“ကောင်စုတ်လေး၊ မင်းရဲ့ အရိုးတွေက မင်းပါးစပ်လောက် မာ၊ မမာ ကြည့်ကြသေးတာပေါ့”
မိုလီသည် ဒေါသတကြီး ဟောက်လိုက်၏။ သူ၏ ကိုယ်မှ ဖိအားများ ပေါက်ကွဲထွက်လာကာ မိစ္ဆာစွမ်းအင်များပါ ရုန်းကြွလာတော့သည်။
ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများမှာ သူ့အရှိန်အဝါကို မြင်လိုက်ရုံဖြင့် သိသိသာသာ တုန်လှုပ်သွားကြ၏။
“မိုရှားတောက် ရဲ့ မျိုးဆက် ဖြစ်ထိုက်ပါတယ်။ အရှိန်အဝါက သူကိုယ်တိုင် မိစ္ဆာလေးတစ်ကောင် ဖြစ်နေသလိုပဲ။”
“ဝမ်တောက်ကျောင်းတော်က ဘာတွေ တွေးနေလဲ မသိဘူး၊ မိစ္ဆာဓားကို ကိုင်ထားတဲ့လူကို အရင်က ထျန်းတောက်စံအိမ် ကို ဆက်ခံခွင့် ပေးလိုက်တာပဲ။ ငါ့အမြင်ပြောရရင်တော့ အဲဒါကို မိုတောက်စံအိမ်လို့ပဲ နာမည်ပြောင်းလိုက်သင့်တယ်”
“…”
လူအုပ်ကြီးက တိုးတိုးတိုးတိုး ပြောဆိုနေစဉ် မိုဝူရှင်းသည် မိုယုဘက်သို့ လှည့်ကာ ပြောသည်။ “အဘိုးကြီး ကျုပ်တို့လည်း စကြရအောင်”
မိုယုက ပြုံးလိုက်၏။
“ဒီနေရာမှာ တိုက်ရင် ငါ့ရဲ့ ထျန်းတောက်စံအိမ် ပျက်စီးသွားမှာ စိုးတယ်။ ကောင်းကင်ပေါ်မှာ တိုက်ကြရင်ရော ဘယ်လိုလဲ”
“မင်းသဘောအတိုင်းပဲ”
မိုဝူရှင်း၏ လေသံမှာ ရေခဲကဲ့သို့ အေးစက်နေပြီး မိုယုကို ကြည့်သည့် အကြည့်မှာ အလောင်းကောင်တစ်ခုကို ကြည့်နေသကဲ့သို့ပင်။
သူတို့နှစ်ဦးသည် ကောင်းကင်သို့ တစ်ပြိုင်နက် ပျံတက်သွားကြရာ ကြည့်ရှုသူများစွာမှာလည်း ထိုအင်အားကြီး ပုဂ္ဂိုလ်နှစ်ဦး၏ ထိပ်တိုက်တွေ့မှုကို မျက်မြင်တွေ့လိုသဖြင့် လေပေါ်သို့ လိုက်ပါသွားကြသည်။
ထျန်းတောက်စံအိမ် တံခါးဝတွင် ဝမ်ပေါင်လဲ့သည် မိုလီထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် ဖိအားများကို သတိမထားမိသည့်အလား ရှိနေသည်။
သူသည် ကြိုးကြာငှက်ပေါ်မှ သာသာယာယာ ခုန်ဆင်းလိုက်ပြီး စံအိမ်တံခါးရှေ့တွင် မြင်းထိုင်၊ ထိုင်ဟန်ဖြင့် ရပ်လိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါ မိုလီ၏ မျက်နှာမှာ ချက်ချင်းပင် ရှုံ့မဲ့သွားတော့၏။
“ကောင်စုတ်လေး၊ သေဘေးက ရှေ့တင် ရောက်နေတာတောင် ဓားမဆွဲသေးဘူးလား။ ငါ့ရဲ့ တိုက်ကွက်ကို ခံစမ်း။ မြေအောက်မိစ္ဆာ ခုတ်ချက်”
ပြောပြောဆိုဆိုနှင့် သူသည် ဓားကို မြှောက်ကာ ဝမ်ပေါင်လဲ့ရှိရာသို့ အားကုန်လွှဲခုတ်လိုက်သည်။
ထိုခုတ်ချက်တစ်ချက်တွင် အလွန်ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။
မီတာ ဒါဇင်နှင့်ချီသော ဓားအရှိန်အဝါအတွင်း၌ အသက်ရှူရကျပ်စေသော မိစ္ဆာအငွေ့အသက်များ ရှိနေ၏။
သို့သော် ထိုအချိန်အထိပင် ဝမ်ပေါင်လဲ့သည် ဓားဆွဲထုတ်ရန် အမူအရာ မရှိသေးပေ။ ထိုအစား သူသည် ဟင်းချက်နေသည့်အလား လက်ကို သာသာယာယာ ဝှေ့ယမ်းလိုက်သည်။
ခုတ်ချက်မှာ သူ့ခေါင်းပေါ်သို့ ကျရောက်ခါနီး၌ သူသည် လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး တစ်ချက်တွန်းရုံဖြင့် အလွယ်တကူ တားဆီးလိုက်သည်။
ဝမ်ပေါင်လဲ့သည် ဓားစွမ်းအင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အေးစက်စွာ ပြောလိုက်၏။
“ဒါက မင်းရဲ့ ဓားဆန္ဒလား။ ဒါအကုန်ပဲလား”
ပြောပြီးသည်နှင့် သူသည် လက်ချောင်းဖြင့် သာသာလေး တောက်လိုက်ရာ ဓားစွမ်းအင်များမှာ အလွယ်တကူပင် ပျက်ပြယ်သွားတော့သည်။
ကြည့်ရှုသူအားလုံး တပြိုင်နက် အသက်ရှူမှားသွားကြ၏။
စောစောက ခုတ်ချက်မှာ အလွန်ပင် စွမ်းအားကြီးလှရာ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင် ဤမျှ လွယ်လွယ်ကူကူ တားဆီးနိုင်မည် မဟုတ်ပေ။
လက်ဗလာဖြင့် တားဆီးဖို့ဆိုသည်မှာ ပို၍ မဖြစ်နိုင်ပေ။
အမှန်စင်စစ် မိုလီကိုယ်တိုင်မှာ အံ့အားအသင့်ဆုံး ဖြစ်နေ၏။ သူသည် မိုရှားဓားကို ပိုင်နိုင်စွာ တတ်မြောက်ထားပါက ဝမ်တောက်ကျောင်းတော်၏ ပါရမီရှင်ြဆိုသူကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့၏။
သို့သော် ယခု သူ့ပြိုင်ဘက်က ဓားတောင် မဆွဲရသေးဘဲ သူက ရှုံးနိမ့်သွားသည်။။ သူ ၎င်းကို လက်မခံနိုင်ပေ။
“မင်းရဲ့ အလှည့် ပြီးသွားပြီ။ အခု ငါ့အလှည့်ပဲ။”
ဝမ်ပေါင်လဲ့၏ တည်ငြိမ်သော အသံမှာ သေလောက်အောင် တိတ်ဆိတ်နေသော ထျန်းတောက်စံအိမ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
အားလုံး၏ အကြည့်များမှာ သူ့ထံသို့ အလိုအလျောက် ရောက်သွားကြ၏။ ထိုစဉ် သူသည် ဘောလုံးတစ်လုံးကို တွန်းထုတ်နေသကဲ့သို့ လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရသည်။
ရုတ်တရက် ထိုက်ချီပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထိုနည်းစနစ်မှာ နှေးကွေးပြီး နူးညံ့သိမ်မွေ့ပုံရသော်လည်း ထွက်ပေါ်လာသည်နှင့် ကမ္ဘာကြီးကို တုန်လှုပ်စေသော စွမ်းအားများ ပါဝင်နေ၏။
“ပြီးပြည့်စုံတဲ့ လက်သီးဆန္ဒ”
လူအုပ်ထဲမှ သိုင်းပညာကျွမ်းကျင်သူ တစ်ဦးက ထိုက်ချီပုံရိပ်၏ အရိပ်အယောင်ကို မြင်သည်နှင့် အသက်ရှူမှားစွာ ရေရွတ်လိုက်သည်။
မိုလီသည် ထိုက်ချီပုံရိပ်မှာ သူ့ဆီသို့ ပျံဝဲလာသည်ကို မြင်သောအခါ အလိုအလျောက်ပင် ဓားကို ဝှေ့ယမ်း၍ ခုခံလိုက်သည်။
ဘုန်း
ထိုက်ချီပုံရိပ်သည် မိုလီ၏ ဓားစွမ်းအင်ကို အလွယ်တကူ ချေဖျက်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။
ဝေါ့...
မိုလီ သွေးတစ်လုတ် အန်လိုက်ရပြီး ကိုယ့်ကို အနိုင်နိုင် ပြန်ထိန်းလိုက်ရသည်။
“မင်း ရှုံးသွားပြီ။ မင်းကိုယ်မင်း အဆုံးစီရင်ဖို့ အခွင့်အရေး ပေးမယ်”
ဝမ်ပေါင်လဲ့၏ လေသံမှာ အရာအားလုံးက သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်နေသကဲ့သို့ပင် တည်ငြိမ်နေဆဲ။
“မဟုတ်ဘူး၊ ငါ မရှုံးသေးဘူး မင်းက ထျန်းတောက်စံအိမ်ရဲ့ ဓားသိုင်းကိုတောင် မသုံးဘဲနဲ့ ဘယ်အရည်အချင်းနဲ့ ကိုယ့်ကိုယ်ကိုယ် စံအိမ်သခင်လေးလို့ ခေါ်ရဲတာလဲ”
ပြောပြောဆိုဆိုနှင့်ပင် မိုလီသည် စွမ်းအင်များကို ပြန်လည်စုစည်းနေပြီး အရှုံးပေးမည့်အစား အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။
“မင်း ခုနက သုံးခဲ့တဲ့ နည်းစနစ်က ထျန်းတောက်စံအိမ်က လာတာကျနေတာပဲ။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ဓားသိုင်းကို မြင်ချင်တယ်ဆိုတော့လည်း...”
“မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။”
သူ ပြောပြီးသည်နှင့် ဝမ်ပေါင်လဲ့၏ လက်ထဲတွင် မီးဖိုချောင်သုံး ဓားတစ်လက် ပေါ်လာသည်။
၎င်းမှာ ရိုးရိုးရှင်းရှင်း မီးဖိုချောင်သုံးဓားတစ်လက်နှင့်သာ တူနေ၏။
ထိုဓား ရုတ်တရက် ပေါ်လာခြင်းက အားလုံးကို အံ့အားသင့်သွားစေသည်။
မဟာယွီအင်ပါယာမှ အဋ္ဌမမင်းသားသည် အတွေ့အကြုံကြွယ်ဝသော်လည်း ပါရမီရှင်တစ်ဦးက တိုက်ပွဲတွင် မီးဖိုချောင်သုံးဓားတစ်လက်ကို ထုတ်သုံးသည်ကို မြင်သောအခါ မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။
“ဟားဟားဟားဟား...”
မိုလီသည် ထိုဓားကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ အော်ရယ်တော့၏။
“ဒါက မင်း ဝမ်တောက်ကျောင်းတော်မှာ သင်လာခဲ့တဲ့ ဟင်းရွက်ခုတ်ဓားသိုင်းလား မင်းက ငါ့ကို တိုက်ဖို့ မီးဖိုချောင်သုံးဓားကို သုံးနေတာလား”
“ဒါက သာမန်မီးဖိုချောင်သုံးဓား မဟုတ်ဘူး။ ဒါက သူတော်စင်တစ်ပိုင်းက သုံးခဲ့တဲ့ ဓားပဲ။ ဒီဓားအောက်မှာ သေရတာကို မင်းအနေနဲ့ ဂုဏ်ယူသင့်တယ်”
ဝမ်ပေါင်လဲ့က ပြောရင်းနှင့် ဓားကို သာသာယာယာ ဝှေ့ယမ်းလိုက်သည်။
ချလွမ်
ဓားအလင်းတန်း တစ်ချက် လက်သွား၏။
မိုလီသည် အလိုအလျောက်ပင် ဓားကို မြှောက်၍ ကာလိုက်သော်လည်း သူ ဘာမှ မလုပ်နိုင်ခင်မှာပင် ခန္ဓာကိုယ်မှာ ဘေးတစ်ဖက်စီသို့ ပြိုလဲသွားတော့သည်။
သူ၏ ဝိညာဉ်သာလျှင် ထိုနေရာတွင် ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့၏။
ဘယ်လောက်တောင် မြန်လိုက်တဲ့ ဓားလဲ။
မိုလီ၏ ဝိညာဉ်မှာ ဆက်မနေရဲတော့ဘဲ လှည့်၍ ဂေဟာအတွင်းသို့ ထွက်ပြေးတော့သည်။
ဝမ်ပေါင်လဲ့က လိုက်ဖမ်းရန် မကြိုးစားပေ။ သူသည် ထိုနေရာတွင်ပင် ရပ်လျက် တည်ငြိမ်စွာ ရေတွက်နေသည်။
“သုံး၊ နှစ်၊ တစ် ပျောက်ကွယ်စေ”
စကားဆုံးသည်နှင့် မိုလီ၏ ဝိညာဉ်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပျက်စီးသွားသည်ကို လူအုပ်ကြီးက မြင်လိုက်ရသည်။
တိတ်ဆိတ်သွားသည်။
အားလုံးက ဝမ်ပေါင်လဲ့ကို မိစ္ဆာတစ်ကောင်မလား စိုက်ကြည့်နေကြသည်။
ဝမ်ပေါင်လဲ့က ဒုတိယမြောက် တိုက်ကွက်ကို ဘယ်အချိန်မှာ ထုတ်သုံးလိုက်မှန်း သူတို့ မမြင်လိုက်ရပေ။
သီးသန့်တောင်ထိပ်ပေါ်တွင် ရှောင်ချန်းသည် ခံ့ညားနေသော ဝမ်ပေါင်လဲ့ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ဂျူနီယာညီလေးဝမ်၊ မင်းရဲ့ ဓားသိုင်းက တကယ်ကို ကျွမ်းကျင်လှတာပဲ။ တစ်ချက်တည်းလို့ ထင်ရပေမဲ့ တကယ်တော့ တိုက်ကွက် ဒါဇင်နဲ့ချီ ပါဝင်နေတာ။ မိုလီအနေနဲ့ အဲဒီဓားအောက်မှာ သေရတာ ကောင်းပါတယ်၊ ဒီကမ္ဘာပေါ်မှာ သူ နေခဲ့ရတဲ့ အချိန်တွေက အလကား မဖြစ်တော့ဘူးပေါ့”
မြို့စားရီရှန်း “...”
‘သခင်လေး... အခု ဘာတွေ ပြောနေမှန်းရော သိရဲ့လား’
သူတို့ဘေးတွင် လွီယွဲ့အာသည် သောင်းပြောင်းပညာရပ်ဌာနမှ ဆရာတူအစ်ကိုများ၏ အစွမ်းကို ကျင့်သားရနေပြီ ဖြစ်သည်။
သူမက ကောင်းကင်ကို မော့ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
“မိုမျိုးနွယ် အကြီးအကဲ နှစ်ယောက်က ဘယ်လောက်ကြာအောင် ထပ်တိုက်နေကြဦးမလဲ မသိဘူး”
ရှောင်ချန်းက ခေါင်းမော့ကြည့်လိုက်၏။ “သိပ်မကြာတော့ပါဘူး။ သူတို့နှစ်ယောက်လုံးက အသက်နဲ့လဲပြီး တိုက်နေကြတာ။စမ်းသပ်နေတာမျိုးလည်း မဟုတ်ဘူး၊ နောက်ဆုတ်ဖို့လည်း မရှိဘူး”
သူ ပြောပြီးသည်နှင့် ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီး တစ်ခု ပဲ့တင်ထပ်သွားသည်။
ထိုပေါက်ကွဲမှုမှာ အရပ်မျက်နှာ အနှံ့ မိုင်တစ်ရာအတွင်းရှိ မြေပြင်ကို တုန်လှုပ်သွားစေ၏။
ထိုအခါမှသာ ကြောင်အမ်းနေသော လူအုပ်ကြီးမှာ ဝမ်ပေါင်လဲ့ ပေးခဲ့သော တုန်လှုပ်မှုမှ နိုးထလာပြီး ကောင်းကင်သို့ တပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။
လူရိပ်တစ်ခုမှာ ကောင်းကင်မှ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာခဲ့သည်။
ထိုခန္ဓာကိုယ် မြေပြင်ပေါ်သို့ မကျရောက်ခင်မှာပင် ထျန်းတောက်စံအိမ်မှ တပည့်များမှာ ထိတ်လန့်တကြား အော်ဟစ်နေကြပြီ။
“စံအိမ်သခင်”
“ဘိုးဘေး”
ပြင်းထန်သော အသံကြီးနှင့်အတူ ထျန်းသောက်ဂေဟာ၏ အလယ်ဗဟိုတွင် ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်သွားသည်။
ဝမ်ပေါင်လဲ့ လှည့်ကြည့်လိုက်ရာ သွေးအိုင်ထဲတွင် ပြင်းထန်သော ဒဏ်ရာများဖြင့် လဲလျောင်းနေသော အဘိုးအိုတစ်ဦးကို တွင်းထဲတွင် မြင်လိုက်ရ၏။
တစ်ချိန်တည်းမှာပင် နောက်ထပ် လူရိပ်တစ်ခုမှာ သူ့ဘေးသို့ ဆင်းသက်လာသည်။
“အဘိုး”
မိုယု ဆင်းသက်လာသည်ကို မြင်သောအခါ ဝမ်ပေါင်လဲ့က ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်သည်။
မိုယုက လက်တစ်ဖက်ကို မြှောက်ကာ သူ့ကို တားလိုက်ပြီး အောက်ရှိ ကျင်းထဲသို့ အေးစက်စွာ စိုက်ကြည့်၏။
“မိုဝူရှင်း... မင်း ရှုံးသွားပြီ”
ထိုစကားများအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။ အားလုံး၏ အကြည့်များမှာ ထိုကျင်းထဲရှိ လှုပ်ရှားမှုမရှိတော့သော မိုဝူရှင်း ထံသို့ ရောက်ရှိသွားကြလေတော့သည်။
***