“ဂုဏ်ယူပါတယ် ဂျူနီယာညီလေးယဲ့”
“ဂုဏ်ယူပါတယ် စီနီယာအစ်ကိုကြီးယဲ့”
သောင်းပြောင်းပညာရပ်ဌာန၌ တပည့်တို့သည် အဆင့်တက်လှမ်းနိုင်ခဲ့သည့် ယဲ့ပေ့ရွှမ်ကို ဝိုင်းဝန်းဂုဏ်ပြုနေကြသည်။
သူက လူအုပ်ကြီးကို လက်သီးဆုပ်ကာနှုတ်ဆက်လိုက်၏။
“အဆင့်တက်နေတဲ့ အချိန်အတွင်းမှာ စောင့်ရှောက်ပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”
ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။
“အားနာမနေပါနဲ့ ညီလေး၊ ဒါက ငါတို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲ။ လာ... ဆရာ့ဆီ သွားပြီး ဂါရဝပြုရအောင်၊ ဆရာလည်း မင်းကို စောင့်နေမှာ သေချာတယ်”
“အင်း”
ယဲ့ပေ့ရွှမ်သည် ပြန်ဖြေလိုက်ပြီး သူ့စီနီယာများနှင့်အတူ ချူဖုန်းရှိရာပင်မခြံဝင်းသို့ လိုက်သွားတော့သည်။
သူတို့အုပ်စု ရောက်သွားချိန် ချူဖုန်းသည် ကျောက်သားကုလားထိုင်ပေါ်၌ ထိုင်ကာ ခေါက်ယပ်တောင်ကို အေးအေးလူလူ ခတ်နေ၏။
“ဆရာ့ကို ဂါရဝပြုပါတယ်”
“အခမ်းအနားတွေ လုပ်မနေကြပါနဲ့”
ချူဖုန်းက ပြုံးလျက် ယဲ့ပေ့ရွှမ်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
“ပေ့ရွှမ်... ဘယ်လို ခံစားရလဲ”
ယဲ့ပေ့ရွှမ်က ရိုသေစွာဖြင့် ဖြေဆိုသည်။
“ဆရာ... ကျွန်တော် ဒီလောက် ကောင်းမွန်တဲ့ ခံစားချက်မျိုး တစ်ခါမှ မကြုံဖူးပါဘူး။ ဒီခံစားချက်ကို ဘယ်လို ဖော်ပြရမှန်းတောင် တကယ် မသိတော့ဘူး”
သူ၏ ယခင်ဘဝတုန်းက နီဗားနားရှင်သန်ခြင်း အဆင့်ရောက်မှသာ နတ်ဘုရားခန္ဓာကို နိုးထစေနိုင်ခဲ့ခြင်း ဖြစ်၏။ ယခုမူ ပြန်လည်မွေးဖွားပြီး နှစ်အနည်းငယ်အတွင်းမှာတင် ဤသို့ ဖြစ်လာခြင်းမှာ သူ့အတွက် အိပ်မက်တစ်ခုလိုပင် မယုံနိုင်စရာ ကောင်းနေတော့သည်။
“ဟားဟားဟား...”
ချူဖုန်းက အားရပါးရ ရယ်မောလိုက်သည်။
“မင်းက တကယ်ကို ပွင့်လင်းတာပဲ။ မင်းလည်း စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်ပြီဆိုတော့ ဒီည မင်းအတွက် ဂုဏ်ပြုပွဲ ကျင်းပပေးမယ်”
“ဆရာ သက်တော်ရာကျော် ရှည်ပါစေ”
အားလုံးက ဝမ်းသာအားရ အော်ဟစ်ကြလေသည်။
နောက်တစ်နေ့ နံနက်တွင်
ထုံးစံအတိုင်း အားလုံးက ကျင့်ကြံရန် စောစောထကြသည်။ ဝမ်ပေါင်လဲ့သည် သူ၏ လေ့ကျင့်ခန်းများ ပြီးဆုံးသွားချိန်တွင် နန်ကုန်းယွီနှင့် ဆုံလေသည်။
“ယွီအာ... ဘာကိစ္စရှိလို့ ဒီလောက် စောစောစီးစီး ရောက်လာတာလဲ”
နန်ကုန်းယွီက သူ့ကို မျက်စောင်းထိုးလိုက်ပြီး မကျေနပ်ဟန်ဖြင့် ပြောသည်။
“သတင်းကောင်းလာပေးတာလေ။ ကျွန်မခမည်းတော်က ရှင့်ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ”
ဝမ်ပေါင်လဲ့၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်သွား၏။
“ဦးလေးက တခြား အခြေအနေတွေရော သတ်မှတ်သေးလား”
ယွီအာက ပြုံးလိုက်သည်။ “ဘယ်သူကများ အနာဂတ်သူတော်စင်လောင်းတစ်ဦးအပေါ် အခြေအနေတွေ ကန့်သတ်ရဲမှာလဲ။ ရှင် ဘယ်တော့ ကြေညာဖို့ စီစဉ်ထားလဲ”
ဝမ်ပေါင်လဲ့က ဖြေပါ၏။ “နောက်သုံးလနေရင် အများသိအောင် ကြေညာမယ်။ ထျန်းတောက်စံအိမ်ကို ကိုယ်တိုင်သွားပြီး ငါ့မျိုးနွယ်နဲ့ဆိုင်တဲ့ အရာအားလုံးကို ပြန်သိမ်းမယ်”
ယွီအာက ကျေနပ်စွာ ခေါင်းညိတ်ပြ၏။ “ကောင်းပြီ။ အဲ့ဒီအချိန်ကျရင် မဟာယွီ အင်ပါယာက ရှင့်ဘက်ကနေ ရပ်တည်ပေးမယ်”
“ကျေးဇူးတင်ပါတယ်”
ဝမ်ပေါင်လဲ့က သူမကို ခေါင်းညှိမ့်ပြလိုက်သည်။
နန်ကုန်းယွီက ချိုသာစွာ ပြုံးပြလိုက်သည်။
“ကျွန်မတို့ကြားမှာ ကျေးဇူးတင်စကားတွေ ပြောမနေပါနဲ့”
သုံးလအကြာတွင် ဝမ်ပေါင်လဲ့သည် မဟာယွီအင်ပါယာ၊ ဝမ်မျိုးနွယ်စုတို့နှင့် ပူးပေါင်းကာ လာမည့်နှစ်၏ ပထမလ (၁၅)ရက်နေ့တွင် မိုမျိုးနွယ်စု၏ ထျန်းတောက်အမွေအနှစ်ကို ပြန်လည်ရယူရန် ထျန်းတောက်စံအိမ်သို့ သွားရောက်မည်ဖြစ်ကြောင်း လောကကြီးကို အတူတကွ ကြေညာလိုက်ကြ၏။
ဤသတင်း ထွက်ပေါ်လာသည်နှင့် ရွှမ်ကျိုးနယ်မြေရှိ မြင့်မြတ်နယ်မြေအောက် အဆင့်အတန်းရှိသော အင်အားစုအားလုံးမှာ ဆူညံပွက်လောရိုက်သွားကြတော့၏။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက အပြောင်းအလဲများကြောင့် ထျန်းတောက်စံအိမ်မှာ ဆုတ်ယုတ်သွားခဲ့သော်လည်း၊ သူတော်စင်တစ်ပိုင်း အမွေအနှစ် ကျန်ရှိနေသေးသော်လည်း၊ မည်သူကမျှ ၎င်းကို သူတော်စင်တစ်ပိုင်း အင်အားစုအဖြစ် မသတ်မှတ်တော့ဘဲ ဒေသတွင်း အင်အားရှိသော ဂုဏ်သရေရှိအိမ်တော်အဖြစ်သာ မှတ်ယူထားကြ၏။
ယခုမူ သူတော်စင်တစ်ပိုင်းအင်အားစုတစ်ခု၊ နာမည်ကျော်မျိုးနွယ်စုတစ်ခုနှင့် ဝမ်တောက်ကျောင်းတော်၏ တိုက်ရိုက်တပည့်တစ်ဦးတို့ ပူးပေါင်းကာ ထျန်းတောက်အမွေအနှစ်အတွက် မိစ္ဆာဓားဘုရင် ကို စိန်ခေါ်လိုက်ကြပြီဖြစ်သည်။
လောကသားများအတွက်မူ ဤသည်မှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်လာပေတော့မည်။
ထိုက်ရွှီလျှို့ဝှက်နယ်မြေ ဖြစ်ရပ်ပြီးကတည်းက ရွှမ်ကျိုးနယ်မြေတွင် ကြီးကြီးမားမား ဘာမှ မလှုပ်ခတ်ခဲ့ပေ။
ယခု သူတော်စင်တစ်ပိုင်းချူ၏ တိုက်ရိုက်တပည့်ဖြစ်သူက သူ၏အစွမ်းကို လောကရှေ့မှောက် ထုတ်ပြတော့မည်ဖြစ်ရာ ထိုတပည့်သည် ပြိုင်ဘက်ကင်းဓားသမား သို့မဟုတ် ပြိုင်ဘက်ကင်းလက်သီး အရှင်တို့နှင့် ယှဉ်နိုင်မလားဆိုသည်ကို အားလုံးက မြင်တွေ့လိုနေကြသည်။
ထျန်းတောက်စံအိမ်အတွင်း၌
လက်ရှိစံအိမ်သခင် မိုဝူရှင်းသည် နောက်ဆုံးရသတင်းကို စိုက်ကြည့်နေသည်။
သူ၏ တွန့်လိပ်ခြောက်သွေ့နေသော မျက်နှာပေါ်တွင် အရေးအကြောင်းများ ပိုမို နက်ရှိုင်းသွား၏။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက သူသည် မိစ္ဆာဓားသိုင်း ကို တတ်မြောက်ခဲ့ပြီး အကြီးအကဲဟောင်းများကို အမြစ်ပြတ် သုတ်သင်ခဲ့သော်လည်းသူ၏ ကိုယ်ပိုင် အသက်စွမ်းအားများကို များစွာ ပေးဆပ်ခဲ့ရသည်။
လွန်ခဲ့သော ရာစုနှစ်အတွင်း သူသည် နှစ်ကြိမ်သာ လှုပ်ရှားခဲ့ဖူးပြီး တစ်ကြိမ်စီတိုင်းသည် သူ၏ သက်တမ်းကို ဆိုးရွားစွာ တိုတောင်းသွားစေခဲ့၏။
မိစ္ဆာဓားသိုင်းသည် အသက်နှင့်လဲရသော ဓားသိုင်းပညာဖြစ်သည်။အသက်ဓာတ်ကို ပို၍ စားသုံးလေ၊ ၎င်း၏ အစွမ်းမှာ ပို၍ ကြီးမားလေပင်။
“မိုယု... အဲ့ဒီအဘိုးကြီးက အသက်ရှင်နေသေးတာတင်မကဘူး၊ ဆက်ခံသူတောင် ရှိနေသေးတာလား။ ငါ့ကို စိန်ခေါ်ရဲအောင် ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ”
ဘေးနားရှိ အိမ်ထိန်းအိုကြီးက အလျင်အမြန်ပင် ပြောသည်။
“စံအိမ်သခင်... မိုယုနဲ့ အဲ့ဒီလူမွဲ သမက်ကလေးက စိုးရိမ်စရာ မဟုတ်ပါဘူး။ ကျွန်တော် ပိုစိုးရိမ်တာက ဝမ်တောက်ကျောင်းတော်က သူတော်စင်တစ်ပိုင်းကိုယ်တိုင် ကြားဝင်မလားဆိုတာပါပဲ”
မိုဝူရှင်းက တဟားဟား ရယ်လိုက်သည်။ “စိတ်မပူပါနဲ့။ အဲ့ဒီကောင်လေး ထျန်းတောက်စံအိမ်မှာ မသေသရွေ့ သူတော်စင်တစ်ပိုင်းက လှုပ်ရှားမှာ မဟုတ်ဘူး။ အချိန်ကျလို့ မိုယုကိုသာ ငါသတ်နိုင်ရင် အဲ့ဒီကောင်လေးက ခြိမ်းခြောက်မှု မဟုတ်တော့ဘူး”
“ဒါပေမဲ့ မဟာယွီအင်ပါယာနဲ့ ဝမ်မျိုးနွယ်စုကရော”
အိမ်ထိန်းက စိုးရိမ်တကြီး မေးသည်။
မိုဝူရှင်းက လှောင်ပြုံးပြုံးလျက် အမိန့်ပေးလိုက်၏။
“လူစဉ်မမီတဲ့ ကောင်တစ်ကောင်အတွက် သူတို့က အစွမ်းကုန် လုပ်ပေးမယ်လို့ မင်းထင်နေတာလား။ သွား... လီအာ ကို ခေါ်ခဲ့”
“ဟုတ်ကဲ့ပါ”
အိမ်ထိန်းကြီး လှည့်ထွက်သွားသည်။
မကြာမီတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခန်းမထဲသို့ ဖြည်းညှင်းစွာ ဝင်လာ၏။
မိုဝူရှင်းက သူ့မြေးအရင်းကို ကြည့်ကာ ဆိုလိုက်သည်။
“လီအာ... မင်း ငါ့ဆီကနေ မိစ္ဆာဓားသိုင်းကို သင်ချင်နေတာ မဟုတ်လား။ ဒီနေ့ ငါ မင်းကို အဲ့ဒီပညာ သင်ပေးမယ်”
မိုလီ၏ မျက်နှာမှာ အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ သူသည် ဤဓားသိုင်းအတွက် ကြာမြင့်စွာ တောင်းဆိုခဲ့သော်လည်း အဘိုးဖြစ်သူက အမြဲတမ်း ငြင်းပယ်ခဲ့ရာမှ ယခုမှသာ ခွင့်ပြုလိုက်ခြင်းပင်။
“ကျေးဇူးတင်ပါတယ် အဘိုး ကျွန်တော် အဘိုးကို စိတ်မပျက်စေရပါဘူး”
မိုဝူရှင်းက တည်ငြိမ်စွာဖြင့်
“ကျေးဇူးတင်ဖို့ မစောပါနဲ့ဦး။ အရင်က ငါ ငြင်းခဲ့တာက မင်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်း အဆင့်ကို မရောက်သေးလို့ပဲ။ နောက်ပြီး ဒီပညာက အရမ်းကို ကြမ်းတမ်းလွန်းတယ်။ အခြေခံကို ထိခိုက်စေတယ်။ မင်းစောစောစီးစီး လေ့ကျင့်ရင် ဝိညာဉ်က ခံနိုင်မှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် မိုဝူရှင်းက လက်ညှိုးဖြင့် ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်ရာ ဓားသိုင်းပညာမှာ မိုလီ၏ စိတ်ထဲသို့ တိုက်ရိုက် စီးဝင်သွားလေ၏။
“နောက်သုံးလခွဲကြာရင် မိုယုရဲ့ အနွယ်ဝင်တွေ ထျန်းတောက်စံအိမ်ကို လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”
မိုလီက ဦးညွှတ်ကာ ဆိုလိုက်သည်။ “မြေး အဘိုးကို စိတ်မပျက်စေရပါဘူး”
ဝမ်တောက်ကျောင်းတော်အတွင်း၌
ဝမ်ပေါင်လဲ့သည် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေဆဲပင်။ သူသည် ကောင်းကင်ဇာစ်မြစ် အဆင့်နှင့် မဝေးတော့ပေ။
ထိုက်ဆွေ့ အသားနှင့် နှစ်ရှည်လများ စုဆောင်းထားသော အရင်းအမြစ်များကြောင့် အပြင်မထွက်ဘဲ အိမ်ထဲမှာတင် ဆက်တိုက် ကျင့်ကြံနေနိုင်ခြင်းပင်။
ကျင့်ကြံခြင်းလောကတွင် အချိန်သည်ကုန်မှန်း မသိဘဲ ကုန်ဆုံးတတ်ကြ၏။
နှစ်လအကြာ၊ ညဥ့်နက်သန်းခေါင်အချိန်တွင်
ကြီးမားလှသော စွမ်းအင်ပေါက်ကွဲမှုကြောင့် ချူဖုန်းမှာ အိပ်ရာထဲမှ လန့်နိုးသွားသည်။
“ဟမ်... နောက်တစ်ယောက် အဆင့်တက်ပြန်ပြီလား”
ဝမ်ပေါင်လဲ့ အဆင့်တက်ရန် နီးကပ်နေသည်ကို သူမှတ်မိသည်။ရက်ပိုင်းအတွင်း ဖြစ်နိုင်သည်ဟု သူ ထင်ထား၏။ သို့သော် ယခုကြည့်ရသည်မှာ နောက်ထပ် တပည့်တစ်ဦးပါ တစ်ပြိုင်တည်း အဆင့်တက်နေသလိုပင်။
‘ချိုက်ယီ ဖြစ်နိုင်မလား’
ထိုသို့တွေးမိသည်နှင့် ချူဖုန်း အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သော်လည်း ချက်ချင်းပင် စောင်ထဲ ပြန်ဝင်လိုက်သည်။
ချိုက်ယီ ဖြစ်ခဲ့ရင်တောင် ဤမျှလောက်ကြီးမားတဲ့ လှုပ်ခတ်မှုမျိုး ဖြစ်မှာ မဟုတ်ပေ။ ထို့ကြောင့် သူ ပြန်အိပ်လိုက်သည်။
မြောင်တောင်၏ သီးခြားတောင်ထိပ်နှစ်ခုပေါ်တွင်
ဝမ်ပေါင်လဲ့နှင့် နျဲ့ရှို့ယွမ်တို့သည် တစ်ချိန်တည်းမှာပင် အဆင့်တက်လှမ်းခဲ့ကြ၏။
ထိုမျှ ပြင်းထန်လှသော စွမ်းအင်လှုပ်ခတ်မှုများကြောင့် တခြားတပည့်များအားလုံး နိုးလာကြသည်မှာ သဘာဝပင်။
ချင်းချင်း၊ ယဲ့ပေ့ရွှမ်နှင့် တခြားသူများမှာ ပျံဝဲကာ ရောက်ရှိလာကြသည်။
အကြီးအကဲပင်းတောင် သူတို့နောက်တွင် ပေါ်လာ၏။
အားလုံးက အဆင့်တက်တော့မည့် သူနှစ်ဦးကို စကားတစ်ခွန်းမှ မပြောဘဲ စောင့်ကြည့်နေကြသည်။
နောက်နေ့ မွန်းတည့်ချိန်တွင် သူတို့နှစ်ဦးစလုံးသည် တစ်ယောက်ပြီးတစ်ယောက် အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ကြလေ၏။
ချူဖုန်းက မှေးမှိန်သွားသော စွမ်းအင်များကို ကြည့်ကာ တီးတိုးလေး ရေရွတ်လိုက်သည်။
“တစ်နေ့တည်း ဆိုက်ရောက်လာတဲ့ မင်္ဂလာနှစ်ပါးပါလား... ကောင်းတယ်၊ အရမ်းကောင်းတယ်”
သူ့စကားဆုံးသည်နှင့် စိတ်ထဲတွင် ရင်းနှီးသော အသံတစ်ခု ပဲ့တင်ထပ်လာလေ၏။
“ဒင် ဂုဏ်ပြုပါတယ်။ ပိုင်ရှင်၏ တပည့် နျဲ့ရှို့ယွမ်သည် တာအိုပေါင်းစည်းခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါပြီ။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် ကျင့်ကြံမှုသက်တမ်း အနှစ်ရှစ်ဆယ် ပေးအပ်လိုက်ပါတယ်”
“ဒင် ဂုဏ်ပြုပါတယ် ပိုင်ရှင်၏ တပည့် ဝမ်ပေါင်လဲ့သည် ကောင်းကင်ဇာစ်မြစ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါပြီ။ ဓားဆန္ဒမှာ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိသွားပါပြီ။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် ကျင့်ကြံမှုသက်တမ်း အနှစ်သုံးဆယ်နှင့် တာအိုအနှစ်သာရ နှစ်ခုပေးအပ်လိုက်ပါတယ်”
***