"ဆရာ့ကို ဂါရဝပြုပါတယ်”
အဓိကရင်ပြင်အတွင်းရှိ လူအားလုံးသည် ချူဖုန်းကို တညီတညွတ်တည်း ဦးညွှတ်နှုတ်ဆက်ကြသည်။
ယနေ့ အဆင့်တက်လှမ်းနိုင်ခဲ့သည့် နျဲ့ရှို့ယွမ်နှင့် ဝမ်ပေါင်လဲ့တို့သည် လူအုပ်၏ အလယ်ဗဟိုတွင် ရပ်နေကြ၏။
"ထကြ"
ချူဖုန်းသည် လက်ဖက်ရည်ကို တစ်ငုံမျှသောက်လိုက်ရာ စိတ်အခြေအနေမှာ အထူးပင် ကောင်းမွန်သွားတော့သည်။
နောက်ထပ် နှစ်ကုန်ပိုင်းကာလသို့ နီးကပ်လာသည့်အတွက် သူ့တပည့်များအားလုံးမှာလည်း အဆင့်တက်လှမ်းနိုင်ခဲ့ကြသည်။
ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့သည် သူ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် မရှိသော်လည်း ၎င်းတို့ အဆင့်တက်လှမ်းသည့် သတင်းများမှာ သူ့ထံသို့ ရောက်ရှိလာဆဲပင်။
အားလုံးက တစ်ပြိုင်နက် ပြန်ဖြေသည်။ "ကျေးဇူးတင်ပါတယ် ဆရာ"
ထို့နောက် ချူဖုန်းသည် ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။
"ပေါင်လဲ့၊ မင်း ဘယ်တော့ ခရီးထွက်ဖို့ စီစဉ်ထားလဲ"
ဝမ်ပေါင်လဲ့က လက်သီးဆုပ်၍ ပြောသည်။
"ဆရာ၊ ကျွန်တော် သုံးရက်အတွင်း ထွက်ခွာဖို့ စီစဉ်ထားပါတယ်။ မဟာယွီနဲ့ ဝမ်မျိုးနွယ်စုက စစ်သည်တွေ ရှေ့တန်းကို ဦးတည်ပြီး ချီတက်နေကြပါပြီ"
"ကောင်းပြီ”
ချူဖုန်းက အသာအယာ ခေါင်းညိတ်လိုက်၏။
"မင်း ဆုံးဖြတ်ပြီးပြီဆိုတော့ ငါ ဘာမှ အများကြီး မပြောတော့ဘူး။ တစ်ခုပဲ မှတ်ထားပါ။ ဘာပဲဖြစ်လာဖြစ်လာ၊ အသက်ရှင်အောင်နေ”
“အသက်ရှင်မှသာ မျှော်လင့်ချက်ဆိုတာ ရှိနိုင်မှာ"
ဝမ်ပေါင်လဲ့က ရိုသေစွာ ဖြေကြား၏။
"တပည့်ဝမ်ပေါင်လဲ့ ဆရာ့ အဆုံးအမကို လိုက်နာပါ့မယ်"
ထိုသို့ဆိုပြီးနောက် ချူဖုန်းသည် နျဲ့ရှို့ယွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ရှို့ယွမ်၊ မင်းရဲ့ တာအိုနှလုံးသားကို ပြန်လည် တည်ဆောက်ပြီးတော့ မင်းရဲ့ ကျင့်စဉ်အဆင့်က ဒီလောက်အထိ လျင်လျင်မြန်မြန် တိုးတက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
နျဲ့ရှို့ယွမ်က ပြန်ဖြေသည်။
"ဒါတွေအားလုံးဟာ ဆရာ့ကျေးဇူးကြောင့်ပါ။ ဆရာသာ ကျွန်တော့်ရဲ့ တာအိုနှလုံးသားကို ပြန်လည်တည်ဆောက်ဖို့ မကူညီခဲ့ရင် ကျွန်တော် တာအိုပေါင်းစည်းခြင်း အဆင့်ကို ဒီလောက်မြန်မြန် တက်လှမ်းနိုင်မှာ မဟုတ်ဘူး။ နောင်နှစ်ပေါင်း တစ်ရာအတွင်းမှာ ကျွန်တော် သူတော်စင်တစ်ပိုင်းတစ်ဦး သေချာပေါက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်"
"သူတော်စင်တစ်ပိုင်း" ဟူသော စကားလုံးကို ပြောလိုက်စဉ် သူ၏ မျက်ဝန်းများထဲ၌ ပြတ်သားသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွား၏။
ထိုအဆင့်သို့ ရောက်သည်နှင့် သူသည် သစ္စာဖောက် စုံတွဲကို သေချာပေါက် ကလဲ့စားချေပေတော့မည်။
ချူဖုန်းက ပြုံးကာ ပြောသည်။
"မင်းရဲ့ သတင်းကောင်းကို ငါ မျှော်လင့်နေပါ့မယ်။ ဒါပေမဲ့ နန်ဟွာကျင့် ကျမ်းစာကို ကျင့်ကြံခြင်းဟာ အရက်သောက်ပြီး ပျော်ပါးနေရုံထက်မက ပိုလိုအပ်တယ်။ မင်းသင်ယူထားတာတွေကို အမှန်တကယ် လက်တွေ့အသုံးချနိုင်ဖို့ လောကကြီးထဲကို လှည့်လည်သွားလာပြီး အတွေ့အကြုံ ရှာရဦးမယ်”
၎ကို ကြားလိုက်ရချိန်တွင် နျဲ့ရှို့ယွမ်သည် ဆရာဖြစ်သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
"ဒီတစ်ခေါက်တော့ ကျွန်တော့်ရဲ့ ဂျူနီယာညီလေးဝမ်နဲ့အတူ ထျန်းတောက်စံအိမ်ကို လိုက်သွားဖို့ ဆန္ဒရှိပါတယ်”
ချူဖုန်းကပြောသည်။ "မင်းက ကိုယ့်သဘောနဲ့ကိုယ် သွားချင်တာနော်။ ငါ မင်းကို မသွားခိုင်းဘူး"
နျဲ့ရှို့ယွမ်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော် မတိုက်ခိုက်ဖြစ်တာ ကြာပြီ။ စစ်ပွဲရဲ့ ရှုပ်ထွေးမှုတွေကို နောက်တစ်ကြိမ် တွေ့ချင်မိလို့ပါ"
"မင်း လူအိုကြီးပဲ။ မင်း မထွက်ခွာခင် မင်းရဲ့ ဦးလေးကျောက်အတွက် အိမ်မက်ဝိုင် ချန်ထားခဲ့ဖို့ မမေ့နဲ့ဦး"
ချူဖုန်းက ရည်ရွယ်ချက်ရှိရှိ သတိပေးလိုက်၏။
"နားလည်ပါပြီ”
နျဲ့ရှို့ယွမ်က တုံ့ပြန်လိုက်ပြီး ခါးမှ သိုလှောင်အိတ်တစ်လုံးကို ထုတ်ကာ ချူဖုန်း၏ ကျောက်စားပွဲပေါ်သို့ တင်ထားခဲ့သည်။
"ငါ ဘာမှ ထပ်မပြောတော့ဘူး"
ချူဖုန်းက ဆက်၍ ပြောသည်။
"ဒီညတော့ အားလုံးပဲ သေသေချာချာ သောက်စားပြီး အောင်ပွဲခံကြတာပေါ့။ ပေါင်လဲ့၊ မင်းရဲ့ စွမ်းရည်တွေကို လူတိုင်းကို ပြလိုက်ဦး။ မင်း အကောင်းဆုံး အခြေအနေမှာ ရှိနေအောင် လုပ်နော်”
ဝမ်ပေါင်လဲ့က ချက်ချင်းပင် ပြောသည်။
"ညီအစ်ကိုတွေ တစ်ယောက်ကိုမှ စိတ်မပျက်စေရပါဘူး"
အားလုံးက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်ကုန်ကြသည်။
ယခုအချိန်တွင် ဝမ်ပေါင်လဲ့၏ ဓားဆန္ဒ မှာ ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိနေပြီး သူ၏ ချက်ပြုတ်မှု စွမ်းရည်မှာလည်း လူသားအဆင့်ထက် ကျော်လွန်နေပြီဟု ဆိုနိုင်သည်။
သူ့ဘေးနားရှိ လူများသည် သူ၏ ဓားအသုံးပြုပုံကို အံ့အားသင့်စွာ ကြည့်နေကြ၏။
လူအများအပြားက မအံ့ဩဘဲ မနေနိုင်ကြချေ။ ညီလေးဝမ်၏ ဟင်းချက်စွမ်းရည်မှာ တဖြည်းဖြည်းနှင့် ပိုမို ပြောင်မြောက်လာ၏။
ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးနောက် ဝမ်ပေါင်လဲ့သည် ချက်ချင်း မချက်ပြုတ်သေးပေ။ ဆရာ ပြောသမျှ စကားတိုင်းတွင် ပိုမို နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်ဟု သူ ခံစားနေရ၏။
သူသည် မျက်စိမှိတ်လိုက်ပြီး ယင်ယန် ထိုက်ကျိသဟဇာတလက်ကို အသုံးပြု၍ မုန့်စိမ်းများကို စတင် နယ်လိုက်သည်။
ယခု သူသည် မူလဝိညာဥ် ရှိသည့် ကောင်းကင်ဇာစ်မြစ် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီဖြစ်ရာ သူ၏ ကျင့်စဉ်အဆင့် တိုးတက်လာရုံသာမက သူ၏ ဝိညာဉ်အာရုံမှာလည်း ပိုမို အားကောင်းလာခဲ့သည်။
သူသည် အတွင်းရှိ မူလဝိညာဉ်ကို သူနှင့်အတူ ယင်ယန် ထိုက်ကျိသဟဇာတလက်ကို အသုံးပြု၍ မုန့်စိမ်းနယ်ရာတွင် ပါဝင်စေရန် ကြိုးစားကြည့်သည်။
သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဝမ်ပေါင်လဲ့ထံတွင် ဆန်းကြယ်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာ၏။
သူ၏ ပညာရပ်မှာ လက်ရှိ ကန့်သတ်ချက်များကို ကျော်လွန်ကာ အဆင့်တက်ခါနီး အခြေအနေသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ကံမကောင်းစွာဖြင့် ထိုခံစားမှုမှာ မကြာမီ ပျောက်ကွယ်သွားခဲ့၏။
ဝမ်ပေါင်လဲ့သည် သူ၏ စိတ်ဝိညာဉ် အနည်းငယ် ပင်ပန်းသွားသည်ကိုသာ ခံစားလိုက်ရသည်။ သို့သော် သူနယ်ထားသော မုန့်စိမ်းများကို ကြည့်လိုက်သောအခါ ၎င်းတို့မှာ ထူးခြားသော ရနံ့များ ထွက်ပေါ်နေသည့်အတွက် နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွှတ်ကာ ပြုံးယောင်သန်းသွားသည်။
ညနေစောင်းသောအခါ အားလုံးသည် စားပွဲပေါ်ရှိ လှပစွာ ပြင်ဆင်ထားသည့် ဟင်းလျာများကို ကြည့်လိုက်ကြသည်။ ၎င်းတို့၏ အရောင်အသွေး၊ ရနံ့နှင့် အရသာတို့မှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံနေပြီး မမြည်းစမ်းဘဲ မနေနိုင်လောက်အောင်ပင်။
ဂလု။
နျဲ့ရှို့ယွမ်မှာ အမြဲတမ်းလိုလို မျက်နှာပြောင်လှသူ ဖြစ်သည့်အတိုင်း တံတွေးတစ်ချက် မြိုချလိုက်ပြီး ဝမ်ပေါင်လဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်၏။
"အစ်ကိုကြီး၊ မင်းက အဆင့်တစ်ခုပဲ တက်လိုက်ရသေးတာကို မင်းရဲ့ ဟင်းချက်စွမ်းရည်က အံ့မခန်း ဖြစ်သွားပြီပဲ"
ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။
"ခုနကပဲ ဆရာ့ဆီက လမ်းညွှန်မှု ရခဲ့လို့ပါ။ ယင်ယန် ထိုက်ကျိသဟဇာတလက်ကို အသုံးပြုတဲ့ နည်းမှန်လမ်းမှန်ကို ကျွန်တော် တွေ့သွားတယ်၊ ဒါကြောင့် စားစရာတွေက သဘာဝအတိုင်း ပိုအရသာရှိသွားတာပါ"
မည်သူမှ အံ့အားသင့်ခြင်း မရှိကြချေ။ လူတိုင်း၏ မျက်လုံးထဲတွင် ဌာနမှူးချူ၏ စကားတစ်လုံးစီတိုင်းမှာ အဆင့်တစ်ခုဆီသို့ ဦးတည်သွားစေနိုင်သည် မဟုတ်ပါလား။
လူအုပ်ထဲတွင် ချူချိုက်ယီ တစ်ဦးတည်းသာ ရှက်ရွံ့သော အမူအရာ ပေါ်ပေါက်နေသည်။
သူမ ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်ရှိပြီ ဖြစ်သော်လည်း တိုးတက်မှု မရှိရုံသာမက ခန္ဓာသန့်စင်ခြင်းအဆင့်သို့ပင် မရောက်ရှိသေးပေ။
ချူချိုက်ယီက သူ့တွင် ကျင့်ကြံခြင်းအတွက် ပါရမီ ရှိ၊ မရှိကိုပင် တစ်ကြိမ်ထက်မက သံသယဝင်လာခဲ့၏။
စားသောက်ပွဲ ပြီးဆုံးသွားပြီးနောက်
ချူချိုက်ယီသည် အရာအားလုံးကို သိမ်းဆည်းပြီးစီးသောအခါ ချူဖုန်းထံသို့ ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သည်။
"တပည့်ချိုက်ယီ ဆရာ့ကို ဂါရဝပြုပါတယ်”
ချိုက်ယီကို မြင်သောအခါ ချူဖုန်းက ပြုံးပြလိုက်သည်။
"ချိုက်ယီ၊ တစ်ခုခု လိုအပ်လို့လား"
ချိုက်ယီက မေးလိုက်သည်။
"ဆရာ့ကို မေးခွန်းတစ်ခု မေးချင်လို့ပါ"
"မေးလေ”
ချူဖုန်းသည် တင်းကျပ်သော ဆရာတစ်ယောက်ကဲ့သို့ ဟန်မလုပ်ပေ။
သူ၏ မျက်နှာတွင် နွေဦးလေပြေကဲ့သို့ နွေးထွေးမှုများ ရှိနေပြီး လန်းဆန်းကာ ကြည်နူးဖွယ် ကောင်းလှသည်။
ဘေးနားတွင် ရပ်နေသော အကြီးအကဲပင်းက ချိုက်ယီကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်၏။ သနားစရာကောင်းသော ဤမိန်းကလေးကို တွေ့တိုင်း သူမ အမြဲတမ်း စာနာမိ၏။
"ဆရာ၊ ကျွန်မက ကျင့်ကြံဖို့အတွက် မသင့်တော်တာလားဟင်။ ကျွန်မ ဂိုဏ်းထဲ ရောက်နေတာ နှစ်နှစ်ရှိပြီ၊ ဘာမှလည်း မတတ်မြောက်သေးဘူး”
ထိုသို့ပြောရင်း ချိုက်ယီသည် သူမ၏ ဦးခေါင်းကို ရင်ဘတ်ထဲ ရောက်လုနီးပါး အောက်သို့ ငုံ့ချလိုက်သည်။
"မင်းက ကျင့်ကြံဖို့ မသင့်တော်ဘူးလို့ ဘယ်သူပြောလို့လဲ"
ချိုက်ယီက ခေါင်းခါပြသည်။
“ဘယ်သူမှ မပြောပါဘူး၊ ဒါပေမဲ့ တောင်ပေါ်က စီနီယာ အစ်ကိုတွေ၊ အစ်မတွေရဲ့ စွမ်းဆောင်ချက်တွေအကြောင်း ကျွန်မ ကြားဖူးပါတယ်။ သူတို့နဲ့ ယှဉ်ရင် ကျွန်မက သာမန်လူတစ်ယောက်လောက်တောင် အသုံးမကျဘူးလို့ ခံစားရလို့ပါ”
ချူဖုန်းက ထရပ်လိုက်ပြီး စဉ်းစားဟန်ဖြင့် ပြောသည်။ "အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ တစ်ချက်တည်းနဲ့ လောကကို တုန်လှုပ်စေမဲ့ လုပ်ဆောင်မှုမျိုး လုပ်ပြတဲ့သူတစ်ယောက်ရဲ့ ပုံပြင်ကို မင်း ကြားဖူးသလား"
"မကြားဖူးပါဘူး”
ချိုက်ယီက ချူဖုန်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။
"အဲဒီစကားစုက ရှေးဟောင်းပုံပြင်တစ်ခုကနေ လာတာ..."
ချူဖုန်းသည် ထိုစကားပုံ၏ နောက်ခံပုံပြင်ကို ဖြည်းဖြည်းချင်း ပြောပြလိုက်ပြီးနောက် ချိုက်ယီကို စိုက်ကြည့်လိုက်သည်။
"ငါ့မျက်လုံးထဲမှာတော့ မင်းဟာ အဲဒီလို တပည့်မျိုးပဲ။ အခုတော့ တိတ်ဆိတ်နေပေမဲ့ တစ်နေ့မှာ မင်းက လူတိုင်းကို အံ့အားသင့်သွားစေလိမ့်မယ်။ မင်းသာ ဆက်ပြီး ကြိုးစားနေမယ်ဆိုရင် တစ်နေ့မှာ မင်းဟာ ဝမ်တောက်ကျောင်းတော်ကြီး တစ်ခုလုံးတင်မကဘူး၊ ရွှမ်ထျန်းကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုပါ လှုပ်ခတ်သွားစေလိမ့်မယ်”
"တကယ်လားဟင်"
ချိုက်ယီက ယုံကြည်မှု မရှိသေးပေ။
"ငါက မင်းလို မိန်းကလေးငယ်လေးကို ပုံကြီးချဲ့ပြီး ပြောပြဖို့ အချိန်ရှိပါ့မလား"
ချူဖုန်းက စနောက်လိုက်သည်။
"ဒါပဲ မှတ်ထားပါ။ အများကြီး လျှောက်မတွေးနဲ့။ မင်းရဲ့ စိတ်ကို ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ထား”
ချူချိုက်ယီက ခေါင်းညိတ်ပြသည်။
"တပည့်ချိုက်ယီ ဆရာ့ရဲ့ အဆုံးအမကို မှတ်သားထားပါ့မယ်”
ထိုသို့ဆိုကာ ချူချိုက်ယီသည် လှည့်ထွက်သွားခဲ့၏။
အကြီးအကဲပင်းသည် ပျောက်ကွယ်သွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘာကြောင့်လဲတော့ မသိဘူး၊ ကျွန်မ ရုတ်တရက် အဲဒီမိန်းကလေးကို ပိုပြီး ဂရုစိုက်ပေးချင်လာမိတယ်"
"တစ်နေ့ကျရင် သူဟာ လူတိုင်းကို ကျော်လွန်တဲ့ ပါရမီကို ပြလာပါလိမ့်မယ်”
သုံးရက်အကြာတွင် ဝမ်ပေါင်လဲ့နှင့် အခြားသူများသည် ချူဖုန်းကို နှုတ်ဆက်ကာ ထျန်းတောက်စံအိမ်သို့ ခမ်းနားစွာ ထွက်ခွာသွားခဲ့ကြ၏။
နျဲ့ရှို့ယွမ်၊ နန်ကုန်းယွီနှင့် ဝမ်ယွီဖေးတို့အပြင် ဝမ်တောက်ကျောင်းတော်မှ အခြားတပည့်များစွာလည်း အားပေးရန်အတွက် ပါဝင်ခဲ့ကြသည်။
ရှောင်ချန်းသည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်လာသည်မဟုတ်ပါလား။
ယခုအခါတွင် လူတိုင်းသည် နောက်ထပ် ပါရမီရှင်တစ်ဦး၏ ထွန်းတောက်လာမှုကို မျက်မြင်တွေ့ရှိရန် မျှော်လင့်နေကြလေပြီ။
***