{စာရေးသူ၏ မှတ်ချက်။ ။ မိစ္ဆာဓားဘုရင် အား မိုရှားတောက်ဝမ်ဟု ပြောင်းလဲထားပါသည်။}
ထျန်းတောက်စံအိမ်
တပည့်ပေါင်း ထောင်နှင့်ချီ၍ ဓားရှည်ကိုယ်စီကိုင်ကာ တိုက်ပွဲအတွက် အသင့်အနေအထားဖြင့် တန်းစီစောင့်ကြိုနေကြသည်။
မိုဝူရှင်းသည် မိုမျိုးနွယ်စုကို ဦးဆောင်ကာ ဂေဟာတံခါးဝတွင် ရပ်လျက် တောင်ခြေတစ်ဝိုက်ကို အပေါ်စီးမှ ကြည့်နေ၏။
ဝမ်ပေါင်လဲ့ ဦးဆောင်သော တပ်ဖွဲ့ကြီး ရောက်မလာသေးသော်လည်း အခြေအနေကို လာရောက်ကြည့်ရှုကြသည့် ကျင့်ကြံသူများစွာမှာ တောင်ပေါ်ရှိ အကောင်းဆုံးနေရာများကို ကြိုတင်ဦးထားကြလေပြီ။
သီးသန့်ဖြစ်နေသော တောင်ထိပ်တစ်ခုပေါ်တွင် လူအုပ်ကြားထဲ၌ အနက်ရောင်နှင့် အဖြူရောင်ဝတ်စုံဝတ် လူနှစ်ဦးမှာ ထင်ထင်ရှားရှား ရှိနေသည်။
သူတို့၏ နောက်ကွယ်တွင်တော့ အနက်ရောင်ဝတ်ရုံခြုံထားသော အဘိုးအိုတစ်ဦး ရပ်နေခဲ့၏။
"စီနီယာအစ်ကို... ကြာခဲ့ပြီနော်။ အခုဆို ဂျူနီယာမောင်လေးဝမ်က ဘယ်အဆင့်ကို ရောက်နေပြီလို့ ထင်လဲ"
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက မေးလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် လူက တည်ငြိမ်စွာ ပြန်ဖြေသည်။
"ငါ့အထင်တော့ သူ ကောင်းကင်ဇာစ်မြစ် အဆင့်ကို ရောက်နေလောက်ပြီ။ ဒါမှမဟုတ်ရင် သူ စံအိမ်သခင်ကို လာပြီး စိန်ခေါ်ရဲမှာ မဟုတ်ဘူး”
ထိုသုံးယောက်မှာ အခြားသူများမဟုတ်ဘဲ ရှောင်ချန်း၊ လျှိုယွဲ့အာ နှင့် မြို့စားရီရှန်း တို့ပင်။
သူတို့သည် ခရီးသွားနေရင်း ဝမ်ပေါင်လဲ့က ထျန်းတောက်စံအိမ်ကို စစ်ကြေညာသည့် သတင်းကို ကြားသဖြင့် မျက်မြင်တွေ့ရှိနိုင်ရန် လာခဲ့ကြခြင်းပင်။
ရှောင်ချန်းတွင် နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိပါသေးသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ဤတိုက်ပွဲတွင် အသက်မဆုံးရှုံးစေရန် တားဆီးပေးဖို့ပင်။
အချိန်များမှာ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးလာသည်။
ကြည့်ရှုနေသူများမှာ ဘာမှမဖြစ်သော်လည်း ထျန်းတောက်ဂေဟာမှ တပည့်များမှာမူ ဖိအားများ တစ်စတစ်စ ပိုမိုခံစားလာရ၏။
သူတို့ကဲ့သို့ သာမန်ကျင့်ကြံသူများအတွက် စိတ်ပိုင်းဆိုင်ရာ တင်းမာမှုကို အချိန်အကြာကြီး ထိန်းထားရခြင်းမှာ ကြီးမားသော စိန်ခေါ်မှုတစ်ခုပင်။
တပည့်အချို့ စိတ်ဓာတ်ပြိုလဲလုနီးပါး ဖြစ်နေချိန်တွင် တစ်ဦးက အပြေးအလွှား ရောက်လာပြီးအော်ဟစ်လိုက်သည်။
"ရန်သူတွေ ရောက်လာပြီ"
ထိုအော်ဟစ်သံနှင့်အတူ အားလုံး၏ အကြည့်များမှာ တောင်ခြေဆီသို့ ရောက်သွားကြသည်။
သူတို့ မြင်လိုက်ရသည်မှာ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် ကြောက်မက်ဖွယ် တပ်ဖွဲ့ကြီးတစ်ခု။
လီအနည်းငယ် ဝေးကွာနေသော်လည်း ရှိနေသူအားလုံးမှာ ထိုတပ်ဖွဲ့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း အငွေ့အသက်များကို ခံစားနေရသည်။
ရုတ်တရက် လူအုပ်ထဲမှ တစ်ဦးက အော်ပြောလိုက်၏။
"ဒါ မဟာယွီအင်ပါယာရဲ့ ရွှမ်းကျား တပ်ဖွဲ့ပဲ”
"ရွှမ်းကျားတပ်ဖွဲ့" ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူများ၏ မျက်နှာများ ချက်ချင်း ပျက်သွားကြပြီး ဝိုင်းဝန်းပြောဆိုသံများ ဆူညံသွားတော့သည်။
"ဝမ်ပေါင်လဲ့က မဟာယွီအင်ပါယာကို ဘာတွေများ ပေးထားလို့ သူတို့ရဲ့ နန်းတွင်းရွှမ်းကျားတပ်ဖွဲ့ကိုတောင် လွှတ်ပေးရတာလဲ။ အဲဒီတပ်က စတည်ကတည်းက တစ်ခါမှ မရှုံးနိမ့်ဖူးဘူး"
"ငါကြားဖူးတာတော့ ရွှမ်းကျားတပ်ဖွဲ့ ထွက်လာတိုင်း ဦးဆောင်သူက အမြဲတမ်း နန်းတွင်းက ထိပ်တန်းပညာရှင်ပဲ။ ဒီတစ်ခါ ဘယ်သူ့ကို လွှတ်လိုက်လဲ မသိဘူး"
"ကျောက်စိမ်းနဂါးမင်းသားပဲ... တာ့ယွီအင်ပါယာရဲ့ အဋ္ဌမမင်းသားပေါ့၊ ဧကရာဇ်မင်းမြတ်ပြီးရင် ဒုတိယမြောက် အာဏာအရှိဆုံးသူလေ"
အားလုံးက ရွှမ်းကျားတပ်ဖွဲ့၏ အလယ်ဗဟိုကို လှမ်းကြည့်လိုက်ကြရာ ကျောက်စိမ်းနဂါးတစ်ကောင်ကို စီးနင်းထားသည့် ခံ့ညားထည်ဝါပြီး ဩဇာတိက္ကမနှင့် ပြည့်စုံသော လူလတ်ပိုင်းတစ်ဦးကို မြင်လိုက်ရသည်။
"ကြည့်ရတာ ထျန်းတောက်စံအိမ်တော့ လက်ပြောင်းတော့မှာပဲ။ မေးစရာရှိတာက အဲဒီနောက်ပိုင်းရော ဒီစံအိမ်က ဆက်ရှိနေဦးမှာလား ဆိုတာပဲ" အဘိုးအိုတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
မည်သူမျှ ထောက်ခံစကား မဆိုကြသော်လည်း သူ ဘာကို ဆိုလိုသည်ကို လူအုပ်ကြီးက ရှင်းရှင်းလင်းလင်း နားလည်ကြသည်။
မဟာယွီအင်ပါယာက ဤလူကို လွှတ်လိုက်ခြင်းမှာ ထျန်းတောက်စံအိမ် တစ်ခုလုံးကို ဝါးမြိုပစ်ရန် ရည်ရွယ်ထားသောကြောင့်ပင်။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် အိမ်နီးချင်းအင်အားစုများမှာလည်း ဝေစုအချို့ ရရန် အခွင့်အရေး ရနိုင်ပေသည်။
မိုရှားတောက်ဝမ်သည် အင်အားကြီးမားလှသော တပ်ဖွဲ့ကြီးကို ဘာမှမဖြစ်သည့်အလား တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်နေခဲ့၏။
နာရီဝက်ခန့်အကြာတွင် မဟာယွီအင်ပါယာနှင့် ချန်ယွင်ဝမ်မျိုးနွယ်စုတို့မှာ ထျန်းတောက်စံအိမ်ကို ဘက်ပေါင်းစုံမှ ဝိုင်းရံလိုက်ကြပြီ ဖြစ်သည်။
သို့သော်လည်း နှစ်ဖက်စလုံးက သူတို့ကြားတွင် ကျယ်ဝန်းသော လမ်းကြောင်းတစ်ခုကိုတော့ နားလည်မှုဖြင့် ချန်ထားခဲ့ကြသည်။
၎င်းကို မြင်လိုက်သောအခါ မိုရှားတောက်ဝမ်က အရင်ဆုံး စကားစလိုက်သည်။
"မိုယု အဘိုးကြီး... ရောက်နေမှတော့ ဘာလို့ အရိပ်ထဲမှာ ပုန်းနေတာလဲ။နှစ်ပေါင်းတစ်ရာတောင် ကြာခဲ့ပြီပဲ။ အဲဒီ စက်ဆုပ်စရာကောင်းတဲ့ မင်းမျက်နှာကို ဂေဟာသခင်ကို ပြဦးလေ"
"ဟမ့်"
တပ်ဖွဲ့အတွင်းမှ အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာပြီးနောက် လူရိပ်တစ်ခုက လေပေါ်သို့ လှမ်းတက်လာကာ လူအုပ်ရှေ့တွင် ပေါ်လာသည်။
ထိုသူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ မိုရှားတောက်ဝမ်က လှောင်ပြုံးပြုံးလိုက်သည်။
"နှစ်ပေါင်းတစ်ရာ ကြာမှ မင်းလည်း တိုးတက်မှု အနည်းငယ် ရှိလာတာပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်းအတွက် အသက်ပေးမဲ့သူ ရှိမှာ မဟုတ်ဘူး။ လေလွင့်ခွေးတစ်ကောင်လို မင်း ဘယ်လောက်ကြာကြာ ဆက်ကစားနိုင်မလဲ ကြည့်ကြသေးတာပေါ့”
သူ့အသံက မကျယ်သော်လည်း လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။
လူအုပ်ကြီးသည် မိုရှားတောက်ဝမ်ကို လက်မထောင်ပြလိုက်ကြသည်။
ဤမျှကြီးမားသော အင်အားနှင့် ရင်ဆိုင်နေရသော်လည်း ဤမျှ တည်ငြိမ်နေနိုင်ခြင်းမှာ လွန်ခဲ့သော နှစ်တစ်ရာက ထျန်းတောက်စံအိမ်၏ ထက်ဝက်ခန့်ကို သတ်ဖြတ်ခဲ့သော လူဖြစ်ထိုက်ပေသည်။
မိုယုက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဝူရှင်း၊ ဒီအဘိုးကြီး... ဒီနေ့လာတာ စကားရည်လုဖို့ မဟုတ်ဘူး။ အဓိပ္ပာယ်မရှိတာတွေ ရပ်လိုက်တော့၊ တိုက်ကြစို့"
"ကောင်းပြီလေ”
မိုရှားတောက်ဝမ်က ရယ်မောလိုက်သည်။
"မင်းက ဒီလောက်တောင် အသေစောချင်နေမှတော့ ငါကလည်း ဖြည့်ဆည်းပေးရမှာပေါ့။ ဒါပေမဲ့ မစခင်မှာ ဒီတိုက်ပွဲရဲ့ အနိုင်အရှုံးကို ဘယ်လို ဆုံးဖြတ်မလဲဆိုတာ အရင်သဘောတူရအောင်”
မိုယုက ပြန်မဖြေဘဲ လူအုပ်ထဲကို လှမ်းကြည့်လိုက်သည်။
"လဲ့အာ... မင်းက ထျန်းတောက်စံအိမ်ရဲ့ အနာဂတ်ပဲ။ မင်းပဲ ဆုံးဖြတ်လိုက်”
"ဟဲဟဲ”
မိုရှားတောက်ဝမ်က တဟဲဟဲ ရယ်လိုက်၏။
"မိုယု အဘိုးကြီး... နှစ်တွေ အနှစ်တစ်ရာတောင် ရှိပြီ မဟုတ်လား။ မင်းက အခုထိ ဆုံးဖြတ်ချက် မပြတ်သားတဲ့ လူအကြီးအတိုင်းပါပဲလား"
မိုယုက ဘာမှမကြားသလိုပင် သူ့ကို လျစ်လျူရှုထားလိုက်သည်။
ဝမ်ပေါင်လဲ့သည် ကြိုးကြာငှက်တစ်ကောင်ပေါ်တွင်ရပ်ကာ မိုယု၏ ဘေးနား၌ ပေါ်လာ၏။
သူက ရှေ့မှ မိုဝူရှင်းကို ကြည့်ကာ ပြောသည်။
"ဒီကိစ္စကို နှစ်ပွဲနဲ့ အပြတ်ဖြတ်ကြစို့။ ငါတို့ နှစ်ပွဲလုံးနိုင်ရင် မင်းနဲ့ မင်းရဲ့ မျိုးဆက်တွေ ထျန်းတောက်စံအိမ်ကနေ ထွက်သွားရမယ်။ ဒါပေမဲ့ ငါတို့ တစ်ပွဲပဲ ရှုံးတာနဲ့ ဒီနေ့ကစပြီး ထျန်းတောက်စံအိမ်နဲ့ ပတ်သက်သမျှ အကုန်ဖြတ်မယ်"
ဝမ်ပေါင်လဲ့က မိမိဘက်မှ အလွန်နစ်နာသည့် ပုံစံမျိုးကို အဆိုပြုလိမ့်မည်ဟု မိုဝူရှင်း လုံးဝ ထင်မထားခဲ့ပေ။
အကယ်၍ သူက ငြင်းဆန်လိုက်လျှင် အရှိန်အဝါပိုင်းတွင် ရှုံးနိမ့်သွားသည်ဟု အများက မြင်ကြပေလိမ့်မည်။
မိုဝူရှင်း ပြန်မဖြေနိုင်ခင်မှာပင် ပတ်ဝန်းကျင်မှ အားပေးသံများ ဆူညံသွားပြီး ဝမ်ပေါင်လဲ့၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း နားလည်သွားသည်။
"စီနီယာအစ်ကိုဝမ်က တကယ်ကို ဩဇာကြီးတာပဲ"
"သခင်လေးဝမ်က သူတော်စင်တစ်ပိုင်းရဲ့ တပည့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ဒီလို ရဲစွမ်းသတ္တိမျိုးက ရှားပါတယ်”
"နောက်မျိုးဆက်တွေက တကယ်ကို ကြောက်စရာကောင်းတာပဲ"
မိုဝူရှင်း၏ မျက်နှာ ညိုမည်းသွား၏။ "မင်းလို ကောင်စုတ်လေးက ဒီလို ပရိယာယ်မျိုးရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဒါကြောင့်လည်း မင်းက လာရဲတာကိုး”
ဝမ်ပေါင်လဲ့က ဒေါသမထွက်ဘဲ တည်ငြိမ်စွာ ပြန်ပြောသည်။
"မဟုတ်ဘူး၊ ငါက ငါ့ရဲ့ ကိုယ်ပိုင်အင်အားကို အကြွင်းမဲ့ ယုံကြည်လို့ပါ”
"ဟမ့်”
မိုဝူရှင်းက လှောင်ရယ် ရယ်လိုက်သည်။
"မင်းက တကယ်ပဲ ယုံကြည်မှုရှိတယ်ဆိုရင် ဘာလို့ မဟာယွီအင်ပါယာနဲ့ ချန်ယွင်ဝမ်မျိုးနွယ်စုကို ကျောထောက်နောက်ခံအဖြစ် ခေါ်လာရတာလဲ"
ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။
"ငါက ငါ့မိန်းမကို တရားဝင်လက်ထပ်ထားတာပဲ။ ဘာလဲ... ငါ့ယောက္ခမဆီက အကူအညီလေး နည်းနည်းတောင် ယူလို့မရဘူးလား"
"..."
မိုဝူရှင်း ဆွံ့အသွားခဲ့၏။
ထမင်းပျော့စား [မိန်းမဘက်မှ အားကိုးစားခြင်း] ရသည်ကို အရှက်မရှိ ဂုဏ်ယူနေသည့် လူမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
"ကောင်းပြီ... ကောင်းပြီ မင်းက ဒီလောက်တောင် အသေစောချင်နေမှတော့ ငါကလည်း ဆန္ဒဖြည့်ပေးရမှာပေါ့"
"အားလီ"
"အဘိုး... မြေး ရောက်ပါပြီ"
ထျန်းတောက်စံအိမ်အတွင်းမှ မိုလီ သည် ဓားရှည်ကို ကိုင်လျက် လူအုပ်ကြားမှ ရှေ့သို့ တိုးထွက်လာခဲ့၏။
မိုဝူရှင်းက သူ့ဘက်လှည့်ကာ
"ဒီနေ့ ဒီကောင်လေးကို မင်းပဲ ဧည့်ခံလိုက်စမ်း။ တကယ့် ထျန်းတောက် (ကောင်းကင်လမ်းစဉ်) ဆိုတာ ဘာလဲဆိုတာ သူ့ကို ပြလိုက်"
"ဟုတ်ကဲ့ပါ အဘိုး”
မိုလီက ပြန်ဖြေလိုက်ပြီး ဝမ်ပေါင်လဲ့ကို စိုက်ကြည့်လိုက်သည်။
တစ်ဖက်က သူတော်စင်တစ်ပိုင်း၏ တပည့် ဖြစ်သော်လည်း သူ၏ အရှိန်အဝါအရ ကောင်းကင်ဇာစ်မြစ် အဆင့်သာ ရှိသေးသည်။
ပြိုင်ဘက်ကင်းဓားသမားရှောင်ချန်း နှင့် ပြိုင်ဘက်ကင်းလက်သီးအရှင် ချောင်ရို့ချန် ကဲ့သို့သော လူမျိုးများမှာ အဆင့်ကျော်၍ စိန်ခေါ်နိုင်သော အစွမ်းရှိကြ၏။
သို့သော် ထိုနှစ်ယောက်က ထိပ်တန်း ပါရမီရှင်များပင်။ ဝမ်ပေါင်လဲ့ကတော့ သူတော်စင်တစ်ပိုင်း၏ တပည့်ဆိုသည့် နာမည်ကို သုံးပြီး ကြွားနေသော ကလေးတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။
"ကလေး... ငါက မင်းထက် အသက်ကြီးတဲ့အတွက် မင်းကို အရင်တိုက်ခိုက်ဖို့ အခွင့်အရေး ပေးမယ်။ မဟုတ်ရင် ငါ စလှုပ်ရှားလိုက်တာနဲ့ မင်း ဓားတောင် ဆွဲရမှာ မဟုတ်ဘူး”
ဝမ်ပေါင်လဲ့သည် ကြိုးကြာငှက်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ရပ်လျက် သူ့ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"ကျုပ်က သိုင်းပညာရဲ့ ကျင့်ဝတ်ကို လေးစားတဲ့သူပါ။ မင်းပဲ အရင် စလိုက်ပါလား။ မဟုတ်ရင် ခင်ဗားက အသက် (၂၀) ကျော် လူငယ်လေးက အသက် (၁၀၀) နီးပါးရှိတဲ့ အဘိုးကြီးကို ချောင်းမြောင်းတိုက်ခိုက်တယ်လို့ ပြောနေဦးမယ်”
***