မိုယုက ပြောလာသည်။ “မဖြစ်နိုင်ဘူး”
အကြီးအကဲပိုင်က ပြောလိုက်၏။ “ပေါင်လဲ့... မင်းတံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီပေါ့လေ”
သူတို့နှစ်ဦးစလုံး၏ လေသံများထဲတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေ၏။
သို့သော်လည်း မိုယု၏ မျက်နှာအမူအရာမှာ အလွန်အမင်း စိုးရိမ်ပူပန်မှုနေပြီး အကြီးအကဲပိုင်၏ မျက်နှာမှာမူ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
မိုယုက ဝမ်ပေါင်လဲ့ကို အလေးအနက် ကြည့်ကာ ဆိုသည်။
“လဲ့အာ... ဒီကိစ္စက မင်းရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတယ်။ မင်း တောင်ပေါ်မှာပဲ ဆက်နေပြီး ကျင့်ကြံနေသင့်တယ်။ ဒါကို မင်းအဘိုးရဲ့ လက်ထဲမှာပဲ ထားလိုက်ပါ”
“စီနီယာအစ်ကိုကြီး... ကျွန်တော်တော့ သဘောမတူနိုင်ဘူး”
အကြီးအကဲပိုင်က ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။
“တကယ်လို့ ခင်ဗျားက ထျန်းတောက်စံအိမ်ကို တစ်ယောက်တည်း သွားရင်ဆိုင်မယ်ဆိုရင်တော့ ကျွန်တော် သေချာပေါက် တားမှာပါ။ ဒါပေမဲ့ တူလေးဝမ်သာ ခင်ဗျားနဲ့အတူ ပါသွားမယ်ဆိုရင်တော့ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ ဆယ်ပုံပုံရင် ဆယ်ပုံလုံး သေချာတယ်”
“ဟမ်”
မိုယုမှာ အကြီးအကဲပိုင်၏ စကားများကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။
“ဂျူနီယာညီလေးပိုင်... မင်းပြောချင်တာက ဂုဏ်သိက္ခာရှိတဲ့ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူဖြစ်တဲ့ ငါက စစ်မှန်ကံကြမ္မာ အဆင့်ပဲ ရှိသေးတဲ့ ပေါင်လဲ့ထက် နိမ့်ကျနေတယ်လို့ ပြောတာလား”
အကြီးအကဲပိုင်က တည်ငြိမ်စွာ ခေါင်းညိတ်ပြ၏။
“ဟုတ်တယ်။ ခင်ဗျားက နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ပေမဲ့ ထျန်းတောက်စံအိမ်ကို ရင်ဆိုင်တဲ့နေရာမှာ ခင်ဗျားရဲ့ အခန်းကဏ္ဍက တူလေးဝမ်လောက် အရေးမပါဘူး။ သူ ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ခင်ဗျား ခုထိ သဘောမပေါက်သေးဘူး”
ထိုအခိုက်အတန့်တွင် မိုယုမှာ သူ့နားရော ဦးနှောက်ပါ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
သူ မည်သို့ပင် နားလည်အောင် ကြိုးစားသော်လည်း ဂျူနီယာညီလေးပိုင် ပြောနေသည်များကို အဓိပ္ပာယ်ဖော်၍ မရနိုင်ပေ။
ခေတ္တမျှ ကြာပြီးနောက် သူက မေးလိုက်သည်။
“လဲ့အာ... မင်း ဆရာကို ကြားဝင်ကူညီပေးဖို့ တောင်းဆိုမလို့လား”
“ထျန်းတောက်စံအိမ်ဆိုတာ ကျွန်တော့်ဆရာကို ဒုက္ခပေးရလောက်အောင် တန်ဖိုးမရှိပါဘူး”
ဝမ်ပေါင်လဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။
“အဘိုး... ကျွန်တော့်ကို တစ်နှစ်အချိန်ပေးပါ။ မဟုတ်ဘူး... ကျွန်တော်တို့ကို ပြင်ဆင်ဖို့ တစ်နှစ်အချိန်ပေးပါ။ နောက်တစ်နှစ်မှာ ကျွန်တော်တို့ အတူတူသွားပြီး ထျန်းတောက်စံအိမ်ကို ပြန်သိမ်းကြတာပေါ့”
သူ ခေတ္တရပ်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ အနှစ်တစ်ထောင် သက်တမ်းရှိ စိတ်ဝိညာဉ်ဆေးပင်တစ်ပင်နှင့် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
“အဘိုး... ဒါက အဘိုးအတွက် ကျွန်တော် ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ။ ခုနက အဘိုး လောလော၊ လောလောနဲ့ ထွက်သွားလို့ ကျွန်တော် ပေးဖို့ မေ့နေတာ”
“မင်း... မင်းဆီမှာ ဒီလို ရှားပါးရတနာတွေ ဘယ်လိုလုပ် ရှိနေတာလဲ”
မိုယု တစ်ခဏလောက် မှင်တက်သွားသည်။ ထို့နောက် သူ့ စိတ်ထဲတွင် စကားလုံးအချို့ ပေါ်လာပြီး မေးလိုက်၏။
“မင်း ထိုက်ရွှီလျှို့ဝှက်နယ်မြေထဲကို သွားခဲ့တာတော့ မဟုတ်ပါဘူးနော်”
ဝမ်ပေါင်လဲ့က ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ ဒီအနှစ်တစ်ထောင် ဝိညာဉ်ဆေးပင်နဲ့ သူတော်စင်အဆင့် ဓားသိုင်းက ထိုက်ရွှီလျှို့ဝှက်နယ်မြေကနေ ရခဲ့တာပါ။ ဒီအရာနှစ်ခုနဲ့ဆိုရင် အဘိုးအနေနဲ့ လာမဲ့တစ်နှစ်အတွင်းမှာ အဆင့်တက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဲ့ဒီအခါကျရင် ကျွန်တော်တို့ရဲ့ ရန်သူဟောင်းတွေကို သိက္ခာရှိရှိ ရင်ဆိုင်နိုင်မှာပါ”
“ကောင်းတယ်... အရမ်းကောင်းတာပဲ”
မိုယုမှာ မြေးဖြစ်သူ ပေးသော ရတနာများကို ကြည့်ကာ ထပ်ခါတလဲလဲ ချီးကျူးနေမိသည်။ သူ့မြေးမှာ သူတော်စင်အဆင့် သိုင်းပညာများနှင့် အနှစ်တစ်ထောင် စိတ်ဝိညာဉ်ဆေးပင်များကို ပေါ့ပေါ့ပါးပါး လက်ဆောင်ပေးနိုင်သည်အထိ ကြီးပြင်းလာလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။
တစ်ဖက်တွင်လည်း အကြီးအကဲပိုင်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
“တူလေးဝမ်... ငါ နည်းနည်းလောက် မေးပါရစေ။ ထျန်းတောက်စံအိမ်ကို ပြန်ယူဖို့ ဘယ်လိုနည်းလမ်းမျိုး သုံးဖို့ ရည်ရွယ်ထားလဲ”
ဝမ်ပေါင်လဲ့က ပြုံးလိုက်၏၊၊ “သဘာဝအတိုင်းပဲပေါ့... ကျွန်တော် လောကကြီးကို အတိအလင်း ကြေညာမယ်၊ ပြီးရင် လူအများရှေ့မှာပဲ ဒီကိစ္စကို ရှင်းပစ်မယ်”
မိုယုသည် ထိုစကားကို ကြားသောအခါ တစ်ခုခု ပြောချင်သော်လည်း ဘာပြောရမည်မှန်း မသိတော့ပေ။
‘သူ တံခါးပိတ်ကျင့်ကြံနေသည့် နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာကြီးက ဘာကြောင့် ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ’
အကြီးအကဲပိုင်က သူ့မျက်လုံးများကို မှေးကျဉ်းလိုက်၏။
“တူလေးဝမ်က ထျန်းတောက်စံအိမ်ကို ပြန်သိမ်းဖို့တင် ရည်ရွယ်ထားတာ မဟုတ်ဘူးထင်တယ်။ သူက တစ်ကမ္ဘာလုံးမှာ ကျော်ကြားသွားအောင် လုပ်ဖို့ ကြံစည်နေတာပဲ”
ဝမ်ပေါင်လဲ့က ခေါင်းညိတ်၏။
“ဟုတ်တယ်။ စီနီယာအစ်ကိုကြီးက သူ့မျိုးဆက်ထဲမှာ နံပါတ်တစ် ပါရမီရှင်အဖြစ် အသိအမှတ်ပြုခံနေရပြီးပြီ။ ဒုတိယစီနီယာအစ်ကိုကြီးကလည်း ပြိုင်ဘက်ကင်းလက်သီးအရှင် ဆိုတဲ့ နာမည်ကျော်ကြားနေတယ်။ တတိယစီနီယာအစ်မကတော့ လှုပ်ရှားမှု သိပ်မရှိပေမဲ့ စစ်မှန်ကံကြမ္မာအဆင့်မှာတင် ဝတ်ရုံဖြူဇီသာနတ်ဆိုး ဆိုတဲ့ ဘွဲ့နာမည် ရခဲ့တာ။ သူ့ရဲ့ ကျော်ကြားမှုကလည်း အနှံ့အပြားပဲ။
ကျွန်တော်က ဆရာ့ရဲ့ တပည့်တစ်ယောက်အနေနဲ့ သူတို့နောက်မှာ ကျန်နေခဲ့လို့ မဖြစ်ဘူးလေ”
အကြီးအကဲနှစ်ဦးစလုံးမှာ ဝမ်ပေါင်လဲ့၏ ထက်သန်လှသော စိတ်ဓာတ်ကို ကြည့်ကာ ချီးကျူးသည့်အနေဖြင့် လက်မထောင်ပြမိကြလေ၏။
အကြီးအကဲပိုင်က သက်ပြင်းချလိုက်သည်။ “နောက်မျိုးဆက်တွေက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ... တကယ်ကို လေးစားဖို့ကောင်းပါတယ်”
မိုယုကလည်း ခေါင်းညိတ်သည်။
“မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ လဲ့အာ... ဒီတစ်ခေါက်တော့ မင်းပဲ ဦးဆောင်ပါ။ ငါကတော့ ဝမ်တောက် မြို့မှာပဲ နေပြီး မင်းရဲ့ အမိန့်ကို အချိန်မရွေး စောင့်နေမယ်”
ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။
“အဘိုး... ဘာတွေ ပြောနေတာလဲ ကျွန်တော်ကသာ အဘိုးရဲ့ စီစဉ်မှုတွေအတိုင်း လိုက်လုပ်ရမှာပါ”
မိုယုက ပြန်ပြော၏။။
“ငါလည်း အိုပါပြီ။ စင်မြင့်ကို မင်းတို့လို လူငယ်တွေအတွက် ဖယ်ပေးရမဲ့ အချိန်ရောက်ပြီ”
နာရီဝက်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့သည် အကြီးအကဲပိုင်၏ ခြံဝင်းအတွင်းမှ ထွက်လာကာ နန်ကုန်းယွီကို ရှာရန် မန္တန်ပညာဌာန သို့ တိုက်ရိုက်သွားခဲ့၏။
“နန်ကုန်း... ကျွန်တော် ခင်ဗျားရဲ့ အကူအညီ လိုတယ်”
နန်ကုန်းယွီအနေဖြင့် ဝမ်ပေါင်လဲ့က သူမကို ဤမျှအလေးအနက်ထား၍ ပြောသည်မှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
သူမက အလိုအလျှောက်ဖြေလိုက်သည်။ “ကျွန်မတို့ကြားမှာ ဒီလိုတွေ ပြောနေစရာ မလိုပါဘူး။ ရှင်ဘာလိုအပ်လဲဆိုတာသာ ပြောပါ”
ဝမ်ပေါင်လဲ့က ဆိုသည်။
“ ပြောရရင် အရှည်ကြီးပဲ...”
ခဏအကြာတွင် နန်ကုန်းယွီ၏ မျက်နှာမှာလည်း တည်ကြည်လေးနက်သွားသည်။
“ဒီကိစ္စကို ကျွန်မ ခမည်းတော် ဧကရာဇ်မင်းမြတ်နဲ့ တိုင်ပင်ရမယ်”
“ကောင်းပါပြီ”
ဝမ်ပေါင်လဲ့ ထွက်သွားသည်ကို ကြည့်ပြီးနောက် နန်ကုန်းယွီသည် သူမ၏ဖခင်ထံ စာတစ်စောင် စတင်ရေးသားတော့၏။
မကြာမီတွင် စာရေးပြီးသွားသဖြင့် မဟာယွီ အင်ပါယာသို့ ပြန်လည်ပေးပို့ရန် အကြီးအကဲကျောက်ထံသို့ လွှဲပြောင်းပေးလိုက်သည်။
အကြီးအကဲကျောက်ကမေးသည်။ “မင်းသမီး... အရှင်မင်းကြီးက သဘောတူမယ်လို့ ထင်လား”
နန်ကုန်းယွီက ပြုံးလိုက်သည်။
“ခမည်းတော် သေချာပေါက် သဘောတူမှာပါ။ ဘယ်သူကများ အနာဂတ် သူတော်စင် တစ်ယောက်ဆီက လာတဲ့ စေတနာကို ငြင်းပယ်မှာလဲ။ အထူးသဖြင့် သူတော်စင်ရဲ့ တပည့်က နန်ကုန်းမျိုးနွယ်စုရဲ့ မိသားစုဝင် ဖြစ်လာတော့မဲ့ အချိန်မျိုးမှာပေါ့”
တစ်ချိန်တည်းမှာပင် ဝမ်ပေါင်လဲ့သည် ဝမ်ယွီဖေးကိုလည်း ထိုကိစ္စအား ရှင်းပြကာ သူမတို့ ဝမ်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်အား ကူညီပံ့ပိုးပေးရန် တောင်းဆိုပေးဖို့ ပြောလိုက်၏။
ဝမ်ယွီဖေးမှာ တွန့်ဆုတ်မနေခဲ့ပေ။ မျိုးနွယ်စုခေါင်းဆောင်က သူမကို ဝမ်ပေါင်လဲ့အား အစွမ်းကုန် ကူညီရန် အစောကတည်းက ညွှန်ကြားထားပြီးဖြစ်၍ သူမသည် ချက်ချင်းပင် မျိုးနွယ်စုထံ စာတစ်စောင် ပေးပို့လိုက်သည်။
ဝမ်ပေါင်လဲ့မှာ အကြောင်းပြန်စာကို စိုးရိမ်တကြီး စောင့်မနေခဲ့ပေ။ ထိုအစား သူသည် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားပြီး အရင်ကထက်ပင် ပို၍ စားသောက်တော့၏။
ချူဖုန်းသည် လွန်ခဲ့သော လအနည်းငယ်အတွင်း ဝမ်ပေါင်လဲ့၏ ပြောင်းလဲလာမှုကို ကြည့်ကာ မသိမသာ ပြုံးမိသည်။ မျှော်လင့်ထားသည့်အတိုင်းပင် လူသားများသည် ကြိုးစားအားထုတ်ရန်အတွက် တွန်းအားတစ်ခု လိုအပ်လှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင်
ခြောက်လတာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
ထိုနေ့နံနက်တွင် ချူဖုန်း အိပ်ပျော်နေစဉ် အနောက်ဘက်တောင်ဆီမှ ထူးခြားသော လှုပ်ခတ်မှုတစ်ခုကို သူ အာရုံခံမိသည်။
သူက ဂရုမစိုက်ဘဲ တစ်ဖက်သို့ စောင်းကာ ဆက်အိပ်နေလိုက်သည်။
မွန်းတည့်ချိန်တွင် ချူဖုန်း မျက်လုံးဖွင့်လိုက်သည့်အခါ သူ့စိတ်ထဲတွင် ရင်းနှီးသော အသံတစ်ခု ပဲ့တင်ထပ်လာ၏။
“ဒင် ပိုင်ရှင်၏ တပည့် ယဲ့ပေ့ရွှမ်သည် စစ်မှန်ကံကြမ္မာ အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး နတ်ဘုရားခန္ဓာ ဟုန်မန်ခန္ဓာကိုယ်အား နိုးထခဲ့ပါတယ်။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် ကျင့်ကြံမှုသက်တမ်း အနှစ်နှစ်ဆယ် ပေးအပ်လိုက်ပါတယ်။ ဟုန်မန်ခန္ဓာ(ပြီးပြည့်စုံခြင်းအဆင့်)သို့ ရောက်ရှိသွားပါတယ်”
ထိုအသံ ဆုံးသွားသည်နှင့် ချူဖုန်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ဒန်တျန်း အတွင်းသို့ တဟုန်ထိုး စီးဝင်သွားပြီး ဟုန်မန် ခရမ်းရောင်ချီ နှင့် အပြည့်အဝ ပေါင်းစပ်သွားသည်ကို ခံစားလိုက်ရသည်။
နာရီအနည်းငယ် ကြာပြီးနောက်တွင် သူ့ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင် အားလုံးမှာ ဟုန်မန်ခရမ်းရောင်ချီအဖြစ် ပြောင်းလဲသွားကြောင်း ချူဖုန်း သိလိုက်၏။
ချူဖုန်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။
“ဒီဟုန်မန်ခန္ဓာက တကယ်ကို မယုံနိုင်စရာပဲ။ ဒါဆိုရင် ငါ့စိတ်ထဲက ထင်တဲ့ နည်းစနစ်တိုင်းကို စိတ်တိုင်းကျ သုံးနိုင်တော့မှာပေါ့”
ဝမ်တောက်ကျောင်းတော်အတွင်းရှိ လူတိုင်းသည် သောင်းပြောင်းပညာရပ်ဌာန ဘက်မှ တက်လာသော ထူးခြားသည့် ဖြစ်စဉ်ကို မြင်သောအခါ တစ်ခဏ ရပ်ကြည့်ကြပြီးနောက် မိမိတို့အလုပ်ကို မိမိတို့ ဆက်လုပ်ကြသည်။
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်မှာ မကြာသေးသည့် မိုယုတစ်ယောက်သာလျှင် မကြုံစဖူး ထူးဆန်းသည့် အရာတစ်ခုကို မြင်လိုက်ရသလိုမျိုး အကြီးအကဲပိုင်၏ ခြံဝင်းထဲတွင် ပါးစပ်အဟောင်းသားနှင့် ရပ်နေမိ၏။
အကြီးအကဲပိုင်က မိုယု၏ မှင်တက်နေသော ပုံစံကို ကြည့်ကာ ရယ်မောလိုက်သည်။
“စီနီယာအစ်ကိုကြီး... လောကကြီးကို မမြင်ဖူးတဲ့ လူတစ်ယောက်လို မလုပ်ပါနဲ့။ ဒီလို မြင်ကွင်းမျိုးတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျွန်တော် နှစ်တိုင်း မြင်နေကျပါ”
မိုယုမှာ နောက်ဆုံးတော့ သတိပြန်ဝင်လာသည်။
“ဂျူနီယာညီလေးပိုင်... မင်း ငါ့ကို နောက်နေတာလား”
အကြီးအကဲပိုင်က ပြောသည်။“စီနီယာအစ်ကိုကြီး... ခင်ဗျားမှာ ကျင့်ကြံတာအပြင် တခြား ဝါသနာရော မရှိဘူးလား။ သောင်းပြောင်းပညာရပ်ဌာနအတွက်တော့ တပည့်တစ်ယောက်က စစ်မှန်ကံကြမ္မာအဆင့်ကို တက်နိုင်ပေမဲ့ နတ်ဘုရားခန္ဓာကို မနိုးထနိုင်ဘူးဆိုရင် အဲ့ဒါကို လူအများစုက ကျရှုံးမှုလို့တောင် သတ်မှတ်ကြတာ”
မိုယု “...”
သူ့စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်သွားတော့၏။
‘ဇွဲရှိရှိ ကျင့်ကြံတာက ခုခေတ်မှာ အမှားတစ်ခု ဖြစ်သွားပြီလား’
***