မပေးကြပေ။
ယင်စွမ်းအားဆိုသည်မှာ မူလက မည်သည့်အပေါက်မဆို တိုးဝင်နိုင်သော ဆန်းကြယ်သည့် မိစ္ဆာစွမ်းအားတစ်ခု ဖြစ်သည်။
သို့သော် လီယန်ချူ၏ ဤမျှ အစွမ်းထက်လှသော စိတ်ဝိညာဉ်စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင်မူ ၎င်း၏ ခြေနှင့်လက်ကို တုပ်နှောင်ခံလိုက်ရသလို ဖြစ်သွားပြီး လုံးဝ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။
ထို့ပြင် လီယန်ချူ၏ လုံဟူရှန်းတောင် ထိုက်ကျိယင်ယန် လျှို့ဝှက်ကျင့်စဉ် ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် ဒဏ်ရာပင် ရသွားတော့သည်။
ဝုန်းးး ဝုန်းးး ဝုန်းးး
ဟင်းလင်းပြင်ထဲတွင် အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။
လီယန်ချူ၏ ဦးခေါင်းထက်မှ ထိုက်ကျိပုံရိပ်မှ ရေဆေးရောင် စွမ်းအားစုများသည် ထိုသရဲရိပ်ကို အဆက်မပြတ် တိုက်ခိုက်နေတော့သည်။
သရဲရိပ်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ပျက်စီးနေရုံမက၊ သူ၏ကိုယ်ပေါ်မှ လိပ်တက်နေသော ထူထပ်လှသည့် အနက်ရောင် အငွေ့အသက်အများအပြားမှာလည်း အပြီးတိုင် ရိုက်ခွဲခြင်း ခံလိုက်ရသည်။
သူ ကြောက်သွားပြီ
စောစောက သူ ဤမျှ အရှိန်အဝါအကြီးအကျယ် ပြသခဲ့သော်လည်း၊ ဤလူငယ်တာအိုဆရာ၏ စိတ်ဓာတ်ကို အနည်းငယ်မျှပင် မတုန်လှုပ်စေနိုင်ခဲ့ပေ။
ဤလူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ကြောက်စရာကောင်းလောက်သည့် အဆင့်တွင် ရှိနေကြောင်း သိသာလှသည်။
သရဲရိပ်သည် သူ၏ကိုယ်တွင်းမှ စွမ်းအားများကို အစွမ်းကုန် စုစည်းကာ လီယန်ချူ၏ ထိုက်ကျိပုံရိပ်မှ ထွက်ပေါ်လာသော ရေဆေးရောင် စွမ်းအားစုများကို ခုခံရန် ကြိုးစားနေသည်။
သို့သော် လုံဟူရှန်းတောင် ထိုက်ကျိယင်ယန် လျှို့ဝှက်ကျင့်စဉ်၏ စွမ်းပကားမှာ အလွန်ပင် ကြမ်းတမ်းလှသဖြင့် ထိုသရဲရိပ်မှာ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ပေ။
သူ၏ စွမ်းအားအများစုမှာ ထိုလူသားစား သရဲကြီးကို ဖိနှိပ်ထားရန်နှင့် ရှေးဟောင်းသတ်ဖြတ်ရေး အစီရင်ခံကို ထိန်းချုပ်ရန်အတွက် အသုံးပြုနေရခြင်း ဖြစ်သည်။
ထို့ပြင် စောစောက သူ၏ ကိုယ်ပွားတစ်ခုကိုလည်း လီယန်ချူက ရိုက်ခွဲထားပြီးဖြစ်သည်။
ထို့ကြောင့် ယခုအချိန်မှာ သူ၏ အားအနည်းဆုံး အချိန်ဟု ဆိုရပေလိမ့်မည်။
ရေဆေးရောင် စိတ်ဝိညာဉ်နယ်ပယ်သည် ရှစ်ထောင့်မျှော်စင် တစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီ ဖြစ်သည်။
သရဲရိပ်၏ ကိုယ်ပေါ်မှ ယင်စွမ်းအားများမှာ အလွန်သေးငယ်သော အတိုင်းအတာအထိ ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
"အစ်ကိုကြီး... အစ်ကိုကြီး မတိုက်ပါနဲ့တော့ ကျနော် အရှုံးပေးပါတယ်... ရမလား "
ထိုဆန်းကြယ်သော သရဲရိပ်က ရုတ်တရက် အသံကုန် ဟစ်အော်လိုက်တော့သည်။
"..." ကျန်းဝေ
"..." ကျိချင်းသူတော်စင်
"..." လျူကျွင်း
"..." ရွှီမင်သူတော်စင်
"..." ရွှီဟွေ့သူတော်စင်
ထိုသရဲရိပ်၏ အရှက်မရှိသော ပုံစံကြောင့် လူတိုင်းမှာ မှင်တက်ကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ဤသည်မှာ အေးစက်ကြောက်မက်ဖွယ်ကောင်းလှသော ဤမြို့ကလေး၏ ပုံစံနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
လီယန်ချူကတော့ သူ့ကို ဂရုမစိုက်ပေ။
ထိုသရဲရိပ်၏ အသိဉာဏ်မှာ အလွန်မြင့်မားပြီး လူသားဆန်မှု အလွန်ရှိနေသဖြင့် သူပြောသမျှ စကားတစ်ခွန်းကိုမျှ ယုံ၍မရပေ ညှိနှိုင်းနေဖို့လည်း မလိုအပ်တော့။
လီယန်ချူသည် စိတ်ဝိညာဉ်စွမ်းအားမှ တန်ခိုးတစ်ခုကို ထပ်မံပစ်လွှတ်လိုက်ရာ၊ ၎င်းမှာ သရဲရိပ်၏ ခြေသလုံးကို တည့်တည့်မှန်သွားပြီး သူ၏ ခြေထောက်နှစ်ဖက်စလုံးမှာ တစ်ခဏချင်းပင် ပျောက်ကွယ်သွားတော့သည်။
"ဒီလူငယ်တာအိုဆရာက တကယ်ကို ကိုင်တွယ်ရ ခက်တာပဲ "
သရဲရိပ်၏ စိတ်ထဲတွင် အလွန်ပင် ထိတ်လန့်နေမိသည်။
ထိုလူငယ်တာအိုဆရာက ဤနေရာကို ဘယ်လိုရှာတွေ့သွားသည်ကို သူ နားမလည်နိုင်ပေ။
သူသည် မိမိ၏ အငွေ့အသက်ကို သေချာပေါက် ဖုံးကွယ်ထားခဲ့သည် မဟုတ်ပါလား။
လီယန်ချူ၏ စွမ်းအားများမှာလည်း အတော်လေး ကုန်ခမ်းနေပြီ ဖြစ်ရာ၊ သူသည် ဆက်လက် အချိန်မဆွဲတော့ဘဲ အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုက်ကျိပုံရိပ်မှာ ပိုမိုမြန်ဆန်စွာ လည်ပတ်လာပြီး ရုတ်တရက် ကြီးမားလာတော့သည်
ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ထိုဆန်းကြယ်လှသော အငွေ့အသက်၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသလိုပင်။
ထို့နောက် လီယန်ချူသည် ရေဆေးရောင် စွမ်းအားစုတစ်ခုကို အားကုန်ပစ်လွှတ်လိုက်သည်။
ထိုသရဲရိပ်သည် စောစောကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင်မူ၊ သူ၏ စိတ်ရင်းအတိုင်းပင် ထွက်ပြေးရန် ရွေးချယ်လိုက်တော့သည်။
ရှစ်ထောင့်မျှော်စင်ကို စွန့်လွှတ်လိုက်ပါက သူသည် ဤရှေးဟောင်းအစီရင်ခံကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
သို့သော် တစ်ပြိုင်နက်တည်းမှာပင် သူ၏ စွမ်းအားများကို ဖြည်းဖြည်းချင်း ပြန်လည်စုစည်းနိုင်မည်ဖြစ်ပြီး ဤအစီရင်ခံ၏ ကန့်သတ်ချက်များအောက်မှလည်း လွတ်မြောက်သွားမည်ဖြစ်သည်။
ထိုသို့ တွေးကြည့်ပါက သူ့အတွက် တကယ်တမ်း၌ တွက်ချေကိုက်ပေသည်။
"အရင်ဆုံး ပုန်းနေစရာ နေရာတစ်ခု ရှာရမယ်။ အခု သရဲတွေ အကုန်လုံးက ဟိုသရဲကြီးကို ဝိုင်းတိုက်နေကြတာဆိုတော့၊ ကိစ္စတွေ အဖြေပေါ်မှပဲ ပြန်ထွက်လာတော့မယ် "
သရဲရိပ်သည် တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ကိုယ်ထည်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
ခြေရာခံအတတ်ကို အသုံးပြုကာ ထိုထူးဆန်းသော အငွေ့အသက်များ ဝေးရာသို့ ထွက်ပြေးသွားသည်ကို အာရုံခံမိပြီးနောက်၊ လီယန်ချူက မနေနိုင်ဘဲ အေးစက်စွာ ပြုံးလိုက်သည်။
"ဒီသရဲက တော်တော်လေးကို ကြောက်တတ်တာပဲ"
သူသည် စိတ်ဝိညာဉ်ပုံရိပ်ကို ပြန်သိမ်းလိုက်ပြီး၊ မျက်လုံးများ လင်းလက်လျက် ရှစ်ထောင့်မျှော်စင်ကို အေးစက်စွာ မော့ကြည့်လိုက်သည်။
ထိုရှစ်ထောင့်မျှော်စင်မှာ လုံးဝကို မရိုးရှင်းလှပေ
လီယန်ချူသည် မူလက ထိုသရဲရိပ်ကို သတ်ပစ်လိုက်ရုံနှင့် ဤထူးဆန်းသော မြို့ကလေးမှ ထွက်သွားနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် စောစောက ထိုသရဲရိပ်ကို ကိုင်တွယ်နေချိန်တွင် သူသည် ရုတ်တရက် အာရုံတစ်ခု ရရှိခဲ့သည်။
ထိုသရဲရိပ်မှာ ရှစ်ထောင့်မျှော်စင်အတွင်းမှ ထွက်ပေါ်လာသည့် အစိတ်အပိုင်းတစ်ခု မျှသာ ဖြစ်ပုံရသည်။
သူ၏ စွမ်းရည်များကို ကြည့်ရသလောက် ဤမျှ ကြီးမားလှသော သရဲနယ်မြေ တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်မည့်ပုံ မပေါ်ပေ။
"ငါ အရင်က စဉ်းစားခဲ့တာ မှားနေတာလား ဒီရှစ်ထောင့်မျှော်စင်က မိစ္ဆာတွေကို ဖိနှိပ်ထားဖို့ မဟုတ်ဘူးလား "
"အဲဒီတုန်းက လျူမိသားစု တစ်မျိုးနွယ်လုံး အသတ်ခံရပြီး အကုန်လုံးနီးပါး သေကုန်တာဟာ သရဲမိစ္ဆာတွေရဲ့ ကျိန်စာနဲ့ သေချာပေါက် ပတ်သက်နေမှာပဲ "
"ဒါဆိုရင် ဒီရှစ်ထောင့်မျှော်စင်က ဖိနှိပ်ထားတဲ့ ပစ္စည်း မဟုတ်ဘဲ၊ ဒီမျှော်စင်ကိုယ်တိုင်က သရဲတစ်ကောင်... ထူးခြားတဲ့ သရဲတစ်ကောင် ဖြစ်နေတာလား "
လီယန်ချူက သူ၏အဖွဲ့ဝင်များကို ဤကိစ္စကို ပြောပြလိုက်ရာ လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
"တောရွာက အိမ်ဟောင်းတွေမှာ သရဲရှိတတ်သလို၊ ရှေးဟောင်းပစ္စည်းတွေကလည်း မြေဖုတ်ဘီလူး ဖြစ်သွားတတ်ပါတယ်။ ယင်စွမ်းအားတွေရဲ့ ပြုစုပျိုးထောင်မှုကို ခံရရင် ထူးခြားတဲ့ သရဲမိစ္ဆာတွေ ဖြစ်လာနိုင်သလို၊ ကွိုက် (သတ္တဝါဆန်း) လို့လည်း ခေါ်နိုင်ပါတယ်။ ခုံတွေ၊ စားပွဲတွေတောင် ကွိုက်ဖြစ်လာနိုင်တာပဲ၊ သရဲတွေကို ဖိနှိပ်ထားတဲ့ ရှစ်ထောင့်မျှော်စင်ဆိုရင်လည်း တစ်စုံတစ်ရာ ထူးဆန်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တာပေါ့ "
လီယန်ချူက တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာနေသည်။
သူသည် ရုတ်တရက် စိတ်ကူးတစ်ခု ရသွားပြီး၊ စိတ်ဝိညာဉ်နယ်ပယ်မှ ရေဆေးရောင် စွမ်းအားစုဖြင့် လူတိုင်းကို ထပ်မံဖုံးအုပ်ကာ၊ ထူးခြားသော စိတ်ဝိညာဉ်စွမ်းအားဖြင့် သူတို့ကို ကာကွယ်ရင်း ထိုထူးဆန်းလှသော လျူမိသားစုဘိုးဘွားခန်းမနှင့် ဝေးရာသို့ ခေါ်ဆောင်သွားလိုက်သည်။
သူ၏ လက်ရှိ ဝိညာဉ်မျက်စိအတတ် က ဤရှစ်ထောင့်မျှော်စင်၏ အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်သေးပေ။
သို့ဆိုလျှင် နှစ်မျိုးပဲ ရှိနိုင်သည်။
တစ်မျိုးမှာ ဤရှစ်ထောင့်မျှော်စင်တွင် ပြဿနာမရှိဘဲ သူကိုယ်တိုင် အထင်မှားနေခြင်း ဖြစ်ကာ၊ အခြားတစ်မျိုးမှာမူ ဤရှစ်ထောင့်မျှော်စင်၏ အဆင့်အတန်းမှာ အလွန်မြင့်မားလွန်းသဖြင့် သူ၏ လက်ရှိ ဝိညာဉ်မျက်စိအတတ်၏ အဆင့်က ထောက်လှမ်းနိုင်စွမ်း မရှိခြင်းပင်။
ဤသည်မှာ ဦးနှောက်ကို အသုံးပြုကာ ခွဲခြမ်းစိတ်ဖြာရမည့် ရှုပ်ထွေးသော ကိစ္စတစ်ခု ဖြစ်သည်။
သို့သော် လီယန်ချူကမူ တစ်ခဏအတွင်းမှာပင် အလွန်ရိုးရှင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။
"ဒါကို ရိုက်ခွဲကြည့်လိုက်ရင် အဖြေပေါ်လာမှာပဲ "
လီယန်ချူက စိတ်ထဲမှ တွေးလိုက်သည်။
သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကိုယ်တွင်းမှ ထူထပ်လှသော ကျင့်စဉ်စွမ်းအားများကို စုစည်းလိုက်သည်။
နောက်တစ်ခဏတွင်... အရပ်သုံးလံခန့်မြင့်သော ဧရာမ တာအိုဆရာကြီးတစ်ဦး ပေါ်ထွက်လာတော့သည်။
ဖာထျန်းရှန့်တီ
အားလုံးမှာ မနေနိုင်ဘဲ အသက်ရှူပင် မှားသွားကြရသည်။
ကျန်းဝေ၏ မျက်လုံးများမှာ တောက်ပလာပြီး အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။
"လာပြီ... လာပြီ ဒီ ဖာထျန်းရှန့်တီ ကြီး ပြန်လာပြီ "
သူသည် ထိုကဲ့သို့ ကိုယ်ထည်ကြီးမားလာစေသည့် တန်ခိုးတော်များကို အထူးတလည် နှစ်သက်သူဖြစ်သည်။
မေးကြည့်စမ်းပါ... ဘယ်လိုယောက်ျားမျိုးက ဒီလိုမျိုးကို မကြိုက်ဘဲ နေမှာလဲ
လီယန်ချူသည် ပြိုလဲနေသော အိမ်တိုင်ကြီးတစ်တိုင်ကို လှမ်းဖမ်းဆုပ်လိုက်ပြီး ရှေ့သို့ အားကုန် လွှဲပစ်လိုက်တော့သည်။
လေခွဲသံများက နားထဲတွင် မပြတ်ထွက်ပေါ်နေသည်။
သို့သော် နောက်တစ်စက္ကန့်တွင်...
ထိုဧရာမ အိမ်တိုင်ကြီးသည် ရှစ်ထောင့်မျှော်စင်ကို ဖောက်ထွက်သွားတော့မည့်ဆဲဆဲ၌ ထူးဆန်းသော စွမ်းအားတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရပြီး အားအင်ကုန်ခမ်းကာ ပြုတ်ကျသွားတော့သည်။
"စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ"
လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။
သူသည် ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့ တိုးဝင်လိုက်သည်။
"ကောင်းကင်နှင့်မြေပြင်၏ လျှို့ဝှက်ချက်၊ စွမ်းအင်အားလုံး၏ အရင်းအမြစ် ကမ္ဘာပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ငါ၏တန်ခိုးကို သက်သေထူအံ့လောကသုံးပါးအတွင်း အပြင်၌ တာအိုသာလျှင် အမြတ်ဆုံး၊ အမိန့်အတိုင်း ချက်ချင်းဖြစ်စေသတည်း"
တာအိုဂိုဏ်း၏ ကြီးမြတ်သော မန္တန်ရှစ်ပါးအနက် တစ်ပါးဖြစ်သော... ရွှေရောင်အလင်းဂါထာ
တောက်ပလှသော ရွှေရောင်အလင်းတန်းများက သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။
သူ၏ ပတ်ဝန်းကျင်တွင် ကျောက်ခဲအကျိုးအပဲ့များနှင့် သစ်သားတိုင်များစွာ ပျံတက်လာတော့သည်။
အရာဝတ္ထုထိန်းချုပ်အတတ်
ထိုကျောက်ခဲနှင့် သစ်သားတိုင် အားလုံးမှာ ရှစ်ထောင့်မျှော်စင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
သူ၏ ထိုအရာဝတ္ထုထိန်းချုပ်အတတ်မှာ... ဓားပေါင်းသောင်းခြောက်ထောင် တစ်နေရာတည်း စုစည်းခြင်း အလား အစွမ်းထက်လှချေပြီ။
***