"ဒါဆိုရင်လည်း..."
လီရှောက်ကုန်းက အသက်ကို
ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်နှာမှာ တည်ကြည်သွားပြီး ဂူချန်ကို စိုက်ကြည့်လိုက်သည်။
တစ်ဖက်လူမှာ တတိယအဆင့်
သိုင်းပညာရှင်တစ်ဦးသာ ဖြစ်သဖြင့် နိဗ္ဗာနအဆင့်ရှိသော သူ့ကို သုံးကွက်အတွင်း
သတ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
ဗာဂျရာအဆင့်တွင်
ရရှိခဲ့သော ရွှေခန္ဓာနှင့် နိဗ္ဗာနအဆင့်တွင် ပြန်လည်ဖွဲ့စည်းထားသော ခန္ဓာကိုယ်မှာ
သာမန်ထက် များစွာ ထူးကဲလှ၏။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်တင်
ဂူချန်က သူ့ကို စိတ်ကြိုက်ရိုက်လျှင်ပင် ဒဏ်ရာအနည်းငယ်သာ ရရှိလိမ့်မည် ဖြစ်သည်။
သို့သော်လည်း တစ်ဖက်လူက
အခွင့်အရေး ပေးထားသဖြင့် သူသည်လည်း အလေးအနက်ထား၍ ပြင်ဆင်လိုက်၏။
သူသည် ခန်းမအလယ်ရှိ
ကွင်းပြင်သို့ ထွက်လာကာ အနေအထားကို ပြင်လိုက်သည်။ ခြေထောက်များကို ခိုင်မာစွာ ချထားပြီး
ဒူးကို အနည်းငယ် ညွှတ်ကာ အလေးချိန်ကို ထိန်းလိုက်၏။ လက်ဝဲလက်သီးကို ရင်ဘတ်တွင် ကာထားပြီး
လက်ယာလက်ဝါးကို ခါးဘေးတွင် အသင့်ပြင်ထားလေသည်။
ပြင်ဆင်မှုများ ပြီးဆုံးသောအခါ
လီရှောက်ကုန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်လည်း လာခဲ့စမ်း.."
"ကောင်းတယ်.."
ဂူချန်က အသာအယာ ပြုံးလိုက်ရင်း
ယွင်ယန်၏ ခေါင်းကို နင်းကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ
တောက်လောင်နေပြီး စစ်မှန်ယန်စွမ်းအင်များ ထွက်ပေါ်လာပြီး သူ့ကို ရေကူးနေသောနဂါးတစ်ကောင်ကဲ့သို့
ဝန်းရံသွား၏။
ထိုစွမ်းအင်များ ထွက်ပေါ်လာသည်နှင့်
ခန်းမတစ်ခုလုံး၏ အပူချိန်မှာ သိသိသာသာ မြင့်တက်သွားတော့သည်။
"ပထမတစ်ကွက်.."
ဂူချန်၏ အသံမှာ တည်ငြိမ်နေ၏။
သူက ကြမ်းပြင်ကို နင်းလိုက်ရာ
ကြမ်းပြင်မှာ ပေါက်ကွဲသွားပြီး သူ၏ ပုံရိပ်မှာ လီရှောက်ကုန်း၏ ရှေ့မှောက်သို့ ချက်ချင်း
ရောက်ရှိသွားသည်။
တွေဝေခြင်းမရှိဘဲ စစ်မှန်သော
လိမ္မော်ရောင် ယန်စွမ်းအင်များနှင့် မီးခိုးရောင် မြူခိုးများ ပေါင်းစပ်သွားကာ ဆယ်မီတာခန့်
ကြီးမားသော လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာ၏။
ကြောက်မက်ဖွယ်ကောင်းသော
ဖိအားများမှာ လှိုင်းလုံးကြီးများကဲ့သို့ ပျံ့နှံ့သွားပြီး လေထုကိုပင် တုန်ခါသွားစေသည်။
ကြေကွဲ ဝိညာဉ်လက်ဝါး..
တတိယအဆင့်( အစစ်အမှန်ချီအဆင့် )မှာတင် ဂူချန်သည်
ဤတိုက်ကွက်ဖြင့် စတုတ္ထအဆင့်( ဗာဂျရာအဆင့် ) ထက် သာလွန်သော စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့၏။
ယခုအခါ ဗာဂျရာအဆင့်
အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤရှားပါးသိုင်းပညာ၏ စွမ်းအားမှာ အထွတ်အထိပ်သို့
ရောက်ရှိနေပြီ ဖြစ်သည်။
ဤတိုက်ကွက်၏ စွမ်းအားမှာ
သာမန် နိဗ္ဗာနအဆင့် ပညာရှင်တစ်ဦး ခံနိုင်ရည်ရှိမည့် အရာမဟုတ်ချေ။
ဤထူးကဲသာလွန်သောအော်ရာများကို
မြင်လိုက်ရသောအခါ လီရှောက်ကုန်း၏ စိတ်ထဲတွင် စိုးရိမ်မှုများ ဝင်ရောက်လာတော့သည်။
ဤမျှလောက် ပြင်းထန်သော
အရှိန်အဝါက တတိယအဆင့် သိုင်းပညာရှင်တစ်ယောက်ဆီက ဟုတ်ပါလေစ။
သူသည် မယုံကြည်နိုင်လောက်အောင်
ဖြစ်နေစဉ်မှာပင် ဂူချန်၏ လက်ဝါးမှာ သူ့ထံသို့ ရောက်ရှိလာပြီ ဖြစ်သည်။
နောက်တစ်စက္ကန့်တွင်
ဂူချန်၏ စွမ်းအင်များမှာ လီရှောက်ကုန်း၏ လက်မောင်းများပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
ဘုန်း....
စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ လီရှောက်ကုန်းမှာ သူ၏ ကြွက်သားများကို အစွမ်းကုန် အသုံးပြုကာ
ရွှေရောင်အလင်းတန်းများဖြင့် ခုခံလိုက်ရသည်။
သို့သော်လည်း ထိတွေ့လိုက်သည်နှင့်
သူ၏ လက်မောင်းများမှာ ဓားဖြင့် အလှီးခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်သွားတော့သည်။
သူ၏ မျက်နှာမှာ လေးနက်သွားပြီး
ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။
ဤစွမ်းအားမှာ တန်ချိန်
တစ်ရာထက်မက ရှိနေသည် ။
ဝုန်း...
လက်ဝါးကြီးမှာ ပေါက်ကွဲသွားပြီး
ပြင်းထန်လှသော လေပြင်းများမှာလည်း တစ်ဟုန်ထိုး တိုးထွက်လာပြီးနောက် ဖိသိပ်ထားသော လေထုမှာ
မြင်ကွင်းမှ ပျောက်ကွယ်နေသည့် နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းများအဖြစ် ပြောင်းလဲသွားကာ
မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်လေသည်။ ထိုရိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင်တွင် ပေပေါင်းများစွာ
ကျယ်ဝန်းသော မြေကျင်းကြီးတစ်ခုပင် ဖြစ်ပေါ်သွားရလေတော့သည်။
ဖုန်မှုန့်များနှင့်
မီးခိုးငွေ့များ ကောင်းကင်ယံအနှံ့ ဖုံးလွှမ်းသွားသည့် ကြားတွင် လီရှောင်ကုန်းသည် သူ့လည်ချောင်းထဲ၌
ချိုမြိန်သော သွေးနံ့တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်သိမ်းမရဘဲ
နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားရပြီးမှသာ မနည်းအားယူ၍ ရပ်တန့်နိုင်ခဲ့တော့သည်။
သူသည် ထုံကျင်နေသော
လက်များကို ဝှေ့ယမ်းလိုက်ရင်း ရှေ့ကို စိုက်ကြည့်လိုက်သည်။
ဂူမိသားစု သခင်လေးမှာ
စာမေးပွဲတုန်းက သူ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်မည်။
သူ၏ အစွမ်းမှာ တတိယအဆင့်
အထွတ်အထိပ်ထက် များစွာ သာလွန်နေ၏။ သူသည် ဗာဂျရာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရမည်။
မဟုတ်ပါက ဤမျှလောက်
ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ဤသည်မှာ သူ၏ အခြေခံစွမ်းအားမျှသာ
ရှိသေးသည်။ ရှားပါးသိုင်းပညာနှင့် ပေါင်းစပ်လိုက်ပါက နိဗ္ဗာနအဆင့် ပညာရှင်တစ်ဦးကိုပင်
ဖိနှိပ်ထားနိုင်စွမ်း ရှိလေသည်။
တကယ်ကို ကြောက်စရာကောင်းလှပေသည်။
‘ဒါပေမဲ့ ငါ နောက်တစ်ခါတော့
လျှော့မတွက်တော့ဘူး..'
လီရှောက်ကုန်းက စိတ်ထဲမှ
ကြုံးဝါးလိုက်၏။
ဂူချန်က ဗာဂျရာအဆင့်
သိုင်းပညာရှင် ဖြစ်နေပါစေဦးတော့၊ နိဗ္ဗာနအဆင့် အထွတ်အထိပ်ရောက်နေသော သူ့ကို ယှဉ်နိုင်မည်
မဟုတ်ပေ။
သူသာ အလေးအနက်ထားပြီး
ခုခံမယ်ဆိုရင်...
ဝှူး.....
သူ၏ အတွေးမဆုံးခင်မှာပင်
ပြင်းထန်သော လေဖိအားတစ်ခုက သူ့မျက်နှာဆီသို့ တိုးဝင်လာပြန်သည်။
လီရှောက်ကုန်း၏ မျက်စိသူငယ်အိမ်များမှာ
ကျုံ့သွားတော့၏။
အနက်ရောင်ဝတ်ရုံနှင့်
လူငယ်၏ ကန်ချက်မှာ သူ့ထံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏နားထဲ၌ အေးစက်တဲ့ အသံတစ်သံ
ထွက်ပေါ်လာသည်။
"ဒုတိယတစ်ကွက်.."
ဘုန်း..
လီရှောင်ကုန်းမှာ စဉ်းစားဆင်ခြင်နေရန်
အချိန်မရတော့ပေ။ သူသည် ကိုယ်ဖော့ပညာကို အသည်းအသန် အသုံးပြု၍ ရှောင်တိမ်းရန် ကြိုးစားသော်လည်း
ပေါက်ကွဲမှုမှ ကျန်ရှိနေသည့် ရိုက်ခတ်မှုဒဏ်ကိုတော့ မလွတ်ကင်းနိုင်ခဲ့ချေ။ ပြင်းထန်လှသော
စွမ်းအားကြီးက သူ့ကို ကန်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး လေထဲတွင် အကြိမ်ကြိမ် လွင့်ထွက်ကာ
လိမ့်ခေါက်ကွေးသွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။
သူ၏ စိတ်ထဲတွင် ခဏတာ
ဝေဝါးသွားသော်လည်း အနက်ရောင် ပုံရိပ်တစ်ခု သူ့အပေါ်သို့ ရောက်လာသည်ကို မြင်လိုက်ရ၏။
သူသည် သူ၏ ရွှေခန္ဓာကိုယ်ကို
အစွမ်းကုန် အသုံးပြုလိုက်ရာ ခန်းမတစ်ခုလုံး ရွှေရောင်အလင်းများဖြင့် လင်းထိန်သွားတော့သည်။
တစ်ချိန်တည်းမှာပင်
သူ၏ ခန္ဓာကိုယ်အတွင်းမှ ဖြူစင်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ဒဏ်ရာများကို ကုသပေးလိုက်၏။
သူ၏ ခန္ဓာကိုယ်အတွင်းမှ ဖြူစင်တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီးနောက် လှိုင်းလုံးကြီးများသဖွယ်
အရှိန်အဟုန်ဖြင့် လွှမ်းခြုံသွားတော့သည်။ ပေါက်ပြဲဒဏ်ရာရနေသည့် သူ၏ အသားအရေမှာလည်း
ချက်ချင်းဆိုသလိုပင် အသစ်တစ်ဖန် ပြန်လည် ကုစားသွားလေတော့သည်။
" ပြိုင်ဘက်ကင်းရွှေခန္ဓာ ယားးး..."
လီရှောက်ကုန်းက အော်ဟစ်လိုက်ရင်း
ဝါကျင့်ကျင့်မြေကြီးအဆင်းရှိသော စစ်မှန်သောချီများမှာလည်း ရုတ်တရက် ပွင့်ထွက်လာပြီးနောက်
ပတ်ဝန်းကျင် ပေ ၃၀ ခန့်ကို လွှမ်းခြုံသွားတော့သည်။ ထို ချီ စွမ်းအင်များမှာ အစိုင်အခဲတစ်ခုပမာ
ထူထပ်သိပ်သည်းလှသည်။
မည်သည့်အရာကိုမျှ ချန်မထားဘဲ
အစွမ်းကုန် ခုခံလိုက်ခြင်းပင်။
ဤအခြေအနေတွင် ဒါရိုက်တာ
ခုနစ်ဦးလုံး ဝိုင်းတိုက်လျှင်ပင် သူ၏ ခုခံမှုကို ဖောက်ထွင်းနိုင်မည် မဟုတ်ဟု သူ ယုံကြည်နေ၏။
သို့သော်လည်း ဂူချန်ကမူ
ကောင်းကင်ယံမှ ဆင်းသက်လာသော လက်သီးချက်တစ်ခုကိုသာ အသုံးပြုလိုက်သည်။
လေထုမှာ တုန်ခါသွားပြီး
အတားအဆီးတစ်ခုကို ဖောက်ထွင်းလိုက်သကဲ့သို့ ဖြစ်သွား၏။
ထာဝရနေဝန်း + စစ်မှန်သောယန်စွမ်းအင် ပေါက်ကွဲမှု + နေမင်းထွက်သက် + တန်ချိန် သုံးရာ စွမ်းအား + ပြင်းထန်သောလက်သီး..
ဤသည်မှာ ဂူချန်၏ အစွမ်းကုန်
ထိုးနှက်ချက်ပင် ဖြစ်လေသည်။
နှစ်ဦးသား ပြင်းထန်စွာ
ထိပ်တိုက်တွေ့ဆုံကြတော့၏။
ဘုန်း...
နားကွဲမတတ် အသံကြီး
ကြမ်းပြင်မှာ ပြင်းထန်စွာ
တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ယိမ်းထိုးသွားကြ၏။
မီတာ တစ်ရာခန့် ကျယ်ဝန်းသော
မှိုပွင့်ပုံစံ ဖုန်မှုန့်တိမ်တိုက်ကြီး ရုတ်တရက် ထိုးတက်လာပြီးနောက် ရေတွက်၍မရနိုင်သော
ကျောက်ခဲအကျိုးအပဲ့များနှင့် ဖုန်မှုန့်များမှာလည်း ကောင်းကင်ယံသို့ လွင့်ပျံသွားကာ
ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားတော့သည်။
ထိုကြောက်မက်ဖွယ်ကောင်းလှသော
စွမ်းအားကြီးက ဂူမိသားစု၏ ခန်းမဆောင်တစ်ခုလုံးကို အမှုန့်ဖြစ်အောင် ချေဖျက်ပစ်လိုက်လေသည်။
ထိုပေါက်ကွဲမှုအတွင်းရှိ မြေပြင်မှာလည်း ရေလှိုင်းများနှယ် တုန်ခါသွားပြီးနောက် ခဏချင်းအတွင်းမှာပင်
အပိုင်းပိုင်းအပြတ်ပြတ် ကြေမွပျက်စီးသွားတော့သည်။
အဝေးသို့ရောက်နှင့်ပြီဖြစ်သော
လျိုလုံတက္ကသိုလ်မှ လူများနှင့် အိမ်တော်ထိန်းလီတို့မှာပင် ထိုပြင်းထန်သော လေလှိုင်းကြောင့်
လဲကျလုနီးပါး ဖြစ်သွားကြရ၏။
လျိုလုံတက္ကသိုလ်မှ
လူများမှာ စိုးရိမ်တကြီးဖြင့် ဖုန်မှုန့်များကြားသို့ စိုက်ကြည့်နေကြသည်။
တတိယအဆင့် သိုင်းပညာရှင်တစ်ယောက်က
ဤမျှလောက် ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်နိုင်သည်လော။
ဒါရိုက်တာလီတော့...
မကြာမီ ဖုန်မှုန့်များ
လွင့်စင်သွားသောအခါ သွေးအလိမ်းလိမ်းနှင့် လဲကျနေသော လီရှောက်ကုန်းကို မြင်လိုက်ရ၏။
ထိုမြင်ကွင်းကြောင့်
လျိုလုံတက္ကသိုလ်မှ လူများ၏ မျက်နှာမှာ ဖြူလျော်သွားကြတော့သည်။
"ရှောက်ကုန်း..."
"ဒါရိုက်တာလီ"
"သွားပြီ၊ သွားပြီ။
ဒီဂူချန်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ သူ... သူက ဒါရိုက်တာလီကို သတ်လိုက်ပြီလား.."
အိမ်တော်ထိန်းလီပင်လျှင်
မယုံကြည်နိုင်လောက်အောင် ဖြစ်နေမိသည်။
"သခင်လေးက နိဗ္ဗာနအဆင့် ပညာရှင်တစ်ယောက်ကို
တကယ်ပဲ သတ်လိုက်တာလား.."
ဂူချန်ကမူ တည်ငြိမ်စွာဖြင့်
သူ၏ ထိုင်ခုံတွင် ပြန်လည်ထိုင်လိုက်၏။
သို့သော်လည်း လီရှောက်ကုန်း
သေဆုံးသွားပြီဟု အားလုံးက ထင်နေကြစဉ်မှာပင် ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာသည်။
အဟွတ်..အဟွတ်..
ဧရာမ တွင်းနက်ကြီး၏
အောက်ခြေတွင် မလှုပ်မယှက် ရှိနေခဲ့သော လီရှောက်ကုန်းသည် ရုတ်တရက် လက်တစ်ဖက်ကို အပြင်သို့
ထိုးထွက်လိုက်ပြီးနောက် မိမိ၏ လက်မောင်းကို မနည်းအားယူ၍ မြှောက်လိုက်လေသည်။
" သူ အသက်ရှင်သေးတယ် ..သူ အသက်ရှင်သေးတယ်.."
လူများမှာ ဝမ်းသာအားရ ဖြစ်သွားကြတော့၏။
"သူ နိုင်သွားပြီ.. သုံးကွက်
ပြည့်သွားပြီ..ဒါရိုက်တာလီ နိုင်သွားပြီ.."
"မြန်မြန်၊ ဒါရိုက်တာလီကို
သွားထူကြ.."
ဆရာတစ်ဦးက အော်ပြောလိုက်ရာ
အားလုံးက လီရှောက်ကုန်းထံသို့ ပြေးသွားကြ၏။
ဂူချန်က မျက်မှောင်ကြုတ်လိုက်ရင်း
ရက်စက်သော အပြုံးတစ်ခု ပြုံးလိုက်သည်။
လီရှောက်ကုန်း၏ အသက်မှာ
ဤမျှလောက် ခိုင်မာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူ၏ အစွမ်းကုန် ထုတ်ဖော်လိုက်တဲ့ ပေါက်ကွဲအားပြင်း
တိုက်ကွက်ဒဏ်ကို တိုက်ရိုက် ခံလိုက်သော်လည်း လီရှောင်ကုန်း မသေသေးပေ ။
သို့သော်လည်း ကစားပွဲက
မပြီးသေးချေ။
သူကိုယ်တိုင်က သုံးကွက်သာ
တိုက်မည်ဟု ပြောခဲ့သော်လည်း အခြားသူများ မတိုက်ရဟု မပြောခဲ့ပါချေ။
ဂူချန်၏ နှုတ်ခမ်းထောင့်စွန်းများမှာ
အနည်းငယ် ကွေးညွှတ်သွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူသည် ခေါင်းကို ဖြည်းညင်းစွာ
လှည့်လိုက်ပြီး သူ၏ ဘေးနားတွင် ရှိနေသော အနက်ရောင် ဝတ်ဆင်ထားသည့် သေမင်းတမန်ကို ကြည့်ကာအချက်ပြလိုက်၏။
အနက်ရောင်ဝတ် သေမင်းတမန်မှာ
ချက်ချင်းပင် နားလည်သွားပြီး သူ၏ ဆက်သွယ်ရေးစက်မှတစ်ဆင့် အမိန့်ပေးလိုက်ရာ အိမ်တော်၏
အရိပ်ထဲမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။
ဝှစ်.....
ဆရာတစ်ဦးက လီရှောက်ကုန်းကို ထူလိုက်စဉ်မှာပင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွား၏။
လီရှောက်ကုန်း၏ ဦးခေါင်းမှာ လွင့်ထွက်သွားပြီး သွေးများမှာ ကောင်းကင်သို့ ပန်းထွက်ကာ
ထိုဆရာ၏မျက်နှာတွင်စင်သွားတော့သည်။
ထိုဆရာမှာ ခြောက်ခြားစရာမြင်ကွင်းကြောင့် ကြက်သေသေသွားပြီး သူ၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားကာ မျက်နှာထက်တွင်လည်း အတိုင်းအဆမရှိသော ထိတ်လန့်ကြောက်ရွံ့မှုများ ဖုံးလွှမ်းသွားတော့သည်။ သူသည် ပါးစပ်ကို အဟောင်းသား ဖွင့်ထားမိသော်လည်း လည်ချောင်းထဲမှ အသံတစ်ချက်မျှပင် ထွက်ပေါ်မလာနိုင်တော့ပေ။
အခြားသူများမှာလည်း ကြက်သေသေနေကြပြီးမှ သတိဝင်လာကြ၏။
သူတို့အားလုံးက ဂူချန်ကို
ဒေါသတကြီး ကြည့်ကာ အော်ဟစ်လိုက်ကြတော့သည်။
"ဂူချန်၊ မင်း... အရှက်မရှိတဲ့ လူယုတ်မာ.."
***