သိုင်းပညာစစ်ဆေးမှု
ပုံရိပ်ယောင်လေ့ကျင့်ခန်း ပြီးဆုံးသွားသည်နှင့် ရလဒ်များမှာလည်း တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေပြီ။
"ပထမနေရာ - ချင်းဟယ်
အမှတ် (၁) အထက်တန်းကျောင်းမှ ဂူချန် (၄၇၅၆၆၀)"
"ဒုတိယနေရာ - ဂူယွဲ့
အမှတ် (၁) အထက်တန်းကျောင်းမှ ဖန်းကျန့် (၅၆၃၀)"
"တတိယနေရာ - ဖုန်းရှန်း
အမှတ် (၁) အထက်တန်းကျောင်းမှ ရွှီဝမ်ယွဲ့ (၅၃၂၀)"
"..."
"အဆင့် ၁၀၀ - လင်လန်
အမှတ် (၃) အထက်တန်းကျောင်းမှ လျိုရုယန် (၃၅၄၄)"
ယခုနှစ်၏ ရလဒ်များမှာ
အလွန်အမင်း ထူးခြားဆန်းပြားနေသောကြောင့် အွန်လိုင်းပေါ်ရှိ ဆွေးနွေးမှုများမှာ ယခင်နှစ်များထက်
အဆပေါင်းများစွာ ပိုမိုများပြားလာခဲ့သည်။ ကျန်းနန်ပြည်နယ်၏ ဖိုရမ်များတွင်လည်း ဤကိစ္စနှင့်ပတ်သက်သော
ပြောဆိုမှုများဖြင့် ပြည့်နှက်နေတော့သည်။
"တကယ်ပဲလား၊ ဂူချန်က
သိုင်းပညာစစ်ဆေးမှု ကြီးကြပ်ရေးမှူးရဲ့ အဖေများလား။ ပေါ်ပေါ်တင်တင် ခိုးချနေတာတောင် ဖြေဆိုခွင့်
အပိတ်မခံရဘူးလား.."
" သောက်ရမ်းမိုက်တယ်.. ထိပ်တန်းဆယ်ယောက်ထဲက
ကျန်တဲ့ကိုးယောက်ရဲ့ အမှတ်ပေါင်းကတောင် ပထမနေရာကလူရဲ့ အမှတ်ကို မမီဘူး။ ခိုးတာတောင် ဖုံးကွယ်ဖို့
မကြိုးစားတော့ဘူး.."
"လေးသိန်းခုနစ်သောင်းကျော်
အမှတ်လား။ ငါမှတ်မိသလောက်ဆိုရင် မနှစ်က အမြင့်ဆုံးအမှတ်က ခြောက်သောင်းကျော်ပဲ ရှိတာ
မဟုတ်လား။ ဒီနှစ် ပထမနေရာရဲ့ အမှတ်နဲ့ဆိုရင် အစွန်းထွက်တောင် မရှိဘူး.."
"ငါကြားတာတော့
အဆုံးသတ်မှာ အဆင့် ၄ ရှိတဲ့ မျိုးပြောင်းသားရဲတစ်ကောင်ကို ထည့်သွင်းခဲ့လို့တဲ့..."
"နေပါဦး၊ အခုခေတ်
အထက်တန်းကျောင်းသားတွေက ဒီလောက်တောင် ကြမ်းနေကြတာလား။ ငါက အသက်ကြီးမှ အဆင့် ၃ ပဲ ရှိသေးတာ၊
သူက အဆင့် ၄ သားရဲကို လက်ဗလာနဲ့ ဆွဲဖြဲပစ်လိုက်တာလား.."
"ဒီကမ္ဘာပေါ်က
သူရဲကောင်းတွေက တကယ်ပဲ မြစ်ထဲက ငါးတွေလို များပြားလှပါလား.."
သတင်းများမှာ ပိုမိုကျယ်ပြန့်စွာ
ပျံ့နှံ့သွားပြီး ပိုမိုချဲ့ကားလာကြတော့သည်။
ဂူချန်၏ အထောက်အထားမှာ
အွန်လိုင်းပေါ်တွင် အလုံးစုံ ပေါ်ပေါက်သွားသောအခါ အဓိက အမြင်နှစ်မျိုး ကွဲပြားလာခဲ့သည်။
ပထမတစ်ခုမှာ အဆက်အသွယ်
သီအိုရီဖြစ်ပြီး ဂူချန်သည် ကျန်းနန်ပြည်နယ်ရှိ ထိပ်တန်းသိုင်းမိသားစုမှ ဖြစ်သောကြောင့်
စစ်ဆေးမှုအတွင်း သူ၏ အဆက်အသွယ်များကို အသုံးပြုခဲ့ကာ ကြီးကြပ်ရေးမှူးများနှင့် မရိုးသားသော
သဘောတူညီမှုများ ရှိခဲ့ကြောင်း၊ ၎င်းမှာ သူ၏ စစ်မှန်သော စွမ်းရည်မဟုတ်ကြောင်း သံသယရှိကြခြင်းဖြစ်သည်။
အခြားတစ်ဖက်မှာမူ ဂူချန်သည်
ထိုကဲ့သို့သော ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ကြသူများ ဖြစ်သည်။ စစ်ဆေးမှုတွင်
ပါဝင်ခဲ့သူ အများအပြားမှာ ဂူချန်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး အချို့မှာမူ ကံကောင်းထောက်မစွာ
လွတ်မြောက်လာကာ သူ၏ လွှမ်းမိုးမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြရသူများ ဖြစ်သည်။
စစ်ဆေးမှုမှ ပေါက်ကြားလာသော
ဗီဒီယိုအချို့နှင့် ပေါင်းစပ်လိုက်သောအခါ ဂူချန်၏ စွမ်းဆောင်ရည်မှာ အမှန်တကယ်ပင် သက်သေပြပြီးသား
ဖြစ်နေတော့သည်။
မည်သို့ပင်ဖြစ်စေ ဂူချန်၏
အပြတ်အသတ် အနိုင်ရရှိမှုသတင်းမှာ ဖိုရမ်များနှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်
အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
အကြောင်းအရာ ဖန်တီးသူများစွာမှာ
သူနှင့်ပတ်သက်သော ဗီဒီယိုများကို တင်ရုံမျှဖြင့် ကြည့်ရှုသူ သောင်းနှင့်ချီ၍ အလွယ်တကူ
ရရှိနေကြသည်။
သို့သော် ဂူချန် ရုတ်တရက်
ကျော်ကြားလာသည်နှင့်အမျှ သူ၏ အတိတ်က ကောင်းမှု များမှာလည်း လူထုရှေ့သို့ ပေါ်ထွက်လာခဲ့သည်။
" အတန်းဖော်ကို
မစင်စားခိုင်းပြီး နောက်အတန်းဖော်တစ်ဦးကို နမ်းခိုင်းခြင်း"၊ "အတန်းဖော်များကို
ရိုက်နှက်ခြင်း"၊ "တစ်ချိန်တည်းတွင် လူတစ်ဆယ့်ရှစ်ဦးနှင့် တွဲခြင်း"၊
"တားမြစ်ထားသော ဆရာနှင့် တပည့် အချစ်ဇာတ်လမ်း"၊ "ကျောင်းတွင် ပါတီပွဲများ
ကျင်းပခြင်း" စသည့် တုန်လှုပ်ဖွယ်ရာ စွပ်စွဲချက်များစွာ ထွက်ပေါ်လာခဲ့လေသည်။
သို့သော် ထိုကဲ့သို့သော
အပျက်သဘောဆောင်သည့် သတင်းများမှာ အွန်လိုင်းပေါ်မှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး
မည်သည့်ခြေရာလက်ရာမျှ မကျန်ရစ်ခဲ့ပေ။
ယင်းအစား အခကြေးငွေပေး၍
ငှားရမ်းထားသော ဝေဖန်ရေးသမားများစွာက ဂူချန်သည် ရိုးသားဖြောင့်မတ်ပြီး သူတစ်ပါးကို
ကူညီတတ်သော လူကောင်းတစ်ဦးဖြစ်ကြောင်း အပြုသဘောဆောင်သည့် စကားများကို စတင်ဖြန့်ဝေကြတော့သည်။
ဂူချန်၏ မတော်တဆ တွေ့ရှိခဲ့သော
ကောင်းမှုများနှင့် အလှူအတန်းများမှာလည်း အွန်လိုင်းပေါ်တွင် ပလူပျံနေတော့သည်။
အတိုချုပ်ပြောရလျှင်
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဂူချန်၏ အမည်မှာ သိုင်းပညာအထက်တန်းကျောင်းသားတိုင်းနီးပါး
သိရှိသွားကြပြီး လာမည့် အမျိုးသားအဆင့် သိုင်းပညာစစ်ဆေးမှုအတွက် စိတ်ဝင်စားစရာအကောင်းဆုံး
ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့လေပြီ။
...
တစ်ချိန်တည်းမှာပင်
အခြားတစ်ဖက်၌ လျိုလုံတက္ကသိုလ် အုပ်ချုပ်ရေးမှူးသည် လီရှောက်ကုန်းနှင့် အခြားလူများ
ပြန်မလာသည်မှာ ရက်အတော်ကြာနေပြီဖြစ်ရာ နောက်ဆုံးတွင် စိုးရိမ်ပူပန်လာတော့သည်။
"ဘာဖြစ်နေတာလဲ။
ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောစမ်း.."
တက္ကသိုလ်အုပ်ချုပ်ရေးမှူး
လီချန်းသည် ဒေါသတကြီးဖြင့် စားပွဲကို ကန်လိုက်ပြီးကျယ်လောင်စွာ ဆဲရေးတိုင်းထွာလိုက်လေသည်။
သူ၏ စိတ်လှုပ်ရှားမှုကြောင့်
ပါးစပ်မှ တံတွေးများမှာ ထိန်းမနိုင်သိမ်းမရ ထွက်ကျလာပြီး အစီရင်ခံရန် လာရောက်သော ဆရာ၏
မျက်နှာပေါ်သို့ စင်သွားတော့သည်။
"အုပ်ချုပ်ရေးမှူး၊
ကျွန်တော်လည်း မသိပါဘူး.."
တာဝန်ခံဆရာမှာ ကြောက်လန့်တကြားဖြင့်
မျက်နှာဖြူလျော်နေကာ သူ၏ မျက်နှာပေါ်ရှိ တံတွေးနံ့ကို အောင့်အည်းသည်းခံရင်း တစ်ကိုယ်လုံး
တုန်ရင်နေရှာသည်။
နိဗ္ဗာနအဆင့် သိုင်းပညာရှင်
ရှစ်ဦးတိတိ...
ဤသူများသည် သာမန်လူများမဟုတ်ကြဘဲ
ကျန်းနန်ပြည်နယ်တစ်ခုလုံးတွင် ထိပ်တန်းသိုင်းပညာရှင်များဖြစ်ကြကာ အင်အားစုတစ်ခုစီ၏
အဓိကမဏ္ဍိုင်များပင် ဖြစ်ကြ၏။
၎င်းတို့၏ လျိုလုံတက္ကသိုလ်တွင်သာ
ကျောင်း၏ အထူးသဘာဝကြောင့် နိဗ္ဗာနအဆင့် သိုင်းပညာရှင် နှစ်ဆယ်နီးပါး ရှိနေခြင်းဖြစ်သည်။
အခြား မည်သည့်အင်အားစုမဆို
ဆယ်ဦးရရှိရန်ပင် ခက်ခဲလှပေသည်။
အဖိုးတန်အင်အားစုများထဲမှ ထက်ဝက်ခန့်ကို လျိုလုံတက္ကသိုလ်အနေဖြင့် တစ်ပြိုင်နက်တည်း
ဆုံးရှုံးလိုက်ရခြင်းမှာ သာမန်ဒဏ်ရာမျိုးမဟုတ်ဘဲ သွေးကြောမကြီး ပြတ်တောက်သွားသကဲ့သို့ပင်
ခံစားရလေသည်။
သူသည် ဆရာများ၏ အခြေအနေကို
စောင့်ကြည့်ရန် တာဝန်ရှိသူဖြစ်ရာ မည်သို့မျှ အပြစ်မှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။
"မင်း မသိဘူး ဟုတ်လား"
ဤစကားကို ကြားသောအခါ လီချန်း၏ ဒေါသမှာ ပိုမိုပေါက်ကွဲသွားတော့သည်။ သူသည် တာဝန်ခံဆရာ၏
ပါးကို ချက်ချင်း ရိုက်လိုက်ပြီး မေးမြန်းလိုက်သည် ။
"သူတို့ ပြန်မလာတာ
သုံးရက်ရှိပြီ။ မင်း ဘာလို့ အစီရင်ခံစာ မတင်တာလဲ.."
"ဒါရိုက်တာလီက
အပြင်ထွက်ရင် အမြဲတမ်း ရက်အနည်းငယ် ပိုကြာတတ်လို့ပါ။ ပြီးခဲ့တဲ့အကြိမ်ကလိုပဲ ထင်လို့..."
တာဝန်ခံဆရာမှာ နီမြန်းသွားသော
သူ၏ပါးကို ကိုင်ထားရင်း ငိုချင်စိတ်ကို အောင့်အည်းထားရသည်။
"ဂူမိသားစုက သူတို့ကို
ဖမ်းဆီးထားရဲလောက်အောင် သတ္တိရှိလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး.."
အမှန်စင်စစ် ယခုအချိန်အထိ
၎င်းတို့သည် ဂူမိသားစုက လီရှောက်ကုန်းနှင့် အခြားလူများကို ဖမ်းဆီးထားရုံသာ ရှိသေးသည်ဟု
ယုံကြည်နေကြဆဲပင်။
အဘယ်ကြောင့်ဆိုသော်
မြို့အတွင်း၌ လူတစ်ဦးကို အထင်အရှား သတ်ဖြတ်ခြင်းမှာ စောင့်ကြည့်ရေးကောင်စီက သိရှိသွားပါက
မည်မျှပင် ကြီးမားသော သိုင်းမိသားစုဖြစ်စေ ပြင်းထန်သော အပြစ်ပေးမှုကို ခံရမည်ဖြစ်သောကြောင့်ပင်။
အဆိုးရွားဆုံးအခြေအနေတွင်
နေရာ၌တင် ကွပ်မျက်ခံရခြင်းမျိုးပင် ဖြစ်နိုင်ပေသည်။
တာဝန်ခံဆရာအနေဖြင့်
ဂူမိသားစုနှင့် ဂူချန်တို့သည် မိမိတို့၏ အနာဂတ်ကို ဖျက်ဆီးပစ်လောက်အောင် မိုက်မဲလိမ့်မည်မဟုတ်ဟု
ယူဆထားခြင်းဖြစ်သည်။
"တောက်၊ အသုံးမကျတဲ့ကောင်တွေ။
မင်းတို့အားလုံး အသုံးမကျဘူး.."
"နိဗ္ဗာနအဆင့်
ကျွမ်းကျင်သူ ရှစ်ယောက်လုံး လူမြင်ကွင်းမှာ အဖမ်းခံရတယ်ဆိုတာ။ ဦးနှောက်ကို မရှိကြဘူး.."
လီချန်းက ဒေါသတကြီး
ဆဲဆိုရင်း တာဝန်ခံဆရာကို ထပ်မံ ရိုက်နှက်လိုက်ပြန်သည်။ သူ၏ အော်ရာမှာ ထိန်းချုပ်မှုမရှိဘဲ
ပေါက်ကွဲထွက်လာကာ ရုံးခန်းအတွင်း၌ လေပြင်းများ တိုက်ခတ်သွားတော့သည်။
တာဝန်ခံဆရာမှာလည်း သူ၏
ရင်ဘတ်ပေါ်သို့ ဖိနှိပ်ထားသော ဖော်ပြမရနိုင်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရပြီး အသက်ရှူရန်ပင်
ခက်ခဲလာတော့သည်။
ဘန်း ..ဘန်း ..ဘန်း..
မကြာမီမှာပင် ရုံးခန်းတစ်ခုလုံး
ဖရိုဖရဲ ဖြစ်သွားတော့သည်။ သေသပ်စွာ စီထားသော စားပွဲနှင့် ကုလားထိုင်များမှာ အပိုင်းပိုင်းကွဲအက်ကာ
ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေတော့သည်။
အခန်းတစ်ခုလုံးတွင်
ပျက်စီးခြင်း အငွေ့အသက်များ ပြည့်နှက်နေပြီး ပစ္စည်းတိုင်းမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည်မှာ
ကြည့်မကောင်းလှပေ။
"ဂူ..ချန်...."
လီချန်း၏ မျက်နှာမှာ
နီမြန်းနေ၏။ သူသည် သွားကို တင်းတင်းကြိတ်ကာ ထိုအမည်ကို တစ်လုံးချင်း ရွတ်ဆိုလိုက်လေသည်။
တက္ကသိုလ်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး အဆင့် ၆ နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူသည် မျိုးဆက်သစ်လူငယ်တစ်ဦးအပေါ်
အကြိမ်ကြိမ် သည်းခံခဲ့ပြီး မျက်နှာသာပေးခဲ့သည်။
သို့သော် ထိုလူငယ်မှာမူ
အခွင့်ကောင်းယူကာ ဆွေးနွေးရန် လွှတ်လိုက်သော ဆရာများကိုပင် ဖမ်းဆီးထားခဲ့လေပြီ။ ဤသည်မှာ
အလွန်ပင် ရိုင်းစိုင်းပြီး ဥပဒေမဲ့သော လုပ်ရပ်ပင်။
အကယ်၍ သူက ထပ်မံ နောက်ဆုတ်ပေးလိုက်မည်ဆိုပါက
နောက်တစ်ကြိမ်တွင် လျိုလုံတက္ကသိုလ် အုပ်ချုပ်ရေးမှူးကိုပင် လာရောက်ဖမ်းဆီးကြပေတော့မည် ။
လီချန်းသည် အသက်ကို
ပြင်းပြင်းရှူလိုက်ပြီး ရင်ထဲရှိ ဒေါသများကို အတင်းအကျပ် နှိမ်နင်းကာ စိတ်ကို တည်ငြိမ်အောင်
ကြိုးစားလိုက်သည်။
ခဏတာ သည်းခံလိုက်ခြင်းက
သူ့ကို ပို၍ပင် ဒေါသထွက်စေပြီး နောက်ဆုတ်ပေးလိုက်ခြင်းက ပို၍ပင် နစ်နာသကဲ့သို့ ခံစားရစေသည်။
ထို့ကြောင့် သူသည် ထပ်မံ
သည်းမခံတော့ရန် ဆုံးဖြတ်လိုက်တော့သည်။
‘ဂူချန်၊ မင်းက ကစားချင်တယ်ဆိုရင်လည်း
ကစားကြတာပေါ့..’
လီချန်းသည် ကြမ်းပြင်ပေါ်တွင်
တုန်ရင်နေသော တာဝန်ခံဆရာကို ကြည့်ကာ လေးနက်သော အသံဖြင့်...
"စောင့်ကြည့်ရေးကောင်စီကို
အစီရင်ခံလိုက်။ ချင်းဟယ်ဂူမိသားစုက ငါတို့တက္ကသိုလ်က ဆရာတွေကို ဖမ်းဆီးထားပြီး တရားမဝင်
နှိပ်စက်ညှဉ်းပန်းနေတယ်လို့ ပြောလိုက်.."
"ဒီဂူချန်က ဘယ်လောက်ပဲ
မောက်မာပါစေဦး၊ စောင့်ကြည့်ရေးကောင်စီရဲ့ အမိန့်ကိုတော့ အထင်အရှား ဆန့်ကျင်ရဲပါ့မလား.."
လျိုလုံတက္ကသိုလ် အုပ်ချုပ်ရေးမှူး၏
ထောက်ခံမှုနှင့် လက်ရှိ ကျော်ကြားနေသော ဂူမိသားစု သခင်လေး ဂူချန်ကို ပစ်မှတ်ထားသည့်
စွပ်စွဲချက်ကြောင့် ဤကိစ္စမှာ ကြီးကြပ်ရေးကောင်စီ၏ အထက်လူကြီးများထံသို့ လျင်မြန်စွာ
ရောက်ရှိသွားခဲ့သည်။
ကျန်းနန်ပြည်နယ် ကြီးကြပ်ရေးကောင်စီ၏
ဒုတိယဥက္ကဋ္ဌဖြစ်သူ အဆင့် ၆ နတ်ဘုရားတက်လှမ်းခြင်းအဆင့် သိုင်းပညာရှင် ဆုန့်ကျန်းက ဦးဆောင်ကာ
နိဗ္ဗာနအဆင့် သိုင်းပညာရှင် အချို့နှင့် အဆင့်နိမ့်သိုင်းပညာရှင် တစ်ရာကျော်တို့သည်
စုံစမ်းစစ်ဆေးရန် ထွက်ခွာလာခဲ့ကြသည်။
နောက်တစ်နေ့တွင် ချင်းဟယ်မြို့အခြေစိုက်
ဂူမိသားစုအိမ်တော်၌။
သစ်သားတံခါးကို ခေါက်သံနှင့်အတူ
အပြင်ဘက်မှ အားကောင်းပြီး ဟိန်းထွက်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"စောင့်ကြည့်ရေးကောင်စီက
စစ်ဆေးဖို့ လာတာ။ တံခါးကို ချက်ချင်းဖွင့်စမ်း.."
…